အချိန်နှင့် ဟင်းလင်းပြင်၏ စီးဆင်းမှုမှာ ပုံမှန်မဟုတ်တော့ပေ။ ဂျန်ဟာယောင်း၏ နှုတ်ခမ်းလှုပ်ရှားမှုမှာ အလွန်တရာ နှေးကွေးသွားပြီး ထွက်ပေါ်လာသော အသံများမှာလည်း အပိုင်းပိုင်းပြတ်တောက်ကာ ပုံမှန်မဟုတ်တော့။ တစ်ကမ္ဘာလုံးက အနှေးပြကွက်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
「 ကင်ဒေါ့ဂျာ သဘောပေါက်လိုက်သည်။ ဤသည်မှာ ဒိုကဲဘီတို့၏ အချိန်ပင် ဖြစ်သည် 」
မြောက်မြားစွာသော ချန်နယ်များကို တစ်ပြိုင်နက် စီမံခန့်ခွဲရန်နှင့် ဆုံးဖြတ်ချက်ချရန်အတွက် ဒိုကဲဘီတို့၏ သိမြင်နိုင်စွမ်းနှုန်းမှာ အခြားသော သက်ရှိများထက် သိသိသာသာ ပိုမိုမြန်ဆန်လှသည်။
လေထဲသို့ ကျနော်မော့ကြည့်လိုက်၏။ အဖြူရောင် အမွေးနုလေးများရှိသော ဒိုကဲဘီကလေး၏ အပေါ်တွင် အဖြူရောင် အလင်းလုံးတစ်ခု ပေါ်နေသည်။ ထိုအလင်းလုံးမှာ ကျနော် အရင်က မြင်ဖူးသည့် အလင်းလုံးပင် ဖြစ်သည်။ ထိုအရာက ရှင်ယူဆောင်း၏ ဝိညာဉ်ပင် ဖြစ်သည်။
'မတွေ့ရတာကြာပြီနော်။ ယူဆောင်း'
အလင်းလုံးအတွင်းမှ ဖောက်ထွင်းမြင်ရသော အလင်းတန်းတစ်ခု ပေါ်လာပြီး လူတစ်ယောက်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ ကမ္ဘာကြီးကို ကယ်တင်ချင်ခဲ့ပြီး ယူဂျွန်ဟော့အပေါ်တွင် ယုံကြည်မှု အပြည့်ရှိခဲ့သည့်သူ။ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်သူ ရှင်ယူဆောင်းသည် ကျနော့်ရှေ့တည့်တည့်တွင် ရှိနေသည်။
[သင်သည် မယုံနိုင်စရာကောင်းသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပါပြီ။]
[သင်သည် ဒိုကဲဘီဥကို အောင်မြင်စွာ ဥပေါက်စေနိုင်သည့် ပထမဦးဆုံးသော လူသားဖြစ်ပါသည်။]
[သင်သည် ဇာတ်လမ်းအသစ်တစ်ခုကို ရရှိလိုက်ပါပြီ။]
[‘ဒိုကဲဘီ၏ ဖခင်’ ဇာတ်လမ်းကို ရရှိလိုက်ပါပြီ။]
ရှင်ယူဆောင်းက ကျနော့် မျက်နှာရိပ်မျက်နှာကဲကို ဖတ်ပြီးနောက် ပြောလာသည်။
'တောင်းပန်မနေချင်ပါနဲ့။ ဒါက ကျမကိုယ်တိုင် ရွေးချယ်ခဲ့တာပါ'
'ဒါပေမဲ့လည်း... အားနာမိတယ်'
'ဦးလေးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်တုန်းက ခေါင်းဆောင်က ဦးလေးလိုမျိုး မဟုတ်ခဲ့ဘူး'
'လွယ်တော့ လွယ်ကူခဲ့တာမဟုတ်ဘူး။ ငါ့မှာ လုပ်စရာတွေကလည်း အများကြီးရှိနေတာဟ'
'ကျမရဲ့ အကူအညီ မလိုဘူးလား'
ကျနော် ခေါင်းညိတ်ပြလိုက်သောအခါ ရှင်ယူဆောင်းက တောက်ပစွာ ပြုံးလိုက်သည်။
'ကျမ ကောင်းကောင်း လုပ်နိုင်ပါ့မလား'
