ကျနော် ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ တစ်စုံတစ်ယောက်က ကျနော့်ပါးစပ်ကို တိပ်ဖြင့်ပိတ်ထားရာမှ အတင်းခွာထုတ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် စစ်ဝစ်ဇ် စက်မှုဇုန်အား ကြည့်ရှုနေပါသည်။]
ကျနော့် အမြင်အာရုံမှာ ကျယ်ပြန့်လာပြီး ကိုယ်စားလှယ်များ မမြင်တွေ့နိုင်သော အရာများကိုပါ မြင်တွေ့လာရသည်။ စက်မှုဇုန်မှာ အထက်စီးမှကြည့်လျှင် ဧရာမ စက်ဝိုင်းပုံစံ အမိုးခုံးကြီးတစ်ခုနှင့် တူလေ၏။ ထုတ်လုပ်ရေး စက်ရုံကို ဗဟိုပြု၍ တည်ဆောက်ထားသော စက်ဝိုင်းပုံ မြို့တော်ကြီးပင် ဖြစ်သည်။ မြို့အတွင်းရှိ ကိုယ်စားလှယ် အားလုံးမှာ ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။
"ဒါ... ဒါက"
"ချန်နယ်….ချန်နယ်တစ်ခု ပွင့်သွားပြီ"
ယာယီချန်နယ်တစ်ခု ပွင့်သွားကြောင်း အသိပေးချက်ကို သူတို့အားလုံး ရရှိလိုက်ကြပုံရသည်။
"ဒိုကဲဘီတစ်ကောင် ရောက်လာပြီ။ ငါတို့ မိစ္ဆာနယ်မြေက နောက်ဆုံးတော့ အာရုံစိုက်ခံရပြီဟေ့"
သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေလေသည်။ ဤသည်မှာ သဘာဝကျပေသည်။ ဤနေရာမှာ ဇာတ်ဝင်ခန်းမှ ဖယ်ထုတ်ခံထားရသူများ စုဝေးရာနေရာ ဖြစ်သည်။ တစ်ချိန်က နက္ခတ်များနှင့် ဒင်္ဂါးများကို မုန်းတီးခဲ့ကြသော ကိုယ်စားလှယ်များသည် မိစ္ဆာနယ်မြေသို့ ရောက်ရှိလာပြီးနောက်ပိုင်း ထိုအရာများကို မည်သူထက်မဆို ပို၍ တမ်းတလာခဲ့ကြခြင်း ဖြစ်သည်။
"ဟေ့... ခင်ဗျား အဆင်ပြေရဲ့လား။ စောစောက မက်ဆေ့ချ်ကို ကြားလိုက်လား"
ဂျန်ဟာယောင်း၏ အကူအညီဖြင့် အားယူကာ ကျနော် မနည်းရပ်လိုက်ရသည်။
[ယာယီချန်နယ်သို့ ဝင်ရောက်ခြင်းကြောင့် သင်၏ ကိုယ်စားလှယ်ခန္ဓာကိုယ် ပြိုကွဲပျက်စီးမှုမှာ ခေတ္တဆိုင်းငံ့သွားပါပြီ။]
ကျနော် သက်ပြင်းတစ်ချက်ကို စိတ်အေးလက်အေး ချလိုက်မိသည်။ ချန်နယ်ဆိုသည်မှာ ဇာတ်လမ်းတစ်ပုဒ်၏ အူတိုင်ကို ဖြစ်ပေါ်စေသည့် အရေးကြီးသော ကိရိယာတစ်ခုပင် ဖြစ်သည်။ ချန်နယ်ထဲသို့ ဝင်ရောက်ရုံမျှဖြင့် ကျနော့် ဇာတ်လမ်းများမှာ ပြန်လည်နာလန်ထူလာကြသည်။ ဟုတ်ပေသည်၊ ထုတ်ပယ် ပြစ်ဒဏ်ကြောင့် ရရှိထားသည့် ပြစ်ဒဏ်များမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားခြင်း မရှိသော်လည်း ဤနည်းဖြင့် ကျနော့်ထံတွင် အချိန်အတိုင်းအတာတစ်ခုအထိ ရရှိသွားခဲ့ပြီ ဖြစ်၏။
