"…ခင်ဗျား ဘာကို ဖုံးကွယ်ထားတာလဲ"
သေချာပေါက်ပင် ဤကမ္ဘာတွင် ကောင်းမွန်သော နက္ခတ်များ ရှိပေသည်။ ၎င်းတို့မှာ Ways of Survival ထဲတွင် ကျနော် ဖတ်ဖူးခဲ့သည့် နက္ခတ်များ ဖြစ်ကြ၏။ Ways of Survival သည် လက်တွေ့ဘဝ ဖြစ်လာပြီးနောက်တွင် ကျနော် အကဲဖြတ်မှု ပြန်လည် ပြုလုပ်ခဲ့ရသော နက္ခတ်အချို့လည်း ရှိခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ အနှစ်သာရမှာ ‘နက္ခတ်’ ဖြစ်သည်ဟူသောအချက်ကတော့ ပြောင်းလဲမသွားပေ။
ကျနော့် မျက်နှာအမူအရာက မည်သို့ဖြစ်နေသည်ကို ကျနော် မသိသော်လည်း ဂျန်ဟာယောင်း၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။
"…တစ်ခုခု မှားနေလို့လား"
"မဟုတ်ပါဘူး၊ အဲဒါမျိုး မဟုတ်ပါဘူး"
"ဒါဆို ခင်ဗျားက ဘာကို စိုးရိမ်နေတာလဲ"
စကားပြောရန် တစ်နည်းနည်းဖြင့် ကျနော် တွန့်ဆုတ်နေမိပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ဂျန်ဟာယောင်းက ကျနော့်ကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျုပ်ကိုပြောပြပါ"
ထိုစကားတွင် ရင်းနှီးသောအငွေ့အသက်တစ်ခု ရှိနေသဖြင့် ကျနော် မပြုံးဘဲ မနေနိုင်ခဲ့ပေ။ ကျနော် ဂျန်ဟာယောင်း၏ မျက်နှာကို အနီးကပ် ကြည့်ရှုစစ်ဆေးမိသည်။ ဖြူစင်သော အသားအရေပေါ်ရှိ စင်းလုံးချော နှာတံ၊ နူးညံ့သော မျဉ်းကွေးတစ်ခုကဲ့သို့ ဆွဲထားသည့် မျက်ခုံးအောက်မှ ကြည်လင်နက်ရှိုင်းသော မျက်လုံးများ...
ရင်ထဲတွင် အားနာစိတ် ခပ်ဖျော့ဖျော့ တစ်ခု ပြည့်နှက်သွားသည်။
「 သူက ဇာတ်လမ်းတွေကို ကြိုက်တဲ့ ကလေးတစ်ယောက်ဖြစ်ရမယ်။ 」
「 ယူဂျွန်ဟော့က လူကောင်းတစ်ယောက် ဖြစ်နေတာကြောင့် ထပ်ဖန်တီးရမယ့်လူကတော့ လက်တွေ့ဘဝရဲ့ ခါးသီးမှုကို မြည်းစမ်းကြည့်သင့်တယ်... 」
「 ယူဂျွန်ဟော့က လူတွေ စကားပြောတာကို နားမထောင်ဘူး။ ကျန်တဲ့တစ်ယောက်ကတော့ နားထောင်ကောင်းသူတစ်ယောက် ဖြစ်သင့်တယ်။ 」
ကျနော် ပေးခဲ့ဖူးသမျှ မှတ်ချက်အားလုံး၏ ရလဒ်သည် ယခု ကျနော့်ရှေ့မှောက်တွင် ရှိနေသည်။ သူသည် ကမ္ဘာကြီးကို ကြည့်ရန် မျက်လုံးများ၊ အသက်ရှူရန် နှာခေါင်းနှင့် ဇာတ်လမ်းကို နားထောင်ရန် နားရွက်များကို ပိုင်ဆိုင်ထားသည်။ အားနာစိတ်ကြောင့်ပင် ဖြစ်နိုင်သော်လည်း ကျနော်သည် ပထမဆုံး စကားလုံးများကို မသိလိုက်ဘဲ ပြောထွက်သွားမိသည်။
"မကောင်းတဲ့အရာတွေကို တွေးတတ်တဲ့ လူတွေ ရှိတယ်"
"လူတွေလား"
ကျနော် ခေါင်းညိတ်ပြပြီး ဆက်ပြောလိုက်သည်။
"ခြုံပြောရရင် သူတို့က လူဆိုးတွေပဲ။ တခြားသူတွေကို အနိုင်ကျင့်တတ်တယ် ဒါမှမဟုတ် အတင်းပြောတတ်ကြတယ်၊ နောက်ပြီး ကြောက်စရာကောင်းတဲ့ အရာတွေကိုတောင် လုပ်တတ်ကြသေးတယ်"
