ယူဂျွန်ဟော့သည် ‘လျှို့ဝှက်လှုပ်ရှားမှု’ နှင့် ‘ကိုယ်ပျောက်ဝတ်ရုံ’ ကို အသုံးပြု၍ စက်မှုဇုန်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
[သင်သည် ပင်မဇာတ်ဝင်ခန်း နယ်မြေအသစ်သို့ ဝင်ရောက်လာပါပြီ။]
မိစ္ဆာနယ်မြေ၏ စက်မှုဇုန်။ သူသည် ဒုတိယအကြိမ် နောက်ပြန်ဆုတ်စဉ်က မိစ္ဆာနယ်မြေသို့ လာရောက်ဖူးသော်လည်း ဤတစ်ခေါက်နောက်ပြန်ဆုတ်မှုအတွင်း ရောက်ရှိလာခြင်းမှာမူ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
သူသည် ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ ဝေ့ဝိုက်ကြည့်ရှုလိုက်ရာ ထိုနယ်မြေတွင် လှည့်လည်သွားလာနေကြသော မြို့သူမြို့သားများကို မြင်တွေ့ရသည်။ သူတို့၏ မျက်နှာများတွင် ဇာတ်ဝင်ခန်းကို စွန့်လွှတ်လိုက်ကြပြီး ကမ္ဘာကြီးအပေါ် စိတ်ပျက်အားငယ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။
ထိုမြင်ကွင်းမှာ ယူဂျွန်ဟော့အနေဖြင့် အခြားသူများနှင့် သံယောဇဉ် တွယ်ရန် ခဲယဉ်းရသည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။ သူသည် ထိုသို့သော စိတ်ပျက်အားငယ်မှုမျိုးကို မဝေမျှလိုပေ။ ဤခံစားချက်မှာ နောက်ပြန်ဆုတ်သူတစ်ဦးအတွက် အဆိပ်အတောက်အဖြစ်ဆုံး စိတ်ခံစားမှုတစ်ခု ဖြစ်ပေသည်။
'ငါ ထင်ထားတာထက် ပိုငြိမ်နေပါလား။ ကင်ဒေါ့ဂျာကြောင့် နယ်မြေတစ်ခုလုံး ဗရုတ်သုတ်ခတွေ ဖြစ်နေမယ်လို့ ထင်ထားတာ'
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုလိုက်သော်လည်း ကင်ဒေါ့ဂျာဟု ထင်ရသူကို မတွေ့ရပေ။ ကင်ဒေါ့ဂျာသာ ရှိနေပါက သူ၏ ပုံမှန်မဟုတ်သော အပြုအမူများကြောင့် အလွယ်တကူ သတိပြုမိနိုင်ပေလိမ့်မည်။
ယူဂျွန်ဟော့သည် ကင်ဒေါ့ဂျာ အမှန်တကယ် အသက်ရှင်လျက် ရှိမရှိကိုပင် တွေးတောမိသွားသည်။
"...စိတ်ရှုပ်စရာပဲ။ အရမ်းကြီးလွန်းနေတယ်"
[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင်သည် မလိုအပ်သော စွန့်လွှတ်အနစ်နာခံမှုမျိုး မပြုလုပ်ရန် မျှော်လင့်နေပါသည်။]
သူသည် ခေါင်းကို လှည့်ကြည့်လိုက်ရာ ပါးဖောင်းနေသော ယူရီအယ် အရုပ်လေးကို မြင်လိုက်ရသည်။ ယူဂျွန်ဟော့သည် သက်ပြင်းသဲ့သဲ့ ချလိုက်ရင်း ပတ်ဝန်းကျင်ကို အာရုံစူးစိုက်ကာ ကြည့်ရှုလိုက်သည်။ သူသည် နတ်ခေါင်ချုပ်၏ ကိုယ်စားပြု ခန္ဓာကိုယ်နှင့်အတူ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သောကြောင့် သူ၏ လုပ်ဆောင်ချက်များမှာ အကန့်အသတ် ရှိနေသည်။
'မြို့သူမြို့သား တစ်ယောက်ယောက်ကို ဖမ်းမေးရင် ကောင်းမလား...'