[သင်၏ ဇာတ်လမ်းများ ပျက်စီးသွားခြင်းမှ ကာကွယ်ရန် အဓိကဇာတ်ဝင်ခန်းသို့ ဝင်ရောက်ပါ။]
အဓိကဇာတ်ဝင်ခန်းသို့ ဝင်ရောက်နိုင်ရန်အတွက် တကယ့်ပုန်ကန်သူကို ကျနော် သတ်ဖြတ်ရပေလိမ့်မည်။ စမ်းသပ်သည့်အနေဖြင့် ကျိုးနေသော လက်မောင်းနှင့် ခြေထောက်များကို ကျနော်ထိကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အမာခံဇာတ်လမ်းများမှာ ဘေးကင်းနေဆဲဟု ထင်ရသည်။ ပျက်စီးသွားသော အစိတ်အပိုင်းများကို တစ်နည်းနည်းဖြင့် ပြန်လည်ပြုပြင်နိုင်ပေလိမ့်မည်။
[သင်၏ လက်ရှိ ကိုယ်စားလှယ်ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပါသည်။]
[ကိုယ်စားလှယ်ခန္ဓာကိုယ်ကို ပြုပြင်ရန်အတွက် နောက်ထပ် ဇာတ်လမ်းများစွာ လိုအပ်ပါသည်။]
စာရင်းကို အတည်မပြုရသေးသော်လည်း မိစ္ဆာအရာရှိများထံမှ ဇာတ်လမ်းများစွာကို ကျနော် သိမ်းယူခဲ့ပြီးဖြစ်သည်။ အများစုမှာ သမိုင်းဝင်အဆင့်ရှိ ဇာတ်လမ်းများဖြစ်ပြီး ဒဏ္ဍာရီလာအဆင့်အချို့လည်း ရောနှောပါဝင်နေသည်။ မည်သို့ပင်ဆိုစေကာမူ ယာယီချန်နယ် မပိတ်သိမ်းမီ ကျနော် အမြန်လှုပ်ရှားရပေမည်။
အဝေးမှ လျှောက်လာသော အိုင်လင်းကို ကျနော် လှမ်းမေးလိုက်သည်။
"ဒဏ်ရာရတဲ့သူတွေရော အခြေအနေဘယ်လိုရှိလဲ"
"ကျမ ထင်ထားတာထက် ပိုများနေတယ်..."
အိုင်လင်း၏ မျက်နှာမှာ မှောင်မိုက်နေလေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မြေပြင်ပေါ်၌ လဲလျောင်းနေသူ ဒါဇင်နှင့်ချီ၍ ရှိနေ၏။ အများစုမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်သဖြင့် ယနေ့ညကို သူတို့ ကျော်ဖြတ်နိုင်ရန် ခဲယဉ်းလှပေလိမ့်မည်။
"ဒိုကဲဘီ အိတ်"
ရင်းနှီးနေသော ဟိုလိုဂရမ် ဇယားတစ်ခုသည် လေထဲတွင် ပေါ်လာသည်။ ထိုဇယား ပျောက်ဆုံးနေစဉ်က ကျနော် အလွန်တရာ စိတ်ပျက်ခဲ့ရသည်။
ဤခံစားချက်မှာ သုံးစရာငွေရှိသော်လည်း သုံးစွဲ၍မရသော သူဌေးတစ်ဦး၏ ခံစားချက်မျိုးပင် ဖြစ်သည်။ ကျနော်သည် အသုံးဝင်မည့် ပစ္စည်းများ ရှိမရှိ ခေတ္တစစ်ဆေးလိုက်ပြီးနောက် ဒင်္ဂါး ၃,၀၀၀ သုံးစွဲကာ 'အဲလိန်းတောအုပ်၏ဇီဝစွမ်းအား' အမြောက်အမြားကို ဝယ်ယူလိုက်သည်။
