ရွှီလိန်ကျန်း အုန်းခနဲလွင့်ထွက်သွားပြီး သူ၏ နောက်ကျောတွင်ရှိနေသော လေဟာနယ်ကလဲ ပျက်စီးကာ ပြိုကျသွားသည်။ ရဲ့ဟိုင်၏ လက်သီးချက်တွင် ပါဝင်သောစွမ်းအားက အလွန်သန်မာလွန်းလှသဖြင့် ပတ်ပတ်လည်ရှိ လေဟာနယ်များပင် တောင့်ခံနိုင်စွမ်းမရှိပေ။
ထို့နောက် ရဲ့ဟိုင်၏ ခန္ဓာကိုယ်က ရိပ်ခနဲ ပျောက်ကွယ်သွား၏။
သူပြန်လာသည့်အချိန်တွင် လက်ထဲ၌ ရွှီလိန်ကျန်း၏ ပြတ်တောက်နေသော ဦးခေါင်းကြီးကို ကိုင်ဆောင်ထားသည်။ ထိုဦးခေါင်းမှ တစ်ဆင့် သွေးများကတစက်စက် အောက်သို့စီးကျနေလေ၏။
ခေါင်းပြတ်နေသော ရွှီလိန်ကျန်း၏ မျက်လုံးများက ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
သူသည် သေဆုံးသည့်အချိန်အထိ ရဲ့ဟိုင်ကဲ့သို့သော လူငယ်မျိုးဆက်သစ်တစ်ယောက်၏ လက်ထဲတွင် ကျဆုံးသွားမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပုံပင်။
ရွှီမိသားစုဝင်များ အကုန်လုံးကလည်း ရွှီလိန်ကျန်း၏ ဦးခေါင်းပြတ်ကြီးကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားသွားကြသည်။
ရွှီလိန်ကျန်းဆိုသည်မှာ သူတို့ရွှီမိသားစု၏ အဓိကဒေါက်တိုင်ကြီးဖြစ်၏။
ယခုတော့ ၎င်းဒေါက်တိုင်က သေဆုံးသွားချေပြီ။
" ရွှီဟိုင်နဲ့ ရွှီဖန် မင်းနဲ့ မင်းရဲ့ သားနှစ်ယောက်လုံး သေသွားရင်တောင် ငြိမ်းချမ်းစွာနဲ့ မနေနိုင်စေရဘူး "
ရွှီမိသားစု၏ ထောက်လှမ်းရေးဌာနအကြီးအကဲမှာ မသေဆုံးမီ ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်ငိုကြွေးသွားသည်။
" မင်းတို့နှစ်ယောက်က ငါတို့ရွှီမိသားစုရဲ့ အနှစ် ( 8000 ) ကျော် တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးလိုက်တာပဲ "
" မင်းတို့နှစ်ယောက်လုံးက ငါတို့ရွှီမိသားစုရဲ့ အပြစ်သားတွေပဲ "
တစ်ဖက်တွင် ရွှီဟိုင်ကလဲ လေထုထဲတွင် ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်ကာ မတ်တပ်ရပ်နေ၏။
သူ၏မျိုးနွယ်ဝင်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကိုကြည့်ပြီး ရွှီဟိုင်၏ နှလုံးသားထဲတွင် ဖျောက်ဖျက်မရနိုင်သော နာကျင်မှုများ ပြည့်နှက်လာသည်။
" သတ် "
ရဲ့ဟိုင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အချိန်အတော်ကြာတည်းက လှုပ်ရှားရန် အဆင်သင့်ဖြစ်နေသည့် အင်အား ( 6 ) သောင်းရှိသော စစ်သားများက ရွှီမိသားစုထဲသို့ ကျိုင်းကောင်များလို ဝေါခနဲဝင်ရောက်လာ၏။
တိမ်ကျားသစ်၏ သတ်ဖြတ်မှုအောက်တွင် ရွှီမိသားစု၏ အင်မော်တယ်သခင်များနှင့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတော်တော်များများက သေဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် တပ်သား ( 6 ) သောင်းသည် ဘာနည်းဗျုဟာကိုမှ အားကိုးခြင်းမရှိဘဲ တိုက်ရိုက်ပင် သိုးအုပ်ထဲဝင်မွှေ့သော ကျားများကဲ့သို့ ရွှီမိသားစုဝင်များအား သတ်ဖြတ်တော့၏။
ရွှီမိသားစု၏ အဖွဲ့ဝင်များမှာ နဂိုတည်းက တိုက်ပွဲဝင်စိတ်ဓာတ် ဆုံးရှုံးနေပြီဖြစ်သည်။ ထို့အပြင် တစ်ဖက်မှ စစ်သား ( 6 ) သောင်းကို အထွတ်အထိပ်အင်မော်တယ်အဆင့် ကျင့်ကြံသူ ( 5 ) ယောက်ကလဲ ဦးဆောင်လာခြင်းဖြစ်၏။ ထို့ကြောင့် တိုက်ပွဲက တစ်ဖက်သတ်လူသတ်ပွဲအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ရဲ့ဟိုင် ရွှီလိန်ကျန်း၏ ဦးခေါင်းကို လွှတ်ပစ်လိုက်ပြီး ရွှီဖန်ရှေ့တွင် ထွက်ပေါ်လာ၏။
" ဘယ်လိုလဲ မင်းမိသားစုက မင်းပြောတဲ့အတိုင်းလဲ မဟုတ်ပါလား "
" ရဲ့ဟိုင် မင်းရဲ့အစေခံကို ငါမက်မောမိတာနဲ့ပဲ ငါ့မိသားစုကို သတ်ပစ်စရာလိုလို့လား "
ရွှီဖန်၏မျက်လုံးက နီရဲတောက်နေပြီး ဒေါသ၊ အမုန်းတရားနှင့် နောင်တများက ပြည့်နှက်နေသည်။ ထိုနတ်ဆိုးကောင်ကို သူအဘယ့်ကြောင့်သွားပြီးတော့ ရန်စမိခဲ့သနည်း။
" မဟုတ်ဘူး "
ရဲ့ဟိုင် ခေါင်းခါယမ်းလိုက်ပြီး...
