အရှေ့နတ်နန်းတော်...
ထောက်လှမ်းရေးအရာရှိတစ်ဦးသည် အရှေ့နတ်နန်းတော် အစည်းဝေးခန်းထဲသို့ အလျင်အမြန် ရောက်ရှိလာပြီး လင်းဟူဂျီအား ကျောက်စိမ်းပြားတစ်ပြားကို ပေးအပ်လိုက်၏။
လင်းဟူဂျီ ကျောက်စိမ်းပြားတွင်ပါဝင်သော အချက်အလက်များကို ကြည့်ရှုပြီးသည်နှင့် မယုံကြည်နိုင်မှုနှင့် တုန်လှုပ်မှုများက မျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။
" ဘာဖြစ်လို့လဲ "
တစ်ဖက်တွင် ထောက်လှမ်းရေးအရာရှိ ဝင်လာကတည်းက အာရုံစိုက်နေသော ဟောင်ဖုဂျန်၏ စိတ်များက လေးလံသွား၏။
" ရွှီမိသားစုပျက်စီးသွားပြီ "
လင်းဟူဂျီ၏ ထိုစကားတစ်ခွန်းက အရှေ့နတ်နန်းတော် အစည်းအဝေးခန်းမထဲရှိ လူတိုင်း၏နားတွင်လည်း ဗုံးတစ်လုံးပေါက်ကွဲသလို ဖြစ်သွားစေသည်။
" ရွှီမိသားစုက အင်မော်တယ်အရှင်အဆင့် ကျင့်ကြံသူနှစ်ယောက်တောင် ပိုင်ဆိုင်ထားတာ မဟုတ်ဘူးလား "
တရားဥပဒေခန်းမ၏ ခန်းမသခင်အိုးရန်ဟု လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
" မင်းပြောတဲ့ အင်မော်တယ်အရှင်အဆင့်ဆိုတဲ့ ကောင်တွေက ရဲ့ဟိုင်ကို တစ်ချက်တောင် ယှဥ်နိုင်စွမ်းမရှိဘူး "
လင်းဟူဂျီ ခါးသီးသော အမူအရာဖြင့် ပြောလိုက်သည်။
လင်းဟူဂျီ ဤကဲ့သို့ ခါးသီးကာ မျက်နှာပျက်ယွင်းနေသည့် အကြောင်းအရင်းမှာ ရဲ့ဟိုင်ဆီသို့ တပ်ဖွဲ့များစေလွှတ်ရန် ငြင်းခုန်မှုတွင် သူက တိတ်ဆိတ်စွာ နေခဲ့သောကြောင့်ဖြစ်၏။
ဤအရာက သူသည် ငြင်းခုန်ပွဲတွင် ဝင်မပါခဲ့သော်လည်း တပ်ဖွဲ့များကို စေလွှတ်ရန် မထောက်ခံဘူးဟု ဆိုလိုနေသည်။
" မင်းဘာကို ဆိုလိုချင်တာလဲ "
တစ်ဖက်တွင် ဟောင်ဖုဂျန်၏ မျက်နှာအမူအရာကလဲ အကြီးအကျယ် ပျက်ယွင်းသွား၏။
" အားလုံး ဒီမှတ်တမ်းတင် ကျောက်တုံးကပုံရိပ်ကို ကြည့်လိုက်ရင် အားလုံးသိသွားလိမ့်မယ် "
လင်းဟူဂျီ ချက်ချင်းပင် သူ၏နတ်အသိစိတ်အာရုံကို ကျောက်စိမ်းပြားထဲသို့ ပို့လွှတ်ပြီး ကျောက်စိမ်းပြားကို ရိုက်ခွဲလိုက်သည်။
ချက်ချင်းပင် ကျောက်စိမ်းပြားကွဲသွားပြီးနောက် ရဲ့ဟိုင်၏ပုံရိပ်က လေထဲတွင် ထွက်ပေါ်လာ၏။
ထို့နောက် ရဲ့ဟိုင်သည် ရွှီလိန်ကျန်း၏ ရှေ့တွင် မှော်ဆန်စွာထွက်ပေါ်လာပြီး ရွှီမိသားစု၏ ကာကွယ်ရေးအစီအရင်က တစ်ချက်တည်းဖြင့် ပျက်စီးပြိုကျသွားသည်ကို လူတိုင်းတွေ့လိုက်ရသည်။
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
" သန်မာတဲ့ အင်မော်တယ်အရှင် တစ်ယောက်တောင် ရွှီမိသားစုရဲ့ အကာကွယ်အစီရင်ကို ချိုးဖြတ်ဖို့ မဖြစ်နိုင်ဘူးလေ "
