ပေါင့်အိမ်တော်…
“တစ်ချက်တည်းနဲ့ အသေသတ်သွားတာပဲ။ တစ်ဖက်လူက ပေါင့်ရှင်းရွှမ်ထက် အများကြီး ပိုသန်မာတယ်”
ပေါင့်ချုံးဟွားသည် ပေါင့်ရှင်းရွှမ်၏ အလောင်းကို စစ်ဆေးပြီးနောက် မျက်နှာမှာ ဖြူရော်သွားလေသည်။
ပေါင့်ရှင်းရွှမ်တစ်ယောက် အပြင်ထွက်သွားရာမှ အသတ်ခံရလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
“တစ်ဖက်လူက အရည်အသွေးပြောင်းလဲခြင်းနယ်ပယ်က သိုင်းပညာရှင် ဖြစ်ရမယ်” ပေါင့်ချုံးဟွားက ကောက်ချက်ချလိုက်သည်။
“မဟုတ်ဘူး”
ဖန်းကျဲ့ကလည်း ထိုနေရာ၌ ရှိနေလေသည်။
သူကလည်း ဝင်ရောက်စစ်ဆေးပြီးနောက် မှတ်ချက်ပေးလိုက်သည်။ “သူ့ကို သတ်သွားတဲ့သူက အရည်အသွေးပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်ထက် အများကြီး ပိုသန်မာတယ်။ အနည်းဆုံး ဂုဏ်သတ္တိနယ်ပယ် ဒါမှမဟုတ်... တံဆိပ်တော်နယ်ပယ်မှာတောင် ရှိနိုင်တယ်”
“ဒါ...”
ထိုစကားကို ကြားသောအခါ ပေါင့်ချုံးဟွား၏ မျက်နှာအမူအရာမှာ အလွန်ဆိုးရွားသွားချေပြီ။
“ပေါင့်ရှင်းရွှမ်က အရင်တုန်းက ပြဿနာတွေရှာပြီး နေရာတကာမှာ ရန်သူတွေ ဖန်တီးခဲ့ပေမဲ့ ဒီလိုအဆင့်ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို ရန်စမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
အကယ်၍ တစ်ဖက်လူသာ တံဆိပ်တော်နယ်ပယ်မှ သိုင်းပညာရှင်တစ်ဦး ဖြစ်နေပါက ယွဲ့လန်ဂိုဏ်းက သူတို့နောက်ကွယ်တွင် ရှိနေလျှင်တောင် ကြီးမားသော ခြိမ်းခြောက်မှုကြီးကို ရင်ဆိုင်ရမည်သာ ဖြစ်ပေသည်။
ပေါင့်ချုံးဟွားမှာ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
ယွဲ့လန်ဂိုဏ်းကို အားကိုးနေရသောကြောင့် မိသားစုအတွင်းရှိ လူအတော်များများမှာ အတော်လေး မောက်မာနေခဲ့ကြသည်။
ပေါင့်ရူရွမ်းသည်လည်း ထိုနည်းတူပင်။ သူ ယွဲ့လန်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူ့ကို သတိပေးသည့်အနေဖြင့် အကြီးအကဲကူကျွမ့်က သူ၏နာမည်ကိုပင် ပြောင်းလဲပေးခဲ့လေသည်။
ပေါင့်ရူရွမ်းအနေဖြင့် အပြောအဆို၊ အပြုအမူများကို ဆင်ခြင်သတိထားနိုင်မည်ဟု သူ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထင်မှတ်မထားဘဲ ပေါင့်ရူရွမ်းနှင့် ပေါင့်ရှင်းရွှမ်တို့ သေဆုံးသွားခဲ့ကြသည်။
သူတို့နှစ်ဦးစလုံးမှာ မိသားစု၏ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့နှစ်ဦးအပေါ် မတော်တဆမှုများ ဖြစ်ပွားခြင်းသည် မိသားစုတစ်စုလုံးအတွက် ကြီးမားသော ထိုးနှက်ချက်ကြီး ဖြစ်ပေသည်။
“တံဆိပ်တော်နယ်ပယ်...” ပေါင့်ချုံးဟွားတစ်ယောက် ခါးသီးစွာ ခံစားနေရချိန်တွင် ဖန်းကျဲ့က မျက်မှောင်ကြုတ်လိုက်လေသည်။
“တူတော်မောင်ဖန်းကျဲ့... မင်း ဘာတွေ...”