'နင် ကောင်းကောင်း လုပ်နိုင်မှာပါ။ ငါ ကူညီပေးမယ်'
ဇာတ်ဝင်ခန်း၏ အောက်ခြေအထိ ရောက်ဖူးသူတစ်ဦးသာလျှင် ထိုဇာတ်ဝင်ခန်း၏ ဖိအားကို သိရှိနိုင်ပေသည်။ ဤသည်မှာ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်သူ ရှင်ယူဆောင်းကို ကျနော် ယုံကြည်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။ ထို့အတူ ရှင်ယူဆောင်းကလည်း ဤအချက်ကြောင့်သာ ကျနော့်ကို ယုံကြည်နေရခြင်း မဟုတ်ပေ။
'၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခဲ့တဲ့ ခေါင်းဆောင်ကတော့ မအောင်မြင်ခဲ့ဘူး'
ရှင်ယူဆောင်း၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။
'ရှေ့ဆက်သွားရင် ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ အရာတွေ ကြုံလာရလိမ့်ဦးမယ်'
'ဟုတ်လောက်မှာပါ'
'ဦးလေးရဲ့ စိတ်ကူးနဲ့တောင် မယဉ်နိုင်တဲ့ အရာတွေက ရှေ့မှာ စောင့်နေကြတာနော်'
'ငါက နင်နဲ့အတူ ရှေ့ဆက်မှာပါ'
ရှင်ယူဆောင်း ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ကျနော့်စကား၏ အဓိပ္ပာယ်ကို ဆင်ခြင်နေပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာ၏ အတိမ်အနက်ကို တိုင်းတာနေပုံရသည်။ မည်သို့ပင်ဖြစ်စေ အတိတ်ကို ပြန်တွေးရခြင်းက ရှင်ယူဆောင်းအတွက် နာကျင်စရာ ဖြစ်ပေလိမ့်မည်။ မကြာမီ ရှင်ယူဆောင်းက ပါးစပ်ဖွင့်ကာ ပြောလာသည်။
'ကျမ မွေးဖွားပြီးတာနဲ့ ဦးလေးကို ချက်ချင်း မှတ်မိနိုင်မှာ မဟုတ်ဘူး'
'သိပါတယ်'
'သိပ်ပြီးတော့ ကိုယ့်ကိုကိုယ်အရူးမလုပ်မိစေနဲ့'
'အေးပါ'
ရှင်ယူဆောင်း၏ အပြုံးမှာ တောက်ပလှသည်။ ငြိမ့်ညောင်းသော တေးဂီတသံကဲ့သို့ တိတ်ဆိတ်မှုအတွင်း ရှင်ယူဆောင်းက ဆက်ပြောသည်။
'ကျမမှာ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အမှတ်တရ သိပ်မရှိဘူး'
ရှင်ယူဆောင်းက အေးစက်စက် လေသံဖြင့် ပြောနေသော်လည်း ထိုသို့ အေးစက်နေခြင်းကြောင့်ပင် ပို၍ စိတ်ရင်းမှန်နေသကဲ့သို့ ခံစားရသည်။ ကျနော် ရှင်ယူဆောင်း၏ စကားကို နားထောင်ရင်း Ways of Survival ထဲက ဇာတ်လမ်းကို ပြန်လည် အမှတ်ရနေမိသည်။ ကျနော် သိထားသည့် ‘ရှင်ယူဆောင်း’ ၏ ဇာတ်လမ်းများကိုလည်း တွေးတောမိ၏။ ၎င်းကို စာကြောင်းရေ တစ်ရာ၊ တစ်ထောင်ဖြင့်ပင် ပြည့်စုံအောင် ရှင်းပြနိုင်မည် မဟုတ်ပေ။
'ဒါပေမဲ့လည်း... ကျမ ပြောစရာ တစ်ခုခု ရှိလာခဲ့ရင်...'