ဂျန်ဟာယောင်းက ထိုစကားကို နားထောင်ပြီး ကျနော့်ကို မေးသည်။
"ခင်ဗျား အခုပြောနေတဲ့ လူတွေကို မုန်းနေတာလား"
"…အဲလို ထင်ခဲ့တာပဲ၊ ဒါပေမဲ့ ငါလည်း မသိတော့ဘူး"
ကျနော် တကယ် အတည်ပြောနေတာလား၊ မပြောတာလား ကျနော် ကိုယ်တိုင်လည်း မဝေခွဲနိုင်ပေ။
"တချို့လူတွေက ငါထင်ထားတာထက် ပိုကောင်းနေပြီး၊ တချို့လူတွေကျတော့လည်း ငါသိထားတာနဲ့ တခြားစီ ပြုမူကြပြန်တယ်"
ယခင်က ကျနော် ဖတ်ခဲ့ဖူးသည့် Ways of Survival ထဲမှ ရေတွက်မရနိုင်သော စကားလုံးများသည် ကျနော့်စိတ်ထဲတွင် စီးဆင်းသွားသည်။
"သူတို့ထဲက ဘာက အစစ်အမှန်လဲ။ ဘယ်အရာက လက်တွေ့ဖြစ်ပြီး ဘယ်အရာက အတုအယောင်လဲဆိုတာ ငါ သိပ်မသိတော့ဘူး"
ကျနော်၏ ဝေဝါးသော စကားလုံးများကြားမှ ဂျန်ဟာယောင်းသည် တိတ်ဆိတ်စွာ နားထောင်နေသည်။ အချိန် မည်မျှ ကုန်လွန်သွားသနည်း။ ဂျန်ဟာယောင်းသည် တစ်ခုခုကို စဉ်းစားနေသည်။
"ခင်ဗျား ဘာကို စိုးရိမ်နေတာလဲဆိုတာ အတိအကျတော့ နားလည်ဖို့ ခက်ပေမဲ့... အဲဒီလူတွေအကြောင်း ပိုသိချင်နေတာမလား"
"ဘာ"
"သူတို့က လူဆိုးတွေလို ထင်ရပေမဲ့ လူကောင်းတွေလည်း ရှိနိုင်တယ်လို့ ခင်ဗျား မျှော်လင့်နတာမလား "
ဘာလို့ အဲဒါက အရမ်း ကဗျာဆန်နေရတာလဲ။
ငြင်းဆန်လိုစိတ် ဖြစ်ပေါ်လာသော်လည်း ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ ပြဿနာ ဖြစ်နိုင်ပေသည်။ ဂျန်ဟာယောင်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"တစ်ခါတလေကျရင်လည်း ခင်ဗျား စကားပြောရမယ်။ အဲဒီလူတွေနဲ့ စကားပြောကြည့်ပါ"
"စကားပြောလည်း အပိုပဲ ဖြစ်မှာပါ"
"ဘာလို့လဲ"
"ဒီတိုင်းပါပဲ..."
ကျနော် ကောင်းကောင်း မရှင်းပြနိုင်ပေ။ ဖော်ပြ၍မရသော အကူအညီမဲ့သည့် ခံစားချက်မျိုး ဖြစ်၏။ သို့သော် လူတစ်ယောက်သည် အကူအညီမဲ့ဆုံး ဖြစ်နေချိန်မှာပင် အမှန်တရားနှင့် အနီးစပ်ဆုံး ဖြစ်တတ်သည်။
"ငါ့ရှေ့မှာ ဧရာမ တံတိုင်းကြီး တစ်ခု ရှိနေသလို ခံစားရတယ်"
[Fourth Wall က သင့်ကို ကြည့်နေပါသည်။]
"မင်းနဲ့ ငါ အခုလို စကားပြောနေကြပေမဲ့ ငါတို့ တကယ် ဆက်သွယ်နေကြတာ မဟုတ်ဘူး။ ဒီကမ္ဘာပေါ်မှာ ဆက်သွယ်ခြင်းဆိုတာ မရှိဘူး"
[‘အမည်မသိတံတိုင်း’ က Fourth Wall ကို ကြည့်နေပါသည်။]
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - လက်တွေ့ဘဝနဲ့ ဝတ္ထုဆိုတာ အတူတူပဲ ဖြစ်နိုင်တယ်။ 」
「 ငါ ဒါကို အကြာကြီး ဖတ်လာခဲ့တာတောင် အခုထိ မသိသေးဘူး။ 」
「 ငါ ဘယ်တော့မှ သိမှာ မဟုတ်တော့ဘူး ထင်တယ်။ 」
ကျနော် အထင်မှားနေသလို ခံစားရပြီး ဤစကားလုံးများကို ပြောလိုက်သည့် ခဏမှာပင် အရာအားလုံး ပြောင်းလဲသွားလိမ့်မည်ဟု ထင်မိသည်။ ဤအမြင်အာရုံ လှည့်စားမှုသည် ဂျန်ဟာယောင်း၏ စကားကြောင့် ပျက်ပြယ်သွားသည်။