ဖန်းကျဲ့၏ မျက်လုံးများထဲမှ တွေးတောနေသော အကြည့်ကို ပေါင့်ချုံးဟွား သတိပြုမိသွားသည်။
“ပေါင့်မိသားစု အိမ်တော်အနီးမှာ ပေါ်လာတဲ့ တံဆိပ်တော်နယ်ပယ် သိုင်းပညာရှင်အကြောင်း တွေးနေတာပါ”
ဖန်းကျဲ့၏ လေသံမှာ သံသယဝင်နေပုံရသည်။
“ဒီကိစ္စကို လုပ်သွားတာ အဲဒီ တံဆိပ်တော်နယ်ပယ် သိုင်းပညာရှင်လို့ မင်း ပြောချင်တာလား”
ပေါင့်ချုံးဟွား၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။
ထိုစဉ်က တံဆိပ်တော်နယ်ပယ် သိုင်းပညာရှင်မှာ ဖြတ်သွားဖြတ်လာသာ ဖြစ်မည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ထိုသူသည် မိမိတို့မိသားစုအား ကြိုတင်ကင်းထောက်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်ပုံရလေသည်။
ထို့အပြင် သူသည် ပေါင့်မိသားစုတစ်စုလုံးကို ပြဿနာရှာရန် ရည်ရွယ်ထားပုံရသည်။
“ဒါက ဖြစ်နိုင်ခြေတစ်ခုပါပဲ”
ဖန်းကျဲ့က ပြန်ဖြေလိုက်သည်။
သူကမူ အတော်လေး တည်ငြိမ်နေသည်။ မည်သို့ပင်ဆိုစေကာမူ ဤကိစ္စသည် သူနှင့် မသက်ဆိုင်ပေ။
ဖန်းကျဲ့သည် ပေါင့်မိသားစုမှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ပေါင့်ချုံးဟွား၏ ရင်ထဲတွင်မူ လေးလံနေတော့သည်။
အကယ်၍ ဖန်းကျဲ့သာ ပေါင့်မိသားစုမှ ထွက်ခွာသွားပါက သူမသည် မိသားစုတွင် အသန်မာဆုံးသူ ဖြစ်လာမည်ကို သူမ ကောင်းစွာ သိထားသည်။
သို့သော် ဂုဏ်သတ္တိနယ်ပယ် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် သူမသည် တံဆိပ်တော်နယ်ပယ်မှ သိုင်းပညာရှင်တစ်ယောက်ကို ယှဉ်နိုင်မည် မဟုတ်သည်မှာ သေချာလှပေသည်။
ပေါင့်ရှင်းရွှမ်က ရန်စခဲ့သည်ဖြစ်စေ၊ ပေါင့်မိသားစုက ရည်ရွယ်ချက်မရှိဘဲ ရန်စမိခဲ့သည်ဖြစ်စေ ထိုသူသည် ယခုအခါ ပေါင့်မိသားစုအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်နေပြီဖြစ်သည်။
ထိုသူ မည်သူဖြစ်ကြောင်းကိုသာ မရှာဖွေနိုင်ပါက ပေါင့်မိသားစုမှာ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
ပေါင့်ချုံးဟွားသည် ပြင်းထန်သော စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရလေသည်။
