‘ငါ လုပ်နိုင်ခဲ့ပြီ။’
ရွှီနင်သည် ဖန်းကျဲ့၏ ခြိမ်းခြောက်မှုများကို သိပ်ပြီး စိတ်မပူမိပေ။
ဖန်းကျဲ့သည် ပေါင့်ချုံးဟွား၏ သေဆုံးမှုကို အထူးကိရိယာတစ်ခုမှတစ်ဆင့် သိရှိနိုင်ခဲ့သော်လည်း ဆရာကြီးကူကျွမ့်ကမူ ဖန်းကျဲ့၏ သေဆုံးမှုအကြောင်းကို သေသေချာချာ သိရှိနိုင်ဦးမည် မဟုတ်ပေ။ သိရှိခဲ့လျှင်ပင် ၎င်းသည် ရွှီနင့်လက်ချက်ဖြစ်ကြောင်း အတည်ပြုနိုင်ရန်မှာ ခဲယဉ်းပေလိမ့်မည်။
ဤသို့သော ကိရိယာများသည် အကွာအဝေး အကန့်အသတ် ရှိပေသည်။
ဤနေရာသည် ယွဲ့လန်ဂိုဏ်းနှင့် အလွန်ဝေးကွာသဖြင့် ဖန်းကျဲ့ကို သတ်ပြီးနောက် ရွှီနင်၏ လျှို့ဝှက်ချက် ပေါက်ကြားသွားရန် အခွင့်အလမ်းမှာ အလွန်ပင် နည်းပါးလှသည်။
‘ဖန်းကျဲ့က တကယ့်ကို ယွဲ့လန်ဂိုဏ်းရဲ့ ဒုတိယမြောက် တပည့်ရင်းပီသပါပေတယ်။ တာအိုလက်နက် အကူအညီ ပါတာတောင်မှ သူ့ကို အလစ်တိုက်ခိုက်မှုနဲ့ပဲ သတ်နိုင်ခဲ့တာ။’
သို့သော် ရွှီနင်သည် ဤရလဒ်ကို ကျေနပ်မိသည်။
သူသည် တာအိုလက်နက်၏ အကူအညီကို ယူခဲ့ရသော်လည်း လက်ရှိတွင် တံဆိပ်တော်နယ်ပယ်၌သာ ရှိနေသေးသည်။ အကယ်၍ သူသာ အစစ်အမှန်စိတ်ဆန္ဒနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပါက တာအိုလက်နက် မပါဘဲ ဖန်းကျဲ့ကို အနိုင်ယူရန် မခက်ခဲတော့ချေ။
ရွှီနင်သည် တာအိုလက်နက်နှင့် တာအိုတံဆိပ်တော် ကျောက်ပြားကို သိမ်းဆည်းလိုက်သည်။
ထို့နောက် ဖန်းကျဲ့၏ ကိုယ်ပေါ်မှ ထူးခြားသော ဆေးလုံးများနှင့် ကိရိယာအချို့ကို ရှာတွေ့ခဲ့သည်။
၎င်းတို့သည် ရွှီနင့်အတွက် သိပ်တန်ဖိုးမရှိသော်လည်း အရန်ပစ္စည်းအနေဖြင့် အသုံးဝင်နိုင်သဖြင့် နောင်တစ်ချိန်တွင် အသုံးပြုနိုင်ရန် သိမ်းဆည်းထားလိုက်သည်။
တန်ဖိုးကြီးပစ္စည်းများစွာ မရရှိခဲ့သော်လည်း ရွှီနင် စိတ်ပျက်မသွားပေ။
ဖန်းကျဲ့အနေဖြင့် တာအိုတံဆိပ်တော် ကျောက်ပြားအတွက် ဤမျှ ကြိုးပမ်းနေသည်မှာ သူ့ထံတွင် တခြားတန်ဖိုးရှိသော ရတနာများ မရှိသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော် ဤသည်က ရွှီနင်သည် မည်မျှပင် ချမ်းသာနေကြောင်းကိုလည်း သက်သေပြနေသည်။
တာအိုလက်နက် ငါးခုနှင့် တာအိုတံဆိပ်တော် နှစ်ခုမှာ ဂိုဏ်း၏ တပည့်ရင်းတစ်ဦး မဆိုထားနှင့် ယွဲ့လန်ဂိုဏ်း၏ အကြီးအကဲများပင် ရွှီနင်ကို လိုက်မမီနိုင်သော ပိုင်ဆိုင်မှုမျိုး ဖြစ်ပေသည်။