သူသည် အာရုံများကို စုစည်းလိုက်စဉ် မြို့သူမြို့သားများအကြား ပုန်းအောင်းနေသော မဟူရာစွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ ထိုစွမ်းအင်မှာ မိစ္ဆာများ၏ ဝိသေသလက္ခဏာပင် ဖြစ်သည်။ အကယ်၍ မိစ္ဆာတစ်ဦး ဖြစ်နေပါက နတ်ခေါင်ချုပ်အနေဖြင့် ဘာမှ ပြောစရာ ရှိတော့မည် မဟုတ်ပေ။
'သူတို့ဆီမှာ သတင်းအချက်အလက် အများကြီး ရှိနေမှာပဲ'
ဟုတ်ပေသည်။ မိစ္ဆာတစ်ဦးမှာ အင်အားကြီးမားလှသည်။ သို့သော်လည်း ယူဂျွန်ဟော့မှာမူ အဆင့်ကျော်လွန်သူတစ်ဦး ဖြစ်၏။ သူသည် သူ၏ ထောက်ပံ့သူထံမှ စွမ်းအားကို ငှားရမ်းခြင်း မပြုဘဲ ဤနယ်ပယ်သို့ တက်လှမ်းလာနိုင်ခဲ့သူ ဖြစ်သည်။ နက္ခတ်တစ်ခုနှင့် အဆင့်တူညီသူ မဟုတ်ပါက ယူဂျွန်ဟော့ကို ခြိမ်းခြောက်နိုင်သူ အလွန်နည်းပါးလှ၏။
'ဟိုတစ်ယောက်ကိုဖမ်းမေးရင် အဆင်ပြေလောက်မယ်ထင်တယ်'
ယူဂျွန်ဟော့သည် စီးဆင်းနေသော ရေကဲ့သို့ပင် အရိပ်များအကြား လှုပ်ရှားသွားပြီး သူ အလိုရှိသော ပစ်မှတ်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသည်။ လန့်ဖျန့်သွားသော မိစ္ဆာအမတ်မှာ အော်ဟစ်ရန် ကြိုးစားသော်လည်း ယူဂျွန်ဟော့က စွမ်းအင်ကို အရင်ဆုံး အသက်သွင်းလိုက်သည်။
[သီးသန့်စွမ်းရည် ‘အသံလှိုင်းတားဆီးခြင်း’ အဆင့် ၁၀ အသက်ဝင်လာပါပြီ။]
မိစ္ဆာအမတ်၏ လည်ပင်းမှာ အဖမ်းခံလိုက်ရသည်။ ယူဂျွန်ဟော့က ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။
"အခုကစပြီး ငါ့မေးခွန်းတွေကို သေသေချာချာ ဖြေမယ်ဆိုရင် မင်းကို အသက်ချမ်းသာပေးမယ်"
အမှန်စင်စစ် သူသည် မိစ္ဆာကို အသက်ချမ်းသာပေးရန် ရည်ရွယ်ချက် မရှိသော်လည်း ဤသို့သာ ပြောလိုက်ခြင်း ဖြစ်သည်။ ဤသို့ပြောခြင်းက ပိုမို ထိရောက်ကြောင်းကို သူ၏ အတွေ့အကြုံများအရ သိရှိထားသောကြောင့်ပင်။
ဇဝေဇဝါ ဖြစ်နေသော မိစ္ဆာအမတ်က အော်ဟစ်လိုက်သည်။
"မင်း... မင်းက ဘယ်သူလဲ..."
"အားးးး။ အဲဒါက..."
ရက်ရက်စက်စက် တိုက်ခိုက်မှုများက မိစ္ဆာအမတ်ထံသို့ ကျရောက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ခဏချင်းအတွင်းမှာပင် စုတ်ပြတ်သတ်သွားခဲ့သည်။ မိစ္ဆာအမတ်သည် မဟူရာသွေးများကို အန်ထုတ်ရင်း ကျိန်ဆဲမှု အမျိုးမျိုးကို ပြုလုပ်နေခဲ့သည်။ သို့သော်လည်း ငါးမိနစ်မပြည့်မီမှာပင် သူ၏ လေသံမှာ ပြောင်းလဲသွားခဲ့သည်။
"မေး... မေးပါ။ မင်း သိချင်တာ အကုန်မေးပါ"
ထိုအခါမှ ယူဂျွန်ဟော့က မေးခွန်းစလိုက်သည်။
"ကင်ဒေါ့ဂျာ..."
ယူဂျွန်ဟော့ စကားပြောနေရင်းမှ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ ‘ကင်ဒေါ့ဂျာ’ သည် ဤနေရာတွင် သူ၏ အမည်ရင်းကို သေချာပေါက် ထုတ်ပြောလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယူဂျွန်ဟော့က မေးခွန်းကို ပြောင်းလဲလိုက်သည်။
"ယူဂျွန်ဟော့ ဘယ်မှာလဲ"
[တစ်စုံတစ်ယောက်က ‘ယူဂျွန်ဟော့ ကြေညာချက်’ ကို ပြုလုပ်လိုက်ပါပြီ။]
မြောက်မြားလှစွာသော မြို့သူမြို့သားများက ‘ယူဂျွန်ဟော့’ ဟူသော အမည်ကို အော်ဟစ်နေကြသည်။ စက်မှုဇုန်တစ်ခုလုံး ‘ယူဂျွန်ဟော့’ များဖြင့် ပြည့်နှက်သွားသကဲ့သို့ပင်။ ကျနော် သတိပြန်ကပ်ကြည့်လိုက်မိချိန်တွင် စက်ရုံကြီးဆီသို့ ချီတက်နေကြသော ရေတွက်၍မရသည့် ‘ယူဂျွန်ဟော့’ များကို မြင်တွေ့လိုက်ရသည်။
"ငါက ယူဂျွန်ဟော့ပဲ"
"ငါက အစစ်အမှန် ယူဂျွန်ဟော့ကွ"
ကျနော်သည်လည်း သူတို့ကြားထဲတွင် လှုပ်ရှားသွားလာရင်း လက်တစ်ဖက်ကို မြှောက်လိုက်သည်။
"ယူဂျွန်ဟော့…ဝိုး..."
