ခန်းယွင်ခရိုင်…
မဟူရာသံချပ်ကာဝတ်တပ်မှူး၏ အိမ်တော်…
“တပ်မှူးဝေ့... ကျွန်တော်တို့ တကယ်ပဲ ခန်းယွင်ခရိုင်ကို လက်လွှတ်ရတော့မှာလား”
ချွီးတယိုက သူ့ရှေ့မှ လူငယ်ကို မေးလိုက်သည်။
ထိုလူငယ်မှာ အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိပြီး ဝေ့ချန်ချင်း၊ ဝေ့ပင်လင်တို့နှင့် ရုပ်ချင်းဆင်လေသည်။
သူသည် ဝေ့ချန်ချင်း၏နေရာတွင် အစားထိုးဝင်ရောက်လာသော ခန်းယွင်ခရိုင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ တပ်မှူး ဝေ့ပင်ချီ ဖြစ်ပေသည်။
“ဟုတ်ပါတယ် တပ်မှူးကြီး... ရန်သူက လူအင်အားသာပေမဲ့ ကျွန်တော်တို့က တိုက်တောင်မတိုက်ရသေးဘဲ မြို့ကိုတော့ မစွန့်လွှတ်သင့်ဘူး မဟုတ်လား”
ရှယွမ်ရှင်က ပြောလိုက်သည်။ နင်ဖုန်းဝမ်သည်လည်း ရှယွမ်ရှင်၏ဘေးတွင် ရှိနေသည်။ ခန်းယွင်ခရိုင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ အဆင့်မြင့်အရာရှိအားလုံး စုံစုံလင်လင် ရောက်ရှိနေကြခြင်း ဖြစ်သည်။
ဝေ့ပင်ချီက သူ့ပတ်ပတ်လည်ရှိ သံသယများကို စိတ်ရှည်လက်ရှည်ပင် ရှင်းပြလိုက်သည်။
“တကယ်လို့ သူတို့မှာ လူအင်အားပဲ သာတာဆိုရင်တော့ ကျွန်တော်တို့ ဒီမြို့ကို ခုခံနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီတစ်ခါ တိုက်ပွဲမှာ ကျွန်တော်တို့ မတွန်းလှန်နိုင်တဲ့ အချက်တစ်ချက် ရှိနေတယ်”
“ကျွန်တော့်ရဲ့ သူလျှိုတွေဆီက သတင်းအရ သွေးအရိပ်ဂိုဏ်းရဲ့ စခန်းထဲကို ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ရောက်နေပြီတဲ့”
“ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင် ဟုတ်လား”
တပ်ခွဲမှူးသုံးဦးလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဆွံ့အသွားကြတော့သည်။ ဝေ့ပင်ချီကို သူရဲဘောကြောင်သည်ဟု ထင်ခဲ့မိသော သူတို့မှာ အခုတော့ ဘာမှ မပြောနိုင်တော့ချေ။
သာမန်လူသားနယ်ပယ် တိုက်ပွဲထဲသို့ ဟင်းလင်းပြင်နယ်ပယ် တစ်ယောက် ရောက်လာပြီဆိုပါက အခြေအနေမှာ တစ်ဖက်သတ် ဖြစ်သွားပေလိမ့်မည်။ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးကို သာမန်လူသားနယ်ပယ် သိုင်းပညာသက်သက်ဖြင့် မည်သို့မျှ မတွန်းလှန်နိုင်တော့ပေ။
“ကျွန်တော်ကကော ခန်းယွင်ခရိုင်ကို လက်လွှတ်ချင်တယ် ထင်နေလား”
ဝေ့ပင်ချီက သက်ပြင်းချလိုက်သည်။ “ကျွန်တော့်ရဲ့ တတိယဦးလေးနဲ့ ဝမ်းကွဲညီမလေးတို့က အသက်ရှင်နေဦးမယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ ဒါကြောင့်လည်း သူတို့သတင်းကို စောင့်ဖို့ ကျွန်တော် ဒီကိုလာခဲ့တာ။ ဒါပေမဲ့ သူတို့က ပေါ်မလာတဲ့အပြင် ဦးလေး ကာကွယ်ခဲ့တဲ့မြို့ကိုတောင် ကျွန်တော် စွန့်လွှတ်ရတော့မယ်။ ကျွန်တော်က ခင်ဗျားတို့ထက်တောင် ပိုပြီး စိတ်မကောင်းဖြစ်ရပါတယ်”
“အခု ကျွန်တော် လုပ်နိုင်တာက ခန်းယွင်ခရိုင်က မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်တွေကို အင်အားမပြုန်းတီးစေဘဲ မြို့သူမြို့သားတွေကို ဘေးကင်းအောင် ကာကွယ်ပေးဖို့ပါပဲ”