ရွှီနင်သည် ဖန်းကျဲ့၏ အလောင်းကို ဖျောက်ပစ်ပြီးနောက် လင်းယုန်မိစ္ဆာသားရဲကြီးကို ခေါ်ကာ ကျင်းလိစီရင်စုသို့ ပြန်ခဲ့လေသည်။
ယခင်ကနှင့် ယှဉ်လျှင် လင်းယုန်သားရဲကြီးမှာ ပိုမို လိမ္မာလာချေပြီ။
၎င်းသည် အစောပိုင်း၌ တိုက်ပွဲမြေပြင်နှင့် မဝေးလှသဖြင့် ရွှီနင်၏ ကြောက်မက်ဖွယ် ကောင်းလှသော ခွန်အားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
အထူးသဖြင့် ရွှီနင်က ၎င်းထက် သန်မာသော အလယ်အလတ်အဆင့် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲကို သတ်ပြလိုက်သည့်အခါ လင်းယုန်ကြီးမှာ အလွန်တုန်လှုပ်သွားရသည်။
ရွှီနင်ကို ကြောက်ရွံ့သွားသလိုပင် ရွှီနင်သည် လူသားသိုင်းပညာရှင်များထဲမှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကိုလည်း သိရှိသွားခဲ့ပြီ ဖြစ်သည်။
သူ့ကို တိုးတက်စေမည့် ဆေးလုံးများ ရရှိရန်အတွက် နာခံခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ၎င်း သိသွားချေပြီ။
မိစ္ဆာသားရဲတစ်ကောင်သည် အဆင့်တက်ရန်အတွက် ပြင်ပအကူအညီများအား မှီခိုလေ့မရှိပေ။ မိစ္ဆာသားရဲများအတွက် ထိရောက်သော ဆေးလုံးများ ဖော်စပ်နိုင်သော ဆေးဆရာများမှာ ဆေးဆရာလောက၏ ထိပ်တန်းပညာရှင်များသာ ဖြစ်ကြသည်။
ရွှီနင်သည် လင်းယုန်ကြီးကို စီးနင်းကာ မှောင်မိုက်သော ညကောင်းကင်ယံအတွင်းသို့ ပျောက်ကွယ်သွားလေတော့သည်။
…
လဝက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက်…
ပေါင့်မိသားစု၏ အကြီးတန်းပုဂ္ဂိုလ်များ အားလုံး ကျင်းလိစီရင်စုသို့ ပြန်လည်ရောက်ရှိလာကြသည်။
လွန်ခဲ့သော လဝက်အတွင်း ပေါင့်မိသားစုဝင်အားလုံး စိုးရိမ်ထိတ်လန့်နေခဲ့ကြရသည်။
ပထမဆုံး အကြီးအကဲ ပေါင့်ရှင်းရွှမ် အသတ်ခံရပြီးနောက် မဟာအကြီးအကဲ ပေါင့်ချုံးဟွားမှာလည်း ပျောက်ဆုံးသွားခဲ့သည်။ ထို့နောက် ယွဲ့လန်ဂိုဏ်း၏ တပည့်ရင်း ဖန်းကျဲ့မှာလည်း နှုတ်ဆက်ခြင်းမရှိဘဲ ထွက်သွားခဲ့ပြန်သည်။
ပေါင့်ရူရွမ်းကို ဆုံးရှုံးထားရသည့် ပေါင့်မိသားစုမှာ ယခုအခါ ပိုမို အားနည်းသွားချေပြီ။
မိသားစုဝင်တိုင်းမှာ စိတ်ပူနေကြသည်။
ပေါင့်မိသားစုအနေဖြင့် ဖန်းကျဲ့ကို တစ်ခုခု ဖြစ်သွားလိမ့်မည်ဟု မထင်ကြပေ။ ဖန်းကျဲ့သည် ယွင်ရှုစီရင်စုမှ ထွက်ခွာစဉ် မည်သူ့ကိုမျှ ပြောမသွားခဲ့ခြင်း ဖြစ်သည်။
ပေါင့်ရှစ်ဟွေးကမူ ဤကိစ္စကို သံသယဝင်နေမိသည်။