" ရဲ့ဟိုင်က ရွှီမိသားစုရဲ့ အကာကွယ်အစီရင်ကို ခွန်အားနဲ့ တစ်ချက်ထဲ ဖျက်စီးပလိုက်တာလား "
အရှေ့နတ်နန်းတော်၏ ခေါင်းဆောင်နှင့် အကြီးကဲများ မယုံကြည်နိုင်စွာ ငေးကြည့်နေကြချိန်တွင် ရဲ့ဟိုင်က အင်မော်တယ် အရှင်အဆင့် တိမ်ကျားသစ်ကိုလဲ တစ်ချက်ထဲဖြင့် လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်သည်ကို ထပ်မံ တွေ့လိုက်ရပြန်သည်။
ထိုမြင်ကွင်းက သူတို့၏ နှလုံးခုန်သံများကို ပို၍ မြန်ဆန်လာစေလေ၏။
" အင်မော်တယ် အရှင်အဆင့် တိမ်ကျားသစ်ကို တောင်မှ ရဲ့ဟိုင်ရဲ့ တိုက်ကွက်တစ်ခုကို မခံနိုင်ဘူးလား"
" ရဲ့ဟိုင် သူ ဘယ်လိုလုပ်လိုက်တာလဲ"
" ရဲ့ဟိုင်က ဆယ်နှစ်ကြာအောင် ကျင့်ကြံဆင့် မတိုးတက်လာဘူးလို့ ဘယ် ခွေးသူတောင်းစား သတင်းလွှင့်ခဲ့တာတုန်း၊ အခုဆို ရဲ့ဟိုင်က အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့် အင်မော်တယ်အရှင်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်သုံးနိုင်တာ ရှင်းရှင်းလင်းလင်း သိသာနေတာပဲ "
“ နောက်ဆုံးတော့ ရဲ့ဟိုင်က ရွှီမိသားစုကို တစ်ကိုယ်တော် ဘာလို့ တိုက်ခိုက်ရဲလဲဆိုတာ ငါ နားလည်သွားပြီ၊ သူက ရွှီ မိသားစုတစ်ခုလုံးကို သူ့ ခွန်အားတစ်ခုထဲနဲ့ ရှင်းနိုင်စွမ်းရှိတယ် "
ထိုချိန်တွင် အရှေ့နတ်နန်းတော်၏ ခေါင်းဆောင်ပိုင်းများကို ပို၍ပင် တုန်လှုပ်သွားစေသည့် အဖြစ်အပျက်မြင်ကွင်းက ထပ်ပေါ်လာသည်။
အင်မော်တယ် အရှင်အဆင့် တိမ်ကျားသစ်သည် ရဲ့ဟိုင်ကို သခင်အဖြစ်တင်မြောက်ပြီး ရွှီမိသားစုဝင်တွေကို သတ်ဖြတ်သလို ရဲ့ဟိုင်ကလဲ ရွှီလိန်ကျန်းကို ခေါင်းဖြတ်သတ်လိုက်လေ၏။
ထို့နောက် ရဲ့ဟိုင်၏ အေးစက်သော ကြေငြာသံက လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
" ဒီနေ့ကစပြီး နှင်းတောင်တန်းဒေသမှာ အင်အားတစ်ခုပဲရှိတော့မှာ၊ အဲဒါက ငါ အသစ်တည်ထောင်လိုက်တဲ့ ယန်ဟွမ်ဂိုဏ်းပဲ၊ အဲ့လိုပဲ ဒီနေ့ကစပြီး နှင်းတောင်တန်းဒေသမှာ အသံတစ်ခုပဲရှိတော့မယ် .. အဲဒါက ငါ့အသံပဲ "
" မဟာအကြီးကဲချင် ပြောတာ မှန်တယ်၊ ရဲ့ဟိုင်က ငြိမ်မနေတော့ဘူး “
“ အခုချိန်ကစပြီး နှင်းတောင်တန်းဒေသကို ဘယ်သူက ဝင်စွက်ဖက်နိုင်တော့မှာလဲ ”
" နှင်းတောင်တန်းဒေသလား .. မင်းတို့က နှင်းတောင်တန်းဒေသတစ်ခုပဲလို့ ထင်နေတယ်ပေါ့၊ ငါကတော့ နှင်းတောင်တန်းဒေသက အခုမှစတာလို့ပဲ တွေးမိတယ် “