ဝေ့ပင်ချီက ဆက်ပြောသည်။ “ပြီးတော့ ကျွန်တော် မိသားစုဆီကို အကူအညီ ထပ်တောင်းထားတယ်။ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် လွှတ်ပေးဖို့ပေါ့။ တကယ်လို့ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်သာ ရောက်လာရင်တော့ ကျွန်တော်တို့ မြို့ကို စွန့်လွှတ်ခဲ့ရရင်တောင် ပြန်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်မှာပါ”
“တပ်မှူးဝေ့... စောစောက ကျွန်တော်တို့ စိတ်စောသွားမိပါတယ်”
ဝေ့ပင်ချီ၏ ရှင်းပြချက်ကို ကြားပြီးနောက် ချွီးတယိုနှင့် အခြားသူများ နားလည်သွားကြတော့သည်။ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူတို့မှာ ဆုတ်ခွာရုံမှတစ်ပါး အခြားနည်းလမ်းမရှိပေ။
ဝေ့ပင်ချီသည် တပ်ခွဲမှူးသုံးဦးကို ကြည့်လိုက်ပြီး ဆက်မပြောတော့ပေ။ သူသည် မိသားစုဆီသို့ အကူအညီ တောင်းထားသည်ဟု ဆိုသော်လည်း တကယ်တမ်း၌ မိသားစုမှ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးကို စေလွှတ်ပေးရန်မှာ အခွင့်အလမ်း အလွန်နည်းပါးလှကြောင်း သူ ကောင်းကောင်းသိလေသည်။
ခန်းယွင်ခရိုင်သည် ဝေ့မိသားစုအတွက် အရေးပါသော နယ်မြေမဟုတ်ချေ။ ဝေ့မိသားစုနှင့် ခန်းယွင်ခရိုင်၏ တစ်ခုတည်းသော ပတ်သက်မှုမှာ ဝေ့ချန်ချင်း ယခင်က ဤနေရာတွင် ရှိနေခဲ့ခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ရောက်လာလိမ့်မည်ဆိုသည်မှာ မဖြစ်နိုင်သော မျှော်လင့်ချက်တစ်ခုသာ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် တိမ်တိုက်များကြားမှ စူးရှသော အော်ဟစ်သံတစ်ခု ဟိန်းထွက်လာလေသည်။
ဝေ့ပင်ချီနှင့် တပ်ခွဲမှူးသုံးဦးစလုံးမှာ သာမန်လူသားနယ်ပယ်မှ အစွမ်းထက်သူများ ဖြစ်ကြသော်လည်း သူတို့၏ ကျင့်စဉ်အပေါ် ဖိအားတစ်ခု ရုတ်တရက် ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
“မဖြစ်နိုင်တာ... မိသားစုက ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်ကို တကယ်ပဲ ဒီလောက်မြန်မြန် လွှတ်ပေးလိုက်တာလား” ဝေ့ပင်ချီ ဇဝေဇဝါ ဖြစ်သွားသည်။
“အပြင်ထွက်ကြည့်ရအောင်”
ဝေ့ပင်ချီသည် အခန်းထဲမှ ဦးစွာ ထွက်လာခဲ့သည်။ တပ်ခွဲမှူးသုံးဦးသည်လည်း သူ့နောက်မှ ကပ်လိုက်လာကြသည်။
မဟူရာသံချပ်ကာဝတ်တပ်မှူးအိမ်တော်၏ အထက်တွင် အတောင်ပံများကို ခတ်ကာ ပျံသန်းနေသော လင်းယုန်ကြီးတစ်ကောင်ကို သူတို့ မြင်လိုက်ရသည်။ လင်းယုန်ကြီး မြေပြင်သို့ ဆင်းသက်လိုက်သောအခါ ကျောပေါ်မှ ပုံရိပ်များကို သူတို့ မြင်လိုက်ရတော့သည်။
“ဦးလေး... ပင်လင်... ဇစ်ချန်...”
ဝေ့ပင်ချီမှာ မျက်စိမှားသည်ဟုပင် ထင်မှတ်လိုက်မိသည်။
သူ မျက်စိကို ပွတ်ကာ သေချာကြည့်လိုက်မှ စိတ်ကူးယဉ်နေခြင်း မဟုတ်မှန်း အတည်ပြုနိုင်တော့သည်။ သူတို့၏ ကိုယ်ရံတော်များ အသတ်ခံရပြီး ဝေ့ချန်ချင်းတို့ ပျောက်ဆုံးသွားချိန်တွင် ဝေ့မိသားစုတစ်ခုလုံးက သူတို့ အသက်ရှင်ဖို့ လမ်းမရှိတော့ဟု ယူဆခဲ့ကြခြင်း ဖြစ်သည်။
ဝေ့ပင်ချီမှလွဲ၍ ကျန်လူများအားလုံးက လက်လျှော့ခဲ့ကြသော်လည်း ယခုတော့ သူတို့ ပြန်ရောက်လာခဲ့ချေပြီ။
“တပ်မှူးဝေ့... ရွှီနင်...”