"ကျုပ်က တခြားသူတွေနဲ့ ကွဲပြားနိုင်ပေမဲ့ သေချာတာပေါ့၊ ဆက်သွယ်နိုင်တယ်ဆိုတာမျိုး မရှိပါဘူး"
"လူတိုင်းမှာ ကိုယ်စီ တံတိုင်းတွေ ရှိကြပြီး ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... အဲဒါက သိသာနေတာပဲ"
ဖော်ရွေလှသော ဂျန်ဟာယောင်းက ထိုသို့ တွေးလိမ့်မည်ဟု ကျနော် မယုံနိုင်ပေ။ အနည်းငယ် အံ့အားသင့်စရာ ကောင်းလှသည်။ ထို့နောက် ဂျန်ဟာယောင်းက ဆက်ပြောသည်။
"ဒါပေမဲ့ ကျုပ်တို့ စကားပြောဖို့ လိုသေးတာပဲလေ။ ဧရာမ တံတိုင်းကြီး ရှိနေရင်တောင် အဲဒီတံတိုင်းရဲ့ နောက်ကွယ်မှာ လူတစ်ယောက် ရှိနေတာပဲမလား"
"…တံတိုင်းကြီး ရှိနေမှတော့ ငါတို့ ဘာပြောနိုင်မှာလဲ"
"တံတိုင်းပေါ်မှာ ရေးလိုက်ပေါ့"
အရှက်မရှိသော ထိုစကားလုံးများကြောင့် ကျနော့်ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။
"ခင်ဗျား မစင်စွန့်တာပဲဖြစ်ဖြစ်၊ ဆီးသွားတာပဲဖြစ်ဖြစ် တံတိုင်းပေါ်မှာ တစ်ခုခုတော့ ကျန်ခဲ့မှာပဲ။ အဲဒီနည်းနဲ့ တစ်ဖက်လူက အဲဒါကို သိသွားလိမ့်မယ်"
"ဘာလို့ အဲလိုမျိုး လုပ်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် တခြားလူက တံတိုင်းရဲ့ ဟိုဘက်မှာလေ..."
"ဘာပဲဖြစ်ဖြစ် အမှတ်အသားတစ်ခုတော့ ခင်ဗျား ချန်ထားခဲ့သင့်တယ်”
“ဘာလို့ချန်ထားရမှာလဲ"
"ထင်ရှားတဲ့ အဓိပ္ပာယ်တစ်ခုခုရှိလို့ချန်ထားခိုင်းတာမဟုတ်ပါဘူး"
"ဒါဆိုရင် ဘာလို့ချန်ထားခိုင်းတာလဲ"
"ခင်ဗျား တစ်ခုခု ချန်ထားခဲ့တယ်ဆိုတဲ့ အချက်ကပဲ အရေးကြီးတာပါ"
"တစ်ဖက်လူက သိမှာမဟုတ်ဘူးလေ၊ ဒါကို ဘာလို့ လုပ်ရမှာလဲ"
"အနည်းဆုံးတော့ တံတိုင်းက ပြောင်းလဲသွားတာပဲလေ"
ကျနော် ခေတ္တခဏမျှ စကားမပြောနိုင် ဖြစ်သွားသည်။ ဂျန်ဟာယောင်းက ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"အမှတ်အသားတစ်ခုခု ချန်ထားခဲ့မယ်ဆိုရင် တစ်နေ့ကျရင် တစ်စုံတစ်ယောက်က အဲဒီအမှတ်အသားကို ဖတ်မိကောင်း ဖတ်မိနိုင်တယ်"
ကျနော် ဂျန်ဟာယောင်းကို စိုက်ကြည့်နေမိသည်။ ကျနော့်၏ လောဘကြောင့် ဤကမ္ဘာတွင် မွေးဖွားလာခဲ့သော ဂျန်ဟာယောင်းသည် ကျနော်နှင့် မသက်ဆိုင်သော ဘဝတစ်ခုတွင် နေထိုင်နေခဲ့သည်။ ဖြစ်နိုင်သည်မှာ သူသည် ကျနော် ထင်ထားသည်ထက် ပိုကောင်းသော လူတစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။ ကျနော်သည် ခါးသီးမှုအချို့နှင့်အတူ ရယ်မောလိုက်သည်။
"ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်"
"…ဟင်"
"မင်းက နက္ခတ်တွေနဲ့ အခုလိုမျိုး စကားပြောခဲ့တာလား"
"အာ... အဲဒါက..."
