ဖေးယွင်ပြည်နယ်…
ခန်းယွင်ခရိုင်…
ထောင်ရွာ…
“ပစ္စည်းတွေ အကုန်ထုပ်ပြီးပြီလား”
ထောင်ယွင်ချွမ်းက ထော့နဲ့ထောနဲ့ ခြေတစ်ဖက်ဖြင့် အိမ်ထဲသို့ ဝင်လာပြီး ရွှီလျန်ကို မေးလိုက်သည်။
“ပြီးတော့မှာပါ”
ရွှီလျန်က ပြန်ဖြေရင်း ပစ္စည်းများကို ဆက်လက်ထုပ်ပိုးနေသည်။
လွန်ခဲ့သော တစ်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ရွှီလျန်မှာ အတော်လေး နွမ်းနယ်နေပြီး သူမ၏ မျက်လုံးများမှာလည်း ယခင်ကကဲ့သို့ တောက်ပခြင်း မရှိတော့ချေ။
ထောင်ယွင်ချွမ်းသည် ဇနီးဖြစ်သူကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ သူသည် တံခါးဝတွင် ထိုင်ကာ ခြံထဲရှိ ကြက်များကို ငေးကြည့်နေသည်။ သူ့မျက်လုံးများတွင်လည်း ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေပေသည်။
သူတို့ နေရာရွှေ့ပြောင်းကြတော့မည်။
ပို၍ တိတိကျကျ ပြောရလျှင် ထောင်ရွာတစ်ခုလုံး ပြောင်းရွှေ့ကြတော့မည် ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ခန်းယွင်ခရိုင်၊ ချိုးယွင်ခရိုင်နှင့် တင့်ယွင်ခရိုင်တို့ အနီးတွင် ဖေးယွင်ပြည်နယ်၏ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့နှင့် လျဲ့ဝုစီရင်စု၏ သွေးအရိပ်ဂိုဏ်းတို့အကြား စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
ထိုစစ်ပွဲမှာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ အောင်ပွဲဖြင့် အဆုံးသတ်ခဲ့သည်။
သို့သော် သူတို့ အနိုင်ရခဲ့သော်လည်း ဖေးယွင်ပြည်နယ်နှင့် လျဲ့ဝုစီရင်စုအကြား ပွတ်တိုက်မှုများမှာ အဆုံးမသတ်ခဲ့ပေ။
ဖေးယွင်ပြည်နယ်၏ အရှေ့တောင်ဘက်တွင်သာမက ဖေးယွင်ပြည်နယ်နှင့် လျဲ့ဝုစီရင်စုတို့၏ နယ်စပ်တစ်ခုလုံးတွင် စစ်မီးများ တောက်လောင်နေခဲ့သည်။ နှစ်ဖက်လုံး၏ ပဋိပက္ခများမှာ ပိုမိုပြင်းထန်လာခဲ့သည်။
လျဲ့ဝုစီရင်စုအတွင်းရှိ ပဋိပက္ခများကို လျှော့ချရန်အတွက် ထိုစီရင်စုရှိ ဂိုဏ်းကြီးများနှင့် မိသားစုကြီးများသည် အချင်းချင်း ပူးပေါင်းကာ ဖေးယွင်ပြည်နယ်ရှိ ယွမ်ရှန်းဂိုဏ်းကို စတင်ဖိအားပေးလာပြီး ဖေးယွင်ပြည်နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းလာကြတော့သည်။
ယွမ်ရှန်းဂိုဏ်းမှာလည်း လုံးဝအလျှော့ပေးမည်မဟုတ်ရာ ပြည်နယ်နှစ်ခုကြား စစ်ပွဲများမှာ ပိုမိုအကြိမ်ရေများလာပြီး ပြင်းထန်လာခဲ့ပေသည်။