“တူတော်မောင်ဖန်းကျဲ့... ပေါင့်မိသားစုက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရလို့ မင်း ခဏလောက် နေပေးဖို့ ငါ မျှော်လင့်တယ်”
ပေါင့်ချုံးဟွားက ပြောလိုက်သည်။
“ဒေါ်လေးပေါင့်... ကျွန်တော် မနေချင်လို့ မဟုတ်ပါဘူး။ ကျွန်တော့်မှာ အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိနေသေးလို့ပါ။ ကျွန်တော် ဒီမှာနေတာလည်း အတော်လေး ကြာနေပြီလေ”
ဖန်းကျဲ့က သူတို့ကို ကူညီရန် တက်ကြွမှုမရှိပေ။
ဖန်းကျဲ့၏ ဂရုမစိုက်သော အမူအရာကို မြင်ပြီးနောက် ပေါင့်ချုံးဟွားက အံကြိတ်ကာ ပြောလိုက်သည်။
“တကယ်လို့ တူတော်မောင်ဖန်းကျဲ့သာ ပေါင့်မိသားစုကို လုပ်ကြံတဲ့သူကို ဖမ်းဖို့ ကူညီပေးမယ်ဆိုရင် ငါ မင်းကို လက်ဆောင်ကြီးတစ်ခု ပေးပါ့မယ်”
“ဒေါ်လေးပေါင့်... ကျွန်တော် မကူညီချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့...” ဖန်းကျဲ့က ဂရုမစိုက်ပေ။
သူ၏အမြင်တွင် ပေါင့်မိသားစု ပေးနိုင်သည့်အရာသည် သူ့ကို သေချာပေါက် ဆွဲဆောင်နိုင်မည် မဟုတ်ပေ။
သို့သော် ဖန်းကျဲ့ စကားမဆုံးမီမှာပင် ပေါင့်ချုံးဟွားက ဖြတ်ပြောလိုက်လေသည်။
“တာအိုတံဆိပ်ကျောက်စာတိုင်လေ”
ပေါင့်ချုံးဟွား၏ စကားကြောင့် ဖန်းကျဲ့ စကားရပ်သွားတော့သည်။
“တာအိုတံဆိပ်ကျောက်စာတိုင် ဟုတ်လား”
ဖန်းကျဲ့ပင် အံ့အားသင့်သွားသည်။
“ဒေါ်လေးပေါင့်... ကျွန်တော့်ကို မလိမ်နဲ့နော်။ ဒေါ်လေးတို့ဆီမှာ တကယ်ပဲ တာအိုတံဆိပ် ရှိနေတာလား”
ဖန်းကျဲ့သည် အကြီးအကဲကူကျွမ့်၏ တာအိုတံဆိပ်ကို မြင်ဖူးသော်လည်း ၎င်းမှာ သူနှင့် မသက်ဆိုင်ပေ။
တာအိုတံဆိပ်ကျောက်စာတိုင်ဆိုသည်မှာ ဖန်းကျဲ့အတွက်ပင် ရှားပါးလှသော ရတနာတစ်ခု ဖြစ်လေသည်။
“ဟုတ်တယ်”
ပေါင့်ချုံးဟွားမှာ ရင်နာနေသော်လည်း ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီတာအိုတံဆိပ်ကျောက်စာတိုင်မှာ သွေးဆက်ခြားစည်းတံဆိပ် ခတ်နှိပ်ထားတယ်။ အခုလောလောဆယ်တော့ တံဆိပ်က စည်းခတ်ထားတဲ့ အခြေအနေမှာ ရှိနေသေးတယ်။ ဒါပေမဲ့ အလွန်ဆုံး နောက်တစ်လဆိုရင်တော့ ကျောက်စာတိုင်ရဲ့ စည်းတံဆိပ် ပွင့်သွားလိမ့်မယ်”
