ယူဂျွန်ဟော့သည် အရုပ်ကလေးနှင့်တူသော သင်္ကေတကိုယ်ထည်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ချန်နယ်မရှိဘဲနဲ့ ခင်ဗျားက သွယ်ဝိုက်မက်ဆေ့ချ်ကို ဘယ်လိုပို့နေတာလဲ"
[သင်္ကေတကိုယ်ထည်က ကိုယ်စားလှယ်နဲ့ ထိတွေ့နေမယ်ဆိုလျှင် သွယ်ဝိုက်မက်ဆေ့ချ်ကိုပို့ဖို့က ဖြစ်နိုင်ပါသည်ဟု ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ပြောပါသည်။]
ယူရီအယ်၏ သင်္ကေတကိုယ်ထည်မှာ ယူဂျွန်ဟော့၏ ပုခုံးပေါ်ရှိ အရုပ်ကလေးပင် ဖြစ်သည်။ ယူဂျွန်ဟော့က ထိုသင်္ကေတကိုယ်ထည်ကို လက်ညှိုးဖြင့် အသာအယာ တို့ကြည့်လိုက်သည်။
"ဒီလိုလုပ်တာက အဆင်ပြေရဲ့လား"
[ဒိုကဲဘီတွေ မသိသရွေ့ အဆင်ပြေသည်ဟု ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ပြောပါသည်။]
"မဟုတ်ဘူး... ကျုပ်က ဒိုကဲဘီတွေအကြောင်း ပြောနေတာမဟုတ်ဘူး"
ယူရီအယ်သည် ယူဂျွန်ဟော့ ပြောလိုသည့်အရာကို အစပိုင်းတွင် နားမလည်ခဲ့ပေ။ ယူဂျွန်ဟော့က အရုပ်ကလေး၏ နံဘေးကို ညွှန်ပြလိုက်သည်။ အရုပ်ကလေးသည် ခေါင်းကို စောင်းလိုက်ပြီးနောက် လက်ကလေးဖြင့် ပါးစပ်ကို အုပ်လိုက်သည်။
[ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’၏ စေတနာကြောင့် ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က အလွန်အမင်း စိတ်လှုပ်ရှား သွားပါသည်။]
[အနည်းငယ် နာကျင်ရသည်ဟု ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ပြောပါသည်။]
ယူရီအယ်၏ သင်္ကေတကိုယ်ထည် ပတ်ပတ်လည်တွင် အားနည်းသော လျှပ်စစ်မီးပွားလေးများ ထွက်ပေါ်နေသည်။ ထိုသို့ ပေါ်နေခြင်းမှာ နတ်ခေါင်ချုပ် တစ်ဦးဖြစ်သည့် ယူရီအယ်အတွက် မိစ္ဆာနယ်မြေသည် တားမြစ်ထားသော နေရာဖြစ်သောကြောင့်ပင်။ မိစ္ဆာနယ်မြေသည် မိစ္ဆာဘုရင်များ စိုးမိုးရာ နယ်ပယ်ဖြစ်သည်။ ယူရီအယ်သည် သဘာဝမဟုတ်သော စွန့်စားမှုကို ပြုလုပ်နေရခြင်း ဖြစ်ပြီး ဖြစ်နိုင်စွမ်းများ ကုန်ခမ်းသွားမည့် အန္တရာယ်ကိုလည်း အတင်းအကျပ် ခံစားနေရသည်။ ယူရီအယ်သည် ယူဂျွန်ဟော့၏ လက်မောင်းကို တွယ်ကပ်ထားရာမှ ယူဂျွန်ဟော့က မေးလိုက်သည်။ "ခင်ဗျားက ဘာဖြစ်လို့ ကင်ဒေါ့ဂျာကို ရှာဖို့ ဒီလောက်အထိ အားစိုက်ထုတ်နေရတာလဲ"
[နင်လည်း အတူတူပဲ မဟုတ်ဘူးလားဟု ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က မေးခွန်းထုတ်နေပါသည်။]
"တစ်ခုခု မှားနေပုံရတယ်။ ကျုပ်က..."
