ဟိန်းဟောက်သံကြီးနှင့်အတူ ဧရာမ စစ်သည်တော်၏ ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာခဲ့သည်။ မူရင်းဝတ္ထုထဲတွင် ထိုဘီလူး စစ်သည်တော်ကြီးမှာ ငရဲဘုရင်၏ လက်နက်ဖြစ်သော်လည်း ဒုတိယပိုင်းတွင်မူ ယူဂျွန်ဟော့က စတင်၍ အလေးအနက် အသုံးပြုခဲ့သည်။ ဒဏ္ဍာရီများထဲမှ ဘီလူးကြီးကို နှိမ်နင်းခဲ့သည့် အစွမ်းထက်ဆုံး လက်နက်မှာ ကောင်းကင်တစ်မျှ မဟာပညာရှိနှင့် ကျနော် ဝေမျှလိုက်သော ဖြစ်နိုင်စွမ်းကြောင့် ကျနော့်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝေဝါးတုန်ရီနေသော မြင်ကွင်းထဲမှ သွေးများ စီးကျနေရင်း ‘ပလူတို’ကို ကျနော် မော့ကြည့်လိုက်သည်။
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။]
ပါးစပ်ပိတ်ထားစမ်း။ ငါ အသိစိတ်ကို ဆက်လက် ထိန်းထားရမယ်။ အနည်းဆုံးတော့ သူ့ကို အမိန့်တစ်ခု မပေးရသေးခင်အထိ ထိန်းထားရမယ်။
[ဘာလဲဟ။ ဒါက ဘယ်နေရာကြီးလဲ]
ထိုစဉ် အသံတစ်ခုကို ကျနော် ကြားလိုက်ရသည်။ ထိုအသံမှာ ကျနော် တစ်ကြိမ်တစ်ခါက ကြားဖူးခဲ့သည့် အသံဖြစ်သည်မှာ သေချာလှသည်။ ဤကောင်သည် သူ၏ ‘ဝိညာဉ်’ ကို နောက်ဆုံးပါဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ခြင်းပင်။ ကျနော်က ထိုကောင်၏ အမည်ကို ခေါ်လိုက်သည်။
"ကင်နမ်ဝန်"
ထိုအခါ ပလူတို၏ ထူထဲသော ခန္ဓာကိုယ်ကြီးက ဤဘက်သို့ လှည့်ကြည့်လာသည်။
[...မြေအောက်ရထားက နှံကောင်လေးလား]
"...ဟုတ်တယ်"
ကင်နမ်ဝန်သည် အရာအားလုံးကို သဘောပေါက်သွားသည့်အလား ရယ်မောလိုက်သည်။
[ဟားဟားဟား။ ဘာလဲဟ။ မင်း တကယ်ပဲ အဲဒီ စတင်ခြင်း စကားလုံးတွေကို သုံးလိုက်တာလား]
ဧရာမ စစ်သည်တော်ကို ဆင့်ခေါ်ရန် စတင်ခြင်း စကားလုံးများကို ကင်နမ်ဝန်က ကျနော့်ကို ပေးခဲ့ခြင်း ဖြစ်သည်။
— နားလည်လား။ ဒီစတင်ခြင်း စကားလုံးတွေကို ထည့်သုံးထားမှာမို့လို့ သေသေချာချာ မှတ်ထားပါ။ စတင်ခြင်းစကားလုံးတွေကို မှန်မှန်ကန်ကန် ခေါ်နိုင်ရင် ခင်ဗျားကို ကျုပ် တစ်ကြိမ်လောက် ကူညီပေးနိုင်လိမ့်မယ်။
သူသည် ထိုစကားလုံးများကို စတင်ခြင်း စကားလုံးအဖြစ် အမှန်တကယ် အသုံးပြုလိမ့်မည်ဟု ကျနော် မထင်ခဲ့ပေ။ သို့သော်လည်း သူ၏ ပင်ကိုယ်စရိုက်မှာ သေဆုံးသွားရုံနှင့် ပြောင်းလဲသွားခြင်း မရှိချေ။
"မင်း တိုက်ရိုက် ဝင်လိုက်တာလား။"
[ဟားဟားဟား။ ဒါပေါ့။ ဒီခံစားချက်ကို ကျုပ် သဘောကျတယ်]
မူလက ဧရာမ စစ်သည်တော်အတွင်း၌ ထည့်သွင်းထားသော ဝိညာဉ်အားလုံးကို ပင်မစနစ်က ကြီးကြပ်ကွပ်ကဲခြင်း ဖြစ်သည်။ ယခုမူ ကင်နမ်ဝန်သည် ဧရာမ စစ်သည်တော်၏ ဆော့ဖ်ဝဲလ်ထဲတွင် သူ၏ ကိုယ်ပိုင်ဝိညာဉ်ကို ထည့်သွင်းလိုက်ခြင်း ဖြစ်ပေသည်။
[ကောင်းပြီလေ။ ဒါကတော့ အထူးဝန်ဆောင်မှုပဲ။ ဦးလေးကြီး သေသေချာချာ ကြည့်ထားလိုက်။ ကျုပ် အကောင်းဆုံး ပြကွက်တစ်ခု ပြမယ်]
"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ငါ့မှာ အဲဒီလိုကြည့်နေဖို့ ခွန်အားမရှိတော့ဘူး..."
