စက်ရုံကြီးပေါ်တွင် တပ်ဆင်ထားသည့် ဆလင်ဒါများ၏ ပစ္စတင်များသည် ကြောက်မက်ဖွယ်ကောင်းအောင် လှုပ်ရှားနေပြီး ကြိတ်စက်ကြီးဆီမှ ဟိန်းဟောက်သံများ ထွက်ပေါ်နေလေသည်။ မချေဖျက်နိုင်သေးသည့် ဇာတ်လမ်း အပိုင်းအစများသည် စက်၏ မျက်နှာပြင်ပေါ်မှနေ၍ ဝက်အူများအလား အပြင်သို့ ထွက်ပေါ်နေကြသည်။ ထိုသို့ဖြစ်နေခြင်းမှာ ဤစက်ရုံကြီးသည် အပြီးသတ် ချောမွေ့အောင် ပြုလုပ်ထားသည့် ထုတ်ကုန်တစ်ခု မဟုတ်ကြောင်း သက်သေပင် ဖြစ်၏။
မီးခိုးများ တအုံးအုံး ထွက်နေသော စက်ရုံကြီး၏ မတည်ငြိမ်သည့် အပြင်ဘက် ပုံစံကို ကြည့်ရင်း စော်ဘွားသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
'ဒါက သိပ်တော့ မဆိုးသေးပါဘူးလေ'
စက်ရုံကြီး။ မိစ္ဆာနယ်မြေထဲရှိ မည်သူမဆိုသည် မဟာစော်ဘွား ဖြစ်နေလျှင်ပင် ဆင်တူယိုးမှား ဇာတ်လမ်းတစ်ပုဒ်စီ ရှိတတ်ကြ၏။ ဟုတ်ပေသည်။ စက်ရုံကြီး တစ်ခုချင်းစီ၏ စွမ်းအားမှာ ကွဲပြားနိုင်သော်လည်း စစ်ဝစ်ဇ်၏ စက်ရုံကြီးမှာမူ ထူးခြားလှသည်။
'ငရဲပြည်ကို သွားခဲ့ရတာ တကယ်ကို တန်ပါတယ်'
အမြင့်ပေ ၄၀ ရှိသော ခန္ဓာကိုယ်။ ဘီလူးကြီးတစ်ကောင်နှင့် ဆင်တူသည့် စက်ရုံကြီးသည် ငရဲပြည်၏ ဘီလူးစစ်သည်တော်ကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ငရဲပြည်ရှိ တရားသူကြီးတစ်ဦးကို လာဘ်ထိုး၍ ခက်ခက်ခဲခဲ ချောင်းကြည့်ခွင့်ရခဲ့သည့် လက်နက်တစ်ခုပင် ဖြစ်သည်။ ဟုတ်ပေသည်။ စော်ဘွား၏ စက်ရုံကြီးမှာမူ ဘီလူးစစ်သည်တော်နှင့် နှိုင်းယှဉ်လျှင် စွမ်းဆောင်ရည် နိမ့်ကျလွန်းသည့် ပုံတူပွားတစ်ခုသာ ဖြစ်ပေသည်။
'ဒီလောက်နဲ့တော့ ငါ စိတ်မကျေနပ်နိုင်သေးဘူး...'
စော်ဘွား၏ စိတ်ပျက်မှုကို ဖော်ပြသည့်အလား စက်ရုံကြီးဆီမှ ကြမ်းတမ်းသော အသံကြီး ထွက်ပေါ်လာသည်။ ကြိတ်စက်၏ ဓါးသွားများက မြေပြင်ကို ရိုက်ခတ်လိုက်သည်။ ဖုန်မှုန့်များ လေထုထဲတွင် ပြည့်နှက်သွားပြီး အရပ်သားများ၏ အဆောက်အအုံ ဒါဇင်ပေါင်းများစွာ ပြိုကျပျက်စီးသွားခဲ့လေသည်။ လက်ဖြစ်အရုပ်လေးကို ဖျက်ဆီးနေသည့် ကလေးငယ်တစ်ဦး ကဲ့သို့ပင် စော်ဘွားသည် ထိုအရာများကို ရက်ရက်စက်စက် ချိုးဖဲ့ဖျက်ဆီးပစ်လိုက်သည်။
[ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖျက်ဆီးမှုအပေါ် နက္ခတ် အနည်းငယ်က ကျေနပ်အားရနေပါသည်။]
[နက္ခတ်အချို့က ထွက်ပြေးနေကြသော မြို့သူမြို့သားများကို လက်ညှိုးထိုးပြနေပါသည်။]
ဤသည်က ရှည်လျားလှသော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။ စစ်ဝစ်ဇ် စက်မှုဇုန်၏ သမိုင်းကြောင်းမှာ နှစ်ပေါင်းများစွာကတည်းက စုဆောင်းလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လင့်ကစား စော်ဘွား၏ လုပ်ရပ်များတွင် တွန့်ဆုတ်မှု အနည်းငယ်မျှပင် မရှိခဲ့ပေ။