လွန်ခဲ့သော တစ်နှစ်က စစ်ပွဲတွင် အနိုင်ရပြီးနောက် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သည် တပ်စခန်းများ ချထားပြီး အင်အားကို ထပ်မံချဲ့ထွင်ကာ ချိုးယွင်ခရိုင်နှင့် တင့်ယွင်ခရိုင်တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်လခန့်တွင် သွေးအရိပ်ဂိုဏ်းသည် အင်အားတိုးချဲ့လာပြီး ချိုးယွင်နှင့် တင့်ယွင်ခရိုင်တို့ကို ပြန်လည်သိမ်းပိုက်သွားပြန်သည်။
ထို့အပြင် ဤတစ်ကြိမ်တွင် ရန်သူ့အင်အားမှာ များပြားလှပြီး တိုက်ခိုက်နိုင်စွမ်းမှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
ခရိုင်နှစ်ခုကို သိမ်းပိုက်ပြီးနောက် သူတို့သည် ခန်းယွင်ခရိုင်ဘက်သို့ ဦးတည်လာကြတော့သည်။
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထက် အဆပေါင်းများစွာ သာလွန်သော ရန်သူကို ရင်ဆိုင်နေရသောကြောင့် ခန်းယွင်ခရိုင်ရှိ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ တပ်မှူးအသစ်သည် ခန်းယွင်ခရိုင်ကို စွန့်ခွာရန် အမိန့်ပေးခဲ့လေသည်။
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ခန်းယွင်ခရိုင်ကို စွန့်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ထောင်ရွာသည်လည်း တစ်ရွာလုံး ပြောင်းရွှေ့ရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်ကြတော့သည်။
ယခုအခါ ခန်းယွင်ခရိုင်ရှိ ရွာကြီးသုံးရွာမှာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့နှင့် တစ်သားတည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ သွေးအရိပ်ဂိုဏ်းသာ ခန်းယွင်ခရိုင်အား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါက မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့နှင့် ပူးပေါင်းခဲ့သော ရွာသုံးရွာမှ လူများကို သေချာပေါက် သတ်ဖြတ်ကြပေလိမ့်မည်။
ထိုသို့သော အနိဋ္ဌာအာရုံများကို ရှောင်ရှားရန်အတွက် ထောင်ရွာမှ လူများသည် သူတို့၏ ဇာတိရပ်ရွာကို စွန့်ခွာကာ အခြားဘေးကင်းရာရွာတစ်ခုတွင် ခိုလှုံရန်မှတစ်ပါး အခြားမရှိတော့ချေ။
ထောင်ရွာတစ်ခုလုံး ပြောင်းရွှေ့ရန် တစ်ရက်သာ လိုတော့သည်။
မနက်ဖြန် မိုးမလင်းမီတွင် ထောင်ရွာသည် ရွာသားအားလုံးကို စုစည်းကာ အတူတကွ စတင်ထွက်ခွာကြတော့မည် ဖြစ်သည်။
“အဖေ မနက်ဖြန် သွားကြတော့မှာလား”
ပန်းပွင့်ပုံစံ အင်္ကျီလေး ဝတ်ဆင်ထားသော ထောင်ထောင်က လျှောက်လာပြီး ထောင်ယွင်ချွမ်းကို အသာအယာ မေးလိုက်သည်။