"ဒါတွေကို လူတွေကို ပေးလိုက်ပါ"
"ဒါ... ဒါတွေကို ဘယ်လိုလုပ်ပြီး ရတာလဲ"
"ငါ့ကို ဘာမှ ထပ်မမေးပါနဲ့"
အံ့အားသင့်သွားသော အိုင်လင်းသည် မျက်လုံးအပြူးသားဖြင့် ဇီဝစွမ်းအားများကို လက်ခံယူလိုက်သည်။ သူ အံ့ဩသွားခြင်းမှာလည်း သဘာဝကျသည်။ အဘယ်ကြောင့်ဆိုသော် အဲလိန်းတောအုပ်၏ဇီဝစွမ်းအား ဆိုသည်မှာ ဒိုကဲဘီအိတ်မှ တစ်ဆင့်သာ ရရှိနိုင်သောကြောင့် ဖြစ်သည်။ ချန်နယ်မရှိသည့် မိစ္ဆာနယ်မြေတွင် ဤအရာကို ရရှိရန် မဖြစ်နိုင်ပေ။
[ယာယီချန်နယ်၏ ကြာမြင့်ချိန်မှာ အလွန်တိုတောင်းပါသည်။]
ကျနော်သည် ကျနော့်အိတ်ထဲမှ ဒိုကဲဘီဥကို ထုတ်ယူလိုက်သည်။ ဥ၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင် အက်ကြောင်းကလေးများ ပေါ်နေပြီ ဖြစ်သည်။
ဤသည်က အကောင်ပေါက်တော့မည့် အရိပ်အယောင်ပင်။ ယာယီချန်နယ်ဆိုသည်မှာ ဒိုကဲဘီတစ်ကောင်အတွက် သန္ဓေသား၏ လှုပ်ရှားမှုတစ်မျိုး ဖြစ်သည်။ အသက်ရှူလေ့ကျင့်ခန်း လုပ်နေသကဲ့သို့ဟုပင် ပြော၍ရ၏။
ဥကို အသာအယာ ကျနော်ပွတ်သပ်ပေးလိုက်သောအခါ ဥခွံအတွင်းမှ သေးငယ်သော တုန်ခါမှုကို ခံစားလိုက်ရသည်။
[ 'ဒိုကဲဘီဥ' သည် မကြာမီ အကောင်ပေါက်ပါတော့မည်။]
[ကျန်းမာသန်စွမ်းသော ဇာတ်လမ်းတစ်ပုဒ်ကို ကျွေးမွေးပါ။]
ကျနော်သည် ဇာတ်လမ်းအပိုင်းအစ အချို့ကို အမြန်ထုတ်ယူကာ ဥကို ကျွေးလိုက်သည်။ ဥသည် တုန်ခါသွားပြီး အသံအချို့ ထွက်ပေါ်လာသည်။
[ဒိုကဲဘီဥသည် စိတ်ကျေနပ်မှု ရှိပါသည်။]
[ဒိုကဲဘီဥသည် မိဘများ၏ နွေးထွေးမှုကို အလိုရှိနေပါသည်။]
တကယ့်ကို ဂျီကျလွန်းလှပေသည်။ ပြန်စဉ်းစားကြည့်မှ ဘီဟွန်းက တစ်ခုခု ပြောခဲ့ဖူးသည်။
'ဥ အကောင်ပေါက်လာခဲ့ရင်ဆိုတဲ့ အသိနဲ့ ငါ မင်းကို ပြောပြထားတာပါ။ အကောင်မပေါက်ခင်မှာ ဥကို မင်းရဲ့ ရင်ခွင်ထဲမှာ ပိုက်ထားရမယ်'
'ဘာ... ဘာလို့လဲ'
'ငါလည်း အတိအကျတော့ မသိဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်မှပဲ ကျန်းမာတဲ့ ဒိုကဲဘီတွေ မွေးဖွားလာတတ်လို့ပဲ'
ထို့ကြောင့် ကျနော် ထိုအတိုင်းသာ လုပ်ဆောင်ခဲ့သည်။