"အားးးးးး"
စော်ဘွားသည် ကြိတ်စက်ထဲမှ လွင့်စင်ထွက်လာသော ဇာတ်လမ်းများကို ကောက်ယူရင်း တွေးလိုက်သည်။
'ဒါက ပိုကြီးမားတဲ့ ဇာတ်လမ်းဆီကို သွားဖို့အတွက် ယဇ်ပူဇော်ခြင်းပဲ'
နှစ်ပေါင်း ၄၀၀ဆိုသည်မှာ မင်းဆက်တစ်ခု မွေးဖွားပြီး ပြိုလဲသွားနိုင်သည့် အချိန်ကာလပင်။ ထိုအချိန်တစ်လျှောက်လုံးတွင် စစ်ဝစ်ဇ်သည် ဤနေရာ၏ အာဏာပိုင် ဖြစ်ခဲ့သည်။
သူသည် ဤစက်မှုဇုန်ရှိ အရာအားလုံးကို ချစ်မြတ်နိုးခဲ့ဖူးသည်။ သူသည် တစ်ခါတစ်ရံတွင် မြော်မြင်တတ်သော အုပ်စိုးရှင်ဖြစ်ခဲ့ပြီး တစ်ခါတစ်ရံတွင်မူ မင်းဆိုးမင်းညစ် ဖြစ်ခဲ့သည်။ သူသည် နူးညံ့သိမ်မွေ့သော အုပ်ချုပ်မှုဖြင့် မြို့သူမြို့သားများ၏ ပျော်ရွှင်မှုကို မြှင့်တင်ပေးရန် ကြိုးစားခဲ့သလို၊ ဖိနှိပ်မှုနှင့် အုပ်စိုးသူစနစ်တို့ဖြင့်လည်း မြို့သူမြို့သားတို့ကို သတ်ဖြတ်ခဲ့သည်။ သူသည် ပျော်ရွှင်ခဲ့သည်၊ ဝမ်းနည်းခဲ့သည် သို့မဟုတ် တစ်ခါတစ်ရံတွင် စိတ်ဝင်တစား ရှိခဲ့သည်။
ထို့သို့ဖြင့် တစ်နေ့တွင်တော့ စော်ဘွား၌ စိတ်ခံစားမှုတစ်ခုတည်းသာ ကျန်ရှိတော့သည်။
'ငါ ပျင်းရိငြီးငွေ့နေပြီ'
အိုလံပတ်စ်နှင့် ငရဲပြည်သို့ လေ့လာရေးခရီး သွားရောက်ပြီးနောက် သူ၏ အတွေးများမှာ ပိုမို ခိုင်မာလာခဲ့သည်။
'ငါက ဘာလို့ ဒီလို ဇာတ်လမ်းအညံ့စားတွေကိုပဲ စားနေရတာလဲ'
ငရဲပြည်၏ ဘုရင်မ၏ ထမင်းစားပွဲတွင် တည်ခင်းထားသည့် ခမ်းနားထည်ဝါသော ညစာကို သူ တစ်ခါမျှ မမေ့နိုင်ခဲ့ပေ။
အခြားကမ္ဘာမှ ဓါးသခင်တစ်ဦး၊ မဟာပညာရှိတစ်ဦး၊ နဝမအဆင့်ရှိသော မဟာမှော်ဆရာတစ်ဦး...
စစ်ဝစ်ဇ်သည် သေသေချာချာ ချက်ပြုတ်ထားသော ဇာတ်လမ်းအပိုင်းအစများကို စားသုံးကြည့်ပြီး အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့သည်။
အို...မြတ်စွာဘုရား၊ ဒီအရသာက။
သူသည် ပါးစပ်အတွင်း ပေါက်ကွဲထွက်လာသော အရသာများကို ခံစားရင်း ဝိညာဉ်ကင်းမဲ့သော အမူအရာမျိုး ဖြစ်သွားခဲ့သည်။
- 'နင်က စားရတာ တော်တော်ဝါသနာပါပုံရတာပဲ'
စစ်ဝစ်ဇ် သတိပြန်ဝင်လာချိန်တွင် ပါစီဖုန်းသည် ရှေ့တွင်ရှိသော အစားအစာများကို တစ်ချက်မျှ မထိရသေးသည်ကို သတိပြုမိသွားသည်။ ပါစီဖုန်းသည် သူ၏ ပန်းကန်ပြားပေါ်တွင် ငမ်းငမ်းတက် ပြန့်ကျဲနေသော ဇာတ်လမ်းများကို အလွန်ညံ့ဖျင်းသော အစားအစာများအလား စိုက်ကြည့်နေခဲ့သည်။ စစ်ဝစ်ဇ်သည် ထိုအခိုက်အတန့်တွင် ခံစားလိုက်ရသော အရှက်ရမှုကို မေ့ဖျောက်၍ မရနိုင်ခဲ့ပေ။
'ငါ နောက်ထပ် ဇာတ်ဝင်ခန်းဆီကို သွားမယ်'
ပိုကြီးမားသော ဇာတ်လမ်းများ။ ပိုမို ပြင်းထန်သော လှုံ့ဆော်မှုများ။ ထိုအခါမှသာ သူသည် ပိုမိုကြီးမားသော စွမ်းအားကို ရရှိပေလိမ့်မည်။
'ငါ မိစ္ဆာဘုရင် ဖြစ်လာစေရမယ်။ အဲဒီအသုံးမကျတဲ့ကောင်တွေထက် အဆပေါင်းများစွာ သာလွန်တဲ့ မဟာဇာတ်လမ်းတွေကို စားပြီး ငါ ရှင်သန်မယ်'