" သေချာစဉ်းစားကြည့် ရဲ့ဟိုင် တိုက်ခိုက်နိုင်စွမ်းက အင်မော်တယ်အရှင် အဆင့်ကို ရောက်နေပြီ။ နောက်ထပ် ဆယ်နှစ် ဒါမှမဟုတ် ရှစ်နှစ်လောက်ကြာပြီးရင် သူ့ကို ဘယ်သူက ခုခံနိုင်တော့မှာလဲ၊ အဲ့အချိန်ကျရင် အရှေ့ပိုင်းကုန်းမြေတိုက်ကြီး တစ်ခုလုံးက ရဲ့ဟိုင်ကို သူ့တို့ရဲ့ ခေါင်းဆောင်အဖြစ် လေးစားလာရလိမ့်မယ် "
" ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ ... ဒီဂုဏ်အသရေက ငါတို့ အရှေ့နတ်နန်းတော်က ပိုင်ရမှာ "
" ရဲ့ဟိုင် သူကိုယ်တိုင်က ခွန်အားရှိရက်နဲ့ ဘာလို့ ငါတို့ကို ဝင်ပါခိုင်းခဲ့လဲ .. လတ်စသတ်တော့ အရှေ့နတ်နန်းတော်ကို ကြားဝင်စွက်ဖက်ခိုင်းခဲ့တာက သူဒီလို လုပ်ပေးဖို့ တန်မတန် ငါတို့ကို စမ်းသပ်ခဲ့တာကိုး “
" အရှေ့နတ်နန်းတော် အရင်က ရဲ့ဟိုင်ကို စိတ်ပျက်စေခဲ့ပြီးပြီ၊ အခုလဲ ထပ်ပြီး စိတ်ပျက်စေတုန်းပဲ၊ ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလိုက်လဲ၊ တော်သေးတာပေါ့ ဒီကြားထဲ အရှေ့နတ်နန်းတော်က ဒေသလေးခုလောက်ကို ထိန်းသိမ်းနိုင်ခဲ့တာ တော်တော် ကံကောင်းတယ်ပြောရမယ် “
ထိုစကားများကို တိုက်ပွဲအတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သော အကြီးကဲများ ဘာမှပြန်မပြောရဲပဲ နှုတ်ဆိတ်နေကြလေသည်။
ဟောင်ဖုဂျန်၏ မျက်နှာက ဖြူဖျော့နေ၏။
တကယ်တော့ ဒီကိစ္စဟာ ဟောင်ဖုဂျန်နဲ့လည်း တစ်စိတ်တစ်ပိုင်း ဆက်စပ်နေသည်ဟု ပြောရမည်။ ဟောင်ဖုဂျန်သည် ရဲ့ဟိုင်ကို ကူညီရန် အဆိုပြုခဲ့သော်လည်း ဂိုဏ်းဝင်အများအပြားက ၎င်းအား ဆန့်ကျင်ကြသည်ကို မြင်သောအခါ သူပြန်တိတ်ဆိတ်နေခဲ့၏။
ဟောင်ဖုဂျန်၏ ရပ်တည်ချက်သည် ဂိုဏ်းအတွင်း အရေးကြီးသည်ဟု ဆိုလို့ရသည်။
သူ့ရဲ့ နှုတ်ဆိတ်နေမှုကြောင့်လဲ သူ့နောက်လိုက်တွေက နှုတ်ဆိတ်နေခဲ့ခြင်းပင်။ ချူဂျောင်ဂျောင် တစ်ယောက်ထဲသာ ရဲ့ဟိုင်ကို အခိုင်အမာ ထောက်ခံခဲ့သည့် တစ်ဦးတည်းသော သူဖြစ်၏။
" မင်းက ဂိုဏ်းချုပ် တစ်ယောက်ဖြစ်ဖို့ မထိုက်တန်တော့ဘူး "
မဟာအကြီးကဲချင် ဟောင်ဖုဂျန်ကို တည့်တိုးပင်ပြောလိုက်သည်။
" ဟုတ်တယ် .. အရှေ့နတ်နန်းတော်ရဲ့ အနာဂတ်က မင်းလက်ထဲမှာပဲ ရှိခဲ့တာ "
မဟာအကြီးကဲကောင်း ကလဲ အေးစက်စွာဝင်ပြော၏။
" ဟောင်ဖုဂျန် မင်းမှာ အရည်အချင်းမရှိတော့ဘူးဆိုရင် ရာထူးက ချက်ချင်းဆင်းလိုက်တာ အကောင်းဆုံးပဲ "
ထိုသို့ပြောပြီးသည်နှင့် မဟာအကြီးကဲကျန်း ဥပဒေခန်းမ သခင် နှင့် အခြားသူများကို ကြည့်လိုက်ကာ ...