သူသည် ဖန်းကျဲ့က ပေါင့်ချုံးဟွားကို သတ်ပြီး တာအိုတံဆိပ်တော်ကို ယူကာ ထွက်ပြေးသွားသည်ဟု ခံစားနေရသည်။
ပေါင့်ရှင်းရွှမ်ကို သတ်သူမှာလည်း ဖန်းကျဲ့သာ ဖြစ်ပြီး တံဆိပ်တော်နယ်ပယ် သိုင်းပညာရှင်ဟူသည်မှာ မရှိဟု သူ ထင်နေခြင်း ဖြစ်သည်။
ဤသို့ ထင်ရခြင်းမှာလည်း အကြောင်းမဲ့ မဟုတ်ပေ။ ပေါင့်ရှစ်ဟွေးသည် ထိုသိုင်းပညာရှင်ကို တစ်ခါမျှ မမြင်ဖူးခဲ့သလို ဖန်းကျဲ့သည်လည်း တာအိုတံဆိပ်တော်အကြောင်း သိသွားချိန်မှစ၍ အလွန် တက်ကြွနေခဲ့ခြင်းကြောင့် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ဖန်းကျဲ့ ပျောက်ကွယ်သွားသည့် လဝက်အတွင်း ပေါင့်မိသားစုတွင် မည်သည့် မတော်တဆမှုမျှ ထပ်မံ မဖြစ်ပွားခဲ့ခြင်းပင်။
ဖန်းကျဲ့ ပြောခဲ့သည့်အတိုင်းဆိုလျှင် ပေါင့်မိသားစုကို ပစ်မှတ်ထားသူသာ ရှိပါက အင်အားအနည်းဆုံး အချိန်တွင် အပြင်းအထန် တိုက်ခိုက်လာရမည် မဟုတ်ပါလား။
သို့သော် အမှန်တကယ်တွင်မူ ပေါင့်မိသားစုမှာ စိုးရိမ်နေရသော်လည်း သိသာထင်ရှားသော ဆုံးရှုံးမှုမျိုး မရှိခဲ့ပေ။
သို့သော်လည်း ပေါင့်ရှစ်ဟွေးသည် ဤအတွေးကို မည်သူ့ကိုမျှ မပြောဝံ့ချေ။
ပေါင့်မိသားစုသည် ယွဲ့လန်ဂိုဏ်း၏ လက်အောက်ခံ ထိပ်တန်းမိသားစု မဟုတ်တော့ပေ။ ပေါင့်ရူရွမ်း၏ ရာထူးမရှိတော့သဖြင့် ပေါင့်မိသားစုသည် ဖန်းကျဲ့ကို သံသယဝင်ရန် မဝံ့ရဲတော့ချေ။
အကယ်၍ ဖန်းကျဲ့ သို့မဟုတ် ဆရာကြီးကူကျွမ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါက ပေါင့်မိသားစုသည် ကြီးစွာသော ဘေးဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ထို့ကြောင့် မဟာအကြီးအကဲ ပေါင့်ချုံးဟွား ပျောက်ဆုံးသွားကြောင်း ဂိုဏ်းသို့ သတင်းပို့သည့်အခါ ဖန်းကျဲ့ ရောက်လာခဲ့သည့် အကြောင်းကို ပေါင့်ရှစ်ဟွေး တမင် ထိန်ချန်ထားလိုက်သည်။
ထိုစာထဲတွင် ပေါင့်ချုံးဟွား ပျောက်ဆုံးရသည့် အကြောင်းရင်းကို စုံစမ်းပေးရန်သာ ပေါင့်ရှစ်ဟွေးက တောင်းဆိုထားခဲ့သည်။
သတင်းပို့စာကို လွန်ခဲ့သည့် လဝက်ကတည်းက ပို့ထားခဲ့သဖြင့် ယွဲ့လန်ဂိုဏ်းမှ လူများ မကြာခင် ရောက်လာလိမ့်မည်ဟု ပေါင့်ရှစ်ဟွေး ခန့်မှန်းထားလေသည်။
သို့သော် ပေါင့်မိသားစုရှိ လူတိုင်းကတော့ လက်ရှိအခြေအနေကို စိုးရိမ်မနေကြပေ။
ပေါင့်ဝေကျင်းမှာ တည်ငြိမ်နေသည်။