အမှန်တကယ်တော့ မိစ္ဆာနယ်မြေသည် မူလက သူ လုံးဝ လာရောက်မည့်နေရာ မဟုတ်ပေ။ ဤနေရာ၏ ခက်ခဲမှုမှာ အဆင့်တူ အခြားဇာတ်ဝင်ခန်းများနှင့် နှိုင်းယှဉ်၍မရနိုင်အောင် မြင့်မားလှသည်။ ဤနေရာမှာ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ ဖြစ်နေခြင်းကသာ စိတ်သက်သာရာရစရာ ဖြစ်သည်။ ဤနေရာတွင် မိစ္ဆာဘုရင်များ မရှိဘဲ အုပ်စိုးသူမှာ အများဆုံး စော်ဘွားအဆင့်သာ ရှိပေလိမ့်မည်။ ဤမျှဆိုလျှင်တော့ ကြိုးစားကြည့်ရုံဖြင့် ထိုက်တန်လောက်သည်။ ထို့အပြင် သူသည် ယခင်နောက်ပြန်ဆုတ်ခဲ့သည့် အချိန်များထက် ယခုအချိန်တွင် ပိုမိုသန်မာနေပြီဖြစ်၏။
"ကျုပ်အယောင်ဆောင်နေတဲ့သူတွေကို ကျုပ်က မကြိုက်ရုံ သက်သက်ပါပဲ။ အဲဒါ ကင်ဒေါ့ဂျာဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျုပ် ဂရုမစိုက်ဘူး"
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ရယ်မောနေပါသည်။]
"ပြီးတော့ မိစ္ဆာနယ်မြေမှာ အသုံးဝင်မယ့် ပစ္စည်းတွေလည်း အများကြီး ရှိနေသေးတယ်..."
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်က ကျယ်လောင်စွာ ရယ်မောနေပါသည်။]
"နောက်တစ်ခါ ထပ်ရယ်ရင် ခင်ဗျားရဲ့ကိုယ်ထည်ကို ကျုပ် ဆွဲဖြဲပစ်မယ်"
ယူဂျွန်ဟော့သည် အကြည့်ကို လွှဲလိုက်ပြီး ကျယ်ပြောလှသော မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်လိုက်သည်။ ထိုငတုံးသည် ဤခြောက်ကပ်နေသော ကမ္ဘာကြီး၏ တစ်နေရာရာတွင် ရှိနေနိုင်ပေသည်။ တိတ်ဆိတ်နေသော ဤကမ္ဘာကြီးထဲတွင် ယူဂျွန်ဟော့သည် နောက်ဆုံး၌ စတင် လှုပ်ရှားလိုက်တော့သည်။
……………………………………………………………………………………………..
စစ်ဝစ်ဇ် စက်မှုဇုန်။
စော်ဘွား၏ ရုံးခန်းအတွင်းရှိ အငွေ့အသက်မှာ ပုံမှန်ထက် ပို၍ ထူးခြား လေးလံနေသည်။ နယ်စား ဆီလော့ခ်သည် ချွေးစို့နေသော လက်များဖြင့် အစီရင်ခံစာ တင်ပြနေရ၏။
"…ဒါကြောင့်မလို့ ပုန်ကန်မှု ဖြစ်ပွားနေစဉ်အတွင်းမှာ စက်မှုဇုန်ထဲကို အဝင်အထွက် ပြုလုပ်တာတွေကို ထိန်းချုပ်ဖို့ စီစဉ်ထားပါတယ်"
ဆီလော့ခ်၏ရှေ့တွင် ဂီလိုဘတ်မှ စေလွှတ်လိုက်သော သံတမန်၏ မျက်နှာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသောအခါ ဆီလော့ခ်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ထိုသူမှာ ဂီလိုဘတ်၏ သံတမန် ဖြစ်သော်လည်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသူတော့ မဟုတ်ပေ။
ဒေါသအိုး အုမ်ဘရော့စ်။ သူသည် ဂီလိုဘတ် စက်မှုဇုန်၏ အမတ်တစ်ဦးဖြစ်ပြီး ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ နောက်ထပ် စော်ဘွားဖြစ်လာရန် ရေပန်းအစားဆုံး သူတစ်ဦးလည်း ဖြစ်သည်။ အုမ်ဘရော့စ်၏ မျက်လုံးများထဲမှ မီးလျှံများ တောက်လောင်နေသည်ကို မြင်လိုက်ရသောအခါ ဆီလော့ခ်မှာ အသက်ရှူပင် ကျပ်လာမိသည်။ ပြတင်းပေါက်နားတွင် ရပ်ပြီး အပြင်ဘက်ကို အေးအေးလူလူ ကြည့်နေသည့် စော်ဘွား စစ်ဝစ်ဇ်သာ ရှိမနေလျှင် သူ ထွက်ပြေးမိသည်မှာ ကြာလှပြီ ဖြစ်၏။
"…ဒါကြောင့် ဂီလိုဘတ်က သံတမန်တွေကို ဒီမှာ ခဏလောက် နေပေးဖို့ ကျနော် တောင်းဆိုတာပါ"
"မင်းပြောလို့ ပြီးပြီလား"
"ဟုတ်... ဟုတ်ကဲ့။ ဒါဆို ကျနော် သွားလိုက်ပါဦးမယ်..."