"ပြီးတော့ မင်းတို့ အားလုံးပဲ၊ မင်းတို့တွေ ခုချိန်ကစပြီး အရှေ့နတ်နန်းတော်ရဲ့ အပြစ်သားတွေဖြစ်သွားကြပြီ။ ငါက ဒါကို ဘိုးဘေးဆီ တင်ပြရုံတင်မကဘူး ဂိုဏ်းတပည့်တွေအကုန်လုံး သိသွားအောင်လဲကို အသေးစိတ် သတင်းဖြန့်ပစ်မယ် "
မဟာအကြီးကဲကျန်း ထိုသို့ပြောပြီးသည်နှင့် သုံးယောက်စလုံး ချာခနဲ လှည့်ထွက်သွားကြသည်။
အစည်းဝေးခန်းထဲတွင်တော့ တိုက်ပွဲကို ဆန့်ကျင်ခဲ့သော လူများ၏ မျက်နှာတွေက ညှိုးနွမ်းစွာဖြင့် ကျန်ခဲ့ကြလေ၏။
ထိုသတင်းသာ ဂိုဏ်းထဲ ပျံ့နှံ့သွားလျှင် သူတို့ အပေါ် ကြီးမားသော သက်ရောက်မှုရှိလာမယ်ဆိုတာ လူတိုင်းတွေးမိကြသည်။
သူတို့ထင်သည့်အတိုင်းပင် …
မဟာအကြီးကဲ ကျန်းတို့ သုံးယောက် ဂိုဏ်းတပည့်တွေကို အသေးစိပ်ပြောပြပြီးနောက် .. အရှေ့နတ်နန်းတော်ရဲ့ တပည့်တွေအားလုံး ဒေါသတကြီးဖြင့် အုံကြွလာလေ၏။
တပည့်ပေါင်း 100,000 ကျော်သည် အစည်းအဝေးခန်းမ တံခါးဝတွင် စုဝေးလာကြပြီး ဂိုဏ်းခေါင်းဆောင်၊ တရားဥပဒေခန်းမသခင်နှင့် အခြားသူများထံမှ ရှင်းပြချက်ကို ချက်ချင်း တောင်းကြတော့သည်။
" ဝမ်မင်ယန် ထွက်လာခဲ့ "
" အိုးယန်ဟွ ထွက်လာခဲ့ "
" ကျိုးခေ့လီ ထွက်လာခဲ့"
ကျယ်လောင်သောအသံလှိုင်းလုံးကြီးသည် မည်မျှကြမ်းသလဲဆိုလျှင် အရှေ့နတ်နန်းတော် ခန်းမတစ်ခုလုံးကိုတောင် ပဲ့တင်ထပ်ကာ တုန်ခါသွားစေ၏။
ဝမ်မင်ယန် နှင့် ကျန်လူများ တပည့်အဆင့်မှကောင်တွေက သူတို့ကို နာမည်တပ် အော်ခေါ်နေသည်ကို ကြားသောအခါ ဒေါသများထောင်းခနဲ ထွက်သွားသည်။ မည်သည့်အချိန်က ထိုကောင်တွေ သူတို့ကို ဤကဲ့သို့ စော်ကားနိုင်သွားသနည်း။
သို့သော် သူတို့ အကုန်လုံး ဒေါသတကြီး အပြင်ထွက်လိုက်လျှင် ဂိုဏ်းရဲ့ တပည့်အားလုံးနီးပါး စုရုံးနေကြသည်ကို တွေ့လိုက်ရ၏။ အကုန်လုံးက သူတို့အား ဒေါသစိတ်နှင့် မုန်းတီးမှုများပြည့်နှက်နေသည့် နီရတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြခြင်းပင်။