[ဘာလဲ။ ဘာဖြစ်လို့လဲ]
ကျနော်သည် ခွန်အားမရှိတော့သော လက်ညှိုးကို မြှောက်ကာ တစ်နေရာသို့ ညွှန်ပြလိုက်သည်။ ပလူတို၏ အကြည့်မှာ ကျနော့်လက်ညှိုးနောက်သို့ လိုက်ပါသွားပြီး သူ၏ ပါးစပ်မှာ စပ်စုလိုစိတ်ဖြင့် လှုပ်ရှားသွားသည်။ ကျနော်က ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။
"အဲ့ဒါကို အဆုံးသတ်ပေးပါ"
ဖြစ်နိုင်စွမ်းအရ ဧရာမ စစ်သည်တော်ကို တစ်မိနစ်ထက်မနည်းသော အချိန်သာ ဆင့်ခေါ်ထားနိုင်မည် ဖြစ်သည်။ ယခုမူ စက္ကန့် ၃၀ ခန့်သာ ကျန်ရှိတော့ပေလိမ့်မည်။
ထိတ်လန့်တုန်လှုပ်နေသော စော်ဘွားသည် စက်ရုံကြီးကို ဤဘက်သို့ လှည့်လာသည်။
[ဒါ... ဒါက မဖြစ်နိုင်ဘူး။ ဘာလို့…ဘာလို့ အစစ်အမှန် ဧရာမ စစ်သည်တော်က ရောက်လာရတာလဲ]
ပြင်းထန်စွာ လည်ပတ်နေသော ကြိတ်စက်ကြီးသည် ပလူတို၏ အပြင်ဘက်အခွံကို ရိုက်ခတ်သွားသည်။
[ဒါက ဘာအမှိုက် အရုပ်ကြီးလဲ]
စော်ဘွား ဂုဏ်ယူနေသည့် ကြိတ်စက်ကြီးမှာ ပလူတို၏ လက်တစ်ဖက်ကို ရိုးရိုးရှင်းရှင်း ဝေ့ယမ်းလိုက်ရုံမျှဖြင့် ပျက်စီးသွားခဲ့သည်။
ဝှေ့ယမ်းလိုက်ပုံမှာ စက္ကူတစ်ရွက်ကို ဆွဲဖြတ်လိုက်သကဲ့သို့ ပေါ့ပါးသော လက်ဟန်တစ်ခုသာ ဖြစ်သည်။
[ခင်ဗျားက ကျုပ်ကို ဒီလိုအရာမျိုး ဖျက်ဆီးဖို့ ခေါ်တာလား။ ဒါက တကယ်ကို လွန်လွန်းတယ်]
...ဆင့်ခေါ်မှု ရပ်ဆိုင်းရန် ၂၅ စက္ကန့်သာ ကျန်တော့သည်။
[စိတ်ရှုပ်စရာပဲ]
ပလူတိုသည် မြည်တွန်တောက်တီးနေသော်လည်း တည်ငြိမ်စွာပင် လှုပ်ရှားနေသည်။
၂၀ စက္ကန့်။ သူသည် ဆန့်ထုတ်လိုက်သော လက်သီးတစ်ချက်ဖြင့် စက်ရုံကြီး၏ လက်မောင်းများကို ရိုက်ခွဲလိုက်သည်။
၁၅ စက္ကန့်။ သူ၏ လက်ဝါးဓားချက်က စက်ရုံကြီး၏ လုပ်ဆောင်ချက်များကို လုံးဝ ရပ်တန့်သွားစေခဲ့သည်။
၁၀ စက္ကန့်။ ရိုးရှင်းသော ကန်ချက်တစ်ချက်က စက်ရုံကြီး၏ ပင်မစွမ်းအင်ထုတ်စက်ကို ချေမှုန်းလိုက်သည်။
မြောက်မြားလှစွာသော ဇာတ်လမ်းများကို ဝါးမျိုထားသည့် ကြောက်မက်ဖွယ်ကောင်းသော စက်ရုံကြီးမှာ ပြိုလဲသွားခဲ့သည်။ စက်ရုံအတွင်းရှိ စော်ဘွားမှာ အသက်ရှင်လျက် ရှိမရှိကို မသိနိုင်တော့ပေ။ ပလူတို၏ ခန္ဓာကိုယ်မှာ ကျနော့်ဘက်သို့ လှည့်လာသည်။
[အခု ပြီးသွားပြီ။ ဟားဟား… ဒါဆိုရင် အခု ဘာလုပ်ကြမလဲ]
"..."
[ဦးလေးကြီး။ အခုတော့ ခင်ဗျား ကျုပ်နဲ့အတူ ဟိုနေရာကို လိုက်ရ...]