ဆီလော့ခ်သည် ရုံးခန်းတံခါးကို အလန်တကြား ဖွင့်ကာ ထွက်ပြေးသွားတော့သည်။ ထိုအချိန်တွင် အုမ်ဘရော့စ်မှာ ဒေါသကို ထိန်းရန် အသက်ကို ခပ်ပြင်းပြင်း ရှူနေရသည်။ အလွန်စိတ်ပျက်စရာ ကောင်းသော အခြေအနေ ဖြစ်သော်လည်း ခါတိုင်းလို သူ ရမ်းကား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူ၏နောက်ကွယ်တွင် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ အသန်မာဆုံး ပုဂ္ဂိုလ်ဖြစ်သည့် စစ်ဝစ်ဇ် ရှိနေသောကြောင့် ဖြစ်၏။
စော်ဘွား စစ်ဝစ်ဇ်သည် ပြတင်းပေါက်အပြင်ဘက်ကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ပြုံးလိုက်သည်။
"အဲဒီလိုတွေ ဖြစ်ခဲ့တာကိုး"
"…ကျုပ်က ဘာလုပ်ရမှာလဲ"
"အားနာပေမဲ့ မင်း ထွက်သွားလို့ မရဘူး။ ခေတ္တခဏတော့ စစ်ဝစ်ဇ် စက်မှုဇုန်မှာပဲ နေပေးပါဦး"
နောက်ဆုံးတွင် အုမ်ဘရော့စ် ဒေါသပေါက်ကွဲသွားတော့သည်။
"…ဒီစကားတွေက သံတမန်ရေးရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ခင်ဗျား မသိဘူးလား"
"မင်းက သိပ်ပြီး စိတ်ခံစားလွယ်တာပဲ။ ဒါက မဟာမိတ် သံတမန်တွေကို ကာကွယ်ပေးဖို့ လုပ်တဲ့ အစီအမံတစ်ခု သက်သက်ပါ"
"ပုန်ကန်သူကြောင့်မို့လား"
"ကွပ်မျက်သူ ခုနစ်ယောက်နဲ့ အမတ် နှစ်ယောက် သေသွားပြီလေ။ ဒီလိုမဖြစ်ခဲ့တာ တော်တော်တောင် ကြာလှပြီ"
စက်မှုဇုန်အတွင်းရှိ ကွပ်မျက်သူအားလုံး သေဆုံးသွားသောအခါ ‘ပုန်ကန်မှု ဇာတ်ဝင်ခန်း’ ၏ နောက်ဆုံးအဆင့် စတင်ပေလိမ့်မည်။ တိတိကျကျ ပြောရလျှင် စော်ဘွား စစ်ဝစ်ဇ်သည် ယခုအချိန်တွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သို့သော် စော်ဘွား စစ်ဝစ်ဇ်သည် ပြောလိုက်သော စကားများနှင့်မတူဘဲ သူ၏ မျက်နှာတွင် အကျပ်အတည်းနှင့် ကြုံနေရသည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိချေ။ အုမ်ဘရော့စ်သည် ဆန့်ကျင်ဘက်ဖြစ်နေသော ထိုအခြေအနေကို မနှစ်မြို့သဖြင့် ညည်းညူလိုက်သည်။
"ဒီလိုအချိန်မျိုးမှာ ပုန်ကန်သူ ပေါ်လာတာက... စော်ဘွား စစ်ဝစ်ဇ်အနေနဲ့တော့ မျက်နှာပျက်စရာပဲပေါ့"
"တကယ်လား။ ငါ့အတွက်တော့ ဒါက ပျော်စရာကြီးပါ။ စစ်ဝစ်ဇ်မှာ ပုန်ကန်သူ ပေါ်မလာတာ အနှစ် ၃၀ တောင် ရှိပြီလေ။ တစ်ခါတလေကျရင် ဒီလိုပွဲမျိုးက လိုအပ်တာပဲ"
"ခင်ဗျား စကားပြောပုံက နက္ခတ်တွေနဲ့ တူနေပြီ"
"ဘာလို့ မတူရမှာလဲ။ ဇာတ်လမ်းဆိုတာ နက္ခတ်တွေနဲ့ပဲ ဆိုင်တာမှ မဟုတ်တာ"