“ဒီတာအိုတံဆိပ်ကျောက်စာတိုင်က မင်းနဲ့ ငါနဲ့တူတူပဲ လေစွမ်းရည်ဂုဏ်သတ္တိ ရှိတယ်။ ကျောက်စာတိုင်ရဲ့ စည်းတံဆိပ်ပွင့်သွားပြီးရင် ငါ သုံးလလောက် လေ့လာချင်တယ်။ ပြီးရင် မင်းကို ပေးပါ့မယ်။ ဒါပေမဲ့ ကန်းလှမ်းချက်ကတော့ အဲဒီတံဆိပ်တော်နယ်ပယ် သိုင်းပညာရှင်ကို မင်း ဖမ်းပေးရမယ်”
ပေါင့်ချုံးဟွားက သူမ၏ အကြံအစည်ကို ဆက်လက်အကောင်အထည်ဖော်လိုက်သည်။
ဖန်းကျဲ့မှာ စိတ်ဝင်စားသွားလေပြီ။
ပေါင့်ချုံးဟွားနှင့် အကြီးအကဲကူကျွမ့်တို့မှာ ဂိုဏ်းတူမောင်နှမဖြစ်ပြီး မိတ်ဆွေဟောင်းများ မဟုတ်ခဲ့လျှင် ဖန်းကျဲ့တစ်ယောက် လူသတ်ပြီး တာအိုတံဆိပ်ကျောက်စာတိုင်ကို လုယူချင်နေမိမည်သာ ဖြစ်သည်။
“ကောင်းပြီ၊ ကျွန်တော် လက်ခံတယ်”
ဖန်းကျဲ့သည်လည်း လောဘကြီးသူပင် ဖြစ်သည်။
“ဒီလိုဆိုမှတော့ လူဆိုးကို နှိမ်နင်းဖို့ အသေးစိတ် ဆွေးနွေးကြတာပေါ့”
ဖန်းကျဲ့က သဘောတူလိုက်သည်ကို မြင်သောအခါ ပေါင့်ချုံးဟွားမှာ စိတ်အေးသွားရတော့သည်။
ပေါင့်မိသားစု အိမ်တော်အတွင်း၌…
ပေါင့်ဝေကျင်း၏ ဖခင်ဖြစ်သူ ပေါင့်ရှင်းရှန်သည် ပြည့်တန်ဆာအိမ်တွင် အရက်သောက်ပြီးနောက် အိမ်သို့ မူးယစ်စွာ ပြန်ရောက်လာလေသည်။
“ကျွန်မယောက်ျား အရက်တွေ အများကြီး သောက်လာပြန်ပြီပဲ”
ချွမ်းကတော်သည် ပေါင့်ရှင်းရှန် ပြန်လာသည်ကို မြင်သောအခါ ဟင်းရည်ကြည်တစ်ပန်းကန်ကို အမြန်ချပေးလိုက်သည်။
ချွမ်းကတော်မှာ စိတ်ကြည်လင် ကောင်းမွန်နေသည်။ သူမအထင်၌ ပေါင့်ဝေကျင်းမှာ အသတ်ခံရပြီးလောက်ပြီ ဖြစ်သည်။
ရင်းမြစ်သန့်စင်ဆေးပြား ဆယ်ပြား ပေးလိုက်ရသော်လည်း အနာဂတ်တွင် စိတ်အေးချမ်းစွာ နေထိုင်ခွင့်ရမည်ဖြစ်၍ တန်သည်ဟု သူမ ယူဆထားလေသည်။
“အိုး...”
ပေါင့်ရှင်းရှန်က ဟင်းရည်ကြည်ပန်းကန်ကို ယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ မကြာမီတွင် သူ၏ အသိစိတ်မှာ အတော်လေး ကြည်လင်လာတော့သည်။
“မိန်းမရေ... မင်း ဝေကျင်းကို ပိုပြီး ဂရုစိုက်ပေးရမယ်နော်။ မင်းက သူ့ရဲ့ အရင်းခေါက်ခေါက် မိခင်မဟုတ်ပေမဲ့ နာမည်ခံ မိခင်တစ်ယောက်တော့ ဖြစ်နေတုန်းပဲလေ။ သိပ်ပြီး ရက်စက်မနေပါနဲ့...”