စိုးရိမ်နေရန် အချိန်ရှိမရှိ ကျနော် မသိပေ။ ကျနော် Ways of Survival ကို ဖတ်ခဲ့ဖူးပြီး ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ဖြင့် ရှင်ယူဆောင်း၏ အတွေးများကို ဖတ်နိုင်သော်လည်း ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်သူ ရှင်ယူဆောင်း ခံစားခဲ့ရသည့် နာကျင်မှုကိုမူ ကျနော် အပြည့်အဝ နားမလည်နိုင်ခဲ့။
'ဒီတစ်ခါတော့ ဦးလေးကို ကျမ ပြောပြပါ့မယ်'
ထို့ကြောင့် ကျနော် ရှင်ယူဆောင်းကို ဤစကားကိုသာ ပြန်ပြောနိုင်ခဲ့သည်။
'ကျေးဇူးတင်ပါတယ်'
ကျနော် ခံစားချက်ကို ဖုံးကွယ်ရန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ တောက်ပသော အလင်းတန်းတစ်ခု မြင့်တက်လာပြီး အချိန်၏ စီးဆင်းမှုမှာ မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားတော့သည်။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ ပထမဆုံး ချန်နယ် ပွင့်သွားပါပြီ။]
[ချန်နယ်အမည် - #BI-90594]
ပြတ်တောက်နေသော အသံများ ပြန်လည် ကြားလာရပြီး ဂျန်ဟာယောင်း၏ အသံကို ကြားလိုက်ရသည်။
"ဒီကလေးကို ဘာနာမည်ပေးမှာလဲ"
...သူက ဤသို့ မေးလိုက်ခြင်းပင်။ အမည်ပေးရန်အတွက် ကျနော် အတော်လေး စိုးရိမ်ပူပန်နေခဲ့ရသည်။
ဒိုကဲဘီကလေးက ကျနော့်ကို စိုက်ကြည့်နေသည်။ ကျနော် ဒိုကဲဘီကလေး၏ မျက်လုံးများကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
[ချန်နယ် စီမံခန့်ခွဲသူ - ဘီယူ]
ဘီယူမှာ သူ၏ အမည်ဖြစ်မှန်း သူ သိပါသလား။ ဒိုကဲဘီကလေးက ကျနော့်ထံသို့ လက်လှမ်းလာသည်။ ကျနော် သေးငယ်ပြီး အမွေးနုလေးများရှိသော လက်ကလေးကို ဆုပ်ကိုင်လိုက်သောအခါ ဒိုကဲဘီကလေးက ကျနော့်ကို ပြုံးပြနေသကဲ့သို့ ခံစားလိုက်ရသည်။
……………………………………………………………………………………………
ရှင်ယူဆောင်းသည် မကြာခဏဆိုသလို ငိုကြွေးတတ်သူဖြစ်သည်။ ဆိုးလ်ဒေသ၏အမိုးခုံးမှ လွတ်မြောက်လာပြီးနောက်ပိုင်း ပင်ပန်းနွမ်းနယ်သော နေ့ရက်များကို ကျော်ဖြတ်ပြီး အိပ်ပျော်သွားချိန်နှင့် ဝိသေသလက္ခဏာဇယားကိုဖွင့်ပြီး ‘ထောက်ပံ့သူနက္ခတ်’မရှိတော့သည်ကို ကြည့်မိချိန်တိုင်း ရှင်ယူဆောင်းထံမှ မျက်ရည်များမှာ အလိုအလျောက် ကျဆင်းလာလေ့ရှိသည်။