သာမန် ကိုယ်စားလှယ်တစ်ဦးက ဤစကားကို ပြောလျှင် အုမ်ဘရော့စ် လှောင်ပြောင်မိပေလိမ့်မည်။ သို့သော် စော်ဘွား စစ်ဝစ်ဇ်မှာ ဤသို့ပြောရန် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။ သူသည် ‘သမိုင်းဝင်အဆင့် နက္ခတ်’ များနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း ၇၃ ခုမြောက် မိစ္ဆာနယ်မြေကို နှစ်ပေါင်း ၄၀၀ တိုင်တိုင် အုပ်စိုးလာခဲ့သည့် သားရဲကြီး တစ်ကောင်ပင် ဖြစ်သည်။
"မိစ္ဆာဘုရင် ပြိုင်ပွဲ မစခင်မှာ ဇာတ်လမ်းတွေ များများရထားတာ ကောင်းတာပေါ့။ ပေါ်လာတဲ့ ပုန်ကန်သူက ပိုသန်မာလေ၊ ငါ့အတွက် ပိုကောင်းလေပဲ"
သူသည် ပုန်ကန်မှုကြောင့် ကျရှုံးသွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးတောခဲ့ပေ။
"ဒီပုန်ကန်မှုကို တားဆီးနိုင်မယ်လို့ ဘာလို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလဲ" ဟု အုမ်ဘရော့စ်က မေးလိုက်သည်။
"ဘာကြောင့်လို့ ထင်လဲ"
ထိုမေးခွန်းကြောင့် အုမ်ဘရော့စ်၏ မျက်လုံးများ မှေးကျသွားသည်။ စစ်ဝစ်ဇ်သည် ဤဖြစ်ရပ်တွင် အမတ် နှစ်ဦး ဆုံးရှုံးခဲ့ရသည်။
"ခင်ဗျားအနေနဲ့ ဂီလိုဘတ်ကို သစ္စာမဖောက်ဘူးလို့ မျှော်လင့်ပါတယ်"
"ဟာဟာ၊ ဘယ်သူက အဲဒီလို ပြောလို့လဲ"
"ဒါက ကျုပ်ရဲ့ တစ်ကိုယ်ရည် အမြင်အရ ပြောတာပါ"
"ငါလည်း မင်းကို အကြံတစ်ခု ပေးပါ့မယ်။ စော်ဘွား ဂီလိုဘတ်က မိစ္ဆာဘုရင် ဖြစ်လာနိုင်မယ်လို့ မင်း တကယ် ထင်နေတာလား"
ထိုစကားကြောင့် အုမ်ဘရော့စ် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ စစ်ဝစ်ဇ်က သူ့ကို စဉ်းစားရန် အချိန်မပေးဘဲ ဆက်ပြောသည်။
"ဒါမှမဟုတ် မဲလ်လီဒွန် နဲ့ ဘာကန် တို့က မိစ္ဆာဘုရင်သစ် ဖြစ်လာနိုင်မယ်လို့ ထင်လား"
"…ဒီမေးခွန်းကို ကျုပ် မဖြေနိုင်ဘူး"
"မဟုတ်ဘူး။ မင်းဖြေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၇၃ ခုမြောက် မိစ္ဆာနယ်မြေရဲ့ စော်ဘွား လေးယောက်ထဲမှာ ဘယ်သူက အသန်မာဆုံးလဲဆိုတာ လူတိုင်း သိနေကြတာပဲလေ"
အုမ်ဘရော့စ် တံတွေးမြိုချလိုက်မိသည်။ ဤသို့ တည်ငြိမ်စွာ ကြေညာလိုက်သည့် စကားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ သက်တမ်းအရင့်ဆုံး စော်ဘွားကို လျစ်လျူရှု၍ မရနိုင်သည်မှာ ထပ်မံ ထင်ရှားသွားပြန်သည်။
"လွယ်မယ်တော့ထင်မနေနဲ့။ မဲလ်လီဒွန်က ဝေဒ နဲ့ လက်တွဲထားတယ်"
"နက္ခတ်တွေရဲ့ စွမ်းအားကို ချေးယူနိုင်တာက သူတစ်ယောက်ထဲ မဟုတ်ပါဘူးကွာ"
"ခင်ဗျားဆိုလိုချင်တာက..."