ထိုစဉ် ပြင်းထန်လှသော ဖြစ်နိုင်စွမ်း မုန်တိုင်းတစ်ခုက ပလူတိုကို လွှမ်းမိုးသွားသည်။ အချိန်နှင့် အာကာသကို ဆွဲဖြတ်လိုက်သကဲ့သို့ ဟိန်းဟောက်သံကြီးက ကင်နမ်ဝန်၏ အသံကို ဖုံးလွှမ်းသွားခဲ့သည်။ ဧရာမ စစ်သည်တော် ပလူတို၏ ခန္ဓာကိုယ်မှာ အငွေ့ပျံသွားသကဲ့သို့ အမှုန့်များအဖြစ် ပျောက်ကွယ်သွားတော့သည်။ ဖြစ်နိုင်စွမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် သူသည် အတင်းအကျပ် ပြန်သွားရခြင်းပင် ဖြစ်သည်။
...၁ စက္ကန့်။
[ချီးထုတ်ငရဲပြည်။ ငါက...]
မအေဘေး။ ငါ ငရဲပြည်ကို လိုက်စရာလား။ ငတုံး။
[‘ဧရာမ စစ်သည်တော် ပလူတို’ကို ဆင့်ခေါ်မှု ရပ်ဆိုင်းသွားပါပြီ။]
ဧရာမ စစ်သည်တော်မှာ ပျောက်ကွယ်သွားသော်လည်း လူများမှာမူ တုံ့ပြန်ရန် ခက်ခဲနေကြဆဲ ဖြစ်သည်။ မြို့သူမြို့သား အများစုမှာ ထိတ်လန့်မှုကြောင့် မှင်တက်နေကြပြီး မျက်လုံးဖွင့်နိုင်သူ များမှာလည်း ရူးသွပ်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။ ထိုသို့ဖြစ်နေခြင်းမှာ သဘာဝပင်။ ဤနေရာရှိ ကိုယ်စားလှယ်များသည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော မရဏနတ်ဘုရားကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ကျနော်သည် ခေါင်းကို လှည့်ကာ စက်ရုံကြီး၏ အပျက်အစီးများကို ကြည့်လိုက်သည်။ ကျနော့်၏ လျှပ်စစ်ဓါတ် အားဖြည့်ခြင်းဖြင့်ပင် မပျက်စီးနိုင်ခဲ့သော အပြင်ဘက်အခွံမှာ ယခုမူ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး၏ တိုက်ခိုက်ခြင်းကို ခံထားရသကဲ့သို့ စုတ်ပြတ်သတ်နေချေပြီ။ စက်ရုံကြီး၏ အဆစ်များ ကျိုးပဲ့သွားပြီး စွမ်းအင်အပိုင်း ပျက်စီးသွားသောကြောင့် မည်သည့်လှုပ်ရှားမှုမှ မရှိတော့ပေ။ စက်ရုံကြီးမှာ ဧရာမ စစ်သည်တော်၏ လက်ချက်ဖြင့် စက္ကန့် ၃၀ မပြည့်မီမှာပင် ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။
ကျနော်သည် စက်ရုံကြီးပေါ်သို့ ဖြည်းညှင်းစွာ တက်သွားပြီး မောင်းနှင်ခန်းထဲတွင် ထိုင်နေသော လူကို ရှာဖွေလိုက်သည်။ မောင်းနှင်ခန်း၏ အဖုံးမှာ ပွင့်ထွက်နေပြီး ထိုနေရာတွင် ထိုင်နေသော မိစ္ဆာမှာလည်း သွေးအိုင်ထဲတွင် နစ်နေသည်။
"အဟွတ်။ အဟွတ်"
မောင်းနှင်သူမှာ စော်ဘွား စစ်ဝစ်ဇ်ပင် ဖြစ်သည်။ စော်ဘွားသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကျနော့်ကို မော့ကြည့်လာသည်။
"မင်း... မင်း။ မင်းက ဘာလဲ..."
