*
" ဟမ့် မင်းတို့တစ်ချက်လောက်လိမ်ပြောရဲရင် မင်းတို့ရဲ့ဝိညာဥ်တွေကို ငါကိုယ်တိုင်ရှာဖွေလို့ အပြစ်မတင်နဲ့ပေါ့ "
ဘိုးဘေးကူယန်က ထိုနှစ်ယောက်ကို အေးစက်စက်ဖြင့် ပြောလိုက်လေ၏။
ဘိုးဘေးကူယန်၏ ထိုစကားသံအောက်တွင် ကျူဇီနှင့်ဝမ်ချန်တို့ ဤကိစ္စကို မည်ကဲ့သို့ ဖုံးကွယ်ရဲတော့မည်နည်း။ ဝိညာဥ်သာရှာဖွေခြင်းခံလိုက်ရပါက တစ်သက်လုံး ရူးသွပ်သောဘဝဖြင့် နေထိုင်ရမည်ဖြစ်ပြီး အခန့်မသင့်လျှင် သေပင်သေသွားနိုင်သည်။
" ဟုတ်ပါတယ် .. လွန်ခဲ့တဲ့ ( 10 ) နှစ်က ငါတို့နှစ်ယောက်ကို ဂွန်ဂျီယန်ကိုသွားဖမ်းဖို့ အမိန့်ပေးခဲ့တာက ခန်းမသခင် အိုးရန် ကိုယ်တိုင်ပါပဲ၊ ပြီးတော့ ခန်းမသခင်အိုးရန်က သူ့ရဲ့အစေခံကို ဂွန်ဂျီယန်ဆီ ပေးအပ်ခဲ့ပြီး ကြိုက်သလိုလုပ်ခိုင်းခဲ့တာပါ၊ ဒီကိစ္စကိုလဲ ကျန်တဲ့လူတွေက မြင်သမျှကြားသမျှ မသိချင်ယောင်ဆောင်ဖို့အတွက်လဲ သူပဲ အမိန့်ပေးခဲ့ပါတယ် "
ထိုစကားကြားသောအခါ လူအုပ်ကြီးက အိုးရန်ဟွကို ရွံရှာသောအကြည့်များဖြင့် ကြည့်လိုက်ကြလေ၏။
ထိုအချိန်တွင် လျူကျင်းဖန်မှ...
" ကောင်းပြီ ဒီကိစ္စကိုပြောပြီးပြီဆိုတော့ နောက်ထပ်ဒုတိယအချက်ကို ပြောပြချင်တာက တရားဥပဒေခန်းမတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အရာပဲ၊ နှစ်စဥ်ခန်းမသခင် အိုးရန်ဟွက အရင်းအမြစ်ဌာနကပေးတဲ့ အရင်းအမြစ် ( 30 ) ရာခိုင်နှုန်းကို ကြားဖြတ်ယူထားခဲ့တယ် "
လက်ရှိလူအုပ်ထဲတွင် ရှိနေသောလူများက ပထမအချက်ကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။ ယခု ဒုတိယအချက် ကြားသောအခါ ပို၍ပင် တုန်လှုပ်သွားကြလေ၏။
ခန်းမသခင်များက အရင်းအမြစ်များကို ကြားဖြတ်ယူခြင်းဆိုသည်မှာ သာမန်သာဖြစ်ပြီး မပြောဘဲထားသော စည်းမျဥ်းစည်းကမ်းတစ်ခုဟုတောင် ဆိုလို့ရသည်။ သို့သော် လူတိုင်းတွင် ကိုယ့်အကန့်အသတ်ဘယ်လောက်ရှိလဲတော့ ကိုယ်သိရမည်ဖြစ်၏။
ယခု အိုးရန်ဟွက လူအားလုံး၏ အရင်းအမြစ် ( 30 ) ရာခိုင်နှုန်းကို တစ်ယောက်တည်း ကြားဖြတ်ယူထားခြင်းပင်။