ပေါင့်ရှင်းရှန်သည် ပေါင့်ဝေကျင်းနှင့် သူ၏ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
“ဟုတ်ကဲ့ပါ ရှင်”
ချွမ်းကတော်က ပြုံးလိုက်သည်။
“သူ စမ်းသပ်မှုကနေ ပြန်လာတဲ့အခါ ကျွန်မ သွားကြည့်ပေးပါ့မယ်”
“သူ ပြန်ရောက်နေပြီ”
ပေါင့်ရှင်းရှန်က ပြောလိုက်သည်။
“စောစောက အိမ်ထဲဝင်လာတော့ အဖွဲ့ပြန်ရောက်လာပြီလို့ ကြားတယ်။ ဒါပေမဲ့ အကြီးအကဲပေါင့်ရှင်းရွှမ်ကတော့ ရန်သူတွေလက်ချက်နဲ့ အသတ်ခံလိုက်ရပုံပဲ”
ဒေါက်…
ချွမ်းကတော် ထိုစကားကို ကြားသောအခါ သူမလက်ထဲမှ ပန်းကန်လုံးအလွတ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
“မိန်းမ... မိန်းမ”
ချွမ်းကတော် မှင်တက်သွားသည်ကို မြင်သောအခါ ပေါင့်ရှင်းရှန်က အလျင်အမြန် ခေါ်လိုက်သည်။
သို့သော် ချွမ်ကတော်မှာ ကျောက်ရုပ်တစ်ရုပ်ပမာ မလှုပ်မယှက် ဖြစ်နေတော့သည်။
…
နောက်ထပ် လဝက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက်…
ပေါင့်ဝေကျင်းသည် ခြံဝင်းထဲတွင် စိတ်နှစ်၍ လေ့ကျင့်နေလေသည်။
ယခုအခါ ပေါင့်ဝေကျင်းသည် ခြံဝင်းငယ်လေးထဲမှ ပြောင်းရွှေ့သွားပြီဖြစ်ကာ ကိုယ်ပိုင်အိမ်တော်နှင့် အစေခံများပင် ရှိနေပြီဖြစ်သည်။
ဤသည်မှာ ပေါင့်ရှင်းရှန်၏ အကူအညီကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သလို မိသားစုက ပေါင့်ဝေကျင်းကို တန်ဖိုးထားလာခြင်းကြောင့်လည်း ဖြစ်ပေသည်။
ပေါင့်ဝေကျင်းသည် သာမန်လူသားနယ်ပယ် အဋ္ဌမအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
ပေါင့်ဝေကျင်း၏ လျင်မြန်သော တိုးတက်မှုသည် မိသားစုခေါင်းဆောင် ပေါင့်ရှစ်ဟွေး၏ အာရုံစိုက်မှုကိုပင် ရရှိခဲ့လေသည်။
ပေါင့်ရှစ်ဟွေးသည် ပေါင့်ဝေကျင်းတစ်ယောက် မိသားစုလူကြီးများ၏ အာရုံစိုက်မှုကို ရရှိရန်အတွက် လှုံ့ဆော်ဆေးပြားကို သုံးစွဲကာ သူ၏ အလားအလာများကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့ခြင်းများ ဖြစ်နေမည်လားဟုပင် သံသယဝင်မိခဲ့သည်။
သို့သော် ပေါင့်ဝေကျင်းကို စစ်ဆေးပြီးနောက် ပေါင့်ဝေကျင်း၏ ခန္ဓာကိုယ်တွင် အလွန်အကျွံ အားအင်ကုန်ခမ်းနေသည့် လက္ခဏာများ မရှိသည်ကို ပေါင့်ရှစ်ဟွေး တွေ့ရှိသွားခဲ့သည်။
ဤတွေ့ရှိမှုကြောင့် ပေါင့်ရှစ်ဟွေးမှာ အလွန်ပင် ဝမ်းသာသွားရသည်။ သူ၏အမြင်တွင် ပေါင့်ဝေကျင်းသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခြင်း ဖြစ်ရမည်ဟု ယူဆလိုက်သည်။
ပေါင့်မိသားစု၏ သမိုင်းတစ်လျှောက်တွင်လည်း အစပိုင်း၌ သာမန်မျှသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် ရုတ်တရက် ပေါက်ကွဲထွက်ကာ လျင်မြန်စွာ တိုးတက်လာခဲ့ကြသည့် မိသားစု၏ အကြီးအကဲအချို့ ရှိခဲ့ဖူးလေသည်။
ပေါင့်ရှစ်ဟွေး၏ အမြင်တွင် မြေးဖြစ်သူ ပေါင့်ဝေကျင်းမှာလည်း ထိုကဲ့သို့ပင် ဖြစ်ပေသည်။
ထို့ကြောင့် ပေါင့်ရှစ်ဟွေးသည် ပေါင့်ဝေကျင်း၏ အဆင့်အတန်းကို ကိုယ်တိုင် မြှင့်တင်ပေးခဲ့ပြီး သူ့အား အထက်တန်းလွှာ မျိုးဆက်တစ်ဦးအနေဖြင့် မိသားစုအစည်းအဝေးတွင် ပါဝင်ခွင့်ပြုခဲ့လေသည်။
မြေးများထဲတွင် လူသုံးယောက်မှ ငါးယောက်ခန့်သာ ဤကဲ့သို့သော ဆက်ဆံမှုကို ရရှိခဲ့ကြသည်။
အမှန်တကယ်တွင်မူ ပေါင့်ဝေကျင်းသည် နောက်ပိုင်းမှ အရည်အချင်းပြလာသူ မဟုတ်ပေ။ ပေါင့်ဝေကျင်း၏ လျင်မြန်သော တိုးတက်မှုများသည် ရွှီနင်၏ ဆေးပြားများကြောင့်သာ ဖြစ်လေသည်။
သို့သော် ရွှီနင်၏ ဆေးဖော်စပ်နည်းစနစ်မှာ အလွန်အဆင့်မြင့်မားလွန်းသဖြင့် သူဖော်စပ်ထားသော ဆေးပြားများတွင် ဘေးထွက်ဆိုးကျိုး လုံးဝနီးပါး မရှိပေ။
ထို့ကြောင့် ပေါင့်ရှစ်ဟွေးမှာ ပေါင့်ဝေကျင်းအား နောက်ကျမှ အရည်အချင်းပြလာသူဟု ထင်ယောင်ထင်မှား ဖြစ်သွားခြင်းပင်။
“ဟူး...”