သူ၏ တွန့်ဆုတ်နေမှုကို ကြည့်ခြင်းအားဖြင့် ကျနော့်အထင် မှန်ကန်နေပေလိမ့်မည်။ နက္ခတ်များ၏ စိတ်နေစိတ်ထားကို အနည်းငယ် ကျနော် နားလည်လာခဲ့သည်။ ၎င်းတို့သည် စကြာဝဠာထဲတွင် အလေးအနက်ဆုံး ဖြစ်သလို တစ်ချိန်တည်းမှာပင် အထီးကျန်ဆုံးသော တည်ရှိမှုများ ဖြစ်ကြသည်။ ၎င်းတို့သည် စာရေးဆရာများ ဖြစ်ကြသလို ဇာတ်လမ်းများကို စောင့်ကြည့်နေသူများလည်း ဖြစ်သည်။ ဂျန်ဟာယောင်းသည် ကျနော့်ကို နားထောင်ပေးသကဲ့သို့ ၎င်းတို့ကိုလည်း နားထောင်ပေးခဲ့ပေလိမ့်မည်။
['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က မောက်မာသော ကိုယ်စားလှယ်ကို ကြည့်နေပါသည်။]
ဂျန်ဟာယောင်းသည် တစ်ချိန်တည်းမှာပင် လေထုထဲသို့ မော့ကြည့်လိုက်သည်။ ဘီယူ၏ နှောင့်ယှက်မှုကြောင့် နုဗာရစ်ချ် ဆရာမြွေကြီးသည် ကျနော့် တည်နေရာကို ခေတ္တခဏ ရှာမတွေ့နိုင်ခဲ့ပေ။ ဤအခြေအနေမှာ ကြာရှည်မခံလောက်သည်မှာ သေချာ၏။
ဂျန်ဟာယောင်းက စိုးရိမ်တကြီး အသံဖြင့် မေးလိုက်သည်။
"…အဲဒီ ချီးထုတ်က ဒီမှာပဲ ဆက်နေဖို့ စဉ်းစားနေတာလား"
"ဟုတ်လောက်မယ်"
သူသည် အရှက်ရခဲ့သောကြောင့် ဤချန်နယ်ကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားပုံရသည်။ ကျနော် ခေတ္တခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ ဂျန်ဟာယောင်း ပြောတာ မှန်သည်။ တံတိုင်းတစ်ခု ရှိနေရင်တောင် ကျနော် ဤတံတိုင်းပေါ်တွင် တစ်ခုခု ရေးသားရပေမည်။ မူလက ရေးသားထားသည်များကို ပြောင်းလဲပစ်နိုင်သည်ဆိုသည့် အချက်ရှိနေသော်လည်း...
ကျနော်သည် စာဖတ်သူသက်သက်ပဲ မဖြစ်ချင်တော့ပေ။
"ဂျန်ဟာယောင်း။ ဒီလူကို ဆက်သွယ်ပေးနိုင်မလား"
ကျနော် ပြန်စဉ်းစားကြည့်လျှင် ကျနော်သည် တစ်ချိန်လုံး စာဖတ်သူတစ်ယောက် အနေဖြင့်သာ ပြုမူနေခဲ့သည်။ ကျနော် လိုချင်သည့် အဆုံးသတ်ကို တွေ့မြင်နိုင်ရန်အတွက် ကျနော် ဇာတ်လမ်းအသစ် တစ်ခုကို ဖန်တီးရပေမည်။ အမှန်တကယ်တော့ ကျနော်သည် လက်တွေ့ဘဝကို ပုံပျက်သွားအောင် ပြုလုပ်ခဲ့ပြီးသားပင်။ ၎င်းကို မည်သူက ဖတ်ရှုမည်နည်း ဆိုသည်ကိုသာ ကျနော် မသိသေးခြင်း ဖြစ်၏။
"ဘယ်သူ့ကိုလဲ"
နက္ခတ်များက ကျနော့်၏ တိုက်တွန်းချက်များကို လိုက်နာပါ့မလား ကျနော် မသိပေ။ ယခု ကျနော် ချန်နယ်တစ်ခု ဖွင့်လိုက်ပြီ ဖြစ်သောကြောင့်... အကယ်၍ ထိုသူက ကူညီမည်ဆိုလျှင် ပုန်ကန်မှု ဇာတ်ဝင်ခန်းသည် ပြဿနာတစ်စုံတစ်ရာ မရှိဘဲ ပြီးဆုံးသွားပေလိမ့်မည်။
ထိုအခါ လေထုထဲတွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
[ပဥ္စမမြောက် ည ရောက်ရှိလာပါပြီ။]