လွန်ခဲ့သည့် လဝက်အတွင်း ရွှီနင်ကို မတွေ့ရသော်လည်း မဟာအကြီးအကဲ ပေါင့်ချုံးဟွား ပျောက်ဆုံးမှုသည် စီနီယာထောင်နှင့် ပတ်သက်နေလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
ပေါင့်ဝေကျင်းသည် ထိုမဟာအကြီးအကဲအပေါ် မည်သည့်သံယောဇဉ်မျှ မရှိပေ။
သူ မိသားစုအတွင်း ဒုက္ခရောက်နေချိန်နှင့် မိခင်ဖြစ်သူ စိတ်ဓာတ်ကျကာ ကွယ်လွန်သွားချိန်တွင် ထိုအမြင့်မြတ်ဆုံးသော အကြီးအကဲများသည် သူ့ကို လှည့်ပင် မကြည့်ခဲ့ကြချေ။
တစ်ဖက်တွင်မူ စီနီယာထောင်သည် သူ၏ အနိမ့်ဆုံးအချိန်၌ ရှေ့သို့ ထွက်လာကာ သူ၏ ဘဝကို ပြောင်းလဲပေးခဲ့သည်။
လွန်ခဲ့သော လဝက်အတွင်း ပေါင့်ဝေကျင်းသည် ရွှီနင်ပေးထားသော ဆေးလုံးများကို သောက်သုံးခဲ့သည်။
ရွှီနင်ပေးထားသော ဆေးလုံးများတွင် ဘေးထွက်ဆိုးကျိုး မရှိမှန်း သူ သိထားသဖြင့် စိတ်ချလက်ချ သောက်သုံးခဲ့ခြင်း ဖြစ်သည်။
ပြင်းထန်သော ဆေးစွမ်းအင်များ၏ အကူအညီဖြင့် ပေါင့်ဝေကျင်းသည် စိတ်ဆန္ဒနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ နောက်ထပ် တစ်လှမ်းတည်းနှင့် ဝိညာဉ်နိုးထခြင်းနယ်ပယ်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်ရာ ပေါင့်မိသားစု၏ အစွမ်းအထက်ဆုံး လူငယ်များထဲမှ တစ်ဦး ဖြစ်လာတော့မည် ဖြစ်သည်။
ပေါင့်ဝေကျင်း၏ ခွန်အား တိုးတက်လာသည်နှင့်အမျှ သူ့ဘက်တွင် ရပ်တည်သူများလည်း ပိုမို များပြားလာခဲ့သည်။
ပေါင့်ဝေကျင်းသည် ယခုအခါ ပေါင့်မိသားစုတွင် ခိုင်မာသော ရာထူးတစ်ခုကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်သည်။
သူသည် မိသားစုအတွင်းရှိ သူ၏ ဩဇာအာဏာကို အသုံးချကာ ချွမ်းသခင်မကို စတင် ပစ်မှတ်ထားတော့သည်။
ချွမ်းသခင်မနှင့် ပူးပေါင်းကြံစည်ခဲ့သော တာဝန်ခံကို ပေါင့်ဝေကျင်းက ဖမ်းဆီးစစ်ဆေးခဲ့သည်။
ထိုတာဝန်ခံထံမှတစ်ဆင့် မိခင်ဖြစ်သူသည် ချွမ်းသခင်မကြောင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း ပေါင့်ဝေကျင်း သိရှိသွားခဲ့သည်။
ဤသည်က ပေါင့်ဝေကျင်းကို ပိုမို ဒေါသထွက်စေခဲ့ပြီး ချွမ်းသခင်မအပေါ် အမုန်းတရားများ ပိုမို တိုးပွားလာစေခဲ့သည်။
တာဝန်ခံကို သတ်ပစ်ပြီးနောက် ပေါင့်ဝေကျင်းသည် သူ၏ အင်အားကို တိတ်တဆိတ် စုဆောင်းနေခဲ့သည်။ သူ၏ ခွန်အားနှင့် ရာထူး တိုးတက်လာသည်နှင့်တစ်ပြိုင်နက် နှစ်ရှည်လများ စုဆောင်းထားသော အမုန်းတရားများကို လက်စားချေရန် ချွမ်းသခင်မကို ချက်ချင်း တိုက်ခိုက်တော့မည် ဖြစ်သည်။