ထိုအိပ်မက်အတွက်ဆိုလျှင် ဤအရေးမပါသော စက်မှုဇုန်ကို စွန့်ပစ်လိုက်ခြင်းမှာ ဘာမှ မဟုတ်ပေ။
[...ဘယ်လို ပုန်ကန်မှုလဲ]
သူ၏ အသံမှာ တုန်ခါနေပြီး စက်မှုဇုန်တစ်ခုလုံးလည်း လှုပ်ခါသွားသည်။
[ကြည့်စမ်း၊ ပုန်ကန်မှုဆိုတာမျိုး မရှိဘူး။ ဒါက ဇာတ်ဝင်ခန်းရဲ့ သရုပ်ဆောင်မှုသက်သက်ပဲ]
ထိုအသံမှာ မြို့သူမြို့သား အားလုံးကို လှောင်ပြောင်လိုက်သည့် လေသံပင် ဖြစ်သည်။
[နှစ်ပေါင်း ၄၀၀ တိုင်တိုင် အထပ်ထပ် အခါခါ ပြန်လုပ်နေရတဲ့ ပြဇာတ်တစ်ခုပဲ။ မင်းတို့တွေက အဲဒီလို မိုက်မဲတဲ့ အရာတစ်ခုအတွက် တိုက်ခိုက်နေကြတာလား]
စစ်ဝစ်ဇ်သည် မိမိကိုယ်တိုင်လည်း ဇာတ်ဝင်ခန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေလင့်ကစား အော်ဟစ်လိုက်သည်။ သူသည် နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်တော့မည်ဟု ခံစားနေရသည်။
'ငါ လုပ်နိုင်တယ်'
သူ၏အော်သံသည် အတန်အသင့် အောင်မြင်ပုံရသည်။ နက္ခတ်များစွာ၏ အကြည့်များက သူ၏အပေါ်သို့ ကျရောက်လာသောအခါ စော်ဘွား စစ်ဝစ်ဇ်သည် လွတ်မြောက်မှု အရသာကို ခံစားလိုက်ရသည်။ မိမိကိုယ်ကိုယ် ငြင်းပယ်ခြင်းမှ ရရှိလာသော သာယာမှုပင် ဖြစ်သည်။ စစ်ဝစ်ဇ်သည် ပထမဆုံးအကြိမ်အဖြစ် သူသည် ကမ္ဘာကြီး၏ ဗဟိုချက်မ ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း...
" တကယ်ပဲ အဲဒီလို ထင်နေတာလား"
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
……………………………………………………………………………………………
ဟုတ်ပါသည်။ ထိုသို့ အော်ဟစ်လိုက်သူမှာ ကျနော်ပင် ဖြစ်သည်။
[မင်းက...]
...ချီး။
ပြဿနာမှာ ကျနော်သည် သူ၏ စိတ်ကူးအတွေးများကို အလွန်အမင်း ကောင်းမွန်စွာ ကြားနေရခြင်းပင်။
[ဇာတ်ကောင် ‘မိစ္ဆာစော်ဘွား စစ်ဝစ်ဇ်’ သည် သူ၏ စိတ်ကူးယဉ်မှုများတွင် နစ်မွန်းနေပါသည်။]
[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၂ သည် ပြင်းထန်စွာ အသက်ဝင်နေပါသည်။]
စော်ဘွား၏ အာရုံက ကျနော့်ထံသို့ စုပြုံရောက်ရှိလာသည်။ ကျနော့်ကို အာရုံစိုက်နေပုံမှာ သူ၏ ကိုယ်လုံးတီး ပုံစံကို မြင်တွေ့နေရသကဲ့သို့ပင်။ ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ကို အသုံးမပြုသူများပင်လျှင် သူ၏ အခြေအနေကို အတိုင်းအတာတစ်ခုအထိ ခံစားနိုင်ပေလိမ့်မည်။
[စော်ဘွား၏ စကားနှင့် လုပ်ရပ်များကြောင့် ‘လက်သည်းစား ကြွက်’ နက္ခတ်သည် လက်တွန့်ခြေတွန့် ဖြစ်နေပါသည်။]
[‘နုဗာရစ်ချ် ဆရာမြွေကြီး’ နက္ခတ်ကမူ မိမိတွင် ခြေလက်များ မရှိသောကြောင့် အဆင်ပြေသည်ဟု ဆိုပါသည်။]
ထိုသူများမှာ လှောင်ရယ်နေကြခြင်းပင်။ စော်ဘွားမှာမူ အခြေအနေကို မသိဘဲ ကျနော့်ကို ကြည့်ကာ ပြုံးနေသည်။