နိမိတ်မကောင်းသော ပုလွေသံများ ကြားလိုက်ရသည်။ ကျနော် စက်မှုဇုန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ တောက်လောင်နေသော မီးလျှံများကြားတွင် လူများ အော်ဟစ်နေကြ၏။ ကျနော့် မျက်နှာ တင်းမာသွားပြီးနောက် ဟိုတစ်စ ဒီတစ်စ ပျံ့ကြဲနေသော အိုင်လင်းနှင့် မာ့ခ်တို့ကို လှမ်းပြောလိုက်သည်။
"မြို့သူမြို့သား အားလုံးကို စုဝေးလိုက်ပါ"
စော်ဘွားသည် အကြပ်အတည်းဆိုက်နေခဲ့သည်။ စတုတ္ထမြောက် ည ကုန်ဆုံးသွားပြီးနောက်တွင်မူ ထိုအချက်မှာ ပို၍ပင် ထင်ရှားလာခဲ့သည်။ ပြန်ပေးဆွဲခံထားရသော ကျွန်များကြောင့် စက်ရုံ၏ လည်ပတ်မှုစွမ်းအား ပြတ်တောက်သွားခဲ့သည်။ ထို့ကြောင့် စော်ဘွားသည် လောလောဆယ်တွင် အပြင်သို့ ထွက်မလာနိုင်တော့ပေ။
သို့သော်လည်း စော်ဘွားသည် အရာရှိများကို ဦးဆောင်ကာ ဤညတွင် ထွက်ပေါ်လာခဲ့သည်။
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - သူ ဘာကို ကြံစည်နေတာလဲ။ 」
နက္ခတ်အသစ် တစ်ပါး၏ ကြားဝင်နှောင့်ယှက်မှုကြောင့် ကျနော့်စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေမိသည်။ ထို့အပြင် ကျနော် ခေါ်ထားသော နက္ခတ်မှာလည်း အခုထိ ရောက်မလာသေးပေ။
「 ရပါတယ်။ အကောင်းဘက်ကပဲ တွေးရအောင်။ ဒါက အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်တာပဲ။ 」
ဟုတ်ပေသည်။ ကျနော် စိတ်ဓာတ်ကျနေဖို့ မလိုပေ။ ကျနော်သည် ယခုအခါ နက္ခတ်တစ်ပါး ဖြစ်နေပြီဖြစ်သည်။ ယခုအချိန်အထိ ကျနော် ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့သလို ရှေ့ဆက်ပြီးတော့လည်း ပြဿနာရှိလိမ့်မည် မဟုတ်ပေ။
"ဂျန်ဟာယောင်း။ ကွပ်မျက်သူတွေကိုပဲ ကိုင်တွယ်လိုက်။ တခြား အရာရှိတွေနဲ့ လုံးဝ ရင်ဆိုင်မမိစေနဲ့"
"ကျုပ် သိပါတယ်"
ကျနော်သည် လေ၏လမ်းစဉ်ကို အသုံးပြုကာ လမ်းမများပေါ်တွင် ပြေးလွှားရင်း မီးအရှိန် အပြင်းဆုံး တောက်လောင်နေသော နေရာသို့ ရောက်ရှိသွားသည်။ ကျနော် ဘယ်လောက်ကြာကြာ ပြေးခဲ့သနည်း။ မကြာမီမှာပင် ပျက်စီးနေသော အဆောက်အအုံ၏ အထက်ပိုင်းတွင် ရပ်နေသော မိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသည်။
"မင်းက ပုန်ကန်သူလား"
၎င်းမှာ နီရဲသော မီးလျှံများ ဖုံးလွှမ်းနေသည့် ဆံပင်ရှည် မိစ္ဆာတစ်ကောင် ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော အပူရှိန်ကြောင့် ကျနော့်မျက်နှာမှာ တင်းခနဲ ဖြစ်သွားသည်။ စူးရှသော အပူလှိုင်းတစ်ခုပင်။ ကျနော်သည် ထိုရွှေဝါရောင် မီးလျှံများကို ကြည့်လိုက်ရုံဖြင့် ဤစွမ်းအားမှာ ဘာလဲဆိုသည်ကို သိလိုက်သည်။ ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို အသုံးပြုသူ တစ်ဦးတည်းသာ ရှိသည်။