ယူဂျွန်ဟော့သာ ဤမြင်ကွင်းကို မြင်လိုက်ရရင် သိပ်ကောင်းမှာပဲ။
သူသာ ဤနေရာမှာ ရှိနေခဲ့လျှင် ဘယ်လိုမျက်နှာထားမျိုး ဖြစ်နေမလဲဆိုသည်ကို ကျနော် သိချင်မိသည်။
[‘ပုန်ကန်သူ ယူဂျွန်ဟော့’ ၏ အမည်မှာ ၇၃ ခုမြောက် မိစ္ဆာနယ်မြေအတွင်း ကျယ်ပြန့်စွာ ပျံ့နှံ့နေပါသည်။]
ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ဆိုသည်မှာ ဇာတ်လမ်းများ၏ ကမ္ဘာပင် ဖြစ်သည်။ ဤနေရာရှိ မြို့သူမြို့သား အမြောက်အမြားက ယူဂျွန်ဟော့၏ အမည်ကို ဟစ်ကြွေးနေကြသောကြောင့် သူသည် အတော်အတန် အဆင့်ရှိသော ဇာတ်လမ်းများကို ရရှိနေပေလိမ့်မည်။ မြို့သူမြို့သားတွေ ဘာစိတ်ကူးပေါက်ပြီး ထအော်နေကြမှန်း ကျနော်မသိသော်လည်း သူကတော့ဖြင့် အလျှံပယ် စားသုံးနေရချေပြီ။
ထိုစဉ် ထူးဆန်းသော မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရသည်။
[သင်၏ ကျော်ကြားမှု မြင့်တက်လာနေပါသည်။]
ဟင်
[၇၃ ခုမြောက် မိစ္ဆာနယ်မြေအတွင်း ‘ကင်ဒေါ့ဂျာ’ ၏ ကျော်ကြားမှုမှာ လျင်မြန်စွာ မြင့်တက်နေပါသည်။]
မက်ဆေ့ချ်များမှာ ဆက်တိုက် ထွက်ပေါ်နေသည်။
...ဒါက ဘယ်လို အခြေအနေကြီးလဲ။ ငါက ငါ့နာမည်ကို တစ်ခါမှ ထုတ်မပြောခဲ့ဘူးလေ
[ဒီ... ဒီအသုံးမကျတဲ့ကောင်တွေကတော့ကွာ...]
တစ်ဖက်တွင်မူ စော်ဘွား စစ်ဝစ်ဇ်သည် အလုံးအရင်းနှင့် တက်လာသော လူအုပ်ကြီးကြောင့် ဝေခွဲမရ ဖြစ်နေသည်။
[နောက်ဆုံး ကွပ်မျက်သူ သေဆုံးသွားပါပြီ။]
[စော်ဘွား စစ်ဝစ်ဇ်၏ ‘အုပ်စိုးသူ’ အာနိသင် ရပ်ဆိုင်းသွားပါပြီ။]
ထိုအခါမှ ဂျန်ဟာယောင်းသည် သူ၏ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကျနော် သိလိုက်ရသည်။
[စက်မှုဇုန်အတွင်းရှိ ကွပ်မျက်သူအားလုံး သေဆုံးသွားပါပြီ။]
[စက်မှုဇုန်အတွင်းရှိ လူတိုင်းသည် အုပ်စိုးသူအား ‘စီရင်ပိုင်ခွင့်’ ရရှိသွားပါပြီ။]
[ယခုအချိန်မှစ၍ ‘ပုန်ကန်မှုည’ စတင်ပါပြီ။]
ပုန်ကန်မှုည။ မြို့သူမြို့သားများသည် သူတို့ဘဝတွင် ပထမဆုံးအကြိမ် ကြားဖူးသည့် ဤမက်ဆေ့ချ်ကြောင့် စိတ်လှုပ်ရှားနေကြသည်။ စော်ဘွားကို စီရင်ပိုင်ခွင့်။ သူတို့တွင် အုပ်စိုးသူကို တိုက်ရိုက် အပြစ်ပေးနိုင်သည့် စွမ်းအား ရှိလာခဲ့ပြီ ဖြစ်သည်။
"ယေး…. သွားကြမယ်ဟေ့"
ကျောက်ဆောင်များကို ရိုက်ခတ်သည့် လှိုင်းလုံးကြီးများကဲ့သို့ပင် မြို့သူမြို့သားများသည် စက်ရုံကြီးဆီသို့ စုပြုံတိုးဝှေ့သွားကြသည်။ မြို့သူမြို့သားများမှာ သွေးသံရဲရဲ ဖြစ်နေပြီး များစွာသော လူတို့မှာ စက်ရုံကြီး၏ နင်းခြေခြင်းကို ခံနေရသော်လည်း ထိုသို့ဖြစ်နေခြင်းကပင် မြို့သူမြို့သားတို့၏ စိတ်ဓာတ်ကို ပိုမို တောက်လောင်စေခဲ့သည်။
"ဒါကို ဖျက်ဆီးပစ်ကြ"
ဤသံပုံကြီးကို ဖျက်ဆီးပစ်ရုံသာ လိုအပ်သည်ဟု မြို့သူမြို့သားများက တွေးနေကြသည်။ ဤသံမဏိ တံတိုင်းကို ကျော်ဖြတ်နိုင်ရုံနှင့် စော်ဘွားကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်နိုင် ပေလိမ့်မည်။