စော်ဘွား စစ်ဝစ်ဇ်သည် ပြန်မဖြေဘဲ ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ယံကိုသာ စိုက်ကြည့်နေသည်။
"မကြာခင် ဒိုကဲဘီတွေ ရောက်လာတော့မယ်။ အဲဒီနောက်မှာ ဘာတွေ ဖြစ်လာဦးမလဲ"
ယခုအခါ ညကောင်းကင်ယံမှာ လုံးဝ မှောင်မည်းနေသည်။ သို့သော် မကြာမီ ညကောင်းကင်ယံတွင် ကြယ်ပေါင်းများစွာ လင်းလက်လာပေလိမ့်မည်။ ထိုအခါ နက္ခတ်များ ပေါ်ထွက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် အခြား မိစ္ဆာဘုရင်များလည်း ပေါ်လာကြပေလိမ့်မည်။
အမတ် အုမ်ဘရော့စ်သည် ရင်ထဲတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
နောက်ဆုံးတွင် ၇၃ ခုမြောက် မိစ္ဆာနယ်မြေသည် တကယ့် ဇာတ်ဝင်ခန်းတစ်ခုအတွက် စစ်မြေပြင်ကြီး ဖြစ်လာတော့မည်ပင်။
"… ချန်နယ်နဲ့ ဆက်သွယ်လို့ ရပြီလား"
"ဌာနချုပ်ကိုတော့ တောင်းဆိုချက် တင်ထားတယ်"
ထိုအချိန်မှသာ စော်ဘွား စစ်ဝစ်ဇ်သည် အဘယ်ကြောင့် အကူအညီ မရှာခဲ့သည်ကို အုမ်ဘရော့စ် နားလည်သွားသည်။ ဒိုကဲဘီများ ပေါ်လာပြီး ဇာတ်ဝင်ခန်းများ အပြည့်အဝ စတင်သည်နှင့်တစ်ပြိုင်နက် နက္ခတ်များသည် ပို၍ကြီးမားသော ပွဲများရှိရာသို့ စုပြုံလာကြမည် ဖြစ်သည်။ ရုတ်တရက် အတွေးအချို့က အုမ်ဘရော့စ်၏ ခေါင်းထဲသို့ ဝင်လာသည်။
"မိစ္ဆာဘုရင် ပြိုင်ပွဲကြီး အပြည့်အဝ မစခင်မှာ ဖျော်ဖြေမှုအသေးစားလေး ရှိနေတာကလည်း မဆိုးပါဘူး။ နက္ခတ်တွေက သတ်ဖြတ်ပွဲတွေကို သဘောကျကြတာပဲလေ"
"အဲဒါကြောင့်ပဲ ခင်ဗျားက ပုန်ကန်မှုကို ဒီအတိုင်း လွှတ်ထားတာလား"
စစ်ဝစ်ဇ်သည် ထူးဆန်းသော အပြုံးဖြင့် မီးခိုးငွေ့များကို စိုက်ကြည့်နေသည်။ အုမ်ဘရော့စ်က ခါးသီးစွာ သက်ပြင်းချလိုက်သည်။
"…ခင်ဗျားကတော့ တကယ့်ကို မွေးရာပါ လူယုတ်မာပဲ"
ဤကမ္ဘာပေါ်ရှိ ပဋိပက္ခတိုင်းမှာ ကုန်စည်တစ်ခုသာ ဖြစ်သည်။ ယခုအခါ စစ်ဝစ်ဇ်သည် နက္ခတ်များ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် စက်မှုဇုန်အတွင်းရှိ အရပ်သားများစွာ၏ အသက်ကို ရောင်းချနေခြင်းပင်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
အုမ်ဘရော့စ်သည် ငြီးငွေ့သွားဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ စော်ဘွား စစ်ဝစ်ဇ်သာ ဤပွဲကို ဖန်တီးရန် စီစဉ်ထားသည်ဆိုလျှင် ပို၍ပြင်းထန်သော တိုက်ကွက်တစ်ခုကို သေချာပေါက် ပြင်ဆင်ထားပေလိမ့်မည်။ စက်မှုဇုန်တွင် ဘာဆက်ဖြစ်မည်ကို ခန့်မှန်းရန် မခက်ခဲလှပေ။