ထိုသို့သောအချိန်မျိုးတွင် ရှင်ယူဆောင်းအား အမြဲလာရောက် စကားပြောဖော်ပြုပေးသူမှာ လီဂီယောင်ပင် ဖြစ်သည်။
"ဟေ့... နင်ကလည်း ဘာလို့ ခဏခဏ ငိုနေတာလဲ။ အကိုကြီးဒေါ့ဂျာက ရင့်ကျက်တဲ့သူတွေကိုမှ သဘောကျတာနော်"
ထိုစကားကြောင့် ရှင်ယူဆောင်း၏ နီရဲဖောင်းအစ်နေသော မျက်လုံးများမှာ ဝင်းလက်သွားသည်။
"ထွက်သွားစမ်းပါ"
"အကိုကြီးက မကြာခင် ပြန်လာမှာပါ။ နင် မတွေ့လိုက်ဘူးလား... သူထွက်သွားတုန်းက 'ငါတို့ ပြန်တွေ့ကြမယ် လီဂီယောင်' လို့ ပြောသွားတာလေ"
"သူ အဲဒီလို မပြောပါဘူး"
"ငါ့ကို ပြောတာပါဆို။ နင်လည်း ကြားမှာပေါ့"
လီဂီယောင်သည် နောက်နားတွင် ရပ်နေသော လီဂျီဟယ်ကို လှမ်းမြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဘာကို ပြုံးနေတာလဲ"
"ချစ်စရာကောင်းလို့ပါ"
ရှင်ယူဆောင်း၊ လီဂီယောင်နှင့် လီဂျီဟယ်တို့ သုံးဦးသည် ၁၂ ခုမြောက် ဇာတ်ဝင်ခန်းမှ ဘေးအန္တရာယ်ရှိသော သားရဲများကို ရှင်းလင်းပြီးနောက် အဖွဲ့ဝင်များအားလုံး ဆုံတွေ့ရန် ကတိပေးထားသည့် ဆောင်းနမ် မြို့သို့ ဦးတည်နေကြခြင်း ဖြစ်သည်။ ကတိအတိုင်း အခြားအဖွဲ့ဝင်များလည်း မကြာမီ ရောက်ရှိလာကြပေလိမ့်မည်။
လီဂျီဟယ်နှင့် လီဂီယောင်တို့ တစ်ယောက်တစ်ခွန်း ငြင်းခုံနေစဉ် ရှင်ယူဆောင်းက သူ၏ ဝိသေသလက္ခဏာဇယားကို ဖွင့်ကြည့်လိုက်သည်။
[သင်၏ ထောက်ပံ့သူနှင့် ချိတ်ဆက်မှု ပြတ်တောက်နေပါသည်။]
ဤသည်မှာ ဆိုးလ်ဒေသ၏အမိုးခုံးမှ ထွက်ခွာလာပြီးနောက်ပိုင်း ရှင်ယူဆောင်း၏ ဇယားတွင် အမြဲပေါ်နေသည့် မက်ဆေ့ချ်ဖြစ်သည်။ ရှင်ယူဆောင်း၏ မှိုင်တွေနေသော မျက်နှာကို မကြည့်ချင်သည့် လီဂီယောင်က ထပ်မံ စကားစလိုက်ပြန်သည်။
"ဟေး... ဒီဒင်္ဂါးပြားကို ကြည့်စမ်း"
"...ဘာဖြစ်လို့လဲ"
"တကယ်လို့ ငါ ဒင်္ဂါးပြားကို မြှောက်လိုက်လို့ ခေါင်းဘက်ကျရင် အကိုကြီးဒေါ့ဂျာ အသက်ရှင်နေတယ်လို့ မှတ်ရမယ်"
လီဂီယောင်က ၁၀၀ တန် ဒင်္ဂါးပြားတစ်ခုကို ထုတ်လိုက်သောအခါ ရှင်ယူဆောင်းက နှုတ်ခမ်းမဲ့ကာ ပြောသည်။
"နင် အရင်ကလည်း အဲဒီအတိုင်း လုပ်ဖူးတယ်လေ"
"နောက်တစ်ခါ ထပ်စမ်းကြည့်ရအောင်"
"…နင်လုပ်ချင်တာ လုပ်ပါ။ ဦးလေးက နင့်ရှေ့မှာ ရုတ်တရက် ပေါ်လာမှာမှ မဟုတ်တာ"