"အမတ် အုမ်ဘိုရော့စ်"
သူသည် စော်ဘွားများပြီးလျှင် ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် အစွမ်းထက်ဆုံး အရာရှိတစ်ဦး ဖြစ်သည်။ ကျနော် နက္ခတ်တစ်ပါး မဖြစ်လာခင်ကဆိုလျှင် ထိပ်တိုက်တွေ့ရန် တွန့်ဆုတ်ရမည့်သူမျိုး ဖြစ်သည်။ သို့သော်လည်း အုမ်ဘရော့စ်၏ အမူအရာမှာ တစ်မျိုးကြီး ဖြစ်နေလေသည်။
"ငါက အုမ်ဘရော့စ်ကွ၊ အုမ်ဘိုရော့စ် မဟုတ်ဘူး"
အာ... ကျနော် နာမည်မှားခေါ်မိသွား၏။ ကျနော်သည် ကင်ဒေါ့ဂျာ ဖြစ်သော်လည်း အရံဇာတ်ကောင်တွေ၏ နာမည်ကိုတော့ အလွတ်မမှတ်မိနိုင်ပေ။ အုမ်ဘရော့စ်သည် သူ၏ သိက္ခာထိခိုက်သွားသကဲ့သို့ တတွတ်တွတ် ရေရွတ်နေသည်။
"မင်းက ငါ့ကို သိနေတာတောင် မထွက်ပြေးဘူးပဲ။ မင်းကို အသိပညာ ကြွယ်ဝတဲ့သူလို့ ငါ ထင်ခဲ့တာ။ တကယ်တော့ မင်းက ကံကောင်းရုံသက်သက်ပဲကိုး"
"ငါသာ ထွက်ပြေးသွားရင် မင်းပဲ ကံကောင်းသွားမှာပေါ့။ အုမ်ဘိုရော့စ်"
"အုမ်ဘရော့စ်လို့ ငါ ပြောနေတယ်လေ"
ကျနော်သည် ပြန်ဖြေမည့်အစား ခန္ဓာကိုယ်ထဲမှ မှော်စွမ်းအင်များကို မြှင့်တင်လိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ကျနော်သည် နက္ခတ်တစ်ပါး၏ အဆင့်အတန်းကို အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ပြိုင်ဘက်မှာ အစွမ်းထက်လှသဖြင့် အုမ်ဘရော့စ်အပေါ် ထိုနည်းလမ်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ဤသည်မှာ အစွမ်းကုန် တိုက်ခိုက်ရမည့် တိုက်ပွဲတစ်ခုပင် ဖြစ်သည်။
[ပဥ္စမမြောက် စာမှတ်၊ ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်ကို ရွေးချယ်လိုက်ပါပြီ။]
[သီးသန့်စွမ်းရည် ‘သေးငယ်စေခြင်း အဆင့် ၃’ အသက်ဝင်လာပါပြီ။]
[သီးသန့်စွမ်းရည် ‘လျှပ်စစ်ဓါတ် အားဖြည့်ခြင်း’ အဆင့် ၁၁ (+၁) အသက်ဝင်လာပါပြီ။]
ရွှေဝါရောင် အပူလှိုင်းတစ်ခုသည် အုမ်ဘရော့စ်၏ လက်သီးမှ ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ သူ၏ ဇာတ်လမ်းမှ ထွက်ပေါ်လာသော စွမ်းရည်ဖြစ်သည့် ‘တောက်ပသော ပေါက်ကွဲခြင်း’ ပင် ဖြစ်သည်။ သူသည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေတွင် အထင်ရှားဆုံးသော ပေါက်ကွဲခြင်း အထူးစွမ်းရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ စွမ်းအားမှာ ပြင်းထန်သော်လည်း ရှောင်တိမ်းရန်တော့ မခက်ခဲပေ။ ပေါက်ကွဲမှု အတိုင်းအတာမှာ ကြီးမားလှသဖြင့် ထိုတိုက်ခိုက်မှုကို အဝေးပစ် တိုက်ခိုက်မှုအဖြစ် သတ်မှတ်နိုင်၏။
"ဒီကြွက်စုတ်ကတော့ကွာ..."
