" အခုချိန်ကစပြီး ဟောင်ဖုဂျန် မင်းလဲ ဂိုဏ်းခေါင်းဆောင်ရာထူးကနေ နှုတ်ထွက်ရမယ် "
ဘိုးဘေးကူယန်၏ မျက်လုံးများသည် ဟောင်ဖုဂျန်ကို စိတ်ပျက်စွာဖြင့် စိုက်ကြည့်လာခဲ့ပြီး...
" မင်းရဲ့ ဆုံးဖြတ်ချက်တွေက အရှေ့နတ်နန်းတော်ရဲ့ အနာဂါတ်ကို ဖျက်ဆီးနေခဲ့ပြီ၊ မင်းသာဆက်ပြီး ခေါင်းဆောင်ဖြစ်နေရင် အရှေ့နတ်နန်းတော်တစ်ခုလုံး ပျက်စီးသွားမှာကို ငါကြောက်မိတယ် "
" ချူဂျောင်ဂျောင် အခုကစပြီး မင်းက အရှေ့နတ်နန်းတော်ရဲ့ တရားဝင်နန်းတော်သခင်ပဲ၊ မင်းကဂိုဏ်းရဲ့ ကိစ္စတွေကို ပုံမှန်အချိန်မှာ ဝင်ပါစရာ မလိုအပ်ဘူး၊ မင်းကိုယ်စား ဟောင်ဖုဂျန်က အသေးအဖွဲကိစ္စတွေကို ကိုင်တွယ်ပေးလိမ့်မယ် "
ထိုသို့ပြောပြီးသည်နှင့် ဘိုးဘေးကူယန် တစ်ခဏရပ်တန့်ပြီးနောက်...
" ဟောင်ဖုဂျန် မင်းဒီကိစ္စကို ကန့်ကွက်စရာရှိလား "
" မရှိပါဘူး "
ဟောင်ဖုဂျန် စိတ်ရှုပ်ထွေးသော အမူအရာများနှင့်အတူ ပြောလိုက်သည်။ တကယ်တော့ သူစိတ်ရှုပ်ထွေးသည်ဆိုတာထက် မိမိကိုယ်ကိုကော အခြားလူများကိုပါ စိတ်ပျက်နေခဲ့ခြင်းဖြစ်၏။
" ကောင်းပြီ မင်းမှာကန့်ကွက်စရာမရှိဘူးဆိုရင်လဲ ဒီကိစ္စကို ဒီမှာ အဆုံးသတ်လိုက်၊ အကုန်လုံးလူစုခွဲကြတော့ "
ဘိုးဘေးကူယန် ထိုသို့ပြောပြီးသည်နှင့် ချူဂျောင်ဂျောင်အားကြည့်လိုက်ပြီး...
" ချူဂျောင်ဂျောင် မင်းငါနဲ့ နှင်းတောင်တန်းဒေသကို ကူဖို့ အခုသွားကြမယ် "
" ဘိုးဘေး အခုသွားလဲ ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး ထင်ပါတယ် "
လျူကျင်းဖန် တစ်ခဏတုံ့ဆိုင်းပြီးနောက် ပြောလိုက်လေသည်။
" မင်းဘာကိုဆိုလိုတာလဲ "
ဘိုးဘေးကူယန် မျက်မှောင်ကုပ်ကာ ပြန်မေးလိုက်၏။
" လွန်ခဲ့တဲ့ တစ်နာရီရဲ့ လေးပုံတစ်ပုံလောက်က ရဲ့ဟိုင် ရဲ့တပ်တွေက ရွှီမိသားစုကို လုံးလုံးလျားလျား သိမ်းပိုက်နိုင်သွားပါပြီ "
" ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
ထိုစကားက ဘိုးဘေးကူယန်၏ မျက်လုံးကို ပြူးကျယ်သွားစေသည်။ ဤအရာက အင်မော်တယ် အရှင်နှစ်ယောက်ရှိသည့် အဖွဲ့တစ်ခုကို သိမ်းပိုက်ခြင်းပင်။
" ဘိုးဘေး .. ရဲ့ဟိုင်က အင်မော်တယ်အရှင်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး တစ်ချက်တည်းနဲ့ တိမ်ကျားသစ်ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေသလို ရွှီလိန်ကျန်းကိုလည်း တစ်ချက်တည်းပဲ သတ်ဖြတ်ခဲ့တာပါ၊ အဲ့ဒါကြောင့် ခုလောက်မြန်မြန်ဆန်ဆန် သိမ်းလိုက်နိုင်တာပဲ "
လျူကျင်းဖန်သည် ဗီဒီယိုထဲတွင်ပါဝင်သော အကြောင်းအရာများကို တီးတိုးပြန်လည် ပြောပြလိုက်လျှင် ၎င်းကိုမသိသေးသော ဘိုးဘေးကူယန်နှင့် ချူဂျောင်ဂျောင်တို့ နှစ်ယောက်လုံး အံ့အားသင့်စွာ မျက်လုံးပြူးသွားကြသည်။
( 10 ) နှစ်ကြာပြီးနောက် ရဲ့ဟိုင်က ဤကဲ့သို့ စွမ်းအားကြီးသည့်လူတစ်ယောက် ဖြစ်လာမည်ဟု မမျှော်လင့်ထားချေ။
အင်မော်တယ်အရှင်အဆင့် ကျွမ်းကျင်သူ ရွှီလိန်ကျန်းကို တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်လား။
ဒါက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။
သူတို့မယုံကြည်နိုင်စွာဖြစ်နေသော်လည်း ဤအရာက တကယ့်အစစ်အမှန် အမှန်တရားတစ်ခုပင်။
" ဟူး "
ဘိုးဘေးကူယန် သက်ပြင်းချလိုက်၏။ သူယခုနေသာ သွားကူညီမည်ဆိုလျှင် အခြားလူများနှင့်ရဲ့ဟိုင်က သူ့ကိုမည်ကဲ့သို့ တုံ့ပြန်မည်နည်း။ ထိုအချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အလွန်လှပသော အမျိုးသမီးတစ်ဦးနှင့် ဂိုဏ်းသားတစ်ယောက်က သူတို့ရှိရာသို့ ရောက်ရှိလာသည်။
ဂိုဏ်းသားမှာ ဂိုဏ်း၏တံခါးဝတွင် စောင့်ကြပ်ရသော အစောင့်ဖြစ်လေ၏။
" နန်းတော်သခင် ဘူရီမြို့တော်သခင်မခွန်က လာရောက်လည်ပတ်ပါတယ် "
ထိုဂိုဏ်းသားက ဟောင်ဖုဂျန်အား တလေးတစားပင် ဦးညွှတ်ကာ ပြောလိုက်သည်။
" ကောင်းပြီ မင်းသွားတော့ "
ဟောင်ဖုဂျန် ထိုဂိတ်စောင့်ဂိုဏ်းသားကို ပြန်ခိုင်းလိုက်ပြီး စိတ်ထဲတွင်တော့ နှလုံးခုန်သံက တဒုတ်ဒုတ်ဖြင့် မြန်ဆန်လာ၏။
ဂိုဏ်းစောင့်ဂိုဏ်းသား ထွက်ခွာသွားသည်နှင့် ခွန်ယင်းအာမှ...