ထောင်ထောင်မှာ ယခုအခါ ခြောက်နှစ်နီးပါး ရှိနေပြီဖြစ်ကာ လွန်ခဲ့သော တစ်နှစ်ကထက် အရပ် အနည်းငယ် ပိုရှည်လာသည်။ သူမ၏ ဆံပင်များမှာလည်း ပိုရှည်လာခဲ့ပြီ ဖြစ်သည်။
“အေးပေါ့ သမီးရဲ့ မနက်ဖြန် သွားကြမယ်လေ”
ထောင်ယွင်ချွမ်းက သမီးဖြစ်သူကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ထောင်ထောင် ခေတ္တမျှ ငြိမ်သွားပြီးနောက် ဖခင်ဖြစ်သူ၏ အင်္ကျီစကို ဆွဲကာ တိုးတိုးလေး မေးလိုက်သည်။ “ဒါဆို သမီးတို့ ဦးလေးကို မစောင့်တော့ဘူးလား”
ထောင်ယွင်ချွမ်း ချက်ချင်း တိတ်ဆိတ်သွားသည်။
သူ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဖြစ်ခဲ့ပေ။
အခန်းထဲတွင် ပစ္စည်းထုပ်နေသော ရွှီလျန်လည်း ထောင်ထောင်၏ စကားကို ကြားလိုက်ရသည်။
ရုတ်တရက်ဆိုသလို ပစ္စည်းထုပ်သံများ ရပ်တန့်သွားသည်။
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်များ အိမ်သို့ ရောက်လာခဲ့သည့် မြင်ကွင်းကို ထောင်ယွင်ချွမ်းနှင့် ရွှီလျန်တို့ ကောင်းကောင်း မှတ်မိနေကြဆဲ ဖြစ်သည်။
ရွှီနင် အိမ်မှ ထွက်သွားသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး ယွင်ယင်းမြို့သို့ ခရီးစတင်နေချိန် ဖြစ်သည်။
သို့သော် တစ်ညတွင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်တစ်ဦး ရုတ်တရက် ရောက်လာကာ ရွှီနင်နှင့် သူ၏ အဖွဲ့သားများ ရုတ်တရက် ပျောက်ဆုံးသွားကြောင်း လာရောက်အကြောင်းကြားခဲ့သည်။
သူတို့ ပျောက်ဆုံးသွားသည့် နေရာတွင်လည်း အစောင့်များမှာ အသတ်ခံထားရသည်။
ထိုသတင်းကို ကြားလိုက်ရချိန်တွင် ရွှီလျန်မှာ နေရာ၌တင် မေ့လဲသွားခဲ့ရသည်။
သူမ အမြဲတမ်း ဂရုစိုက်ပြီး မျှော်လင့်ချက်ကြီးစွာ ထားခဲ့ရသော မောင်လေးမှာ အနာဂတ်သို့ သွားရာလမ်းတွင် ပျောက်ဆုံးသွားခဲ့ရချေပြီ။
ရွှီလျန်သည် မိသားစုအတွက် မောင်ဖြစ်သူ လုပ်ဆောင်ပေးခဲ့သည်များကို ပြန်တွေးကာ နွေးထွေးသော အမှတ်တရများကို သတိရရင်း ထိုဒဏ်ကို မခံစားနိုင်ဖြစ်ခဲ့ရသည်။ သူမ အပြင်းအထန် ဖျားနာခဲ့ပြီး ပြန်လည်ကျန်းမာလာရန် လအတော်ကြာအောင် ကုသခဲ့ရသည်။
ထိုနောက်ပိုင်းတွင် ရွှီလျန်သည် ရွှီနင် အိမ်ပြန်လာနိုးဖြင့် နေ့တိုင်း ထောင်ရွာ၏ အဝင်ဝတွင် အချိန်အကြာကြီး ရပ်စောင့်နေတတ်သည်။
သို့သော် ရွှီနင် ပျောက်ဆုံးသွားသည်မှာ တစ်နှစ်ပင် ရှိသွားခဲ့ချေပြီ။
သူသည် ရွှီလျန်၏ မြင်ကွင်းထဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိမလာခဲ့ပေ။
“ဦးလေးကလေ...”