တရားဥပဒေခန်းမတစ်ခုလုံး၏ တပည့်များနှင့် အကြီးအကဲအရေအတွက်ကို ထည့်သွင်းစဥ်းစားလိုက်ပါက ( 10 ) ရာခိုင်နှုန်းကို ကြားဖြတ်ယူထားခြင်းကပင် တော်တော်လေး ကြောက်စရာကောင်းသည့် ကိန်းဂဏန်းပမာဏတစ်ခု ဖြစ်နေချေပြီ။
" လျူကျင်းဖန် မင်းငါ့ကိုသက်သေမရှိဘဲ လာပြီးစွပ်စွဲနေတာလား "
အိုးရန်ဟု ဒေါသတကြီးဖြင့်ပြောလိုက်ပြီး မျက်နှာတွင် တည်ငြိမ်မှုကလဲ မရှိတော့ပေ။
အကယ်၍ အစေခံ၏ဖြစ်ရပ်က သူ အိုးရန်ဟွကို မဖြုတ်ချနိုင်ဘူးဆိုလျှင် တရားဥပဒေခန်းမ၏ အရင်းအမြစ်များကို ကြားဖြတ်ယူသည့် ကိစ္စကတော့ သူ့အားရာထူးကနေ တိုက်ရိုက်ဖြုတ်ချနိုင်စွမ်းရှိသည်။
လျူကျင်းဖန်မှာ အိုးရန်ဟွကို လျစ်လျူရှုထားပြီး အကြီးအကဲတစ်ယောက်ကို ကြည့်လိုက်၏။
" အကြီးအကဲ မင်းက အရင်းအမြစ်ဌာနရဲ့ ခန်းမသခင်ပဲ နှစ်စဥ်တရားဥပဒေခန်းမကို တာအိုကျောက်တုံးတွေ ဘယ်နှတုံး ခွဲဝေပေးခဲ့လဲ "
လျူကျင်းဖန် ထိုအကြီးအကဲကိုကြည့်ကာ မေးလိုက်သည်။
၎င်းအကြီးအကဲမှာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက်...
" အားလုံးပဲ အလယ်အလတ်အဆင့် တာအိုကျောက်တုံး ( 6 ) သောင်း၊ အဆင့်နိမ့်တာအိုကျောက်တုံး ( 4 ) သန်း နှစ်စဥ် တရားဥပဒေခန်းမကို ငါတို့ခွဲဝေပေးခဲ့တယ် "
သာမန်အားဖြင့် ဤကဲ့သို့ အရင်းအမြစ်ပမာဏကို အရှေ့နတ်နန်းတော်က တရားဥပဒေခန်းမအား ခွဲပေးနိုင်မည်မဟုတ်ချေ။ သို့သော်လည်း မကြာသေးခင်နှစ်များအတွင်း အရှေ့နတ်နန်းတော်သည် ဒေသလေးခုကို သိမ်းပိုက်ပြီး များပြားလှသော အရင်းအမြစ်များကို ပိုင်ဆိုင်ခဲ့၏။ ထို့ကြောင့် ဤကဲ့သို့ ခွဲဝေပေးနိုင်ခြင်းပင်။
" ဒါက တရားဥပဒေခန်းမက တပည့်တစ်ဦးချင်းစီ လက်ခံရရှိထားတဲ့ အရေအတွက် အသေးစိတ်မှတ်တမ်းပဲ၊ ငါဖတ်ပြချိန် ကွဲလွဲမှုရှိရင် လူတိုင်းက အဲ့ဒီကိစ္စကို ငါ့ကိုချက်ချင်း ပြန်ပြီးပြောနိုင်တယ် "
လျူကျင်းဖန် တရားဥပဒေခန်းမမှ တပည့်များရှိရာသို့ လှမ်းကာကြည့်ရှုရင်း အလေးအနက်ပင် ပြောလိုက်သည်။ ထို့နောက် စာရင်းကို စတင်ဖတ်ပြတော့လေ၏။
" အကြီးအကဲလွမ် အလယ်အလတ်အဆင့် တာအိုကျောက်တုံး ( 900 ) "
" အကြီးအကဲချီ အလယ်အလတ်အဆင့် တာအိုကျောက်တုံး ( 800 ) "
...