"စက်ရုံမှာ လှုပ်ရှားမှုအချို့ကို မြင်နေရပြီ"
စော်ဘွားများ ပိုင်ဆိုင်သည့် အစွမ်းထက်ဆုံး ဇာတ်လမ်းလက်နက်မှာ ‘စက်ရုံ’ ပင် ဖြစ်သည်။ စော်ဘွား စစ်ဝစ်ဇ်က ခေါင်းညိတ်ပြလိုက်သည်။
"ငါ အားလုံး ပြင်ဆင်ပြီးပြီဆိုတော့ မကြာခင် မင်း မြင်ရတော့မှာပါ"
အုမ်ဘရော့စ်၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်သွားသည်။ ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ အသန်မာဆုံး ပုဂ္ဂိုလ်ကိုယ်တိုင် လှုပ်ရှားသည်ကို မြင်တွေ့ရရန်မှာ သာမန်အခွင့်အရေး မဟုတ်ပေ။ ထိုစဉ်—
[‘စစ်ဝစ်ဇ် စက်မှုဇုန်’ နယ်မြေတွင် #BI-90594 ချန်နယ်ကို ဖန်တီးလိုက်ပါပြီ။]
အုမ်ဘရော့စ်သည် ထိုမက်ဆေ့ချ်ကို ကြားလိုက်ရသဖြင့် အံ့အားသင့်စွာဖြင့် မတ်တပ်ရပ်လိုက်မိသည်။
"ခင်ဗျားက ဒိုကဲဘီတွေကို ခေါ်လိုက်ပြီလား"
စော်ဘွား စစ်ဝစ်ဇ်၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါမှသာ ဤသည်မှာ စီစဉ်ထားသည့်အတိုင်း မဟုတ်ကြောင်း အုမ်ဘရော့စ် သဘောပေါက်သွားသည်။
ရုံးခန်းတံခါး ပွင့်သွားပြီး တစ်စုံတစ်ယောက် ပြေးဝင်လာသည်။
"စော်ဘွား။ စိတ်မရှိပါနဲ့။ အရေးကြီးတဲ့ အစီရင်ခံစာ ရှိလို့ပါ—"
ထိုသူမှာ ခုနက ထွက်ပြေးသွားသည့် နယ်စား ဆီလော့ခ်ပင် ဖြစ်သည်။ စစ်ဝစ်ဇ်က ချက်ချင်းပင် သူ၏ မျက်နှာအမူအရာကို ပြုပြင်လိုက်ပြီး "ပြောပါ" ဟု ပြန်ဖြေလိုက်သည်။
သူ၏ အစီရင်ခံစာမှာ ချန်နယ်အသစ် ပေါ်လာခြင်းနှင့် ပတ်သက်လိမ့်မည်ဟု ထင်ရသော်လည်း ဆီလော့ခ်၏ ပါးစပ်မှ ထွက်လာသည့် စကားများမှာ မျှော်လင့်မထားသည်များ ဖြစ်နေလေသည်။
"စက်ရုံက လုံလောက်တဲ့ အရှိန်နဲ့ မလည်ပတ်နိုင်တော့ဘူး ဖြစ်နေပါတယ်"
စော်ဘွား စစ်ဝစ်ဇ်၏ မျက်နှာတွင် အရှက်ရဟန် ပေါ်လာသည်။
"…အဲဒါက ဘာကို ဆိုလိုတာလဲ။ ငါ မင်းကို ပြန်ဖြည့်ထားဖို့ ပြောထားတယ် မဟုတ်လား"
"အဲဒါက… အလုပ်ဆင်းဖို့ ရောက်လာတဲ့ အရပ်သားတွေ အားလုံးက ဇာတ်လမ်း အပိုင်းအစတွေကို ခိုးယူသွားကြပုံရပါတယ်"
အုမ်ဘရော့စ်က အခြေအနေကို ရိပ်မိသွားပြီး ပြောလိုက်သည်။
"ဒီပုန်ကန်သူက ဦးနှောက်သုံးတတ်ပုံပဲ။ ဒိုကဲဘီတွေက သူ့ကြောင့်မလို့ အရင်ဦးအောင် လှုပ်ရှားလိုက်တာလည်း ဖြစ်နိုင်တယ်…"