ထောင်ယွင်ချွမ်း ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ခက်ခက်ခဲခဲ ပြောလိုက်ရသည်။ “သူ ငါတို့ဆီ ပြန်လာမှာပါ”
“ဒါပေမဲ့ ဦးလေးက သမီးတို့ ဘယ်သွားတယ်ဆိုတာ မသိဘူးလေ”
ထောင်ထောင်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်ပြန်သည်။
ထောင်ယွင်ချွမ်းမှာ ထောင်ထောင်ကို မည်သို့ ပြန်ပြောရမည်မှန်း မသိတော့ပေ။
“အစ်မလျန် ယောက်ဖ”
အိမ်တံခါးအပြင်ဘက်မှ အသံတစ်သံ ကြားလိုက်ရသည်။
ကောယယ်သည် ခြံဝင်းထဲသို့ ဝင်လာလေသည်။
“ပစ္စည်းတွေ ထုပ်ပြီးပြီလား ကျွန်တော် ဘာကူညီပေးရမလဲ”
ကောယယ်က ထောင်ယွင်ချွမ်းရှေ့သို့ လျှောက်လာသည်။
ကောယယ်မှာ ရွှီနင် ပျောက်ဆုံးနေသည့်အကြောင်းကို သိထားပြီး ဖြစ်သည်။
ကောယယ်သည် သူ၏ သူငယ်ချင်း ဒုက္ခရောက်နေသည့်အပေါ် အလွန် စိတ်မကောင်း ဖြစ်နေမိသည်။
ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် ကောယယ်သည် ရွှီနင်၏ ညီအရင်းတစ်ယောက်ကဲ့သို့ တာဝန်ယူပေးခဲ့သည်။
သူသည် အိမ်သို့ မကြာခဏ လာရောက်ကာ ရွှီလျန်နှင့် ထောင်ယွင်ချွမ်းတို့ကို အိမ်မှုကိစ္စများ ကူညီပေးလေ့ရှိသည်။
ရွှီနင်က မိသားစုအတွက် လုံလောက်သော ငွေကြေးနှင့် အစားအစာများ ထားရစ်ခဲ့သော်လည်း ကောယယ်ကမူ အစားအသောက်၊ အဝတ်အထည်နှင့် အားဆေးများကိုပါ အခါအားလျော်စွာ ပေးပို့ကာ ရွှီနင်၏ မိသားစုကို အကောင်းဆုံး စောင့်ရှောက်ပေးခဲ့လေသည်။
“အားလုံး အဆင်သင့်ဖြစ်သလောက် ရှိပါပြီ”
ရွှီလျန် အိမ်ထဲမှ ထွက်လာပြီး ထောင်ယွင်ချွမ်းကို တွဲကူပေးလိုက်သည်။
“မောင်လေးရဲ့ မိသားစုကိုပဲ ဂရုစိုက်ပါ တို့အတွက် စိတ်မပူပါနဲ့”
ရွှီလျန်နှင့် ထောင်ယွင်ချွမ်းတို့သည် ကောယယ်၏ စေတနာကို နားလည်ပြီး သူတို့၏ ရင်ထဲတွင် မှတ်ထားကြသည်။
ကူညီစရာ ဘာမှမရှိတော့သည်ကို တွေ့လိုက်ရသောအခါ ကောယယ်က ဆက်ပြောလိုက်သည်။ “မနက်ဖြန်မနက်ကျရင် ကျွန်တော် မြည်းလှည်းတစ်စီး ယူလာခဲ့မယ်။ ပစ္စည်းတွေကို အဲဒီလှည်းပေါ် တင်လိုက်ကြတာပေါ့။ လမ်းမှာလည်း ကျွန်တော်တို့ အတူတူသွားပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြမယ်လေ”
ထိုသို့ပြောပြီးနောက် ကောယယ်က အသံကို နှိမ့်ကာ ပြောလိုက်သည်။ “အစောင့်တွေ ပါလာမယ်ဆိုပေမဲ့ မြင်းစီးဓားပြတွေ မရောက်လာနိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူးလေ။ အဲဒါကြောင့် ကျွန်တော့်ဦးလေး နားမှာနေတာက အန္တရာယ်အကင်းဆုံးပဲ”
“ကျေးဇူးပါပဲ ကောယယ်ရာ”
ရွှီလျန်နှင့် ထောင်ယွင်ချွမ်းတို့က ကျေးဇူးတင်စကား ပြောလိုက်ကြသည်။
“ဒါဆို ကျွန်တော် သွားလိုက်ဦးမယ်နော်”
ကောယယ်မှာ လုပ်စရာမရှိတော့သဖြင့် လှည့်ထွက်သွားလေသည်။
“ရွှီနင်မှာ သူငယ်ချင်းကောင်းတစ်ယောက် ရှိတာပဲ...”