ဒင်္ဂါးပြား မြှောက်တင်ခြင်းသည် ရှင်ယူဆောင်းနှင့် လီဂီယောင်တို့ စိတ်မအေးဖြစ်သည့်အခါတိုင်း လုပ်လေ့ရှိသော အပြုအမူပင် ဖြစ်သည်။
"အခုထိ ဒင်္ဂါးမြှောက်ပြီးဆုံးဖြတ်ရာမှာ အကိုကြီးဒေါ့ဂျာ သေသွားတယ်လို့ကျတဲ့ဘက်က ဘယ်နှစ်ကြိမ်ရှိပြီလဲ"
"…၄၁ ကြိမ်"
"ဒါဆို ရှင်နေတာကကော"
"၅၉ ကြိမ်"
ခေါင်းဘက်ကျလျှင် ကင်ဒေါ့ဂျာ အသက်ရှင်နေမည်ဖြစ်ပြီး ပန်းဘက်ကျလျှင် သေဆုံးသွားပြီဟု သူတို့ သတ်မှတ်ထားကြသည်။ ဤအကြောင်းကို ကြားသောအခါ လီဂျီဟယ်က ဝင်မေးသည်။
"နင်တို့က ဦးလေးကြီးကို တကယ်ပဲ အသက်ရှင်စေချင်တာလား"
လီဂီယောင်က ဒင်္ဂါးပြားကို လေထဲသို့ မြှောက်တင်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် မျက်လုံးသုံးစုံသည် ထိုဒင်္ဂါးပြားနောက်သို့ လိုက်ပါသွားကြသည်။ မယုံကြည်သလို ဖြစ်နေသော လီဂျီဟယ်ပင်လျှင် အသက်ရှူအောင့်ကာ စိုက်ကြည့်နေမိသည်။ ဒင်္ဂါးပြားသည် မြေပြင်ပေါ်သို့ ကျသွားပြီး တဂျင်ဂျင်မြည်ကာ လည်ပတ်နေသည်။
ခေါင်း... ပန်း... ခေါင်း... ပန်း... နောက်ဆုံးတွင်...
"ခေါင်းဘက်ပဲ။ တွေ့လား... ငါပြောသားပဲ"
စစ်သူကြီး လီဆွန်ရှင် ၏ ပုံပါသော ခေါင်းဘက်တွင် ဒင်္ဂါးပြား ရပ်တန့်သွားသောအခါ လီဂီယောင်၏ ယုံကြည်မှုအပြည့်ရှိသော အသံ ထွက်ပေါ်လာသည်။ လီဂျီဟယ်ပင်လျှင် ထိုရလဒ်ကြောင့် စိတ်အနည်းငယ် သက်သာရာရသွားသည်။ သို့သော် ဤရလဒ်မှာ ‘တိုက်ဆိုင်မှု’ ကြောင့် မဟုတ်သည်ကို လီဂျီဟယ် သိနေသည်။
[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ်သည် ဖြစ်နိုင်စွမ်း အချို့ကို အသုံးပြုလိုက်ပါသည်။]
လီဂျီဟယ်သည် ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ၏ ထောက်ပံ့သူသည် ယခုနောက်ပိုင်း စွမ်းအားများ လျော့နည်းနေသည်မှာ ဤကဲ့သို့သော ကိစ္စများတွင် ဖြစ်နိုင်စွမ်းကို ဖြုန်းတီးနေသောကြောင့် ဖြစ်သည်။ သို့သော် လီဂျီဟယ် ဘာမှမပြောနိုင်ခဲ့ပေ။
[‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ်သည် ကလေးငယ်များကို ဝမ်းနည်းသော မျက်လုံးများဖြင့် ကြည့်ရှုနေပါသည်။]
လူသားများအတွက် မျှော်လင့်ချက် လိုအပ်သကဲ့သို့ နက္ခတ်များအတွက်လည်း ထိုသို့ပင် ဖြစ်ပေလိမ့်မည်။ ထိုစဉ် လီဂျီဟယ်သည် စနောက်ချင်စိတ် ပေါ်လာသဖြင့် ဒင်္ဂါးပြားကို ကောက်ယူကာ ပြောလိုက်သည်။