ဤသို့ဖြင့် လျူကျင်းဖန်က တရားဥပဒေခန်းမ၏ အကြီးအကဲများ၊ တပည့်များ ရရှိသော အရင်းအမြစ်များကို ဖတ်ကြားပေးပြီးနောက်တွင် လူတိုင်း၏ မျက်လုံးအကြည့်တွေက အိုးရန်ဟွဆီ ရောက်ရှိလာသည်။
အဘယ့်ကြောင့်ဆိုသော် တပည့်များနှင့် အကြီးအကဲများ လက်ခံရရှိသော တာအိုကျောက်တုံးစုစုပေါင်းမှာ အလယ်အလတ်အဆင့် တာအိုကျောက်တုံး ( 4 ) သောင်းနှင့် အဆင့်နိမ့်တာအိုကျောက်တုံး ( 2 ) သန်း ( 6 ) သိန်းတို့ ဖြစ်ကြ၏။
" တရားဥပဒေခန်းမရဲ့ ခန်းမသခင်အနေနဲ့ အိုးရန်ဟွမင်းက နှစ်စဥ် အလယ်အလတ်အဆင့် တာအိုကျောက်တုံး ( 2000 ) ကို လက်ခံရရှိနိုင်တယ်၊ အဲ့ဒီ ( 2000 ) ကိုနုတ်ပြီးရင်တောင် အလယ်အလတ်အဆင့် တာအိုကျောက်တုံး ( 18000 ) က စာရင်းပျောက်နေဆဲပဲ၊ အဆင့်နိမ့် တာအိုကျောက်တုံးကလဲ ( 1 ) သန်း ( 4 ) သိန်း စာရင်းမှာ မရှိဘူး၊ ခန်းမသခင်အိုးရန် အဲ့ဒီ တာအိုကျောက်တုံးတွေ ဘယ်နေရာကို ရောက်သွားလဲဆိုတာ သိလို့ရမလား "
တစ်ဖက်တွင် အိုးရန်ဟွ၏ မျက်နှာက မဲသဲနေလေသည်။
" ငါမှော်လက်နက်တစ်ခုဝယ်ဖို့အတွက် အလယ်အလတ်အဆင့်တာအိုကျောက်တုံး ( 18000 ) နဲ့ အဆင့်နိမ့်တာအိုကျောက်တုံးတွေကို ခဏယာယီ ချေးငှားတဲ့သဘောနဲ့ ယူဆောင်ခဲ့တာပါ "
" ဒါပေမဲ့ မင်းယူထားတာက တစ်နှစ်နီးပါးရှိနေပြီလေ "
လျူကျင်းဖန် စကားကိုထောက်ပေးလိုက်၏။
" အဲ့တာဆိုလဲ ဘာဖြစ်လဲ .. ငါလုပ်ခဲ့တာ စည်းကမ်းနဲ့ မညီဘူးဆိုရင် အဲ့ဒီပြစ်ဒဏ်ကို ငါလက်ခံလိုက်မယ် "
အိုးရန်ဟွ အေးစက်စက်ပင် ပြောလိုက်သည်။ ဤအရာက အလွဲသုံးစားလုပ်မှုလေးတစ်ခုသာဖြစ်ပြီး သူ့လို ခန်းမသခင် တစ်ယောက်ကို ရာထူးကနေ ဖြုတ်ချရန်အတွက် မလုံလောက်ချေ။
တစ်ဖက်တွင် လျူကျင်းဖန်မှာ လှောင်ပြုံးပြုံးလိုက်ပြီး...
" မနှစ်တုန်းကမင်း အင်မော်တယ်ရတနာတစ်ခုဝယ်ဖို့အတွက် အဲ့လိုမျိုး အလယ်အလတ်အဆင့် တာအိုကျောက်တုံး ( 18000 ) နဲ့ အဆင့်နိမ့်တာအိုကျောက်တုံးတွေကို ခဏယူသုံးထားခဲ့တယ်ဆိုရင်တောင်မှ အဲ့ဒီမတိုင်ခင် တစ်နှစ် .. တစ်နှစ် တွေကကော၊ ငါ့မှာ ဒီလို ပုံစံတူ စာရင်းက ( 10 ) နှစ်တိတိထိ မှတ်တမ်းတွေရှိနေတယ်၊ အဲ့ဒီ ( 10 ) နှစ်အတွင်း မင်းက မှော်ရတနာတွေကို တစ်နှစ်တစ်ခါ နှစ်စဥ်ဝယ်နေခဲ့တာလား "
လျူကျင်းဖန်၏ ထိုစကားကိုကြားသောအခါ အိုးရန်ဟွမှာ ငြိမ်သက်သွား၏။ တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်လောက်ဆိုလျှင် ၎င်းဆင်ခြေကို အသုံးပြုနိုင်သေးသည်။
သို့သော် ( 10 ) ကြိမ်တိတိကတော့ သူဆင်ခြေတစ်ခုတည်းကို သွားပြီးပေးလို့မရပေ။ လူတိုင်းက ဉာဏ်နည်းသောသူများ မဟုတ်ဘူးဖြစ်၏။
" အိုးရန်ဟွ မင်းက ဂိုဏ်းကိုများပြားလှတဲ့ ပံ့ပိုးကူညီမှု လုပ်ပေးခဲ့တာကြောင့် ဒီကိစ္စကနေ သေဒဏ်က လွတ်မြောက်နိုင်ပေမဲ့ တစ်သက်လုံး ပြစ်ဒဏ်ခံရမယ့် ကိစ္စကိုတော့ ရှောင်လွှဲလို့မရဘူး "
ဘိုးဘေးကူယန် လေးနက်သော အမူအရာဖြင့် အိုးရန်ဟွကိုကြည့်လိုက်ကာ...