「 သို့သော် မြို့သူမြို့သားများ မသိရှိကြသည်မှာ - ဤစက်ရုံကြီးသည် ဤပုန်ကန်မှု၏ အကြီးမားဆုံးသော အတားအဆီး ဖြစ်နေခြင်းပင်။ 」
ဧရာမ ကြိတ်စက်ကြီးက စတင် လည်ပတ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့သူမြို့သားများမှာ အပိုင်းပိုင်း ပြတ်တောက်သွားကြသည်။
"အားးးးး"
"နောက်ဆုတ်ကြ"
ပုန်ကန်မှု ဇာတ်ဝင်ခန်းတွင် ပုန်ကန်မှုည ဆိုသည်မှာ စော်ဘွား အားအနည်းဆုံး အချိန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စက်မှုဇုန်ရှိ မြို့သူမြို့သားတိုင်း စော်ဘွားကို သတ်နိုင်သည့် စွမ်းအား ရရှိသွားသောကြောင့်ပင်။ သို့သော်လည်း ကန့်သတ်ချက်များ ရှိနေ၏။ စော်ဘွားသည် စက်ရုံကြီးအတွင်းမှ ထွက်လာရန် လိုအပ်သည်။
"ချီး။ ဒါက အရမ်းမာလွန်းတယ်"
စက်ရုံကြီး၏ အခွံမှာ မည်မျှပင် ထုရိုက်ပါစေ ပျက်စီးသွားခြင်း မရှိပေ။ စော်ဘွားက ရယ်မောလိုက်သည်။
[မိုက်မဲလိုက်ကြတာ]
တစ်ချိန်က သူသည်လည်း ပုန်ကန်သူ တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ဤကဲ့သို့သော နေ့ရက်မျိုးအတွက် ဘယ်သောအခါမှ မတွေးထားခဲ့ပေ။ ပုန်ကန်မှုည ဆိုသည်မှာ စော်ဘွားတစ်ဦးအတွက် အန္တရာယ်အရှိဆုံး အချိန်ဖြစ်သည်။ သို့သော်လည်း စက်ရုံကြီးထဲက ထွက်မလာသရွေ့ စော်ဘွားသည် အကြွင်းမဲ့ လုံခြုံနေပေလိမ့်မည်။
[ဒီစက်ရုံကို ဖျက်ဆီးနိုင်တဲ့အရာ ဘာမှ မရှိဘူး]
ထို့ကြောင့်ပင် စော်ဘွားသည် သူ၏ စက်ရုံကို ကမ္ဘာပေါ်တွင် အမာကျောဆုံး ပုံစံဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ စက်ရုံကို ငရဲပြည်ရှိ ဘီလူးစစ်သည်တော်ကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဤဇာတ်လမ်း လက်နက်ကို မြို့သူမြို့သားများ၏ စွမ်းအားနှင့် ဖျက်ဆီးရန်မှာ မဖြစ်နိုင်ပေ။
စော်ဘွား၏ လှုပ်ရှားမှုများတွင် ကရုဏာတရား အနည်းငယ်မျှ မပါချေ။ ကြိတ်စက်ကြီး လှုပ်ရှားလိုက်တိုင်း မြို့သူမြို့သားများ၏ ခန္ဓာကိုယ်များမှာ အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်။ ကောင်းကင်ယံမှ သွယ်ဝိုက်သော မက်ဆေ့ချ်များမှာ မိုးရေစက်များကဲ့သို့ ရွာသွန်းလာသည်။
[‘နုဗာရစ်ချ် ဆရာမြွေကြီး’ နက္ခတ် သည် သွေးချောင်းစီးနေသော စစ်မြေပြင်တွင် ယစ်မူးနေပါသည်။]
[‘လက်သည်းစား ကြွက်’ နက္ခတ် သည် လူသတ်ပွဲကြောင့် စိတ်လှုပ်ရှားနေပါသည်။]
မြို့သူမြို့သားများ၏ တပ်စုများ ပြိုကွဲသွားသည်နှင့်အမျှ ဒင်္ဂါး မက်ဆေ့ချ်များမှာလည်း တရစပ် ဝင်လာသည်။
ဖျက်ဆီး၍မရနိုင်သော ခိုင်မာသည့် အပြင်ဘက်တံတိုင်းကြီးရှေ့တွင် ပုန်ကန်မှုကြီးမှာ ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။
"အိုင်လင်း။ အားလုံး အဆင်သင့်ဖြစ်ပြီလား"
"ယာယီ ပြုပြင်တာတွေတော့ ပြီးသွားပြီ။ ဒါပေမဲ့ တိုက်ပွဲက..."