ဒိုကဲဘီများက ထိုကဲ့သို့သော အယူသီးမှုကို ယုံကြည်နေခြင်းမှာ ထူးဆန်းသည်ဟု ကျနော် ထင်ခဲ့သော်လည်း ဤကမ္ဘာတွင် အယူသီးမှုများ ရှိနေရခြင်းမှာ အကြောင်းရင်း ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာသည် ဇာတ်လမ်းအားလုံး တကယ်ဖြစ်လာသည့် ကမ္ဘာဖြစ်သောကြောင့်ပင်။
အဝေးရှိ ထုတ်လုပ်ရေး စက်ရုံဘက်သို့ ကျနော် လှမ်းကြည့်လိုက်သည်။ မိစ္ဆာအမတ် နှစ်ဦး သေဆုံးသွားပြီဖြစ်ရာ စစ်ဝစ်ဇ် စက်မှုဇုန်သည် ယခုအခါ ပုန်ကန်မှု လမ်းကြောင်းပေါ်သို့ လုံးဝဥဿုံ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ကျနော်သည် သူတို့၏ ခြေလက်များကို ချိုးနှိမ်ခဲ့ပြီး နောက်ဆုံးတွင် ကောင်းမွန်သော သတိပေးချက်တစ်ခုကိုလည်း ပေးခဲ့ပြီးဖြစ်ရာ စက်ရုံဘက်မှ လူများမှာ မဆင်မခြင် လှုပ်ရှားရဲကြတော့မည် မဟုတ်ပေ။ ကျနော့်၏ လက်ရှိအခြေအနေနှင့် သူတို့ကို ရင်ဆိုင်ရန် မဖြစ်နိုင်သေးသဖြင့် ဤအခြေအနေမှာ ရက်အနည်းငယ်ကြာအောင် ဆက်ရှိနေ ပေလိမ့်မည်။
"အိုင်လင်း၊ အခုကစပြီး ကောင်စီရဲ့ နေအိမ်ကို ပိတ်ထားလိုက်ပါ"
"ရှင်..."
"မိစ္ဆာအရာရှိတွေ ခေတ္တခဏတော့ လှုပ်ရှားမှာ မဟုတ်ဘူး။ ဒါကြောင့် ငါတို့ အနားယူပြီး ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်"
ပို၍ပို၍ တုန်ခါလာသော ဥကို ကျနော်ငုံ့ကြည့်လိုက်သည်။ ယခုကစပြီး စော်ဘွားတစ်ဦးတည်းကသာ ပြဿနာမဟုတ်တော့ပေ။ ချန်နယ်တစ်ခု ပွင့်သွားသည်နှင့် တကယ့် မိစ္ဆာအစစ်အမှန်များ ပေါ်လာကြပေလိမ့်မည်။
ထိုအချိန်မတိုင်မီ အချို့အရာများကို ကျနော်ပြင်ဆင်ထားရန် လိုအပ်လေသည်။
…………………………………………………………………………………………..
အခြားသူများ၏ အကူအညီဖြင့် ကောင်စီနေအိမ်အတွင်းရှိ အခန်းတစ်ခန်း၌ သင့်တော်သော အပူချိန်နှင့် စိုထိုင်းဆကို ချိန်ညှိကာ ကျနော် နေရာချလိုက်သည်။ အိုင်လင်းက ကျနော့်ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးပြီးနောက် သက်ပြင်းချကာ ဆိုသည်။
"ဒီနေ့တော့ လုံးဝမလှုပ်ရှားပါနဲ့။ ရှင့်ရဲ့ ခန္ဓာကိုယ်က တော်တော်လေး ပျက်စီးနေပြီ"
"ကောင်းပါပြီ"
"စကားကိုလည်း ပေါ့ပေါ့တန်တန် မပြောပါနဲ့။ ရှင်က တကယ်ကို သေလုနီးပါး ဖြစ်ခဲ့တာ။ ပြန်လည်ပြုပြင်ဖို့အတွက် သမိုင်းဝင်အဆင့်ရှိ ဇာတ်လမ်း ၅ ခုတောင် သုံးခဲ့ရတာ ဒါပထမဆုံးပဲ..."