" ကျွန်မရဲ့သခင်အမိန့်အတိုင်း တစ်စုံတစ်ခုကို ပြန်ပေးဖို့အတွက် ဒီကိုရောက်လာခဲ့တာပါ "
စကားဆုံးသည်နှင့် ခွန်ယင်းအာ၏လက်ထဲတွင် သင်္ကေတတံဆိပ်ပြားတစ်ခု ထွက်ပေါ်လာသည်။
ထိုသင်္ကေတတံဆိပ်ပြားတွင် ဂုဏ်ပုဒ်တစ်ခုကို ရေးထိုးထားလေ၏။
" အချုပ်အချာအာဏာ အကြီးအကဲ "
ထိုသင်္ကေတတံဆိပ်ပြားကို မြင်သောအခါ ဟောင်ဖုဂျန်၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။
ဤတံဆိပ်ပြားကို သူကောင်းကောင်းသိလေ၏။ အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်က ရဲ့ဟိုင်ကို ဤသင်္ကေတတံဆိပ်ပြားအား ပေးခဲ့ခြင်းပင်။
ယခုတော့ရဲ့ဟိုင်က ခွန်ယင်းအာကို ၎င်းတံဆိပ်ပြားအား အရှေ့နတ်နန်းတော်ဆီ ပြန်ပို့ခိုင်းလိုက်သည်လား။
ဤအခြေအနေက ဘာကိုဆိုလိုသနည်း။
၎င်းက အရာအားလုံး သံယောဇဥ်ဖြတ်လိုက်ပြီဟု ဆိုလိုနေခဲ့၏။
" ရဲ့ဟိုင် ဘယ်မှာလဲ "
ဘိုးဘေးကူယန် ဝမ်းနည်းသော အမူအရာဖြင့် မေးလိုက်သည်။
" ဒီသင်္ကေတတံဆိပ်ပြားက ဘယ်လောက်ပဲအာဏာရှိနေပါစေ သူကိုယ်တိုင်ဖန်တီးထားတဲ့ စွမ်းအားလောက်တော့ ထိရောက်မှာမဟုတ်ဘူးလို့ ကျွန်မရဲ့သခင်ငယ်က ပြောလိုက်ပါတယ် "
ခွန်ယင်းအာသည် ဘိုးဘေးကူယန်၏ အမေးစကားကိုမဖြေဘဲ ဟောင်ဖုဂျန်အား တံဆိပ်ပြားကိုသာပေး၍ ပြောလိုက်၏။
ထို့နောက် သူမ ဘိုးဘေးကူယန်ကို တစ်ချက် ကြည့်လိုက်ပြီး...
" ဒီကိစ္စအပြင် အင်မော်တယ်ကမ္ဘာရဲ့ စည်းမျဥ်းစည်းကမ်းအရဆိုရင် အင်မော်တယ်အရှင်အဆင့် တိုက်ခိုက်ရေးစွမ်းအားရှိတဲ့ ဘယ်သူမဆိုက မိမိရဲ့ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်နိုင်စွမ်းရှိတယ်တဲ့၊ သခင်ငယ်က အခု နှင်းတောင်တန်းဒေသမှ ကိုယ်ပိုင်ဂိုဏ်းဖြစ်တဲ့ ယွမ်ဟိုင်ဂိုဏ်းကို တည်ထောင်ဖို့အတွက် ဆုံးဖြတ်လိုက်ပါပြီ "
" နောက်ဆုံးအချက်အနေနဲ့ ပြောချင်တာက ကျွန်မရဲ့လူတွေ လောလောဆယ် ဘူရီမြို့နဲ့ ကျိယန်မြို့ကနေ နှင်းတောင်တန်းဒေသကို ရွှေ့ပြောင်းနေပြီဆိုတာပဲ၊ အဲ့တာကြောင့် အရှေ့နတ်နန်းတော်က မြို့နှစ်မြို့ရဲ့ နယ်မြေကို တစ်လအတွင်း ပြန်ပြီးသိမ်းပိုက်နိုင်ပါတယ် "
ထိုစကားများအကုန်လုံးက ဘိုးဘေးကူယန်၏ မျက်နှာကို အကြီးအကျယ်ပင် ပျက်ယွင်းသွားစေလေသည်။
***