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင် သုံးဦးစလုံးလည်း အံ့အားသင့်သွားကြသည်။ ဝေ့ချန်ချင်းသာမက ရွှီနင်ကိုပါ သူတို့ မြင်လိုက်ရသောကြောင့် ဖြစ်ပေသည်။
“ပင်ချီ... တပ်ခွဲမှူးတို့...”
လေးယောက်သား လင်းယုန်ကျောပေါ်မှ ခုန်ဆင်းလာကြပြီး လူစုလိုက်ကြသည်။
“ငါတို့ကို သစ္စာဖောက်တစ်ယောက်က ဖမ်းထားတာ။ ဒါပေမဲ့ ရွှီနင်က ဟင်းလင်းပြင်နယ်ပယ်ကို တက်လှမ်းနိုင်ခဲ့လို့ ငါတို့ကို ကယ်နိုင်ခဲ့တာပဲ”
ဝေ့ချန်ချင်းက ရှင်းပြလိုက်သည်။
“ဟင်းလင်းပြင်နယ်ပယ် ဟုတ်လား... ရွှီနင်ကလား”
တပ်ခွဲမှူးများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ရွှီနင်၏ ပါရမီကို သိထားကြသော်လည်း တစ်နှစ်အတွင်းမှာပင် ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။
“ကျေးဇူးတင်ပါတယ် ညီလေးရွှီ”
ဝေ့ပင်ချီမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ညီလေးရွှီနင်သည် သူ့ဦးလေးနှင့် ဝမ်းကွဲညီမကို ကယ်တင်ပေးခဲ့သဖြင့် ဝေ့မိသားစု၏ ကျေးဇူးရှင် ဖြစ်ပေသည်။
“မင်းက ငါတို့ဝေ့မိသားစုရဲ့ ကျေးဇူးရှင်ပဲ။ နောင်တစ်ချိန်မှာ ဝေ့မိသားစုက မင်းကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်”
ဝေ့ပင်ချီက အခိုင်အမာ ကတိပေးလိုက်သည်။ သူ၏ ကျေးဇူးတင်စကားတွင် ၇၀ ရာခိုင်နှုန်းမှာ စိတ်ရင်းဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာမူ အသက် ၂၀ မပြည့်သေးသော ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ တန်ဖိုးကို သိရှိသောကြောင့် ဖြစ်သည်။ ဤသို့သောသူမျိုးမှာ ယွမ်ရှန်းဂိုဏ်းတွင်ပင် တပည့်ရင်း ဖြစ်ပေလိမ့်မည်။
“အစ်ကိုဝေ့”
ရွှီနင်က လက်ယှက်ကာ ပြန်နှုတ်ဆက်လိုက်သည်။
“ဒါတွေကို နောက်မှ ပြောကြတာပေါ့။ အခု ရှေ့တန်းမှာ အခြေအနေတွေ စိုးရိမ်ရလို့ မြို့ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ ကြားတယ်”
တပ်ခွဲမှူးသုံးဦး၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားသည်။ ရွှီနင်၏ စကားအရ သူသည် ခန်းယွင်ခရိုင်ကို ကာကွယ်ပေးချင်နေမှန်း သူတို့ သိလိုက်ကြသည်။
“ဟုတ်တယ်”
ဝေ့ပင်ချီက ပြန်ဖြေသည်။
“သွေးအရိပ်ဂိုဏ်းက ဟင်းလင်းပြင်နယ်ပယ်တစ်ယောက် လွှတ်ထားလို့ ငါတို့ မယှဉ်နိုင်တာ။ ဒါပေမဲ့ ညီလေးရွှီသာ ခန်းယွင်ခရိုင်ကို ကာကွယ်ပေးမယ်ဆိုရင်တော့ မြို့ကို စွန့်လွှတ်စရာ မလိုတော့ဘူး။ သူတို့မှာ လူအင်အားဘယ်လောက်ရှိရှိ ငါတို့ မြို့ကို အောင်မြင်အောင် ခုခံနိုင်မှာပါ”
“ခန်းယွင်ခရိုင်က ကျွန်တော့်ရဲ့ ဇာတိမြေပဲ။ ဒါကြောင့် ကျွန်တော် သေချာပေါက် ကာကွယ်ပေးမှာပါ”
ရွှီနင်က အခိုင်အမာ ပြောလိုက်သည်။