[အတုအယောင် ပုန်ကန်သူ။]
"ဘယ်သူက အတုလဲ"
ကျနော်သည် ‘စာမှတ်’ နှင့် ‘လေ၏လမ်းစဉ်’ ကို အသက်သွင်းကာ ရှေ့သို့ ပြေးထွက်လိုက်သည်။ ပြင်းထန်သော ရိုက်ချက်တစ်ခုက ကျနော့်နားမှ သီသီလေး ဖြတ်သန်းသွားသည်။ ကြိတ်စက်ကြီး ဖြတ်သန်းသွားသော နေရာတွင် ဗုံးပေါက်ကွဲသွားသကဲ့သို့ ကျင်းကြီးတစ်ခု ဖြစ်ပေါ်ကျန်ရစ်ခဲ့သည်။
... သမိုင်းဝင်အဆင့်ရှိ နက္ခတ်တစ်ပါးကိုပင် ထိမှန်နိုင်စွမ်း ရှိသည်လားမပြောတတ်။ ဤစွမ်းအားမှာ ယခုကဲ့သို့ ပျက်စီးနေသော ကိုယ်စားလှယ် ခန္ဓာကိုယ်ဖြင့် တောင့်ခံနိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။ ဤသည်မှာ ဇာတ်လမ်းလက်နက်၏ စွမ်းအားပင် ဖြစ်သည်။ ဤစွမ်းအားသည် နက္ခတ်မဟုတ်သူများကို နက္ခတ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေသည်။
ထို့အပြင် စော်ဘွား စစ်ဝစ်ဇ်သည် နက္ခတ်တစ်ပါး မဟုတ်လင့်ကစား၊ သူပိုင်ဆိုင်သော သမိုင်းဝင်အဆင့် ဇာတ်လမ်းများသည် နက္ခတ်များနှင့် ရင်ပေါင်တန်းနိုင်လောက်သည်။
ကြိတ်စက်ကြီးမှ ထွက်ပေါ်လာသော ပေါက်ကွဲမှုများက စက်မှုဇုန်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။ မြို့သူမြို့သားများသည် သူတို့၏ အိုးအိမ်များ ပျက်စီးသွားသောကြောင့် ငိုယိုကာ ထွက်ပြေးနေကြရသည်။ သူတို့မှာ မိမိတို့၏ ဇာတိမြေကို စွန့်ခွာကာ မိစ္ဆာနယ်မြေသို့ ရောက်ရှိလာပြီး ခက်ခဲစွာ ရုန်းကန်နေကြရသူများ ဖြစ်သည်။ အလုပ်လက်မဲ့ ဖြစ်သွားသော မြို့သူမြို့သားများသည် ကျပ်ခိုးများ ပေကျံနေသည့် မျက်နှာများဖြင့် ကျနော့်ကို စိုက်ကြည့်နေကြ၏။
ထိုသူများကို ကြည့်ရင်း ကျနော့်ထံတွင် အတွေးတစ်ခု ဝင်လာသည်။ ကျနော်သည်လည်း ဇာတ်ဝင်ခန်းများကို မုန်းတီးသူပင်။ သို့သော်...
ချီး။
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - ဝန်ခံဖို့ ခက်ပေမဲ့လည်း… 」
ဤဇာတ်ဝင်ခန်း အဘယ်ကြောင့် တည်ရှိနေရသနည်းဆိုသည်ကို ကျနော် နားလည်သွားပြီဖြစ်သည်။ ကျနော်သည် ‘လေ၏လမ်းစဉ်’ ကို အသုံးပြုကာ လေထုကို ခွဲထွက်လိုက်သည်။ စက်ရုံကြီး၏ ထိပ်ပိုင်းသို့ ချက်ချင်း ရောက်ရှိသွားပြီး ‘လျှပ်စစ်ဓါတ် အားဖြည့်ခြင်း’ ကို တစ်ဖန် အသုံးပြုလိုက်ပြန်သည်။
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အန္တရာယ်ရှိသော အဆင့်သို့ ရောက်ရှိနေပါသည်။]
ကျနော်သည် အစောပိုင်းက သတိလစ်သွားခဲ့သောကြောင့် ‘စာမှတ်’၏ အချိန်ကာလကို အလဟဿ အသုံးပြုခဲ့မိသည်။ ကျနော့်ထံတွင် မိနစ် ၂၀ သာ ကျန်တော့သည်။ အပြာရောင်နှင့် အဖြူရောင် ရောယှက်နေသော လျှပ်စီးမီးပွားများက ကျနော့်၏ ညာလက်မှ ထွက်ပေါ်လာပြီး စက်ရုံကြီးဆီသို့ ဦးတည်သွားသည်။ စက်ရုံကြီး၏ အပြင်ဘက်ပိုင်းမှာ အနည်းငယ် တုန်ခါသွားခဲ့သည်။
[အင့်...]