စက်ရုံကြီးမှာ စော်ဘွား၏ ပင်မဇာတ်လမ်း ဖြစ်သည်။ ထိုဇာတ်လမ်းမှာ ပျက်စီးသွားပြီ ဖြစ်သောကြောင့် စော်ဘွားမှာလည်း လုံခြုံမှု မရှိတော့ပေ။ ကျနော်သည် မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို စော်ဘွားဆီသို့ ချိန်ရွယ်လိုက်သည်။ စော်ဘွားက ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။
"အကျိတ်နဲ့လူတွေဆီက... ငါ မင်းအကြောင်း ကြားဖူးတယ်"
စော်ဘွားသည် သူ၏ အဆုံးသတ်ကို ကြိုတင်သိမြင်သွားသည့်အလား တတွတ်တွတ် ပြောဆိုနေတော့သည်။
"ကံဆိုးတဲ့ နက္ခတ်ပဲ၊ ငါ့ကို သတ်ရင် မင်း ဘယ်တော့မှ အသက်ရှင်မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ မင်းက―"
ကျနော်သည် ဝေခွဲမနေဘဲ သူ၏ နှလုံးသားကို ထိုးစိုက်လိုက်သည်။ ကျနော့်တွင် ခွန်အားအနည်းငယ်မျှ မကျန်တော့သောကြောင့် သူ၏ ခန္ဓာကိုယ်နှင့်အတူ စက်ရုံကြီးပေါ်မှ လိမ့်ကျသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုကြောင့် ကျနော် အသက်ကို လုရှူရင်း ကောင်းကင်ယံကို မော့ကြည့်လိုက်မိသည်။ အိုင်လင်းက ကျနော့်ကို တွဲကူရန် ပြေးလာသည်။
"...စော်ဘွားကော"
"သူ သေသွားပြီ"
ထိုစဉ် စနစ်၏ မက်ဆေ့ချ်များ တက်လာခဲ့သည်။
[မိစ္ဆာစော်ဘွား စစ်ဝစ်ဇ်ကို အောင်နိုင်ခဲ့ပါသည်။]
[ဒင်္ဂါး ၂၀၀,၀၀၀ ရရှိပါသည်။]
ကျနော်က အားမပါဘဲ ရယ်မောလိုက်သည်။ သို့သော်လည်း စိတ်လျှော့ရမည့် အချိန် မဟုတ်သေးပေ။
[သင်သည် စက်မှုဇုန်၏ ‘အုပ်စိုးသူ’ ကို အောင်နိုင်ခဲ့ပါသည်။]
[သင်သည် ‘ပုန်ကန်သူ’ မဟုတ်ပါ။]
[ပုံမှန် ဇာတ်ဝင်ခန်း လမ်းကြောင်းအတိုင်း မလိုက်နာခဲ့သောကြောင့် ‘အုပ်စိုးသူ’ ဆက်ခံခွင့်ကို ပယ်ဖျက်လိုက်ပါသည်။]
[ဆက်ခံခွင့်ကို လက်ရှိ ဇာတ်ဝင်ခန်းအတွင်း ဂုဏ်သတင်း အကြီးမားဆုံးသူထံသို့ အလိုအလျောက် လွှဲပြောင်းပေးပါမည်။]
[လက်ရှိ ‘ဝှက်ထားသော ဇာတ်ဝင်ခန်း’ ကို လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။]