ကောယယ် ထွက်သွားပြီးနောက် ရွှီလျန်နှင့် ထောင်ယွင်ချွမ်းတို့သည် ပစ္စည်းများကို ဆက်လက် ထုပ်ပိုးကြပြန်သည်။
ထောင်ထောင်ကတော့ အိမ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ လက်ကလေးနှစ်ဖက်ဖြင့် ပါးကို ထောက်လျက် ရှေ့မှ လမ်းကလေးကို ငေးကြည့်နေမိသည်။
ဤလမ်းလေးမှာ ရွှီနင် အိမ်ပြန်လာလျှင် အမြဲတမ်း ဖြတ်လျှောက်လာတတ်သော လမ်းလေးပင် ဖြစ်သည်။
…
“ငါတို့ ဖေးယွင်ပြည်နယ်ကို ရောက်ပြီ”
ရွှီနင်နှင့် ဝေ့ချန်ချင်းတို့မှာ ဖေးယွင်ပြည်နယ်သို့ ရောက်ရှိလာကြပြီဖြစ်သည်။
ဇာတိရပ်ရွာနှင့် တစ်နှစ်ခန့် ကွာဝေးသွားပြီးနောက် သူတို့ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။
“ဦးလေးဝေ့ ပင်လင် ဇစ်ချန် ကျွန်တော် အရင်ဆုံး အိမ်ပြန်ကြည့်ရမယ်”
ရွှီနင်က သူတို့ သုံးယောက်ကို ပြောလိုက်သည်။
ထောင်ရွာမှာ ဖေးယွင်ပြည်နယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ကျိဖုန်းစီရင်စုနှင့် ပိုမိုနီးကပ်သည်။
“ဒါပေါ့ သွားလေ”
ရွှီနင် ဖြစ်ချင်သည်ကို သူတို့က လိုက်လျောပေးကြမည်သာ။
ရွှီနင် ဖေးယွင်ပြည်နယ်မှ ထွက်သွားချိန်တွင် သူနှင့်အတူ ဆွေမျိုး တစ်ဦးတစ်ယောက်မျှ ပါမလာခဲ့ပေ။
ထိုသုံးဦးမှာ နှိပ်စက်ညှဉ်းပန်းမှု ခံခဲ့ရသော်လည်း သူတို့သည် အမြဲတမ်း အတူရှိနေခဲ့ကြသည်။
“ဟင်”
ကျိဖုန်းစီရင်စုနှင့် ဖေးယွင်ပြည်နယ် နယ်စပ်ကို ဖြတ်ကျော်ပြီးနောက်တွင် လင်းယုန်ကြီးသည် ခေတ္တမျှ ပျံသန်းနေလျက်ရှိသည်။
ရွှီနင် အောက်ကို ငုံ့ကြည့်လိုက်ရာ ထူးဆန်းသော မြင်ကွင်းတစ်ခုကို သတိထားမိလိုက်သည်။
“စစ်ပွဲ ထပ်ဖြစ်နေတာလား”
မြေပြင်ပေါ်ရှိ ခံစစ်ပြင်ဆင်မှုများနှင့် ကင်းစောင့်တပ်ဖွဲ့များကို ရွှီနင် မြင်လိုက်ရသည်။
ရွှီနင်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး သူ၏ မိသားစုအတွက် စိုးရိမ်လာမိသည်။
သူမရှိဘဲနှင့် မိသားစုမှာ ထိုကဲ့သို့သော စစ်ပွဲဒဏ်ကို ခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
“ရှောင်ဟေး မြန်မြန်သွားစို့”
ရွှီနင်က လင်းယုန်ကြီးကို တိုက်တွန်းလိုက်သည်။