"ရပါတယ်။ ငါ တစ်ကြိမ်လောက် လှုပ်ရှားဖို့ပဲ လိုတော့တာပါ"
ကျနော်က ခပ်ပြတ်ပြတ်ပင် ပြန်ပြောကာ မတ်တပ်ရပ်လိုက်သည်။ ဤသည်က ဇာတ်လမ်းပြုပြင်မှုဖြင့် ကျနော် တောင့်ခံနိုင်သည့် အကန့်အသတ်ပင် ဖြစ်ပေလိမ့်မည်။
[ဘယ်မှာ ပုန်းနေကြတာလဲ။ မာနထောင်လွှားတဲ့ ပုန်ကန်မှု ကြေညာချက်ကို နောက်တစ်ခါ ထပ်ရွတ်ပြကြစမ်းပါဦး]
စော်ဘွား၏ အသံကို နားထောင်ရင်း ရှေ့သို့ ကျနော်တိုးထွက်လိုက်သည်။ ‘မကျိုးပဲ့နိုင်သောယုံကြည်မှု’ဓါး ကို မြဲမြံစွာ ဆုပ်ကိုင်လျက် ခြေတစ်လှမ်းချင်း လှမ်းလာခဲ့သည်။ လွန်ကဲသော ဖြစ်နိုင်စွမ်း အသုံးပြုမှုကြောင့် စက်ရုံကြီး၏ အပြင်ဘက်အခွံ ပတ်ပတ်လည်တွင် လျှပ်စစ်မီးပွားများ ထွက်ပေါ်လာသည်။ စက်ရုံကြီးသည် သိသာထင်ရှားစွာပင် ဇာတ်ဝင်ခန်း၏ ပြင်ပမှ စွမ်းအားတစ်ခု ဖြစ်နေသည်။ တရားမျှတမှုမရှိသော ဤဇာတ်ဝင်ခန်းကို ထောက်ပံ့နေကြသူများမှာ နက္ခတ်များပင် ဖြစ်သည်။
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - တကယ်လို့ စော်ဘွားက ဇာတ်ဝင်ခန်းပြင်ပက စွမ်းအားနဲ့ လူတွေကို နှိပ်စက်နေတာဆိုရင် ငါလည်း အဲဒီလို လုပ်နိုင်ရမှာပဲ 」
"ဘီယူ"
ပုန်းအောင်းနေသော ဘီယူသည် [ဘတ်] ဟူသော အသံနှင့်အတူ ထွက်ပေါ်လာသည်။
"ရုပ်သံလိုင်းရဲ့ လှိုင်းနှုန်းကို ငရဲပြည်အထိ ချဲ့လိုက်စမ်း"
ယခုလက်ရှိ ဘီယူအတွက်မူ ဤသည်မှာ ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း ဤသို့မလုပ်ဆောင်ပါက ကျနော် ဤနည်းလမ်းကို အသုံးပြုနိုင်မည် မဟုတ်ပေ။
"နင် လုပ်နိုင်မလား"
ဘီယူသည် ပင်ပန်းနွမ်းနယ်နေပုံ ရသော်လည်း ခေါင်းငြိမ့်ပြရှာသည်။
[ဘတ်]
ဤသည်မှာ အမှန်တကယ်ပင် နောက်ဆုံးလက်နက် ဖြစ်သည်။ ကျနော် ငရဲပြည်သို့ ဒုတိယအကြိမ် ရောက်ရှိခဲ့စဉ်က မှတ်ဉာဏ်များကို ပြန်လည် အမှတ်ရမိသည်။
— ဒါက ဧရာမ စစ်သည်တော်တစ်ယောက်ကို ဖန်တီးဖို့အတွက် သော့ချက်ပဲ။ နားလည်လား။
— အိုး... ဒီလိုကိုး။ ဟေ့... တကယ် ကျေးဇူးတင်ပါတယ်။
— ကောင်းပြီလေ။ တကယ် ကျေးဇူးတင်တယ်ဆိုရင် ထုတ်လုပ်သူနေရာမှာ ငါ့နာမည်ကို ထည့်ပေးပါ။