"ဦးလေးကြီးက အသက်ရှင်နေမှတော့ ငါတို့ တခြားဟာ တစ်ခု ထပ်စမ်းကြည့်ရအောင်"
"ဟင်... ဘာကိုလဲ"
လီဂီယောင်က လီဂျီဟယ် ဝင်ရှုပ်သည်ကို မလိုလားသကဲ့သို့ လေသံဖြင့် မေးသည်။ လီဂျီဟယ်က သူ့ကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။
"ဦးလေးကြီးဒေါ့ဂျာက နင့်ကို ပိုချစ်တာလား... ဒါမှမဟုတ် ယူဆောင်းကို ပိုချစ်တာလား"
"ကျနော့်ကို ပိုချစ်တာပေါ့ဗျ"
လီဂီယောင်က အော်ပြောလိုက်သည်။
"ဘာ…. နင်က ခြေအိတ်ရှည် ကိစ္စကို မေ့သွားပြီလား။ ငါ့အပေါ် သူ့ရဲ့ နှစ်သက်မှုက ပိုမြင့်တယ်"
"ဟာ… အဲဒါက..."
ထိုစဉ် သူတို့နောက်ကွယ်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
"၁၅ နှစ်အရွယ် ကျောင်းသူလေး"
ထိုအသံ၏ ပိုင်ရှင်မှာ ရှင်ယူဆောင်း၊ လီဂျီဟယ် သို့မဟုတ် လီဂီယောင်တို့ မဟုတ်ပေ။ အဝေးမှ လျှောက်လာသော မိန်းကလေး နှစ်ဦးကို မြင်လိုက်ရသည်။ သူတို့မှာ ဂွာချွန်မှ သားရဲများကို တိုက်ခိုက်ပြီး ပြန်လာသော ဟန်ဆိုယောင်းနှင့် ယူဆန်းအာတို့ ဖြစ်ကြသည်။
လီဂျီဟယ်သည် ထိုအသံပိုင်ရှင်ကို မှတ်မိလိုက်သည်။
"၁၅ နှစ်အရွယ် ကျောင်းသူလေးတဲ့။ သူက အဲဒီလိုပြောပြီး မဟူရာမီးလျှံနဂါးဆီက စွမ်းရည်တစ်ခုကို ယူခဲ့တာလေ"
သူတို့တွေ လီဂျီဟယ်နှင့် ကလေးများဆီသို့ ရောက်ခါနီးတွင် ဆူဝမ် ဘက်မှ အခြားအမျိုးသမီးတစ်ဦး ပေါ်လာပြန်သည်။ ထိုအမျိုးသမီးမှာ ခါးတွင် ဓါးရှည်တစ်လက် ချိတ်ဆွဲထားသော သွယ်လျသည့် အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။
"နင်တို့ ဘာတွေ ပြောနေကြတာလဲ"
ထိုအမျိုးသမီးမှာ ဆူဝမ် ကို တာဝန်ယူခဲ့သော ဖျက်ဆီးခြင်း၏ တရားသူကြီး ယောင်ဟီဝန် ဖြစ်သည်။
"အမဟီဝန်"
လီဂျီဟယ်သည် ဝမ်းသာအားရဖြင့် ယောင်ဟီဝန်ဆီသို့ ပြေးသွားသည်။ သို့သော် ယောင်ဟီဝန်၏ အခြေအနေမှာ မကောင်းလှပေ။ ယောင်ဟီဝန်၏ ဝတ်စုံမှာ ပြင်းထန်စွာ ပျက်စီးနေပြီး ပေါင်နှင့် လက်မောင်းတို့တွင်လည်း ပြတ်ရှဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။ ယောင်ဟီဝန်၏ စွမ်းအားနှင့်ဆိုလျှင် ဤသည်မှာ မဖြစ်နိုင်သောအရာပင်။ သားရဲများမှာ ထိုမျှအထိ မသန်မာကြပေ။