လင်းယုန်ကြီးမှာ မီးခိုးရောင် အမွေးအတောင်များ ရှိသောကြောင့် သူ့ကို ရှောင်ဟေးဟု အမည်ပေးထားခြင်း ဖြစ်သည်။
ရွှီနင်၏ အမိန့်ကို ကြားသည်နှင့် ရှောင်ဟေးသည် တောင်ပံများကို ပိုမိုအားယူကာ လျင်မြန်စွာ ပျံသန်းတော့သည်။
ထောင်ရွာ၏ အဝင်ဝတွင်…
မနက်ဖြန်တွင် ထောင်ရွာတစ်ခုလုံး အခြားရွာသို့ ပြောင်းရွှေ့ကြတော့မည် ဖြစ်သော်လည်း ရွာ၏ ကင်းစောင့်မှုမှာ အလွန်တင်းကျပ်နေဆဲပင်။
ယနေ့ ကင်းလှည့်တပ်ဖွဲ့ကို ဦးဆောင်နေသူမှာ သာမန်လူသားနယ်ပယ် လေးဆင့်မြောက် ချီလှုပ်ရှားမှုနယ်ပယ်သို့ ရောက်ရှိထားသော ထောင်ယွင်မန် ဖြစ်သည်။
ထောင်ယွင်မန်မှာ ထောင်ရွာ၏ မဏ္ဍိုင်ဖြစ်ပြီး ယခင်ကလည်း ရွှီနင်ကို များစွာ ကူညီပေးခဲ့ဖူးသူ ဖြစ်သည်။
“သတိထားကြစမ်း”
ထောင်ယွင်မန်က ကင်းလှည့်နေသော ရွာသားများကို လှမ်းအော်ပြောလိုက်သည်။ “လတ်တလော ခန်းယွင်ခရိုင်ထဲမှာ အခြေအနေတွေ ရှုပ်ထွေးနေပြီး မြင်းစီးဓားပြတွေ နေရာအနှံ့ လုယက်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က ထန်ရွာက လူတွေ ပြောင်းရွှေ့တုန်းက ပေါ့ဆလို့ ဓားပြတိုက်ခံရပြီး အထိနာခဲ့သလို သေဆုံးဒဏ်ရာရတာတွေပါ ရှိခဲ့တယ်”
“ဒါကြောင့် ဓားပြတွေ ငါတို့ကို လုယက်လို့မရအောင် ငါတို့ သေသေချာချာ ကြိုတင်ပြင်ဆင်ထားရမယ်”
“ဟုတ်ကဲ့ပါ”
ကင်းစောင့်များ၏ မျက်နှာမှာလည်း တည်ကြည်လေးနက်နေသည်။
သူတို့အားလုံးမှာ လက်ရှိအခြေအနေကို ကောင်းကောင်းသိထားကြရာ တစ်ရွာလုံး၏ လုံခြုံရေးအတွက် အထူး နိုးနိုးကြားကြား ရှိနေကြသည်။
ကျွီ…
ရုတ်တရက်ဆိုသလို ကောင်းကင်ထက်မှ အော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံမှာ ကြည်လင်ပြီး ကျယ်လောင်လှကာ ဖိအားပေးနိုင်သော အရှိန်အဝါမျိုး ပါဝင်နေသည်။
ထောင်ယွင်မန်နှင့် ကင်းစောင့်သားများမှာ ထိုအရှိန်အဝါကြောင့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
“ဒါ ဘာကြီးလဲ”
မျက်စိလျင်သော အစောင့်တစ်ဦးက ထောင်ရွာဘက်သို့ ပျံသန်းလာသော အနက်ရောင် အရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။
“အဲဒါက...”