ခန္ဓာကိုယ် ပြုပြင်စရိတ်အတွက် ကျနော် သိပ်ပြီး မပျော်ရွှင်နိုင်သော်လည်း ကောင်းမွန်သော ဇာတ်လမ်းများကို အသုံးပြု၍ အသက်ရှင်နိုင်ခဲ့သည်မှာ သေရသည်ထက်တော့ ပိုကောင်းလှပေသည်။
"ငါ့မှာ ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်းတွေ ကျန်သေးတာပဲလေ။ အဆင်ပြေပါတယ်"
မိစ္ဆာအမတ်များကို သတ်ဖြတ်ရာမှ ရရှိခဲ့သည့် ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်းများကို ကျနော်စစ်ဆေးကြည့်လိုက်သည်။
[ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်း ‘အန်စာတုံးနတ်ဘုရား’ ကို ရရှိလိုက်ပါပြီ။]
‘အန်စာတုံးနတ်ဘုရား’ ဟူသော ဇာတ်လမ်းမှာ လောင်းကစားဘုရင်ထံမှ ရရှိသော ဇာတ်လမ်းဖြစ်ပြီး ပထမဆုံး အန်စာတုံးခေါက်ရာတွင် ရလဒ်ကို လိုသလို ရွေးချယ်နိုင်သော စွမ်းအားမျိုး ဖြစ်သည်။ အချို့သော ဇာတ်လမ်းများမှာ အဘယ်ကြောင့် ဒဏ္ဍာရီလာအဆင့် ဖြစ်နေရသနည်းဟု တစ်ခါတစ်ရံ တွေးတောရခက်သော်လည်း ကျနော့်၏ ‘ဘုရင်မဲ့ကမ္ဘာ၏ ဘုရင်’ နှင့် နှိုင်းယှဉ်လျှင်မူ အားနည်းလှပေသည်။
အိုင်လင်းသည် အံ့အားသင့်သော မျက်နှာဖြင့် ကျနော့်ကို ကြည့်ကာ မေးလာသည်။
"ရှင်က ခန္ဓာကိုယ်ကို ပြုပြင်ဖို့အတွက် ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်းကို အပိုင်းအစတစ်ခုအနေနဲ့ သုံးမလို့လား။ အဲဒါက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ ရှင် မသိဘူးလား"
"..."
"မဟုတ်သေးပါဘူး။ ရှင် အခုထိ ဘယ်လိုရှင်သန်လာတာလဲ။ ဇာတ်လမ်းရဲ့ အကာအကွယ် ရှိနေရင်တောင်မှ ရှင့်ရဲ့လုပ်ပုံကိုင်ပုံနဲ့ အသက်ရှင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး"
ဇာတ်လမ်း၏ အကာအကွယ်ဆိုသည်မှာ ဒိုကဲဘီများ အမြဲသုံးလေ့ရှိသော နှုတ်ဆက်စကားပင် ဖြစ်သည်။
"ပွစိပွစိပြောမနေပါနဲ့တော့။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ငါ့ရင်ခွင်ထဲက ဒီကလေးကြောင့် ငါ ဘယ်မှသွားလို့ မရဘူး"
ရင်ခွင်ထဲမှ ဥကို အသာအယာ ကျနော်ထိလိုက်သည်။ အနာဂတ် အစီအစဉ်အားလုံးမှာ ဤကလေး အောင်အောင်မြင်မြင် အကောင်ပေါက်လာခြင်းအပေါ်တွင် မူတည်နေလေသည်။ ဂျန်ဟာယောင်းက ကျနော့်ရင်ခွင်ကို စိုက်ကြည့်ရင်း မေးလာသည်။