['လက်သည်းစားသော ကြွက်' နက္ခတ်က မိစ္ဆာ အုမ်ဘရော့စ်၏ စကားကို မုန်းတီးနေပါသည်။]
အုမ်ဘရော့စ်သည် သေးငယ်သွားသော ကျနော့်ကို သာမန်ပေါက်ကွဲမှုဖြင့် ကိုင်တွယ်ရန် ခက်ခဲကြောင်း သိသွားပြီးနောက် သူ၏ ဗျူဟာကို ပြောင်းလဲလိုက်သည်။ သူ၏ လက်ဖဝါးများမှ အပူရှိန်သည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ဘောလုံးအသေးစားလေး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
"သေလိုက်စမ်း"
သိပ်သည်းသွားသော အပူရှိန်သည် သူ၏ လက်များပတ်လည်တွင် ပိုမို ပြင်းထန်လာသည်။ သူသည် အတိုင်းအတာကို လျှော့ချပြီးနောက် ကျနော့်ကို ခွန်အားချင်း ယှဉ်ကာ ဖိနှိပ်ရန် စဉ်းစားလိုက်ပုံရသည်။
၎င်းမှာ ကောင်းမွန်သော အစီအစဉ်တစ်ခု ဖြစ်သော်လည်း သူသည် ပြိုင်ဘက်ကို မှားရွေးမိသွားခြင်းပင်။ ကျနော်သည် သာမန် ကိုယ်စားလှယ် တစ်ဦး မဟုတ်ပေ။ ကျနော်သည် အပြင်းအထန် ဝင်ရောက်လာသော ပေါက်ကွဲမှုကို စောင့်ကြည့်နေပြီး တွန့်ဆုတ်မှုမရှိဘဲ လက်သီးကို ဆန့်ထုတ်လိုက်သည်။ ပေါက်ကွဲမှု၏ အလယ်ဗဟိုသည် ကျနော့်၏ မှော်စွမ်းအင်များ ပါဝင်နေသော လက်သီးချက်ကြောင့် ထိုးဖောက်ခံလိုက်ရသည်။
ကျနော့် နားထဲတွင် ခေတ္တမျှ စီခနဲ မြည်သွားပြီး ပေါက်ကွဲမှုအတွင်းမှ အပိုင်းအစများသည် လေထဲတွင် လွင့်စင်သွားသည်။ ထိုနေရာရှိ မီးလျှံများသည်လည်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။ အပြာဖြူရောင် လျှပ်စီးများသာ နေရာအနှံ့ ပျံ့နှံ့သွား၏။ အသံတစ်ခုကို ကြားလိုက်ရပြီး ကျနော့် အမြင်အာရုံမှာလည်း အဖြူရောင်အဖြစ် ဝေဝါးသွားသည်။
['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က သင်၏ ခွန်အားကို အံ့အားသင့်နေပါသည်။]
အပြာဖြူရောင် လျှပ်စီးများ ဖြတ်သန်းသွားသော နေရာတွင် အုမ်ဘရော့စ်ကို မတွေ့ရတော့ပေ။ ဖြစ်နိုင်သည်မှာ သူ လွင့်ထွက်သွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းပင် ဖြစ်ပေလိမ့်မည်။
"ဘုရားရေ..."
စက်မှုဇုန်မှာ အပြင်းအထန် ပျက်စီးသွားခဲ့သည်။ မြို့သူမြို့သား အချို့မှာ ကျနော့်၏ ခွန်အားကို အတည်ပြုနိုင်ခဲ့ပြီးနောက် ဒူးထောက်နေကြသည်။ ဤအဆင့်တွင် ကျနော် တိုက်ခိုက်ရာမှာ မည်သို့ရှိနေသည်ကို ကျနော် မသိပေ။ ကျနော်သာ ဇာတ်ဝင်ခန်းထဲသို့ စနစ်တကျ ပြန်ဝင်သွားမည်ဆိုလျှင် နက္ခတ်အချို့နှင့် တစ်ဦးချင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်လား။
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်သည် အသုံးပြုလိုက်သော စွမ်းအားအဆင့်ကို မခံနိုင်ပါ။]
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်၏ အစိတ်အပိုင်း အတော်များများမှာ ထိခိုက်ပျက်စီးသွားပါပြီ။]
…ချီး။ ပြန်စလာပြန်ပြီ။ ဒါပေမဲ့ ရပါတယ်။ ငါ့ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ မဖြစ်ခင်မှာ အားလုံး ပြီးသွားမှာပါ။
"ဝိုးးးးးးး"
ဤအခြေအနေကြောင့် စိတ်ဓါတ်တက်ကြွ လာကြခြင်းလားတော့ မသိပေ။ ပတ်ဝန်းကျင်ရှိ မြို့သူမြို့သားများမှာ ဟစ်ကြွေးလာကြ၏။
"ပုန်ကန်သူ။ ပုန်ကန်သူ"
[နက္ခတ်အသစ်များ #BI-90594 ချန်နယ်သို့ ဝင်ရောက်လာပါပြီ။]
နက္ခတ် အရေအတွက်မှာ ဆက်တိုက် တိုးလာနေသည်။ ဘီဟွန်း၏ ချန်နယ်နှင့် ယှဉ်လျှင် ခံစားချက်ချင်း ကွဲပြားလှသည်။ အင်း... ကျနော်ကိုယ်တိုင်က ဒါကို ‘ငါ့ချန်နယ်’ လို့ သတ်မှတ်ထားလို့လည်း ဖြစ်နိုင်ပေသည်။ ကျနော်သည် စစ်မြေပြင်၏ ရှေ့တန်းသို့ သွားရောက်ကာ ချဉ်းကပ်လာသော အရာရှိများကို ခုတ်ပိုင်းပစ်လိုက်သည်။
စော်ဘွားကိုယ်တိုင်က စက်ရုံ မရှိဘဲ အပြင်ထွက်လာခြင်းဖြင့် သူ၏ နိဂုံးကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းပင်။ ဒေါသထွက်နေသော မြို့သူမြို့သားများ၏ လှိုင်းလုံးကြီးမှာ အရာရှိများကို တဖြည်းဖြည်းချင်း ဖိအားပေး တွန်းထုတ်သွားသည်။ အချိန် မည်မျှ ကြာသွားလဲပင် မပြောတတ်။ နောက်ဆုံးတွင် ကျနော်တို့သည် စက်ရုံ၏ ဂိတ်ပေါက်သို့ ရောက်ရှိသွားသည်။
"ပုန်ကန်မှုက နီးနေပြီ။ နောက်ထပ် နည်းနည်းလေးပဲ လိုတော့တယ်..."