‘စီနီယာထောင်ကို သွားတွေ့ရမယ်။’
သိုင်းပညာကို တစ်နေ့လုံး လေ့ကျင့်ပြီးနောက် ပေါင့်ဝေကျင်းသည် ယစ်မူးနွေဦးဆောင်သို့ နောက်တစ်ကြိမ် သွားခဲ့ပြန်သည်။
ရွှီနင်၏ အခန်းသို့ ရောက်သောအခါ အခန်းမှာ သပ်ရပ်နေပြီး ပစ္စည်းအချို့ကို သိမ်းဆည်းထားသည်ကို ပေါင့်ဝေကျင်း တွေ့လိုက်ရသဖြင့် ရင်ထဲ တင်းကျပ်သွားရသည်။
“စီနီယာထောင်”
ပေါင့်ဝေကျင်းက ရွှီနင်ကို အရိုအသေ ပေးလိုက်သည်။
ရွှီနင်က စားပွဲတွင် ထိုင်လိုက်ပြီး ပြောလိုက်သည်။ “ငါ မကြာခင် ထွက်သွားတော့မယ်”
“စီနီယာ... အသင်က...”
ပေါင့်ဝေကျင်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။
ထင်ထားသည့်အတိုင်းပင် မိသားစုအကြီးအကဲများနှင့် ရန်ငြိုးများ ပြေလည်သွားပြီးနောက် စီနီယာသည် ထွက်ခွာရန် ပြင်ဆင်နေချေပြီ။
“စီနီယာ... ကျွန်တော့်ကိုပါ တစ်ပါတည်း ခေါ်သွားပေးလို့ မရဘူးလားခင်ဗျာ”
ပေါင့်ဝေကျင်းသည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ဒူးထောက်ကာ တောင်းပန်လိုက်သည်။ “ကျွန်တော့်ကို သုံးရက်... မဟုတ်ပါဘူး... နာရီဝက်လောက်ပဲ အချိန်ပေးပါ။ ကျွန်တော် ပြန်သွားပြီး ချွမ်းသခင်မကို သတ်ပြီးတာနဲ့ စီနီယာ့နောက်ကို လိုက်ပါပြီး အခိုင်းအစေအဖြစ် အမှုထမ်းပါ့မယ်။ စီနီယာ သဘောတူပေးပါခင်ဗျာ။”
မိသားစုအတွင်း ရာထူးတိုးလာမှုက သူ့ကို တွန့်ဆုတ်စေသော်လည်း ရွှီနင်၏နောက်သို့ လိုက်လိုသော ဆန္ဒက ပိုမို ပြင်းပြနေခြင်း ဖြစ်သည်။
“ငါ့နောက် လိုက်စရာ မလိုပါဘူး။ ငါ့မှာ အခိုင်းအစေတွေ မလိုဘူး”
ရွှီနင်က ငြင်းပယ်လိုက်သည်။ “သိပ်ပြီး ဝမ်းနည်းမနေပါနဲ့။ ဒီတစ်ခါ ခွဲခွာရပေမဲ့ နောင်တစ်ချိန်မှာ ပြန်ဆုံဖို့ အခွင့်အရေး ရှိပါသေးတယ်”
ရွှီနင်သည် ပေါင့်ဝေကျင်းကို လိမ်ညာနေခြင်း မဟုတ်ပေ။
ဖန်းကျဲ့နှင့် ပေါင့်ချုံးဟွားတို့ သေဆုံးမှုတွင် ပေါင့်ဝေကျင်းသည် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်။ သူသည် ရွှီနင်က ကျိဖုန်းစီရင်စုတွင် ချန်ထားခဲ့သော နယ်ရုပ်တစ်ခုလည်း ဖြစ်ပေသည်။
အနာဂတ်တွင် ပေါင့်ဝေကျင်း၏ အကူအညီ လိုအပ်လာနိုင်သည် မဟုတ်ပါလား။
”တကယ်လားခင်ဗျာ”
ရွှီနင်၏ စကားကို ကြားပြီးနောက် ပေါင့်ဝေကျင်း စိတ်သက်သာရာ ရသွားသည်။