ကျနော်သည် ဤဇာတ်လမ်းလက်နက်ကို ယခုအချိန်အထိ အသုံးမပြုခဲ့ခြင်းမှာ ထိုလက်နက်သည် အလွန်ကြီးမားသော ဖြစ်နိုင်စွမ်းကို ဝါးမျိုသောကြောင့် ဖြစ်၏။ ထိုဇာတ်လမ်းလက်နက်သည် ဆင့်ခေါ်လိုက်ရုံမျှဖြင့် ဖြစ်နိုင်စွမ်း မုန်တိုင်းကို ဖြစ်ပေါ်စေနိုင်သည့် လက်နက်မျိုး ဖြစ်သည်။ ထို့ကြောင့် ‘ဂိုင်ဂန်တိုမာခီယာ’ ဇာတ်ဝင်ခန်း မဟုတ်ပါက ဤလက်နက်မှာ ဖြစ်နိုင်စွမ်းအားဖြင့် ကန့်သတ်ခံထားရလေသည်။ ကျနော့်တွင် အစွမ်းထက်ဆုံးသော ဓါး ရှိနေလျှင်ပင် ဤလက်နက်ကို ဆင့်ခေါ်ရန်မှာ မဖြစ်နိုင်ပေ။
"ရွှေခေါင်းကွင်း၏အကျဉ်သား"
သို့သော် ကျနော် တစ်ယောက်တည်း မဟုတ်ပါက ဇာတ်လမ်းမှာ အနည်းငယ် ပြောင်းလဲသွားပေလိမ့်မည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
"ကျနော့်ကို ကူညီပေးပါဦး"
ကောင်းကင်တစ်မျှ မဟာပညာရှိ၏ အကူအညီနှင့်ပင် ထိုလက်နက်ကို ဆင့်ခေါ်နိုင်ရုံသာ ရှိသေးသည်။ သို့သော်လည်း ထိုလက်နက်ကို ဆင့်ခေါ်နိုင်ရုံမျှဖြင့် ကျနော် အနိုင်ရရှိနိုင်လေသည်။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က ဤသည်မှာ ဇာတ်ဝင်ခန်း၏ တရားမျှတမှုကို ဆန့်ကျင်နေသည်ဟု ဆိုပါသည်။]
"ကျနော်က ဒီဇာတ်ဝင်ခန်းကို ပြောင်းလဲပစ်ချင်လို့ပါ"
ကျနော် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး လျှပ်စစ်မီးပွားများ ပျံ့လွင့်နေသော စက်ရုံကြီးကို လှမ်းကြည့်လိုက်သည်။ မြို့သူမြို့သားများသည် စီရင်ပိုင်ခွင့်များကြောင့် အစွမ်းတိုးလာနိုင်သော်လည်း စော်ဘွားကိုမူ လက်ဖျားနှင့်ပင် မထိနိုင်ကြသေးပေ။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက စက်မှုဇုန်ရှိ လူဦးရေအားလုံးမှာ နောက်ထပ် မိနစ်အနည်းငယ်အတွင်း သုတ်သင်ခံရပေလိမ့်မည်။
"ပြီးတော့ ဒီဇာတ်ဝင်ခန်းက တရားမျှတမှု မရှိတော့တာ တော်တော်ကြာနေပြီ မဟုတ်ဘူးလား"
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် စိတ်အနှောင့်အယှက် ဖြစ်နေပါသည်။]
ချီး။ ငါတို့ နည်းနည်း ပိုပြီးရင်းနှီးသွားပြီလို့ ထင်ထားတာ။
မူလကပင် ကောင်းကင်တစ်မျှ မဟာပညာရှိသည် ဤကဲ့သို့သော ကိစ္စရပ်များတွင် အလွယ်တကူ ပါဝင်ပတ်သက်တတ်သူ မဟုတ်ပေ။ သူ ကျနော့်စကားကို နားထောင်နေခြင်းမှာပင် အံ့ဖွယ်တစ်ခု ဖြစ်နေနိုင်ပါသည်။