"အဲဒါ မဖြစ်နိုင်ဘူး။ ဌာနချုပ်နဲ့ ညှိနှိုင်းမှုတွေတောင် မပြီးသေးဘူးလေ"
စော်ဘွား စစ်ဝစ်ဇ်သည် မျှော်လင့်မထားသော အခြေအနေကြောင့် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"ကြီးကြပ်ရေးမှူးတွေနဲ့ ကျွန်တွေကို မိုးကုတ်စက်ဝိုင်းဆီ လွှတ်လိုက်။ သူတို့ကို ဇာတ်လမ်းအပိုင်းအစတွေ ပိုပြီး စုဆောင်းခိုင်းလိုက်စမ်း"
"ကျနော် လွှတ်လိုက်ပါပြီ။ ဒါပေမဲ့…"
အစီရင်ခံစာ တင်ပြလို့မပြီးသေးသည်ကို စော်ဘွား စစ်ဝစ်ဇ် သတိမထားမိခဲ့ပေ။ နယ်စား ဆီလော့ခ်မှာ စော်ဘွား၏ တုံ့ပြန်မှုကို ကြောက်ရွံ့နေသကဲ့သို့ ပုခုံးများ တုန်ရီနေသည်။
"ဇာတ်လမ်းအပိုင်းအစတွေ သွားစုဆောင်းတဲ့ ကြီးကြပ်ရေးမှူးနဲ့... အဆက်အသွယ် ပြတ်သွားလို့ပါ"
စစ်ဝစ်ဇ် စက်မှုဇုန်အနီးရှိ မိုးကုတ်စက်ဝိုင်း။ ဂျန်ဟာယောင်းသည် သေဆုံးသွားသော ကြီးကြပ်ရေးမှူး၏ အလောင်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရင်း ပြောလိုက်သည်။
"စော်ဘွားက အတော်ကြာကြာ ပြင်ဆင်ထားပုံရတယ်၊ ဒီလောက် အတိုင်းအတာအထိ စုဆောင်းခိုင်းနေတာဆိုတော့..."
ထိုစုဆောင်းမှုမှာ ကျွန်ပေါင်း ထောင်ချီကို အသုံးပြုပြီး လုပ်ဆောင်နေသည့် အလွန်ကြီးမားသော စုဆောင်းမှုကြီး ဖြစ်သည်။ ယခုတော့ အခြေအနေကို ဖြေရှင်းနိုင်ခဲ့သော်လည်း အနည်းငယ်သာ နောက်ကျခဲ့လျှင် အန္တရာယ်ရှိနိုင်လေ၏။ ကျနော့်၏ ကိုယ်စားလှယ်ခန္ဓာကိုယ်က အကောင်းပကတိ မဖြစ်သေးသည့် အတွက် စက်ရုံကို အလုံးအရင်းနှင့် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သေးပေ။ အကယ်၍ ဤဇာတ်လမ်းအပိုင်းအစတွေသာ စက်ရုံထဲကို ရောက်သွားခဲ့လျှင် အခြေအနေက အဆိုးဆုံး ဖြစ်သွားပေလိမ့်မည်။
"ခင်ဗျားက တော်သားပဲ"
ကျနော့်ဘေးမှာ ရှိနေသည့် ဟန်မြုံအိုကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
စော်ဘွားက ဤနည်းလမ်းအတိုင်း လှုပ်ရှားလာမည်ကို သူက ကြိုတင်သိနေခဲ့ခြင်း ဖြစ်သည်။ ဟန်မြုံအိုသာ သူလျှိုအဖြစ် ရှိမနေခဲ့လျှင် ဤစီမံကိန်းကို အကောင်အထည်ဖော်ရန် အချိန်ကိုက် တိတိကျကျ ခန့်မှန်းနိုင်ခဲ့မည် မဟုတ်ပေ။ ဟန်မြုံအိုသည် ကျနော့်၏ ချီးကျူးစကားကြောင့် ဝမ်းသာအားရ ဖြစ်သွားပြီး ရယ်မောလိုက်သည်။
"ဟဲဟဲ…ငါက ဘယ်သူမလို့လဲ။ 'Mino Softရဲ့ ဦးနှောက်'ဆိုတာ ငါပဲလေ"
"ခင်ဗျားသာ နက္ခတ်တစ်ပါး ဖြစ်လာခဲ့ရင် အဲဒါကို ဘွဲ့အမည်အဖြစ် သုံးလို့ရလောက်တယ်"