[အဓိကဇာတ်ဝင်ခန်းသို့ ဝင်ရောက်ရန် ‘အစစ်အမှန် ပုန်ကန်သူ’ ကို သတ်ဖြတ်ပါ။]
...မျှော်လင့်ထားသည့်အတိုင်းပင်။ စော်ဘွားကို သတ်လိုက်ရုံနှင့် ကျနော့်ကို ဇာတ်ဝင်ခန်းထဲ ဝင်ခွင့်မပြုပေ။ ကျနော်က ယူဂျွန်ဟော့၏ အမည်ကို အသုံးချခဲ့သောကြောင့် စက်မှုဇုန်၏ ဆက်ခံပိုင်ခွင့်မှာ ယူဂျွန်ဟော့ထံသို့ ရောက်ရှိသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
"...ငါ့ အခြေအနေက ဘယ်လိုရှိလဲ"
အိုင်လင်းသည် ကျနော့်ဇာတ်လမ်းကို ပြုပြင်ပေးနေရင်းမှ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
"ရပါတယ်။ ကျမ ပြန်ပြင်ပေးပါ့မယ်"
"...ငါ့မှာ အချိန် ဘယ်လောက် ကျန်သေးလဲ"
အိုင်လင်းက ပြန်မဖြေပေ။
"မြန်မြန် ပြောစမ်းပါ"
"၁၀ မိနစ်။ မဟုတ်ဘူး... ၅ မိနစ်"
ကျနော့်၏ အာရုံငါးပါးမှာ ထုံထိုင်းလာချေပြီ။ နှုတ်ခမ်းများမှာ ကျနော့်အမိန့်ကို မနာခံတော့ဘဲ လက်ဖျားများမှ ခံစားမှုမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ စနစ်၏ မက်ဆေ့ချ်များကိုလည်း မကြားရတော့ပေ။ ကျနော့်ခန္ဓာကိုယ်မှာ ပြုပြင်၍မရနိုင်တော့လောက်အောင် ပျက်စီးသွားပြီ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မိစ္ဆာနယ်မြေသို့ ရောက်ရှိလာခဲ့သော်လည်း အဘယ်ကြောင့် ဤမျှအထိ ဆင်းရဲဒုက္ခခံနေရသည်ကို ကျနော် မသိတော့ပေ။ အိုင်လင်း၏ အသံမှာ တုန်ရီနေသည်။
"ရှင်က ပုန်ကန်သူကို ရှာနေတယ်လို့ ပြောခဲ့တယ်နော်..."
"ဟုတ်တယ်"
"ဘာဖြစ်လို့လဲ"
"အဓိက ဇာတ်ဝင်ခန်းထဲ ဝင်ဖို့ဆိုရင် ပုန်ကန်သူကို သတ်ရမှာမလို့ပဲ"
ဖုံးကွယ်ထားရန် အကြောင်းမရှိသောကြောင့် ကျနော် အမှန်အတိုင်းပင် ဖြေလိုက်သည်။ ထိုအခါ အိုင်လင်းက ကျနော့်ကို စိုက်ကြည့်လာသည်။
"ဒါဆိုရင်လည်း..."
အိုင်လင်းသည် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။
"ရှင် အသက်ရှင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမက..."