"ဒီကောင်တွေကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား။ သူတို့က ဖြစ်နိုင်စွမ်းကို အရင်ဆုံး လုယူခဲ့တဲ့သူတွေလေ"
[‘နုဗာရစ်ချ် ဆရာမြွေကြီး’ နက္ခတ်သည် ရောထွေးနေသော အခြေအနေကြောင့် ဝမ်းမြောက်နေပါသည်။]
"သူတို့ကို တားဆီးဖို့ ဒီမှာ ဒိုကဲဘီတွေလည်း မရှိဘူး"
ကောင်းကင်တစ်မျှ မဟာပညာရှိသည် တိတ်ဆိတ်နေသည်။ ပြန်စဉ်းစားကြည့်လျှင် သူသည် ‘ဘုရင်မဲ့ကမ္ဘာ၏ဘုရင်’ ဇာတ်လမ်းစဉ်အတွင်းမှာပင် ကျနော့်ကို ဖြစ်နိုင်စွမ်း ငှားရမ်းပေးခဲ့ခြင်း မရှိပေ။ နောက်ဆုံးတွင် ကျနော်သည် တားမြစ်ချက်တစ်ခုကို ချိုးဖောက်လိုက်ရတော့သည်။
"အစောပိုင်းက ထူးဆန်းတဲ့ မက်ဆေ့ချ်တစ်ခု လက်ခံရရှိခဲ့သေးလား"
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင် ဘာကို ဆိုလိုသနည်းဟု မေးမြန်းနေပါသည်။]
"ကျနော်လည်း အသေးစိတ်တော့ မသိဘူး၊ ဒါပေမဲ့ ပျောက်ဆုံးနေတဲ့ အမွေးအမျှင်တွေအကြောင်းလို့ ထင်တာပဲ —"
ကောင်းကင်ယံမှ ထစ်ချုန်းနေသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းမှာ ကောင်းကင်တစ်မျှ မဟာပညာရှိ၏ အမျက်ဒေါသပင် ဖြစ်သည်။
ကျနော်က ထိုအမျက်ဒေါသကို ပြန်လည် အော်ဟစ်လိုက်သည်။
"ဟုတ်တယ်။ အဲဒါကို ပို့လိုက်တဲ့သူတွေက သူတို့ပဲ"
[‘နုဗာရစ်ချ် ဆရာမြွေကြီး’ နက္ခတ်က သင့်ကို အံ့အားသင့်စွာ စိုက်ကြည့်နေပါသည်။]
[‘လက်သည်းစား ကြွက်’ နက္ခတ်သည် မျှော်လင့်မထားသော အခြေအနေကြောင့် လက်သည်းများကို ကိုက်နေပါသည်။]
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် အလွန်အမင်း ဒေါသထွက်နေပါသည်။]
ထိုခဏမှာပင် ကျနော့်အိတ်ကပ်ထဲတွင် ကျန်ရှိနေသော ကောင်းကင်တစ်မျှ မဟာပညာရှိ၏ အမွေးအမျှင်မှာ လေထဲသို့ ပျံတက်သွားသည်။ ကျနော်က သက်ပြင်းတစ်ချက်ချရင်း ပြန်ပြောလိုက်သည်။
"...ကျနော် ဒါကို ကောင်းကောင်း အသုံးချပါ့မယ်"
ကျနော်သည် ထိုအမွေးအမျှင်ကို ဆုပ်ကိုင်လိုက်ရာ ထဲထဲဝင်ဝင် စုစည်းနေသော ဇာတ်လမ်းတစ်ပုဒ်၏ စွမ်းအားကို ခံစားလိုက်ရသည်။ ထိုအမွေးအမျှင်ထဲတွင် မွေးရာပါ စွမ်းအင်များ ပါရှိနေသည်။ ကောင်းကင်တစ်မျှ မဟာပညာရှိ၏ အစွမ်းကို တိုင်းတာရန် ကျနော့်အတွက် ခက်ခဲလှသည်။ အရေးကြီးဆုံးအချက်မှာ...