မျှော်လင့်ထားသည့်အတိုင်းပင် ကျနော့်တွင် တိုက်ခိုက်နိုင်စွမ်း လိုအပ်နေသည်။ ကျနော့် လက်ရှိ ကိုယ်စားလှယ် ခန္ဓာကိုယ်မှာ မူလ စွမ်းအား၏ လေးပုံတစ်ပုံကိုသာ ထုတ်လွှတ်နိုင်လေသည်။
[ထင်ထားတာထက်တော့ သာသားပဲ...]
ထို့အပြင် တာရှည် တောင့်ခံနိုင်စွမ်းလည်း မရှိပေ။ သို့သော်လည်း ကျနော် တိုက်ခိုက်ရမည်သာ။ ဤလူကို ကျနော့်လက်ဖြင့် အနိုင်ယူရမည် ဖြစ်သည်။
[နက္ခတ် ‘အရှိန်အဝါ’ ကို ထုတ်လွှတ်လိုက်ပါသည်။]
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ပျက်စီးနေသောကြောင့် စွမ်းအင် အနည်းငယ်ကိုသာ ထုတ်လွှတ်နိုင်ပါသည်။]
ခဏတာမျှသာ ဖြစ်သော်လည်း စက်ရုံကြီးမှာ ခေတ္တ ရပ်တန့်သွားသည်။ ကျနော်သည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ လက်သီးနှစ်ဖက်စလုံးတွင် မှော်စွမ်းအင်များကို စုစည်းလိုက်သည်။
[ဒီအရှိန်အဝါက…. မင်းက ဒါဆိုရင်...]
[‘ရွှေနဂါး၏ ကျိုးပဲ့နေသော နှလုံးသား’ အသက်ဝင်ပါပြီ။]
မှော်စွမ်းအင် ပမာဏ သိသိသာသာ လျော့နည်းသွားတိုင်း ရွှေနဂါး၏ နှလုံးသားက ကျနော့်အတွက် မှော်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးသည်။ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စက်ရုံကြီး၏ မာကျောသော အခွံများမှာ ကွာကျလာသည်။ ဝက်အူများ လွင့်စင်ထွက်လာပြီး အက်ကြောင်းများကြားမှ ဇာတ်လမ်း အပိုင်းအစများ စီးထွက်လာသည်။
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - ငါ့ခန္ဓာကိုယ်သာ ကောင်းမွန်နေမယ်ဆိုရင် ဒါက တကယ်ကို ကောင်းမွန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်မှာပဲ။ 」
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင့်ကို စိုးရိမ်တကြီး ကြည့်နေပါသည်။]
ကျနော် မားမားမတ်မတ် ရပ်လိုက်ပြီး ‘လျှပ်စစ်ဓါတ် အားဖြည့်ခြင်း’၏ စွမ်းအားအားလုံး ပါဝင်သော လက်သီးဖြင့် စက်ရုံကြီး၏ အထက်ပိုင်းကို ထိုးနှက်လိုက်သည်။ ဤမျှလောက်အထိ ခက်ခဲသော တိုက်ပွဲဖြစ်မည်ကို သိခဲ့ပါက ကိုင်ရီယော့စ်ထံမှ ပိုမို ကြိုးစား၍ သင်ယူခဲ့မိပေလိမ့်မည်။ ကျနော့်တွင် ပါရမီ မရှိခြင်းလည်း ဖြစ်နိုင်၏။
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အကန့်အသတ်သို့ ရောက်ရှိနေပါသည်။]
[အကယ်၍ တိုက်ခိုက်မှုကို ချက်ချင်း မရပ်တန့်ပါက သင်၏ ခန္ဓာကိုယ် ပြိုကွဲမှုမှာ ပြန်လည် စတင်ပါလိမ့်မည်။]
ကျနော့်၏ အသက်ရှူသံများမှာ ပြင်းထန်လာပြီး လက်သီးချက်များမှာလည်း နှေးကွေးလာသည်။ စက်ရုံကြီးမှာမူ ကောင်းမွန်သော အခြေအနေတွင် ရှိနေဆဲပင်။
စော်ဘွားသည် ကျေနပ်အားရစွာ ပြောလိုက်သည်။
[မင်းကြောင့် စက်မှုဇုန်ရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းက တကယ်ကို အရသာ ရှိတော့မှာပဲ]
ကျနော် အနိုင်မရနိုင်မှန်း သိသည်။ ကျနော်သည် အနိုင်ရရှိရန်အတွက် တိုက်ခိုက်နေခြင်း မဟုတ်ပေ။
「 ကင်ဒေါ့ဂျာသည် စက်မှုဇုန်ရှိ မြို့သူမြို့သားများကို ငုံ့ကြည့်လိုက်သည်။ 」