" မင်းရဲ့ ရွှီမိသားစုက နှင်းတောင်တန်းဒေသမှာ နှစ်တော်တော်ကြာ ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့ပြီး ဒီဒေသခံ ကျင့်ကြံသူတွေကို ကျွန်အဖြစ်ဆက်ဆံခဲ့တယ်၊ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောရရင် ငါမင်းတို့ကို တိုက်ခိုက်ချင်နေတာကြာပြီ၊ ငါ့ရဲ့အစေခံကို မင်းလာမက်မောတာက အကြောင်းပြချက်တစ်ခုသာသာပဲ "
ထိုစကားကြားလျှင် ရွှီဖန် ရဲ့ဟိုင်ကို အမုန်းတရားများ ပြည့်နှက်နေသော နီရဲသည့် မျက်လုံးဖြင့်ကြည့်လိုက်ပြီး...
" ဘယ်ဂိုဏ်းကကော ငါတို့လို မလုပ်တာရှိလို့လဲ "
ထိုအမေးက ရဲ့ဟိုင်၏မျက်လုံးထဲ၌ အရောင်တချို့ ဖြတ်ပြေးသွားစေ၏။ သို့သော်လည်း သူခေါင်းခါယမ်းလိုက်ပြီး...
" ဒါပေမဲ့ မင်းတို့ရွှီမိသားစုလောက်တော့ ဘယ်သူမှမဆိုးရွားသေးဘူး "
တစ်ဖက်တွင် ရွှီဖန်၏ နီရဲနေသောမျက်လုံးက တဖြည်းဖြည်းပြန်လည်၍ တည်ငြိမ်သွားခဲ့ပြီး သက်ပြင်းချလိုက်သည်။ ဤကပ်ဘေးတွင် သေခြင်းကို သူလုံးဝ လွတ်မြောက်နိုင်တော့မည်မဟုတ်ချေ။
ရွှီဖန် ရဲ့ဟိုင်ကို အလေးအနက်ကြည့်လိုက်ပြီး...
" မင်းငါ့ကို ဂုဏ်သိက္ခာရှိရှိနဲ့ သေခြင်း ပေးနိုင်မလား "
" ကောင်းပြီ "
" ကျေးဇူးတင်ပါတယ် "
ထိုစကားပြောပြီးသည်နှင့် ရွှီဖန်၏ ပါးစပ်ထောင့်မှ သွေးများက စီးကျလာပြီး လဲကြသွား၏။ သူက မိမိနှလုံးသားကို ကိုယ်တိုင်ဓားဖြင့်ထိုးစိုက်ကာ သတ်သေသွားခြင်းပင်။
" သူ့ကို သေချာသဂြိုလ်ပေးလိုက် "
ရဲ့ဟိုင် စစ်သင်္ဘောတွင်ကျန်ခဲ့သော တပ်သားတစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။
ထိုတပ်သားက ချက်ချင်းပင် ရွှီဖန်၏အလောင်းကိုသယ်ဆောင်ပြီး ထွက်ခွာသွားလေ၏။
ထိုအချိန်တွင် စစ်သင်္ဘောပေါ်၌ လူငယ်အမျိုးသား၊ အမျိုးသမီး တစ်ဒါဇင်ခန့်က ရှိနေသေးပြီး သူတို့အကုန်လုံး ရဲ့ဟိုင်ကိုကြောက်လန့်စွာ ကြည့်နေကြသည်။
သူတို့အကုန်လုံးမှာ ဘူရီမြို့တွင် ရွှီဖန်က လက်ဖက်ရည်သောက်ရန် ဖိတ်ကြားခံခဲ့ရသော ပါရမီရှင်များပင်။
" မင်းတို့အားလုံးသွားနိုင်ပြီ "
ရဲ့ဟိုင် လက်ကိုဝှေ့ယမ်းကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" အခုချိန်ကစပြီး ရွှီမိသားစုနယ်မြေက ရဲ့မိသားစုနယ်မြေ ဖြစ်လာပြီဆိုတဲ့စကားကို သတင်းဖြန့်လိုက်၊ နှင်းတောင်တန်းဒေသကို တပ်မက်သူတိုင်းက ရွှီမိသားစုရဲ့ကံကြမ္မာလိုပဲ ရင်ဆိုင်ရမယ် "