"အဲဒါက ဘာလဲ"
"ဥလေ"
"ဥဟုတ်လား။ ဘာဥလဲ"
"ဒိုကဲဘီဥ"
ကျနော့်စကားကြောင့် ဂျန်ဟာယောင်းနှင့် အခြားသူများ၏ မျက်လုံးများမှာ ပြူးကျယ်ကုန်ကြသည်။
"ဘာ…တကယ်ကြီးလား"
ကျနော် ခေါင်းညိတ်ပြရင်း ဥကို ငုံ့ကြည့်လိုက်သည်။ ဥကလေး လှုပ်ခါသွားတိုင်း ယာယီချန်နယ်မှာ ပွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေလေသည်။
[ချန်နယ်အတွင်းသို့ ဝင်ရောက်လာသော နက္ခတ်အရေအတွက် - ၁ ဦး။]
ယခုအချိန်တွင် တစ်ဦးတည်းရှိသောကြောင့် အထီးကျန်နေ သော်လည်း မကြာမီ ချန်နယ်မှာ နက္ခတ်များနှင့် ပြည့်နှက်လာပေလိမ့်မည်။ ထို့သို့ဖြစ်အောင် ကျနော် လုပ်ဆောင်ရပေမည်။
"နေဦး။ ဒါ တကယ့် ဒိုကဲဘီဥလား။ နောက်နေတာ မဟုတ်ဘူးမလား"
"ငါ့ပုံစံက နောက်နေတဲ့ပုံ ပေါက်နေလို့လား"
"...ဒါဆို ဒီဥကြောင့် ချန်နယ်ပွင့်နေတာပေါ့"
"ဟုတ်တယ်"
အံ့အားသင့်နေသော ဂျန်ဟာယောင်းနှင့်မတူဘဲ အိုင်လင်းမှာ တည်ငြိမ်သော မျက်နှာပေးဖြင့် ရှိနေသည်။
"နေပါဦး... တကယ်လို့ ဒါက ဒိုကဲဘီဆိုရင်..."
"ငါက မိစ္ဆာနယ်မြေကို အခွင့်အရေးတစ်ခု ပေးချင်ရုံပါ။ နင်တို့တွေလည်း စက်မှုဇုန်ရဲ့ ကျွန်တွေအဖြစ် ထာဝရ မနေနိုင်ဘူးမလား"
အိုင်လင်းသည် ကျနော့်စကားကြောင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ အမှန်တော့ သူလည်း သိပြီးသား ဖြစ်သည်။ ကျနော်က သူတွေးနေသည့် အချက်ကို ထောက်ပြလိုက်ခြင်းပင်။
"နောက်လာမယ့် ဇာတ်ဝင်ခန်းက ပိုဆိုးမှာကို ကြောက်နေတာလား"
လက်ရှိ ဇာတ်ဝင်ခန်းပြီးလျှင် နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခု အမြဲစောင့်ကြိုနေသည်။ ဇာတ်ဝင်ခန်းမှာ ယခုထက် ပိုကောင်းနိုင်သလို ပို၍လည်း ဆိုးရွားသွားနိုင်သည်။ အိုင်လင်းက ဝန်မခံချင်ဟန်ဖြင့် ပြောသည်။
"ဒီလို ဇာတ်ဝင်ခန်းတွေ မရှိတဲ့ ကမ္ဘာက အကောင်းဆုံးပဲ"
"မရေရာတဲ့ ဘဝက တကယ်ပဲ ပိုဆိုးမလားဆိုတာ နင် စဉ်းစားဖို့ လိုတယ်"
"ရှင့်ရဲ့ ပုန်ကန်မှုအတွက် ကျမ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရှင်က..."