"စောစောက လူအုပ်ထဲမှာ ပုန်ကန်သူ ရှိနေတယ်မဟုတ်လား။ ဟုတ်တယ်မလား"
ကျနော်က အိုင်လင်း၏ ခက်ခဲစွာ ပြောနေသော စကားကို ဖြတ်ပြောလိုက်သည်။
"နင်က ပုန်းနေချင်ခဲ့သလို ထွက်ပြေးချင်ခဲ့တာပဲ"
"ဒါပေမဲ့လည်း နင်က ထွက်လာပြီးတော့ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့တယ်"
အိုင်လင်းသည် ကျနော့်ကို ခေတ္တခဏမျှ ကြည့်နေပြီးမှ ခေါင်းကို လွှဲသွားသည်။ အိုင်လင်း မည်သို့သော မျက်နှာထားမျိုး ဖြစ်နေသည်ကို ကျနော် ကြည့်စရာမလိုဘဲ သိနိုင်လေသည်။
"မငိုပါနဲ့။ ငါ မသေပါဘူး"
ကျနော်က အားမရှိသော်လည်း ရယ်မောလိုက်သည်။
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - တကယ်လို့ ငါသာ ဒီမှာ ပုန်ကန်သူကို သတ်လိုက်ရင် ငါ စုဆောင်းထားတဲ့ ဇာတ်လမ်းတွေက အဓိပ္ပာယ်မဲ့သွားလိမ့်မယ် 」
ကျနော် ‘ပုန်ကန်သူ’ မဖြစ်လာခဲ့ရင်တောင် တခြားနည်းလမ်း ရှိနေလိမ့်မည်။ ယခုအချိန်အထိ အမြဲတမ်း ဤသို့သာ ဖြစ်ခဲ့ဖူးသည်သာ။
"အိုင်လင်း။ ငါနင့်ကိုလုပ်ခိုင်းခဲ့တဲ့ပစ္စည်းရပြီလား"
အိုင်လင်းက တစ်စုံတစ်ခုကို ထုတ်လိုက်သည်။ ၎င်းမှာ မျက်နှာပြင်ပါဝင်သော လေးထောင့်ပုံစံ ဆက်သွယ်ရေး ကိရိယာတစ်ခု ဖြစ်သည်။ ကျနော် သူမကို ထုတ်လုပ်ခိုင်းထားသည့် စမတ်ဖုန်းပင် ဖြစ်သည်။
"ဒါကို ဖွင့်ပေးပါဦး..."
မျက်နှာပြင် ပွင့်လာသည်နှင့် မက်ဆေ့ချ်တစ်ခု အလိုအလျောက် ပေါ်လာသည်။
[ကိရိယာအသစ်တစ်ခုကို ရရှိထားပါသည်။ ချိတ်ဆက်မှု စတင်နေပါပြီ။]
ချိတ်ဆက်မှု ပြီးဆုံးသွားပြီး မျှော်လင့်ထားသည့်အတိုင်းပင် ဖိုင်တစ်ခုမှာ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ ကျနော့်မျက်လုံးများမှာ ဝေဝါးနေဆဲ ဖြစ်ပြီး သေသေချာချာ မမြင်ရသော်လည်း စာသားများမှာ ‘Ways of Survival’ ၏ စာသားများ ဖြစ်နေမည်မှာ သေချာလှပါသည်။
「 ကင်ဒေါ့ဂျာက တွေးနေမိသည် - ငါက ‘စာဖတ်သူ’ တစ်ယောက်ပဲ။ အဖြေအားလုံးက ဒီမှာ ရှိနေတယ်။ 」
ကျနော် အတင်းအကျပ် မျက်လုံးဖွင့်ကာ စာသားများကို ကြည့်လိုက်သည်။ သို့သော်လည်း ကျနော့်အမြင်အာရုံမှာ ဝေဝါးနေပြီး ဘာမှ မမြင်ရပေ။ ‘Ways of Survival’ ကို ဖတ်ရှုပြီး ဤအခြေအနေကို ကျော်ဖြတ်ရန် နည်းလမ်းရှာရမည် ဖြစ်သော်လည်း ရယ်စရာကောင်းသည်မှာ ကျနော် စာသားများကို မဖတ်နိုင်တော့ခြင်းပင်။
「 ကင်ဒေါ့ဂျာသည် ပထမဆုံးအကြိမ်အဖြစ် တွေးတောမိလိုက်သည်။ 」
...ချီးပဲ။
「 ဒါက အဆုံးသတ်ပဲ 」
နောက်ဆုံးတွင် အိုင်လင်း၏ မျက်နှာပင် ဝေဝါးသွားခဲ့ချေပြီ။
[ဝှက်ထားသော ဇာတ်ဝင်ခန်း ‘မိမိကိုယ်ကိုယ် ပုန်ကန်သူဟု ကြေညာသူ’ ကို ပြီးမြောက်အောင်မြင်ပါသည်။]
ထိုအသံမှာ နားထဲတွင် ကြားလိုက်ရသည့် ထင်ယောင်ထင်မှား အသံတစ်ခု ဖြစ်ပေလိမ့်မည်။