လူငယ်ယောကျ်ားလေးနှင့်မိန်းကလေး တစ်ဒါဇင်ကျော်က ချက်ချင်းပင် အစားကောက်နေသောကြက်များလို ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ သဘောတူလိုက်၏။ ထို့နောက် သူတို့အားလုံးထွက်သွားရန် ကြံရွယ်သည့်အချိန်တွင် တောက်ပစွာဝတ်ဆင်ထားပြီး အလွန်လှပသော အမျိုးသမီးသည် ရဲ့ဟိုင်အနားသို့ ချဥ်းကပ်လာလေသည်။
" သခင်လေးရဲ့ .. ရှင့်ရဲ့ အိပ်ရာကို နွေးထွေးဖို့အတွက် တစ်စုံတစ်ယောက်လိုသေးလား "
" ထွက်သွားစမ်း "
ထိုအမျိုးသမီး စကားဆုံးသည်နှင့် ဓားအလင်းတန်းတစ်ခုက သူမဆီသို့ ဝင်ရောက်လာပြီး ဆံပင်များကို ပိုင်းဖြတ်သွား၏။
ဓားကိုင်ထားပြီး သတ်ဖြတ်လိုစိတ်များဖြင့် စိုက်ကြည့်နေသည့် ခွန်ယင်းအာကို မြင်သောအခါ ထိုတောက်ပသောအဝတ်အစားနှင့် အမျိုးသမီး အလန့်တကြားဖြစ်သွားသည်။
အမျိုးသမီးသည် ပါးစပ်ကိုဟလိုက်သော်လည်း ဘာမှထပ်မပြောရဲတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ရဲ့ဟိုင်၏ မျက်နှာတွင် သူမကို လုံးဝစိတ်မဝင်စားကြောင်း သတိပြုမိနေသောကြောင့်ဖြစ်၏။
သူမ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး ထွက်ခွာသွားသည်။
" တကယ်တော့ အဲ့ဒီမိန်းမက တော်တော်လှတယ်ပြောရမယ် .. ဒါပေမဲ့ သူမရဲ့အလှက မှေးမှိန်နေတဲ့အလှ ဖြစ်နေတာလေး တစ်ခုပဲ "
ခွန်ယင်းအာ ရေရွတ်လိုက်ပြီးနောက် ရဲ့ဟိုင်ကို အလေးအနက် မော့ကြည့်ကာ ...
" သခင် .. သခင်သာစိတ်ဝင်စားမယ်ဆိုရင် ကျွန်မက သခင့်ရဲ့ အိပ်ရာကို နွေးထွေးအောင် လုပ်ပေးနိုင်ပါတယ် "
" ကောင်းပြီ .. ဒါဆိုရင် ဒီညမင်း ငါနဲ့ လာပြီးအိပ်ရမယ် "
ရဲ့ဟိုင် ခေါင်းညိတ်လိုက်၏။
" အာ "
တစ်ဖက်တွင် ခွန်ယင်းအာမှာ အလန့်တကြားဖြစ်သွားသည်။
ရဲ့ဟိုင်က သူမကို တကယ်အိပ်ခိုင်းမည်ဟု လုံးဝမမျှော်လင့်ထားချေ။ ထို့အပြင် ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ကာ လက်ခံခဲ့ခြင်းဖြစ်၏။
ရဲ့ဟိုင်ပြုံးလိုက်ပြီး ခွန်ယင်းအာ၏ မျက်နှာအနားကို ချဥ်းကပ်သွားသည်။
ချက်ချင်းပင် ခွန်ယင်းအာ၏ အသက်ရှူသံက မြန်ဆန်လာပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်နှင့် ထိတ်လန့်မှုများက ပြည့်နှက်လာ၏။
ရဲ့ဟိုင် ဘာမှမပြောပဲ ခွန်ယင်းအာ၏ မေးစေ့လေးကို မြှောက်လိုက်ပြီး နှုတ်ခမ်းကို ညှင်သာစွာ နမ်းရှိုက်လိုက်လေသည်။
ထို့နောက် ပြန်ခွာလိုက်ပြီး သူ၏မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ...
" အနံ့အရမ်းကောင်းတယ် "
တစ်ဖက်တွင် ခွန်ယင်းအာက ဆွံ့အပြီး ကျောက်ရုပ်လိုဖြစ်ကျန်ခဲ့လေ၏။
သူမ၏ ပထမဆုံးအနမ်းက ဤကဲ့သို့ပင် ပျောက်ကွယ်သွားသည်လား။
ထိုအရသာ...
၎င်း အရသာဆိုသည်မှာ ကြာရှည်ခံရသော အရသာဖြစ်သည်။
***