ထောင်ယွင်မန်မှာ သန်မာသူဖြစ်၍ ပိုမိုရှင်းလင်းစွာ မြင်နိုင်လေသည်။
မီးခိုးရောင် လင်းယုန်ကြီးတစ်ကောင် ထောင်ရွာဘက်သို့ ပျံသန်းလာသည်ကို သူ မြင်လိုက်ရသည်။
“မကောင်းတော့ဘူး”
ထောင်ယွင်မန်၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။ အန္တရာယ် ရောက်လာပြီဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။ “ဒါက မိစ္ဆာသားရဲပဲ”
”မိစ္ဆာသားရဲ ဟုတ်လား”
ထောင်ယွင်မန်၏ စကားကို ကြားလိုက်ရချိန်တွင် အစောင့်များမှာ ကြောက်လန့်လွန်း၍ ခြေထောက်များပင် တုန်ရီလာကြသည်။
သူတို့အားလုံးမှာ သာမန်လူများသာ ဖြစ်ကြသည်။ အများစုမှာ ပြင်ပသိုင်းကိုသာ လေ့ကျင့်ထားကြပြီး အတွင်းအား လေ့ကျင့်ထားသူမှာ အလွန်နည်းပါးလှပေသည်။
“မြန်မြန်... မျိုးနွယ်စု အကြီးအကဲတွေကို သွားပြောလိုက်”
ထောင်ယွင်မန်က ချက်ချင်း အမိန့်ပေးလိုက်သည်။
မျိုးနွယ်စု အကြီးအကဲများလည်း ထိုလင်းယုန်ကြီးကို မြင်လောက်ပြီဟု ထောင်ယွင်မန် တွေးလိုက်မိသော်လည်း သတိပေးရန် လူတစ်ယောက်ကို လွှတ်လိုက်ခြင်း ဖြစ်သည်။
“အားလုံး အဆင်သင့်ပြင်ထားကြ”
ထောင်ယွင်မန် အော်ပြောလိုက်သည်။
သို့သော် ထောင်ယွင်မန်ကိုယ်တိုင်လည်း ဘာလုပ်ရမည်မှန်းမသိ ဖြစ်နေသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲကို ရင်ဆိုင်ရန်အတွက် သူ မည်သို့ ခုခံရမည်ကိုပင် စဉ်းစားမရပေ။
ဝူး… ဝူး…
လင်းယုန်ကြီးမှာ မြေပြင်သို့ ဆင်းသက်လာချေပြီ။
ပြင်းထန်သော လေတိုက်နှုန်းကြောင့် ထောင်ယွင်မန်နှင့် အစောင့်များမှာ ဟန်ချက်မညီ ဖြစ်ကုန်ကြသည်။
‘ကြောက်စရာကောင်းလိုက်တာ... ဒီမိစ္ဆာသားရဲက ဘယ်အဆင့်မှာ ရှိနေတာလဲ’
ထောင်ယွင်မန်မှာ မျက်စိပင် မဖွင့်နိုင်တော့ပေ။
ပြင်းထန်သော လေတိုက်နှုန်းအပြင် လင်းယုန်ကြီးထံမှ ထွက်ပေါ်နေသော ဖိအားကြောင့် ထောင်ယွင်မန်မှာ ရင်တုန်နေမိသည်။
ဤသို့သော ဖိအားမျိုးကို ရွာလူကြီးပင်လျှင် မပေးနိုင်ခဲ့ပေ။
လင်းယုန်ကြီးမှာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ထောင်ယွင်မန်ကတော့ အစွမ်းကုန် သတိထားနေဆဲပင်။
သူသည် လက်ထဲမှ ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း သေချာ ကြည့်လိုက်သည်။
သို့သော် လင်းယုန်ကြီး၏ ကျောပေါ်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။
“ရွှီနင်”
***