[သင်သည် ပုန်ကန်သူ တစ်ဦး ဖြစ်လာပါပြီ။]
ကျနော်ကတော့ အမှန်တကယ်ပင် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု တွေးလိုက်မိသည်။
[ဂုဏ်ယူပါသည်။ သင်သည် အဓိက ဇာတ်ဝင်ခန်းသို့ တရားဝင် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။]
[ထုတ်ပယ်ခြင်း ပြစ်ဒဏ် ပြီးဆုံးပါပြီ။]
[သင်၏ ကိုယ်စားလှယ် ခန္ဓာကိုယ်မှာ အလိုအလျောက် ပြန်လည် ကောင်းမွန်လာနေပါသည်။]
[ပြိုလဲနေသော သင်၏ ဇာတ်လမ်းများ ပြန်လည် နာလန်ထူလာနေပါသည်။]
ဒါက မဖြစ်နိုင်တာပဲ။
ကျနော့်ရဲ့ အာရုံငါးပါးက ပြန်လည်နိုးထလာပြီး ကွယ်ပျောက်လုနီးပါး ဖြစ်နေတဲ့ အမြင်အာရုံတွေကလည်း ပြန်လည်ထင်ရှားလာသည်။ ကျနော်က မျက်လုံးအစုံကို ပြူးကျယ်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်။ အိုင်လင်းက ဘေးကင်းလုံခြုံစွာ ရှိနေဆဲပင်။ ဂျန်ဟာယောင်းနှင့် မာ့ခ်တို့လည်း ထိုနည်းတူပင် ဖြစ်သည်။ သူတို့ထဲက ဘယ်သူမှ သေဆုံးမသွားကြသေးပေ။
ဒါဆိုရင် ဘာဖြစ်လို့လဲ...။
ဒါက အဆုံးသတ် မဟုတ်သေးဘူးပဲ။
[၇၃ ခုမြောက် မိစ္ဆာနယ်မြေအတွင်း၌ ‘ကင်ဒေါ့ဂျာ’ ဆိုသည့် အမည်မှာ ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီ ဖြစ်သည်။]
[ဂီလိုဘတ် စက်မှုဇုန်ရှိ မိစ္ဆာအားလုံးက သင့်အမည်ကို ကြောက်ရွံ့နေကြပါသည်။]
[ဂီလိုဘတ် စက်မှုဇုန်ရှိ မြို့သူမြို့သားများက သင်၏ ပုန်ကန်မှုတွင် ပူးပေါင်းပါဝင်လာကြပါသည်။]
ကျနော် ခဏမျှ နားကြားမှားသည်ဟု ထင်မှတ်လိုက်မိသည်။
...ဂီလိုဘတ် စက်မှုဇုန် ဟုတ်လား။ ဒါက... စစ်ဝစ်ဇ် စက်မှုဇုန် မဟုတ်ဘူးလား။
[ဂီလိုဘတ် စက်မှုဇုန်အတွင်း၌ ‘ကင်ဒေါ့ဂျာ’ ကို သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်သူများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။]
ဂီလိုဘတ် စက်မှုဇုန်ဆိုသည်မှာ စစ်ဝစ်ဇ် စက်မှုဇုန်နှင့် အတော်အတန် ဝေးကွာသော နေရာတွင် ရှိသည်။ ကျနော့်အမည်က ထိုနေရာအထိ ပဲ့တင်ထပ်သွားစရာ အကြောင်းမရှိပေ။ တစ်ဆက်တည်း တက်လာသော မက်ဆေ့ချ်များကို နားထောင်ရင်း မရေမရာသော ဖြစ်နိုင်စွမ်းအချို့ကို ကျနော် တွေးတောမိလိုက်သည်။ ထိုသို့ဆိုလျှင်ပင် ဤဖြစ်နိုင်စွမ်းမှာ အလွန်ပင် သေးငယ်လှပေသည်။
[တစ်စုံတစ်ဦးက ဂီလိုဘတ် စက်မှုဇုန်၏ ‘အုပ်စိုးသူ’ ကို သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။]
[သင်သည် လက်ရှိတွင် ဂီလိုဘတ် စက်မှုဇုန်အတွင်း၌ ဂုဏ်သတင်း အကြီးမားဆုံးသူ ဖြစ်သည်။]
[ဇာတ်ဝင်ခန်း ဖြစ်နိုင်စွမ်းအရ သင်သည် ဂီလိုဘတ် စက်မှုဇုန်၏ ပိုင်ရှင် ဖြစ်လာပါပြီ။]
ဒါက မဖြစ်နိုင်တာပဲ။ ဒါက လုံးဝ ဖြစ်မလာနိုင်တဲ့ ကိစ္စမျိုးပင်။
"ဟားဟား..."