"အမ အဆင်ပြေရဲ့လား။ တခြား ထူးဆန်းတဲ့သားရဲတွေ ပေါ်လာလို့လား"
"အဲဒါကြောင့် မဟုတ်ပါဘူး။ ငါ့ရဲ့ အထူးစွမ်းရည်မှာ ပြဿနာအချို့ ရှိနေလို့ပါ"
"အထူးစွမ်းရည်မှာပြဿနာရှိနေတာဟုတ်လား"
ယောင်ဟီဝန်က ရှင်းပြရန် ပြင်လိုက်သော်လည်း ခေါင်းကို အသာခါယမ်းလိုက်သည်။ ထို့နောက် ဟန်ဆိုယောင်းဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ဟန်ဆိုယောင်း... ဆက်ပြောပါဦး။ ခုနက ဘာအကြောင်း ပြောနေတာလဲ"
ယောင်ဟီဝန်က အလွန်တရာ စိတ်ဝင်တစား မေးမြန်းသောကြောင့် ဟန်ဆိုယောင်းက ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်းပင် ပြောပြတော့သည်။ လီဂျီဟယ်မှာ ထိုစကားများကို နားထောင်ရင်း ဇဝေဇဝါ ဖြစ်နေမိသည်။
"နင်ပြောတာကို ငါ သိပ်နားမလည်တော့ဘူး... အဲဒီ ၁၅ နှစ်အရွယ် ကျောင်းသူလေးဆိုတာ ဘယ်သူလဲ"
ဟန်ဆိုယောင်း၏ စကားကြောင့် လူအားလုံး၏ အကြည့်မှာ ဟန်ဆိုယောင်းထံသို့ စုပြုံရောက်ရှိသွားကြသည်။ ဟန်ဆိုယောင်းက အဓိပ္ပာယ်မရှိသော စကားအချို့ကို ဗလုံးဗထွေးပြောဆိုပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားနေသော လေသံဖြင့် ကြေညာလိုက်သည်။
"ကင်ဒေါ့ဂျာ... သူ အသက်ရှင်နေတယ်"
"နင် ဘယ်လို သိတာလဲ... ဘာလို့နင်က နင်က သိနေတာလဲ"
ဟန်ဆိုယောင်း၏ အကြောင်းပြချက်ကို နားထောင်မိသူတိုင်းမှာ အဓိပ္ပာယ်မရှိဟု ထင်ကြပေလိမ့်မည်။ ထိုအချိန်မှာပင် ယောင်ဟီဝန်က ကြားဖြတ်ပြောလိုက်သည်။
"ကင်ဒေါ့ဂျာနဲ့ အဲဒီ ၁၅ နှစ်အရွယ် ကျောင်းသူလေးကြားမှာ ဘယ်လိုပတ်သက်မှုရှိလဲဆိုတာ ငါမသိဘူး... ဒါက ဖြစ်နိုင်ခြေ သိပ်မရှိသလိုတော့ ထင်ရတယ်"
လီဂျီဟယ်က ကြောင်တောင်တောင် မျက်နှာပေးဖြင့် မေးလိုက်သည်။
"အမ... ခုနက သူပြောတာကို နားလည်လို့လား။ အမက စွမ်းရည်အသစ်တစ်ခုခု ရထားတာလား"
"မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါ့ဂျာကတော့ အသက်ရှင်နေတယ်လို့ ငါထင်တယ်"
ယောင်ဟီဝန်၏ စကားကြောင့် အဖွဲ့ဝင်အားလုံး တံတွေးမြိုချလိုက်မိကြသည်။
ကင်ဒေါ့ဂျာ... သူ တကယ်ပဲ အသက်ရှင်နေတာလား။
ယောင်ဟီဝန်က နာကျင်စွာ အသက်ရှူလိုက်ပြီးနောက် စကားကို ဆက်ပြောသည်။
"ငါ့ရဲ့ အထူးစွမ်းရည်ကို ရုတ်တရက် သုံးလို့မရတော့ဘူး"
"ဟင်..."