အနာဂတ်တွင် ပြန်လည်ဆုံတွေ့နိုင်ဦးမည်ဆိုလျှင် ပေါင့်ဝေကျင်း လက်ခံနိုင်ပေသည်။
“ဒါပေါ့”
ရွှီနင်က ကြွေပုလင်းလေးတစ်လုံးကို ထုတ်ပေးလိုက်သည်။ ”အရင်ပေးထားတဲ့ ဆေးလုံးတွေက ဝိညာဉ်နိုးထခြင်းနယ်ပယ်ကို ရောက်ဖို့ပဲ လုံလောက်တာ။ ဒီဆေးလုံးတွေကိုတော့ ဝိညာဉ်နိုးထခြင်းနယ်ပယ်ကို ရောက်ပြီးမှ သောက်ပါ”
“မင်းရဲ့ ပါရမီနဲ့ဆိုရင် ဒီဆေးလုံးတွေကို သောက်ပြီး သုံးလအတွင်းမှာ ဟင်းလင်းပြင်နယ်ပယ်ကို သေချာပေါက် ရောက်နိုင်လိမ့်မယ်”
ရွှီနင်သည် ပေါင့်ဝေကျင်းကို ပေါင့်မိသားစု၏ အကြီးအကဲ ဖြစ်လာအောင် ပံ့ပိုးပေးလိုခြင်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ ခွန်အားသည်သာ အရာရာဖြစ်ပေသည်။
“ဟင်းလင်းပြင်နယ်ပယ်...”
ပေါင့်ဝေကျင်းသည် ကြွေပုလင်းကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ အရာအားလုံးက အိပ်မက်တစ်ခုလိုပင် ခံစားနေရသည်။
သူသည် စိတ်ဆန္ဒနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေသော်လည်း ဟင်းလင်းပြင်နယ်ပယ်ဆိုသည်မှာ အလွန်ဝေးကွာလှသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
သို့သော် စီနီယာထောင်က သူ့ကို ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်နိုင်လိမ့်မည်ဟု ကတိပေးခဲ့ချေပြီ။
“မင်းရဲ့ နယ်ပယ်ကိုတော့ ကိုယ့်ဘာသာ တိုးတက်အောင် လုပ်ရမယ်။ ဒါပေမဲ့ ငါ မထွက်ခွာခင် မင်းရဲ့ မိသားစုရာထူး တည်မြဲအောင် ငါ ကူညီပေးနိုင်သေးတယ်”
ရွှီနင်က မေးလိုက်သည်။ “မင်းအတွက် ငါ့ကို ဘာလုပ်ပေးစေချင်လဲ”
”စီနီယာ... စီနီယာက ကျွန်တော့်အတွက် အများကြီး လုပ်ပေးခဲ့ပြီးပါပြီ။ ကျွန်တော် ဘယ်လိုမှ ပြန်မဆပ်နိုင်တော့ပါဘူး”
ပေါင့်ဝေကျင်းက ရိုးသားစွာ ပြောလိုက်သည်။ “ကျန်တာတွေကိုတော့ ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ်”
ထိုစကားကို ကြားသောအခါ ရွှီနင် ဇွတ်မတိုက်တွန်းတော့ပေ။
“ဒါဆိုရင်တော့ ပြန်တွေ့ကြတာပေါ့”
ရွှီနင် အချိန်ဆွဲမနေတော့ဘဲ ဧည့်သည်ကို ပြန်လွှတ်လိုက်သည်။
ပေါင့်ဝေကျင်းသည် မချင့်မရဲဖြင့် ယစ်မူးနွေဦးဆောင်မှ ထွက်ခွာသွားတော့သည်။
“စီနီယာထောင်... ကျွန်တော် စီနီယာ့ကို လုံးဝ စိတ်မပျက်စေရပါဘူး”
ပေါင့်ဝေကျင်းသည် ယစ်မူးနွေဦးဆောင်ကို ပြတ်သားသော အကြည့်ဖြင့် ပြန်လည်ကြည့်ရှုလိုက်သည်။
“ဖေးယွင်ပြည်နယ်ကို ပြန်ဖို့ အချိန်ရောက်ပြီ...”