ကျနော် ဟန်မြုံအိုကို ကြည့်ပြီး ပြုံးပြလိုက်သည်။ အစပိုင်းတွင် ဤလူနှင့် တစ်ဖက်တည်း ရပ်တည်ရမည်ကို သဘောမကျခဲ့သော်လည်း ယခုတော့ မဆိုးလှသည့် ရွေးချယ်မှုတစ်ခုဟု ကျနော် တွေးမိသည်။
"ကျွန်တွေကို ဒီဘက်ခေါ်ခဲ့ကြ။ အသိစိတ် ရှိနေသေးတဲ့သူတွေကို အရင်ဆုံး ကုသပေးမယ်"
ယခုအခါ စစ်ပွဲကို စနစ်တကျ ဆင်နွှဲရန် ဆုံးဖြတ်ပြီးချိန်တွင် အိုင်လင်းနှင့် အရပ်သားများထံမှ ထူးခြားသော ခံစားချက်တစ်ခုကို ကျနော် ခံစားနေရသည်။ ကျနော် သူတို့ကို ကြည့်ရင်း ရင်ခုန်သံကို ထိန်းချုပ်လိုက်သည်။ ကျနော့်ပုခုံးပေါ်တွင် ထိုင်နေသည့် ဂွမ်းစလေးနှင့် တူသော ဒိုကဲဘီလေးက အော်ဟစ်လိုက်သည်။
"ဘတ်"
သူ၏ မှတ်ဉာဏ်များ ပြန်မရသေးသော်လည်း ဒိုကဲဘီတိုင်းတွင် ရုပ်သံထုတ်လွှင့်သူတစ်ဦး၏ ဗီဇရှိကြသည်။ သူတို့သည် ဇာတ်လမ်းလိုအပ်သည့် နေရာတိုင်းတွင် ဇာတ်ဝင်ခန်းများကို ဖြည့်ဆည်းပေးတတ်ကြ၏။
[သီးခြားဇာတ်ဝင်ခန်းအသစ် ရောက်ရှိလာပါပြီ။]
[သီးခြားဇာတ်ဝင်ခန်း — 'ကျွန်များကို လွတ်မြောက်စေခြင်း' စတင်ပါပြီ။]
"ကျေးဇူးပဲ"
ကျနော် သူ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သောအခါ ဘီယူက "ဖီ" ဟု အော်လိုက်သည်။
ကျနော့်အနေဖြင့် အဓိကဇာတ်ဝင်ခန်းထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်သေးသော်လည်း အခွင့်အရေးရတိုင်း သီးခြားဇာတ်ဝင်ခန်း များကို လက်ခံရရှိနိုင်လေသည်။ ၎င်းမှာ ယာယီအစီအမံတစ်ခုသာ ဖြစ်သော်လည်း သီးခြားဇာတ်ဝင်ခန်းများကို ဆက်တိုက် စုဆောင်းသွားမည်ဆိုလျှင် စော်ဘွားကို ရင်ဆိုင်နိုင်သည်အထိ အင်အားပြန်လည် ရရှိလာမည်ဖြစ်၏။
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - အလောတကြီး လုပ်စရာ မလိုသေးဘူး။ အချိန်က ငါ့ဘက်မှာ ရှိနေတုန်းပဲ။ အခု ငါ လုပ်ရမှာက မိစ္ဆာနယ်မြေရဲ့ ဇာတ်ဝင်ခန်းကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်ဖို့ သေချာ ပြင်ဆင်ထားဖို့ပဲ။ 」
ကျနော် တကယ်ကို ထိုသို့ပင် စိတ်ရင်းနှင့် တွေးနေခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ မျှော်လင့်မထားသော မက်ဆေ့ချ်တစ်ခုကို မကြားရခင်အထိထိုသို့တွေးနေမိခဲ့ခြင်း ဖြစ်သည်။
[နက္ခတ်အသစ်တစ်ပါး #BI-90594 ချန်နယ်ထဲသို့ ဝင်ရောက်လာပါပြီ။]
***