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် မြေကြီးအောက်ခြေမှ ငလျင်တစ်ခု လှုပ်ခတ်သွားသည်။ ထိတ်လန့်သွားသော မြို့သူမြို့သားများမှာ အော်ဟစ်ရင်း မြေပြင်ပေါ်တွင် လဲကျသွားကြ၏။ တစ်ခုခုက ကျနော့်ရှေ့တွင် မတ်တပ်ရပ်လာသလို ခံစားရသည်။ သားရဲအိုကြီးတစ်ကောင်ကဲ့သို့ အိပ်ပျော်နေသော ဧရာမ အဆောက်အအုံကြီးမှာ သူ၏ ခန္ဓာကိုယ်ကို မတ်လိုက်လေသည်။ ရေနွေးငွေ့ အင်ဂျင်ကို သတိရစေသည့် အင်ဂျင်သံကြီး ထွက်ပေါ်လာသည်။ မီးခိုးမှိုင်းများက ညကောင်းကင်ယံတွင် ပြည့်နှက်သွားပြီး ကျယ်လောင်သော အသံများက နားစည်ကို ကွဲထွက်မတတ် ခြောက်လှန့်နေသည်။
ကျနော့် နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားသည်။
…စက်ရုံက လည်ပတ်နေတာလား။ ဘယ်လိုလုပ်ပြီး လည်ပတ်နေတာလဲ။
သို့သော်လည်း ကျနော် တွေးတောနေရန် အချိန်မရှိပေ။ ဧရာမ လက်သီးကြီးတစ်ခုက အကာအကွယ်မဲ့နေသော ကျနော့်ကို ရိုက်ခတ်လိုက်သည်။ အဆောက်အအုံ အချို့မှာ ပြိုကျသွားပြီး သံမဏိဘောင်များမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။ ကျနော် ခေတ္တမျှ သတိလစ်သွားပြီးနောက် ပြန်လည် နိုးထလာသည်။
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားပါပြီ။]
[သင်၏ ဇာတ်လမ်းများ ပြိုကွဲပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် အဓိက ဇာတ်ဝင်ခန်းသို့ ယခုပင် ဝင်ရောက်ပါ။]
ကျနော့် ခန္ဓာကိုယ်မှ သွေးများ စီးကျလာပြီး ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ဇာတ်လမ်းများမှာလည်း တုန်လှုပ်နေသည်။
ချီး။ ငါ့စိတ်ထဲမှာ အရမ်း ရှုပ်ထွေးနေလို့ အလစ်အငိုက် မိသွားတာပဲ။ ဒီလို အမှားမျိုး လုပ်မိလိမ့်မယ်လို့ မတွေးထားမိဘူး။
သို့သော်လည်း ကျနော် ဘယ်လောက်ပဲ စဉ်းစားစဉ်းစား နားမလည်နိုင်ပေ။
စက်ရုံက ဘယ်လိုလုပ်ပြီး လည်ပတ်နေတာလဲ။
['နုဗာရစ်ချ် ဆရာမြွေကြီး' နက္ခတ်က ဤမြင်ကွင်းကို ကြည့်ပြီး သဘောကျနေပါသည်။]
['လက်သည်းစားသော ကြွက်' နက္ခတ်က သင်၏ စမ်းသပ်မှုများကို ပျော်ရွှင်စွာ ကြည့်ရှုနေပါသည်။]
[နက္ခတ်အချို့က သင် ပိုမို နာကျင်ခံစားရမှာကို မျှော်လင့်နေကြပါသည်။]
လီးပဲ။ ချန်နယ်ကို ငါဖွင့်ခဲ့ပေမဲ့ ဒီကောင်တွေထဲက တစ်ယောက်မှ ငါ့ဘက်မှာ မရှိကြဘူး။
ကျနော် အံကြိတ်ကာ ခန္ဓာကိုယ်ကို ပြန်လည် မတ်လိုက်သည့် ခဏမှာပင် ရင်းနှီးသော နာမည်တစ်ခုကို ကြားလိုက်ရသည်။
['ရွှေခေါင်းကွင်း၏အကျဉ်သား' နက္ခတ်က သူ၏ ဆံပင်ကို ဆွဲကိုင်ရင်း သင့်ကို အသေအချာ စောင့်ကြည့်နေပါသည်။]
***