" ဝမ်မင်ယန်၊ အိုးယန်ဟွ၊ ကျိုးခေ့လီ၊ ကျန်းဝမ်ဘင်း၊ နင်ရှောင်းဖန် …. မင်းရဲ့ နာမည်တွေကို ဂိုဏ်းရဲ့ အပြစ်သား ကျောက်တိုင်မှာ ရေးမှတ်ပစ်မယ် "
မုန်းတီးမှုများ ပြည့်နှက်နေပြီး ထိုသို့တကယ်လုပ်ရန် စိတ်ပိုင်းဖြတ်ထားပုံရသော လူငယ်တစ်ယောက်က ဒေါသတကြီး ပြောလိုက်လေ၏။
" ကျန်းစန်းဖုန်း မင်းဘာစကားပြောနေလဲဆိုတာ .. ကိုယ့်ကိုယ်ကို သိလား "
ဝမ်ယန်မင် လက်သီးတွေကို တင်းတင်းဆုပ်ရင်း ဒေါသတကြီးပြန်အော်လိုက်သည်။
" ငါဘာ ပြောနေလဲဆိုတာတွေ ငါအတိအကျသိတယ် "
ကျန်းစန်းဖုန်း၏ မျက်လုံးထဲတွင် ဖုန်းကွယ်မထားသော လူသတ်ချင်စိတ်များက သိသိသာ ပေါ်လွင်နေပြီး ..
" ငါသာ အခု အင်မော်တယ် သခင် အဆင့်မှာ ရှိနေရင် .. မင်းရဲ့ ခေါင်းကို ယူမယ့် ပထမဆုံးလူက ငါပဲ"
" မင်းလုပ်ရဲလား။ မင်းက အခု ဂိုဏ်းသား တစ်ယောက်ဖြစ်ပြီး အကြီးကဲတစ်ယောက်ကို ဒီလိုပြောတာကတင် စည်းမျည်းဥပဒေအရ မင်းကို သေမိန့်ပေးလို့ရနေပြီ "
အိုးယန်ဟွ ဒေါသကြီးဖြင့်ပြောလိုက်၏။ သူ့အရှေ့တွင် ဂိုဏ်းသားတစ်ယောက်က ဤသို့ရဲတင်းမည်ဟု မထင်ထားပေ။
" အိုး .. ခင်ဗျားကြီးက ဂိုဏ်းရဲ့ စည်းမျည်း ဥပဒေတွေကို သိသေးတယ်ပေါ့ .. ဟား .. ဟား "
ကျန်းစန်းဖုန်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ..
" ခင်းဗျားသာ ဂိုဏ်းရဲ့ စည်းမျည်း ဥပဒေတွေကို တကယ်သိတယ်ဆိုရင် .. ခင်ဗျား တူဆိုတဲ့ကောင် ဂိုဏ်းက အတွင်းစည်းတပည့် အမျိုးသမီးကို မုဒိမ်းကျင့်ခဲ့တာ ဘာလို့ အလုပ်ကြမ်းနဲ့ အချုပ်တစ်နှစ်ပဲ ချမှတ်ခဲ့တာလဲဆိုတာ ပြောပြပေးနိုင်မလား "
" ခင်ဗျားကြီးက ဂိုဏ်းရဲ့ စည်းမျည်း ဥပဒေတွေကို သိရင် ခင်ဗျားရဲ့ နောက်ထပ်တူတစ်ယောက် တရားဥပဒေခန်းမထဲကို ဝင်လိုက်တာနဲ့ ဘာလို့ လက်ထောက်တန်းဖြစ်လာနိုင်တာလဲ၊ ကျောက်စိမ်းအင်မော်တယ် အဆင့် ( 12 ) မှာရှိတဲ့ သူ့ရဲ့ အားကိုးလောက်စရာ မဟာကျင့်ကြံဆင့်ကြီးကြောင့်လား "
ကျန်းစန်းဖုန်း၏ အသံက အားမာန်အပြည့်ဖြင့် အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်နေလေ၏။
***