လူများက ကျနော့်ကို ကြည့်နေကြသည်။ အချို့မှာ အံ့အားသင့်နေကြပြီး အချို့မှာမူ လက်အုပ်ချီကာ ဆုတောင်းနေကြသည်။ အိုင်လင်းနှင့် မာ့ခ်တို့ကိုလည်း မြင်တွေ့ရသည်။ တစ်ဦးချင်းစီမှာ မတူညီကြသော်လည်း သူတို့အားလုံးမှာ ဆင်တူသော အမူအရာများ ရှိနေကြသည်။
「 ပုန်ကန်သူ တိုက်ပွဲဝင်နေပြီ။ 」
ဤမျှ တွေးလိုက်ရုံနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
「 ပုန်ကန်မှုဆိုတာ ရှိတယ်။ 」
အစစ်ဖြစ်စေ၊ အတုဖြစ်စေ အရေးမကြီးပေ။ လူသားတို့ ယုံကြည်ထားသော အရာများသည် စွမ်းအားရှိကြောင်း မူရင်းဝတ္ထုထဲတွင် ရေးသားထားတာ ရှိသည်။ ဇာတ်လမ်းတစ်ပုဒ်သည် လက်တွေ့ဘဝ ဖြစ်လာသကဲ့သို့ပင်။
[ဇာတ်လမ်းအပေါ် သင်၏ သြဇာလွှမ်းမိုးမှုမှာ ပိုမို ထင်ရှားလာပါသည်။]
ထိုအချိန်တွင် စက်ရုံကြီး၏ ဧရာမ လက်မောင်းကြီးက ကျနော့်၏ တိုက်ကွက်ကို တုံ့ပြန်လိုက်သည်။ ထိုရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းက ကျနော့်ခန္ဓာကိုယ်ကို နောက်သို့ လွင့်စင်သွားစေသည်။
[မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက ကောင်းမွန်ပေမဲ့ အနိုင်တော့ မရနိုင်ဘူး။ မင်းက အတုပဲ။]
ကျနော်သည် ပျက်စီးနေသော ကြမ်းပြင်ပေါ်မှ ခန္ဓာကိုယ်ကို ပြန်လည် ထူမတ်လိုက်သည်။
"မင်း ပြောသလိုပဲ။ ငါက ပုန်ကန်သူ မဟုတ်ဘူး။ ဒါပေမဲ့ ပုန်ကန်မှုဆိုတာတော့ ရှိတယ်"
[အဲဒီလိုအရာမျိုးက တည်ရှိမနေဘူး။]
"ဘာလို့ အဲဒီလို ထင်ရတာလဲ။ မင်းကိုယ်တိုင်က အစပိုင်းမှာ ‘ပုန်ကန်သူ’ တစ်ယောက် ဖြစ်ခဲ့လို့လား"
[...]
" ပုန်ကန်မှု ဖြစ်ပွားခဲ့ရင်တောင်မှ အဆုံးမရှိတဲ့ အုပ်ချုပ်မှု သံသရာကပဲ ထပ်ခါတလဲလဲ ဖြစ်နေမယ်လို့ နောက်ဆုံးတော့ ထင်သွားတာလား"
စော်ဘွား စစ်ဝစ်ဇ်၏ ခံစားချက်ကို ကျနော် နားလည်နိုင်ပါသည်။ ‘ပုန်ကန်မှု ဇာတ်ဝင်ခန်း’ ၏ ကြေကွဲဖွယ်ရာများကို ကျနော် ကောင်းကောင်း သိရှိထားသည်။ အဘယ်အရာက ပုန်ကန်သူတစ်ဦးကို ပုန်ကန်သူ ဖြစ်စေသနည်း။
"ကျရှုံးခဲ့တာက မင်းပါ၊ တခြားသူတွေ အားလုံး မဟုတ်ဘူး"
ကြောက်မက်ဖွယ်ကောင်းသော ဇာတ်ဝင်ခန်းများ ရှိသည်။ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်ဝင်ခန်းများ ရှိသည်။ သို့သော်လည်း —
"အဓိပ္ပာယ်မရှိတဲ့ ဇာတ်ဝင်ခန်းဆိုတာ မရှိဘူး။"
မည်မျှပင် အသုံးမကျသော ဇာတ်ဝင်ခန်း ဖြစ်ပါစေ၊ လူသားများသည် ထိုဇာတ်ဝင်ခန်းအတွင်းမှာပင် ရှင်သန်နေထိုင်ကြရသည်။ သူတို့သည် ပျော်ရွှင်ကြသည် သို့မဟုတ် ဝမ်းနည်းကြသည်။ မဖြစ်နိုင်သောအရာများကို ရုန်းကန် အန်တုကြသည်။ တစ်စုံတစ်ယောက် သေဆုံးသွားချိန်တွင် အခြားတစ်ယောက်က တစ်စုံတစ်ဦးကို ကယ်တင်ကြသည်။
ဤသည်က ကျနော် သိထားတဲ့ Ways of Survival ထဲက ဇာတ်ဝင်ခန်းပင်။ ထို့ကြောင့်မလို့လည်း ကျနော်က Ways of Survival ကို ဆက်ပြီး ဖတ်နိုင်ခဲ့ခြင်းသာ။
ကျနော့်ခန္ဓာကိုယ်မှာ လှုပ်ရှားရ ပိုမို ခက်ခဲလာသည်။ အကယ်၍ ကျနော်သာ မူလ ဝတ္ထုအတိုင်း လိုက်နာခဲ့ပါက ဤကဲ့သို့ ဒုက္ခရောက်နေမည် မဟုတ်ပေ။