အိုင်လင်းသည် ကျနော့်မျက်လုံးများကို စိုက်ကြည့်ရင်း ခေတ္တမျှ ရပ်တန့်သွားသည်။ ဤခဏအတွင်း သူ ဘာကို မြင်လိုက်သလဲ ကျနော် မသိပေ။
"...ရှင် ဘာအတွက်ကြောင့် ဒါတွေကို လုပ်နေတာလဲ"
နောက်ဆုံးတွင် သူ မေးလာခဲ့သည်။
"တချို့လူတွေက ဇာတ်လမ်းရဲ့ အဆုံးသတ်ကို မြင်ချင်ကြတဲ့ဆန္ဒရှိတယ်"
ထုံးစံအတိုင်း ကျနော်ပြန်ဖြေလိုက်သည်။
"အဲဒါဆိုရင်... ရှင်က ဇာတ်ဝင်ခန်းရဲ့ အဆုံးထိ သွားဖို့ ရည်ရွယ်ထားတာလား"
"အဲဒါနဲ့ ဆင်တူပါတယ်"
ထိုအခါ အိုင်လင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဆုံးသတ်ကို ရှာဖွေသူတစ်ယောက်ပေါ့လေ..."
"ကျမရဲ့ ဇာတိဂြိုဟ်က နက္ခတ်တွေဆီက ကြားဖူးတယ်။ ဇာတ်လမ်းတွေရဲ့ ‘အဆုံးသတ်’ ကို ကြည့်ရှုနေတဲ့ နက္ခတ်တွေ ရှိတယ်တဲ့"
အဆုံးသတ်ကို ရှာဖွေသူ။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် ထိုသို့သော သူများ ရှိသည်ကို သတိရလိုက်သည်။ အားသွန်ခွန်စိုက် လှုပ်ရှားရမည့်အချိန် မရောက်သေးသော်လည်း အိုင်လင်း၏ ဇာတိဂြိုဟ်မှာပင် ထိုသတင်းများ ပျံ့နှံ့နေပြီ ဖြစ်သည်။ အိုင်လင်း အတွေးထဲ နစ်ဝင်နေစဉ် ဂျန်ဟာယောင်းက စကားစလာသည်။
"အဲဒါက ဒိုကဲဘီဆိုရင်လည်း နောက်ဆုံးတော့ ကျုပ်တို့သိတဲ့ ဒိုကဲဘီတွေလို ဖြစ်သွားမှာပဲ မဟုတ်ဘူးလား"
"ငါ အဲဒီလို အဖြစ်မခံပါဘူး။ ဒိုကဲဘီတိုင်းက တူညီတဲ့ ရုပ်သံထုတ်လွှင့်သူတွေ ဖြစ်မလာနိုင်ဘူးလေ"
"ဟုတ်ပါတယ်... လူတွေလည်း တူတာမှ မဟုတ်တာ။ ဒါနဲ့ ဥကို ဘယ်လိုရခဲ့တာလဲ။ အကျိတ်နှင့်လူတွေဆီက ဒီအကြောင်း ဘာမှ မကြားမိပါဘူး"
"အဲဒါက..."
မည်သို့ ရှင်းပြရမည်နည်းဟု ကျနော် တွေဝေနေစဉ် ဟန်မြုံအိုက ဥနှင့် ကျနော့်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလာသည်။
"တော်တော်လေး ခက်ခဲခဲ့မှာပဲ။ ကလေးမွေးတယ်ဆိုတာ နာကျင်စရာကောင်းတဲ့ အလုပ်ပဲလေ"
"...ခင်ဗျား နားလည်မှုတစ်ခုခုလွဲနေပုံရတယ်။ ကျနော် မွေးတာ မဟုတ်ပါဘူး"
"ငါ နားလည်ပါတယ်"
သူတို့ကြားတွင် တစ်စုံတစ်ခုကို တလွဲနားလည်သွားကြသည့်ပုံပင်။ ကျနော် မိစ္ဆာဘုရင်၏ ကျိန်စာကို မသင့်ခဲ့ကြောင်း ရှင်းပြချင်သော်လည်း ထိုအချိန်မှာပင် ဥ၏ အက်ကြောင်းများမှာ ပိုမိုသိသာလာပြီး အထဲမှ မှိန်ပျပျ အလင်းရောင်များ ထွက်ပေါ်လာတော့သည်။
[ဥကလေး အကောင်ပေါက်ရန် နီးကပ်နေပြီ ဖြစ်ပါသည်။]