" အိုးရန်ဟွ ဒီနေ့ဒီအချိန်ကနေစပြီး မင်းကို တရားဥပဒေခန်းမရဲ့ ခန်းမသခင်ရာထူးက ဖြုတ်ချလိုက်ပြီ၊ ပြီးတော့မင်း မရဏစစ်သည်တော် ခန်းမကို သွားပြီးတော့ တာဝန်ထမ်းဆောင်ရမယ် "
ထိုစကားက အိုးရန်ဟွ၏ မျက်နှာကို အကြီးအကျယ် ပျက်ယွင်းကာ ဖြူဖျော့သွားစေသည်။
" မဟုတ်ဘူး .. ဘိုးဘေးကူယန် မင်းမှာငါ့ကို အဲ့လိုအပြစ်ပေးပိုင်ခွင့် လုံးဝမရှိဘူး "
" ရွှီး "
စကားဆုံးသည်နှင့် ဓားအလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး အိုးရန်ဟွ၏ လက်တစ်ဖက် အရင်းကနေ ပြတ်ထွက်သွားလေ၏။ ထို့နောက် အေးစက်နေသော လူသတ်ငွေ့များ ဖြာထွက်နေသည့် ဓားတစ်ချောင်းက သူ၏လည်ပင်းပေါ် ရောက်ရှိလာသည်။
" မင်းခုနစကားကို ပြန်ပြောကြည့်စမ်း "
" ကျုပ် .. ကျုပ် .. ကျုပ် အပြစ်ဒဏ်ခံဖို့ ဆန္ဒရှိပါတယ် "
ဘိုးဘေးကူယန်၏ တကယ်သတ်ဖြတ်ချင်နေသော အကြည့်အောက်တွင် အိုးရန်ဟွ ထိုစကားကို တစ်လုံးချင်းစီထိန်းကာပြောလိုက်၏။ သူဆက်ပြီးတော့ ငြင်းဆန်ရဲခြင်း မရှိတော့ပေ။
သို့သော် မရဏစစ်သည်တော်ခန်းမကို သွားခြင်းဆိုသည်မှာ သူ့အားစည်းစိမ်နှင့် ဂုဏ်ပုဒ်အားလုံးကို ဖျက်ဆီးပြီး ငရဲသို့ ခုန်ဆင်းခိုင်းလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။
ထိုနေရာတွင် သူလုပ်စရာရှိသည်က တစ်ခုတည်းပင်။
၎င်းက လူသတ်စက်ကြီးတစ်ခုလို အဆက်မပြတ် သတ်ဖြတ်ခြင်းသာဖြစ်လေ၏။
" လျူကျင်းဖန် တရားဥပဒေစိုးမိုးရေးခန်းမရဲ့ ခန်းမသခင်ရာထူးကို ငါမင်းဆီ ယာယီလွှဲပြောင်းပေးလိုက်မယ်၊ မင်းရဲ့တာဝန်က အကျင့်ပျက်ခြစားမှု အကုန်လုံးကို ဂိုဏ်းမှာ ကင်းစင်သွားအောင်လုပ်ဖို့ပဲ "
ဘိုးဘေးကူယန် လျူကျင်းဖန်ကိုကြည့်ကာ အလေးအနက် အမူအရာဖြင့် ...
" ဒီနေ့ .. ဒီအချိန်ကစပြီး ငါဒီလိုကိစ္စတွေ ဆက်ပြီး မြင်လဲမမြင်ချင်သလို .. ကြားလဲမကြားချင်တော့ဘူး "
" ဒီလက်အောက်ငယ်သား အမိန့်ကိုလက်ခံပါတယ် .. ဘိုးဘေး "
လျူကျင်းဖန် ကမန်းကတန်းပင် ခေါင်းညိတ်ကာ လက်ခံလိုက်လေ၏။
***