「 ယူဂျွန်ဟော့က တွေးခဲ့ဖူးသည်။ တကယ်လို့ သူသာ ပုန်ကန်သူက ဘယ်သူလဲဆိုတာ မသိဘူးဆိုရင်၊ ပုန်ကန်သူ ပေါ်မလာမချင်း အားလုံးကို သတ်ပစ်လိုက်ရုံပဲပေါ့။ 」
၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့သည် နောက်ဆုံးတွင် အဆိုးရွားဆုံး ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။ သို့သော် ကျနော်ကတော့ ဤကဲ့သို့ မလုပ်လိုပေ။ ထို့ကြောင့်လည်း ကျနော် ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
စော်ဘွားက နောက်တစ်ကြိမ် ထိုးနှက်လိုက်ရာ ကျနော့်ကျောပြင်ကို ထိမှန်သွားခဲ့သည်။ အားအင်ကုန်ခမ်းနေသော ကျနော့်ထံသို့ စက်ရုံကြီး၏ ဧရာမလက်ကြီးများက ထပ်ခါတလဲလဲ ရောက်ရှိလာသည်။
[မင်းရဲ့ ဇာတ်လမ်းက တော်တော်လေးကို ဆွဲဆောင်မှု ရှိတာပဲ။ ငါ မင်းကို စားပစ်မယ်]
သူသည် ငရဲပြည်သို့ သွားရောက်ကာ ကောင်းမွန်သော ဇာတ်လမ်းများကို မြည်းစမ်းခဲ့သူ ဖြစ်သည်။ ကျနော့်ကို ကြည့်ကာ သူ စိတ်လှုပ်ရှားနေခြင်းမှာ သဘာဝကျလှသည်။ ဧရာမ လက်ကြီးက ကျနော့်ကို ဖမ်းဆွဲတော့မည့် ဆဲဆဲတွင် တစ်စုံတစ်ယောက်က အားကုန်သုံးကာ ကျနော့်ထံသို့ ပြေးဝင်လာပြီး ကျနော့်ကို ပွေ့ဖက်ကာ လှိမ့်ချလိုက်သည်။
ဖုန်မှုန့်များ ထနေသော နေရာတွင် ရင်းနှီးသော အမျိုးသမီးတစ်ဦး ရပ်နေသည်။
"ရှင် ဘာတွေ လုပ်နေတာလဲ"
မြို့ပြကောင်စီ၏ ဥက္ကဋ္ဌ အိုင်လင်းပင် ဖြစ်သည်။ ကျနော်သည် မျက်မှောင်ကြုတ်လျက် နံရံကို အမှီပြုကာ မတ်တပ်ရပ်လိုက်သည်။
"ဖယ်ပေးပါ"
"ရှင် လုပ်နိုင်သလောက် လုပ်ပြီးပြီ"
အိုင်လင်းက မလှုပ်မယှက် ရပ်နေသည်။ အိုင်လင်း၏ ပြတ်သားသော မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် ကျနော့်နှလုံးသား၏ ထောင့်တစ်နေရာမှာ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ခဏလေး၊ မဟုတ်မှလွဲရော ပုန်ကန်သူက...
[ဟားဟားဟား။ ဘယ်မှာ ပုန်းနေတာလဲ။ ကိုယ့်ကိုကိုယ် ပုန်ကန်သူလို့ ကြွေးကြော်နေတဲ့ကောင်]
စော်ဘွား၏ အသံကို ကြားလိုက်ရသောအခါ အိုင်လင်းသည် နောက်သို့ လှည့်ကြည့်လိုက်သည်။ အိုင်လင်း ဘာလုပ်တော့မည်ကို ကျနော် သိရှိသွားပြီး အိုင်လင်းနောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။ အိုင်လင်းသည် စော်ဘွား၏ ရှေ့တွင် ရပ်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည် -
"ပုန်ကန်သူက ဒီမှာဟေ့"
ထိုသူကို ကျနော် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူသည် ကိုယ့်ကိုကိုယ် လက်ညှိုးထိုးပြရင်း အော်ဟစ်နေသည်။
[တစ်စုံတစ်ယောက်က ‘ပုန်ကန်မှု ကြေညာချက်’ ကို ပြုလုပ်လိုက်ပါပြီ။]
သူသည် မြို့ပြကောင်စီဝင်တစ်ဦး ဖြစ်နိုင်သလို၊ ပုန်းအောင်းနေသော မြို့သူမြို့သားတစ်ဦးလည်း ဖြစ်နိုင်လောက်သည်။ ကျနော်သည် ပုန်ကန်သူ၏ အမည် သို့မဟုတ် မျက်နှာကို မသိပေ။ ထိုသူတို့မှာ Ways of Survival ထဲတွင် ထည့်သွင်းဖော်ပြခြင်း မခံရသော ဖြတ်သွားဖြတ်လာ ဇာတ်ပို့များသာ ဖြစ်ကြသည်။
[ဘာ...]