ထိုစကားက ဘာကို ဆိုလိုသနည်း။ ယောင်ဟီဝန်၏ အထူးစွမ်းရည် အသုံးပြု၍မရခြင်းနှင့် ကင်ဒေါ့ဂျာ အသက်ရှင်ခြင်းမှာ မည်သို့ ဆက်စပ်နေသနည်း။ သူတို့၏ သိချင်စိတ်ကို ယောင်ဟီဝန်က ချက်ချင်းပင် ဖြေရှင်းပေးသည်။
"ငါ့ရဲ့ ထောက်ပံ့သူက ရုတ်တရက် ပျောက်ကွယ်သွားလို့လေ"
"အမရဲ့ ထောက်ပံ့သူ ဟုတ်လား"
ယောင်ဟီဝန်က ခေါင်းညိတ်ပြရင်း သူ၏ ဝိသေသလက္ခဏာဇယားကို ကြည့်လိုက်သည်။
ဤသို့သော မက်ဆေ့ချ်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဤအခြေအနေကြောင့် ယောင်ဟီဝန်သည် သူ၏ ထောက်ပံ့သူထံမှ စွမ်းအားများကို ခေတ္တခဏ ချေးယူ၍ မရတော့ပေ။ သို့သော် ထိုမက်ဆေ့ချ်တစ်ခုတည်း ပေါ်လာခြင်း မဟုတ်ပေ။
ငါ ကင်ဒေါ့ဂျာကို ရှာတွေ့ပြီ
ထိုအချိန်မှာပင် လူတစ်ယောက်သည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေသို့ ဆိုက်ရောက်လာခဲ့သည်။
[သင်သည် ၁၆ ခုမြောက် တစ်ကိုယ်ရည် ဇာတ်ဝင်ခန်း နယ်မြေသို့ ရောက်ရှိပါပြီ။]
[ဤဇာတ်ဝင်ခန်းတွင် အချိန်ကန့်သတ်ချက် ရှိပါသည်။]
[သတ်မှတ်ထားသော အချိန်အတွင်း အဓိကဇာတ်ဝင်ခန်းသို့ သေချာပေါက် ပြန်သွားပါ။]
သူသည် ကူးပြောင်းမုခ်ဝ မှတစ်ဆင့် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဇာတ်လမ်းအပိုင်းအစများ တောင်ပုံရာပုံ ဖြစ်နေသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ယူဂျွန်ဟော့သည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"...ဒီနေရာက တကယ်ပဲ မှန်ကန်ရဲ့လား"
ထိုအခါ သူ၏ ပုခုံးပေါ်တွင် ထိုင်နေသော နတ်သမီးရုပ်ကလေးက ခေါင်းညိတ်ပြသည်။
"ခင်ဗျားက ဒီအရုပ်ကတစ်ဆင့်ပဲ ဖြေမှာလား"
[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က ဤနေရာတွင် ချန်နယ်များ မရှိသောကြောင့် မတတ်နိုင်ကြောင်း ပြောပါသည်။]
***