ကျနော် ခေတ္တမျှ တွေဝေသွားပြီးမှ ကောင်းကင်ယံကို ကြည့်ကာ ‘စတင်ခြင်း စကားလုံးများ’ ကို ရွတ်ဆိုလိုက်သည်။
"... အိပ်မောကျနေသော ဘီလူးကြီးကို ခုတ်ဖြတ်ရန် ဒီဇိုင်းထုတ်ထားသည့် ဓါး"
ကျနော် ပထမဆုံး စကားလုံးများကို စတင်ရွတ်ဆိုလိုက်သည်နှင့် ကောင်းကင်ယံ၏ အရောင်မှာ ပြောင်းလဲလာသည်။ တိမ်တိုက်များသည် ပုံမှန်မဟုတ်သော လက္ခဏာများကို ပြသနေပြီး နိမိတ်မကောင်းသော အရှိန်အဝါအသစ်တစ်ခုက ညကောင်းကင်ယံကို လွှမ်းမိုးသွားသည်။
[မိစ္ဆာနယ်မြေ၏ နက္ခတ်များသည် သင်၏ တည်ရှိမှုကို သတိပြုမိသွားပါပြီ။]
ဟုတ်ပေသည်။ ကျနော် အမိခံလိုက်ရပြီ ဖြစ်သည်။ သတိမပြုမိပါက ပို၍ပင် ထူးဆန်းနေပေလိမ့်မည်။ သို့သော်လည်း မတတ်နိုင်ပေ။ ပါစီဖုန်းနှင့် ဟေးဒီးစ်တို့က ကျနော့်ကို ကြည့်ရှုစောင့်ရှောက်ပေးလိမ့်မည်ဟု ကျနော် မျှော်လင့်မိသည်။
"ကဲ... ဒီကို ဆင်းသက်ခဲ့တော့"
အရောင်ပြောင်းနေသော ကောင်းကင်ကြီးမှာ နှစ်ခြမ်းကွဲသွားသည်။ ထိုအက်ကြောင်းကြားတွင် ဧရာမ မျက်လုံးနှစ်လုံးက ကျနော့်ကို စိုက်ကြည့်နေသည်။
[ဧရာမ စစ်သည်တော် ‘ပလူတို’ သည် သင်၏ ဆင့်ခေါ်မှုကို တုံ့ပြန်လိုက်ပါသည်။]
ပြင်းထန်လှသော ဖြစ်နိုင်စွမ်း လျှပ်စီးမီးစများက ကျနော့်ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။ ကျနော်သည် လျှပ်စစ်လိပ်ပြာတစ်ကောင်ကဲ့သို့ တွန့်လိမ်သွားပြီး ကျနော့်မျက်လုံးများမှ သွေးနီရောင်များ စီးကျလာသည်။ ကျနော် အော်ဟစ်ချင်သော်လည်း အော်ဟစ်ခွင့်ပင် မပေးသော နာကျင်မှုမျိုး ဖြစ်နေ၏။
[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် သင်၏ ဖြစ်နိုင်စွမ်းကို ခွဲဝေယူနေပါသည်။]
ကျနော့်၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်မှာ ချက်ချင်း ပြိုကွဲမသွားခြင်းမှာ ကောင်းကင်တစ်မျှ မဟာပညာရှိက ကျနော့်အစား ထိုပေးဆပ်မှုကို ဝေမျှခံစားပေးနေသောကြောင့်ပင်။
[မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင်များသည် ရုတ်တရက် ဖြစ်ပေါ်လာသော ဖြစ်နိုင်စွမ်း မုန်တိုင်းကြောင့် အံ့အားသင့်နေကြပါသည်။]
[နက္ခတ်အချို့မှာ ဇာတ်ဝင်ခန်းအတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေများကြောင့် အံ့သြနေကြပါသည်။]
ကောင်းကင်ယံကို ဖုံးလွှမ်းသွားသော အခြား ဧရာမ အရိပ်ကြီးတစ်ခု ရှိနေသည်။ မြို့သူမြို့သား အချို့မှာ သတိပြုမိသွားပြီး ကောင်းကင်ကို စိုက်ကြည့်နေကြ၏။ ထို့နောက် သူတို့၏ မျက်လုံးများမှာ ဖြည်းဖြည်းချင်း ပြူးကျယ်လာသည်။
"က... ကပ်ဘေးကြီး..."
စော်ဘွားသည်လည်း ယခုမှ သတိပြုမိသွားပြီး အထက်သို့ မော့ကြည့်လိုက်သည်။ ကွဲအက်နေသော ကောင်းကင်ယံမှ မဟူရာ ဓာတ်ငွေ့များ ထွက်ပေါ်လာသည်။ ထိုအရာ၏ အခွံမှာ မဟူရာနဂါး၏ အကြေးခွံများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တောက်ပမှုမျိုး ရှိနေသည်။ စော်ဘွားသည် ထိုအရာ၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်သည်။
[ဒါ... ဒါက... ဘယ်လိုလုပ်ပြီး...]
သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
[ဒါက မပြည့်စုံသေးဘူးလို့ ငါ ကြားထားတာလေ]
တစ်ချိန်ကတော့ မပြည့်စုံခဲ့တာ မှန်သည်။ အတိအကျ ပြောရလျှင် ကျနော် ငရဲပြည်သို့ မသွားရောက်မီ အချိန်အထိပေါ့။
「 ငရဲဘုရင်၏ လျှို့ဝှက်လက်နက်၊ ဧရာမ စစ်သည်တော် ‘ပလူတို’ 」
နောက်ဆုံးတွင် အမြင့် ၃၀ မီတာရှိသော ဧရာမ သံချပ်ကာ လက်နက်ကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့တော့သည်။
***