ရင်ထဲက လှိုက်တက်လာတဲ့ စိတ်သက်သာရာရမှုကြောင့် အငိုက်မိစွာ ရယ်မောလိုက်မိသည်။
ဘာဖြစ်လို့ပါလိမ့်။
ထိုခဏမှာပင် အိုင်လင်းရဲ့ လက်ပတ်နာရီကို ကျနော် လှမ်းကြည့်လိုက်မိသည်။
နာရီက နောက်ပြန်လှည့်မသွားပေ။ အချိန်တွေက နောက်ပြန်မဆုတ်ဘဲ ရှေ့သို့သာ မှန်မှန်ကန်ကန် ဆက်လက်ရွေ့လျားနေသည်။ နာရီလက်တံက နောက်ပြန်လှည့်နိုင်သော်လည်း အချိန်ဆိုသည်မှာ ပြန်မလာနိုင်တော့ပေ။
"...သူ ရောက်လာပြီ။"
ကျနော်က သူ့နာမည်ကို ခေါ်ထုတ်ချင်စိတ် ပေါက်လာတဲ့အထိ အလွန်အမင်း ဝမ်းသာသွားမိသည်။
"ဟင်။ ရှင် ဘာတွေ ပြောနေတာလဲ"
ကျနော်က ပြုံးလိုက်ပြီး " ယူဂျွန်ဟော့အစစ် ရောက်လာပြီ" ဟု ပြောလိုက်သည်။
ကျနော် မမြင်ရသလို မကြားရသော်လည်း ခံစားလို့တော့ ရနေသည်။ ထိုလူက ဤကမ္ဘာထဲကို အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်ခွဲဓါးဖြင့် အစွမ်းထက်သော မိစ္ဆာတစ်ကောင်ကို သုတ်သင်လိုက်သည့် ထိုလူက မိုးကုတ်စက်ဝိုင်းရဲ့ အလွန်ကနေ ရောက်ရှိလာခဲ့ပြီ။ ကျနော်သည် ဤထူးခြားသော ခံစားချက်များထဲတွင် နစ်မျောနေမိပြီး ကျနော့် စမတ်ဖုန်းကိုပင် မေ့လျော့နေမိသည်။
「 ကင်ဒေါ့ဂျာက စမတ်ဖုန်းကို အရင်ဆုံး စစ်ဆေးသင့်သည်။ 」
Fourth Wall ၏ စကားကို ကြားလိုက်ရသဖြင့် ကျနော်က ပြုတ်ကျနေတဲ့ ဖုန်းကို အလိုအလျောက် ကောက်ယူလိုက်မိသည်။ ထုံးစံအတိုင်း စာသားဖိုင်ရဲ့ ခေါင်းစဉ်က မျက်နှာပြင်ပေါ်မှာ ပေါ်လာသည်။ ထိုအခါမှ ကျနော် တစ်စုံတစ်ခုကို သတိထားမိသွားပြီး ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားရသည်။ တစ်စုံတစ်ခုက ပြောင်းလဲသွားချေပြီ။ အတိအကျ ပြောရလျှင် စာသားဖိုင်၏ ခေါင်းစဉ်မှာ ထူးဆန်းတဲ့ စကားလုံးတွေ ကပ်ပါလာခြင်းပင်။
— ပျက်စီးသွားသော ကမ္ဘာကြီးတွင် ရှင်သန်ရန် နည်းလမ်း သုံးသွယ် (ပထမအကြိမ် ပြင်ဆင်ချက်).txt
***