ကျနော် စောင့်မျှော်နေခဲ့သော အခိုက်အတန့်သည် နောက်ဆုံးတွင် ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။
[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုသည် ရုပ်သံထုတ်လွှင့်သူ အသစ်တစ်ဦး၏ မွေးဖွားခြင်းကို စောင့်ကြည့်နေပါသည်။]
ဟန်မြုံအို၊ ဂျန်ဟာယောင်း၊ မာ့ခ်နှင့် အိုင်လင်းတို့နှင့်အတူ ကျနော်သည် ဥခွံထဲမှ ထွက်ပေါ်လာသော သက်ရှိလေးကို ငုံ့ကြည့်လိုက်မိသည်။ သက်ရှိတစ်ခု၏ မွေးဖွားခြင်းဆိုသည်မှာ အမှန်တကယ်ပင် အံ့ဩဖွယ်ရာ ကောင်းလှပေသည်။ ကွဲအက်သွားသော ဥခွံကြားမှ သေးငယ်သော ကျောပြင်လေးကို မြင်တွေ့လိုက်ရသည်။ ဂျန်ဟာယောင်းသည် အဖြူရောင် အမွေးနုလေးများ ဖုံးလွှမ်းနေသော ထိုကျောပြင်လေးကို ကြည့်ကာ မတတ်သာသော အမူအရာမျိုးဖြင့် ဆိုသည်။
"…ကျုပ်က ဒိုကဲဘီတွေကို တကယ်မုန်းတာ။ အခုလည်း အဲဒီလိုပဲ ထပ်ခံစားနေရပြန်ပြီ"
သို့သော် ဤမွေးဖွားခြင်းမှာ ကောင်းချီးမင်္ဂလာတို့ဖြင့် ပြည့်နှက်နေခြင်း မဟုတ်ပေ။ မွေးကင်းစ ဒိုကဲဘီလေးသည် ရှုံ့တွနေသော မျက်နှာလေးဖြင့် ငိုကြွေးနေလေသည်။ ဤနေရာ၌ တည်ရှိနေရခြင်းမှာပင် နာကျင်နေသကဲ့သို့ ဖြစ်နေ၏။ Ways of Survival ထဲတွင် ဖော်ပြထားသော ဒိုကဲဘီဘုရင်အကြောင်း စာပိုဒ်တစ်ပိုဒ်ကို ကျနော်ပြန်လည်အမှတ်ရလိုက်မိသည်။
「 "နားထောင်လော့။ သူတို့သည် ကံကြမ္မာနှင့်အတူ မွေးဖွားလာကြသူများဖြစ်ပြီး ဇာတ်လမ်းကို ချစ်မြတ်နိုးရင်းနှင့်ပင် အသက်ရှင်သန်ကြရမည့် သနားစရာကောင်းသော သူများသာ ဖြစ်ကြသည်" 」
မွေးကင်းစ ဒိုကဲဘီလေးမှာ ဆက်လက်၍ ငိုကြွေးနေဆဲပင်။ သူသည် ဤကမ္ဘာပေါ်တွင် မွေးဖွားလာခဲ့ပြီဖြစ်ရာ ဤကမ္ဘာ၌ ဇာတ်လမ်းများ ရှိနေသရွေ့ သူသည် ထိုဇာတ်လမ်းများကို ချစ်မြတ်နိုးရပေလိမ့်မည်။
ဟုတ်ပေသည်။ ကျနော်ကပင် သူ့ကို ဤကဲ့သို့ ဖြစ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျနော့်ကိုသာ အပြစ်တင်ပါလေ။
[ဒိုကဲဘီကလေးသည် သင့်အား ကြည့်ရှုနေပါသည်။]
[ဒိုကဲဘီကလေးသည် သင့်အား မိဘတစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်ပါသည်။]
[ဒိုကဲဘီကလေး၏ ဝိညာဉ်သည် သင်နှင့် ဆက်သွယ်နေပါသည်။]
ထိုစဉ် အသံတစ်သံကို ကျနော်ကြားလိုက်ရသည်။
'ကျမ စောင့်နေတာ ကြာလှပြီ… ဦးလေး'
***