ပေါင့်ဝေကျင်းကို ပို့ဆောင်ပြီးနောက် ရွှီနင်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အရောင်များ ဖြာထွက်လာသည်။
အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ရာ ရွှီနင်သည် ယစ်မူးနွေဦးဆောင်မှ ထွက်ခွာခဲ့လေသည်။
ကျင်းလိစီရင်စုမှ ထွက်ခွာပြီးနောက် ရွှီနင်သည် လင်းယုန်မိစ္ဆာသားရဲကြီးကို ခေါ်ကာ ဝေ့မိသားစုဝင်များ ပုန်းအောင်းနေသည့် တောင်တန်းဆီသို့ ပျံသန်းခဲ့သည်။
“ရွှီနင်”
“ညီလေးရွှီ”
ဝေ့ချန်ချင်းနှင့် ကျန်နှစ်ဦးမှာ ရွှီနင်ကို မြင်လိုက်ရသဖြင့် အလွန် ဝမ်းသာသွားကြသည်။
အိမ်ပြန်ရမည့် အချိန်ရောက်ပြီမှန်း သူတို့အားလုံး သိလိုက်ကြချေပြီ။
“ရွှီနင်... ကျိဖုန်းစီရင်စုက ကိစ္စတွေကို ဖြေရှင်းပြီးပြီလား”
ဝေ့ချန်ချင်းက မေးလိုက်သည်။
“ဟုတ်ကဲ့... ပြီးပါပြီ”
ရွှီနင်က ခောင်းညိတ်ပြကာ ပြောလိုက်သည်။
“ဖေးယွင်ပြည်နယ်ကို ပြန်ဖို့ အချိန်တန်ပြီ”
ရွှီနင်၏ စကားကြောင့် ဝေ့ချန်ချင်းနှင့် ကျန်လူများ ပြုံးပျော်သွားကြသည်။
ထို့နောက် လေးဦးသား လင်းယုန်မိစ္ဆာသားရဲကြီး၏ ကျောပေါ်သို့ တက်လိုက်ကြလေသည်။
လင်းယုန်ကြီးသည် တစ်ချက်အော်ဟစ်လိုက်ပြီး တောင်ပံများကို ခတ်ကာ တိမ်တိုက်များကြားသို့ ပျောက်ကွယ်သွားသော အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“နောက်ဆုံးတော့ ပြန်ရတော့မယ်...”
ရွှီနင်သည် ဖေးယွင်ပြည်နယ်ရှိရာဘက်သို့ မျှော်ကြည့်လိုက်သည်။
ကျိဖုန်းစီရင်စုသို့ မလာမီက သူသည် သာမန်လူသားနယ်ပယ် သိုင်းပညာရှင်တစ်ဦးသာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သူသည် အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေချေပြီ။
“ထောင်ထောင်... အစ်မ... ယောက်ဖ... ကောယယ်...”
ရင်းနှီးလှသော မျက်နှာများ ရွှီနင်၏ အာရုံထဲတွင် ပေါ်လာသည်။
“ငါ... ပြန်လာပြီ”
***