"မဟုတ်ဘူး၊ ကျမကမှ ပုန်ကန်သူပါ"
ယခုတစ်ကြိမ်တွင်မူ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ ဤမျက်နှာများကို ကျနော် မသိပေ။ ထိုအမျိုးသမီးမှာ အော်ဟစ်နေစဉ် တုန်ယင်နေသော်လည်း မားမားမတ်မတ် ရပ်နေဆဲပင်။ ဤသည်မှာ အစပြုခြင်းသာ ဖြစ်ပြီး နေရာအနှံ့အပြားမှ အသံများ ပေါက်ကွဲထွက်ပေါ်လာသည်။
အိုင်လင်းနှင့် မာ့ခ်တို့သည်လည်း ထို့အတူပင်။ မြို့သူမြို့သားများသာ မကပေ။ အိမ်ထဲတွင် ပုန်းအောင်းနေကြသော ကိုယ်စားလှယ်များစွာသည်လည်း အော်ဟစ်လာကြသည်။ သူတို့သည် လက်နက်များကို ကိုင်ဆောင်ကာ မတားဆီးနိုင်သော အရှိန်အဟုန်ဖြင့် ကြွေးကြော်နေကြသည်။
"ငါက ပုန်ကန်သူပဲ။ ငါ့ကို သတ်လိုက်"
လက်နက်ကိုင်ဆောင်ထားသော မြို့သူမြို့သားများ၏ အမူအရာမှာ အလွန်ပင် စိတ်အားထက်သန်နေကြသည်။ လက်နက်အမျိုးမျိုး ကိုင်ဆောင်ထားသော မြို့သူမြို့သား အမြောက်အမြားမှာ လှိုင်းလုံးကြီးတစ်ခုအလား စက်ရုံကြီးဆီသို့ ချီတက်လာကြသည်။ ကျနော် အလွန်အမင်း စိတ်လှုပ်ရှားသွားသောကြောင့် ယိမ်းယိုင်သွားခဲ့သည်။
「 ဤမြင်ကွင်းမှာ ယူဂျွန်ဟော့ ရှင်သန်ခဲ့သော Ways of Survival ထဲတွင် မတွေ့ရှိခဲ့ရသော မြင်ကွင်းတစ်ခုပင်။ 」
နှမြောစရာကောင်းလှသည်။ ကျနော်သည် ၁၁၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ယူဂျွန်ဟော့ကို ဤမြင်ကွင်းအား ပြသချင်မိ၏။ အကယ်၍ သူသာ ဤအရာကို မြင်တွေ့ခဲ့ပါက သူသည် ကွဲပြားသော ရွေးချယ်မှုတစ်ခုကို သေချာပေါက် ပြုလုပ်ခဲ့ပေလိမ့်မည်။
ထိုအခိုက်အတန့်မှာပင်။
"ငါက ပုန်ကန်သူ ယူဂျွန်ဟော့ပဲ"
"ငါက ယူဂျွန်ဟော့ပဲ"
"မဟုတ်ဘူး။ ငါက…."
...ဘာတွေလဲဟ။ မဟုတ်သေးဘူး။ ခဏနေဦး။
သူတို့ ဘာတွေ တွေးနေကြတာလဲ။ ယခုအခါ လူများသည် ‘ပုန်ကန်သူ’ ဟူသော အမည်အစား အမည်တစ်ခုကိုသာ ကြွေးကြော်နေကြသည်။ စက်မှုဇုန်တစ်ခုလုံးတွင် ရေတွက်၍မရနိုင်သော ယူဂျွန်ဟော့များ ရှိနေကြသည်။
[တစ်စုံတစ်ယောက်က ‘ယူဂျွန်ဟော့ ကြေညာချက်’ ကို ပြုလုပ်လိုက်ပါပြီ။]
မဟုတ်ဘူး... ခဏနေဦး။
[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ အောင်မြင်မှုစနစ်မှာ ဝေခွဲမရ ဖြစ်နေပါသည်။]
တစ်ချိန်တည်းမှာပင်။
ပခုံးပေါ်တွင် အရုပ်မလေးတစ်ရုပ် တင်ထားပြီး မဟူရာ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် စက်မှုဇုန်သို့ ရောက်ရှိလာသည်။ ထိုအမျိုးသားသည် စက်မှုဇုန်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
"...ဒါက ကင်ဒေါ့ဂျာ ရှိနေတဲ့ နေရာလား"
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် ရှက်သွေးဖြန်းလျက် ခေါင်းငြိမ့်ပြနေပါသည်။]
***