ပေါင့်ဝေကျင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ရပ်တန့်လိုက်သည်။
ပေါင့်ဝေကျင်းသည် ခွန်အားများ ပြည့်ဝနေပြီး သူ၏ မျက်လုံးများမှာလည်း တောက်ပနေသည်။
“စီနီယာထောင်ရဲ့ အကူအညီနဲ့ ငါ့ရဲ့ ခွန်အားတွေက လျင်မြန်စွာ တိုးတက်လာသလို မိသားစုတွင်း အဆင့်အတန်းကလည်း တည်တည်ငြိမ်ငြိမ်နဲ့ မြင့်တက်လာခဲ့ပြီ။ အခုဆိုရင် မိသားစုထဲက တချို့လူတွေက ငါ့ဆီ ကိုယ်တိုင်လာပြီး မိသားစုခေါင်းဆောင် ဆက်ခံသူနေရာကို ယှဉ်ပြိုင်ဖို့ ကူညီပေးချင်ကြကြောင်း ပြောလာကြပြီ”
မိသားစုခေါင်းဆောင်နေရာသည် နောက်မျိုးဆက်တွင် ပေါ်ထွက်လာမည် မဟုတ်ဘဲ နောက်ထပ်မျိုးဆက်တစ်ခုတွင်လည်း ပေါ်ထွက်လာနိုင်ကြောင်း ပေါင့်ရှစ်ဟွေးက ယခင်က ပြောခဲ့ဖူးလေသည်။
ပေါင့်ဝေကျင်း၏ စဉ်ဆက်မပြတ် တိုးတက်မှုများနှင့် ထူးချွန်သော စွမ်းဆောင်ရည်များကြောင့် အချို့လူများက သူ့အပေါ် မျှော်လင့်တကြီး ကြည့်လာကြခြင်း ဖြစ်သည်။
“တကယ်လို့ ငါသာ မိသားစုခေါင်းဆောင် ဖြစ်လာခဲ့ရင် ချွမ်ကတော်ကို ရှင်းရတာ လွယ်သွားပြီပေါ့” ပေါင့်ဝေကျင်းမှာ ဂုဏ်ယူဝင့်ကြွားနေလေသည်။
“သခင်လေး... မိသားစုထဲက သခင်လေးတွေနဲ့ သခင်မလေးတွေက သခင်လေးကို နေ့လယ်စာစားပွဲ ဖိတ်ချင်နေကြပါတယ်” အစေခံတစ်ဦး ရောက်လာပြီး ပေါင့်ဝေကျင်းကို ရိုသေစွာ သတင်းပို့လိုက်သည်။
“ငြင်းလိုက်ပါ”
ပေါင့်ဝေကျင်းက ငြင်းဆန်လိုက်သည်။
ထိုလူများအားလုံးက မိသားစုအတွင်း သူ၏ အဆင့်အတန်း မြင့်တက်လာသည်ကို မြင်ပြီး ကြိုးဆွဲချင်နေကြခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင်တော့ ပေါင့်ဝေကျင်းက လက်ခံကောင်း လက်ခံပေလိမ့်မည်။
သို့သော် ယနေ့မူ မဖြစ်နိုင်ပေ။ သူသည် စီနီယာထောင်ကို တွေ့ရန် ယစ်မူးနွေဦးစားသောက်ဆောင်သို့ သွားရန် စီစဉ်ထားလေသည်။
မနေ့က မိသားစုအစည်းအဝေးသို့ တက်ရောက်စဉ် ပေါင့်ဝေကျင်းသည် ယခင်က မသိခဲ့ရသော အဆင့်မြင့် သတင်းအချက်အလက်အချို့ကို သိရှိခဲ့ရသည်။
ဤသတင်းအချက်အလက်များကို စီနီယာထောင် စိတ်ဝင်စားလိမ့်မည်ဟု ပေါင့်ဝေကျင်း ခံစားမိသည်။
ထို့နောက် ပေါင့်ဝေကျင်းသည် အိမ်တော်မှ ထွက်ခွာလာခဲ့လေသည်။
သူ့နောက်သို့ မည်သူမျှ လိုက်မလာကြောင်း သေချာအောင် စစ်ဆေးပြီးနောက် ပေါင့်ဝေကျင်းသည် ယစ်မူးနွေဦးအဆောင်ဆီသို့ အလျင်အမြန် သွားရောက်လိုက်သည်။
ယစ်မူးနွေဦးအဆောင်ရှိ အခန်းတစ်ခန်းအတွင်း၌…
ဗိုင်း… ဗိုင်း… ဗိုင်း…
ရွှီနင်၏ ရှေ့ရှိ ဆေးဖိုအတွင်းမှ အစိမ်းနုရောင် ဆေးပြားခြောက်ပြား ခုန်ထွက်လာလေသည်။
“နုပျိုခြင်းစွမ်းအင်ဆေးပြား ပြီးပြီပဲ”
ရွှီနင် ပြုံးလိုက်ပြီး ဆေးပြားခြောက်ပြားကို သိမ်းဆည်းလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရွှီနင်သည် အလုပ်ကြိုးစားနေခဲ့သည်။
သူသည် ကျင်းလိစီရင်စုအနီးရှိ အရင်းအမြစ်အချို့ကို လုယူခဲ့ပြီးနောက် ကုန်ကြမ်းပစ္စည်းများစွာနှင့် လဲလှယ်ကာ ဆေးပြားများစွာ ဖော်စပ်ခဲ့လေသည်။
ပြီးခဲ့သည့် တစ်လအတွင်း ရွှီနင်သည် သူ၏ စွမ်းအင်အမှတ် ယူနစ် ၁,၀၀၀ အား ယူနစ် ၁၀,၀၀၀ နီးပါးအထိ ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ရွှီနင်သည် အသုံးဝင်မည့် ဆေးပြားအချို့ကိုလည်း ဖော်စပ်ခဲ့သည်။ ယခုပင်လျှင် သူသည် နုပျိုခြင်းစွမ်းအင်ဆေးပြားကို ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။
ဤနုပျိုခြင်းစွမ်းအင်ဆေးပြားမှာ ယောက်ဖဖြစ်သူ ထောင်ယွင်ချွမ်းအတွက် အထူးရည်ရွယ်၍ ဖော်စပ်ထားခြင်း ဖြစ်ပေသည်။
ထောင်ယွင်ချွမ်းသည် သိုင်းပညာရှင်တစ်ယောက် မဟုတ်သလို သူ၏ ဒဏ်ရာဟောင်းများမှာလည်း အချိန်ကြာမြင့်နေပြီဖြစ်ရာ ထိုဒဏ်ရာဟောင်းများကို ကုသရန်အတွက် လိုအပ်သော ဆေးပြား၏ အရည်အသွေးမှာ အလွန်မြင့်မားရပေမည်။
ရွှီနင်သည် မကြာသေးမီကမှ နုပျိုခြင်းစွမ်းအင်ဆေးပြားအတွက် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။
ဝေ့မိသားစုဝင်များကို ကယ်တင်ပြီးနောက် ထောင်ရွာသို့ ပြန်ရောက်သည့်အခါ သူသည် ဤဆေးပြားကို ယောက်ဖဖြစ်သူအား သောက်သုံးရန် ပေးအပ်မည် ဖြစ်လေသည်။
***