“အစ်ကိုဝေ့... သွေးအရိပ်ဂိုဏ်းက ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင် ဘယ်မှာရှိလဲဆိုတာ သိလား”
“သူ အခု တင့်ယွင်ခရိုင်မှာ ရှိနေတယ်”
ဝေ့ပင်ချီက အမှန်အတိုင်း ဖြေလိုက်သည်။
“ကောင်းပြီ”
ရွှီနင်က ခေါင်းညိတ်လိုက်သည်။
“အစ်ကိုဝေ့နဲ့ တပ်ခွဲမှူးတို့... စစ်တပ်ကို စုစည်းထားလိုက်ကြပါ။ တင့်ယွင်ခရိုင်နဲ့ ချိုးယွင်ခရိုင်ကို ပြန်သိမ်းဖို့ အသင့်ပြင်ထားကြတော့”
“ညီလေးရွှီ... မင်း ဘာကို ဆိုလိုတာလဲ”
ဝေ့ပင်ချီ ဇဝေဇဝါ ဖြစ်သွားသည်။
“ကျွန်တော့်ဆီက သတင်းကိုပဲ စောင့်နေကြပါ”
ရွှီနင်သည် ရှောင်ဟေး၏ ကျောပေါ်သို့ ပြန်တက်လိုက်သည်။ “ရှောင်ဟေး... အရှေ့တောင်ဘက်ကို သွားရအောင်”
အမိန့်ပေးပြီးသည်နှင့် ရှောင်ဟေးသည် အတောင်ပံများကို ခတ်ကာ ပျံသန်းသွားပြီး အနက်ရောင်အရိပ်တစ်ခုအသွင်ဖြင့် ပျောက်ကွယ်သွားလေသည်။
“ညီလေးရွှီက... သွေးအရိပ်ဂိုဏ်းရဲ့ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်ကို သွားရှာတာလား”
ဝေ့ပင်ချီ သတိဝင်လာသည်။
“ဦးလေး...
ဝေ့ပင်ချီကက ဝေ့ချန်ချင်းကို ငေးငိုင်စွာ ကြည့်လိုက်သည်။
“သူက...”
“ရွှီနင့်စကားကိုသာ နားထောင်လိုက်ပါ။ သူက သာမန်ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် မဟုတ်ဘူး”
ဝေ့ချန်ချင်းက ရွှီနင့်အပေါ် အပြည့်အဝ ယုံကြည်မှုရှိနေသည်။
“သူက ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်ကြောင့် ဖြစ်လာမယ့် ပြဿနာတွေကို ဖြေရှင်းဖို့ သွားတာပဲ။ သူ့စကားအတိုင်း စစ်တပ်ကိုသာ စုစည်းပြီး တင့်ယွင်ခရိုင်နဲ့ ချိုးယွင်ခရိုင်ကို ပြန်သိမ်းဖို့ ပြင်ထားလိုက်ကြပါ။ ရွှီနင့်အစွမ်းကိုတော့ စိတ်ပူစရာ မလိုပါဘူး။ သူ့ရဲ့ လင်းယုန်ကြီးကလည်း ဟင်းလင်းပြင်နယ်ပယ် သားရဲတစ်ကောင်ဆိုတာ မမေ့နဲ့ဦး”
ဝေ့ချန်ချင်း၏ စကားများက ဝေ့ပင်ချီနှင့် တပ်ခွဲမှူးသုံးဦးကို ယုံကြည်မှုများ ပေးစွမ်းလိုက်သည်။
“ဒါဆိုရင်လည်း တပ်ခွဲမှူးတို့... စစ်တပ်ကို အမြန်သွားစုစည်းကြ။ ညီလေးရွှီဆီက သတင်းကောင်းရတာနဲ့ ကျုပ်တို့ ချက်ချင်း စစ်ချီကြမယ်”
ဝေ့ပင်ချီက ဓားကို ဆုပ်ကိုင်လျက် ယုံကြည်ချက်အပြည့်ဖြင့် အမိန့်ပေးလိုက်လေသည်။
“ဟုတ်ကဲ့ပါ” တပ်ခွဲမှူးသုံးဦးက နာခံလိုက်ကြသည်။
…
တစ်ချိန်တည်းမှာပင်…
တင့်ယွင်ခရိုင်…
သွေးအရိပ်ဂိုဏ်း စခန်း၌…
“အားလုံး နားထောင်ကြ။ ငါက သွေးအရိပ်ဂိုဏ်းရဲ့ တာဝန်ခံတွေဆီကနေ ဖေးယွင်စီရင်စု အရှေ့တောင်ဘက်က ခရိုင် ၁၀ ခုလုံးကို သိမ်းပိုက်ဖို့ အမိန့်ရထားတယ်”
စခန်းကွင်းပြင်တွင် သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သွေးရောင်အဆင်ပါသော သစ်သားတောင်ဝှေးကို ကိုင်ဆောင်ထားသည့် လူလတ်ပိုင်းတစ်ယောက်သည် စင်မြင့်ထက်မှနေ၍ အော်ပြောနေသည်။
စင်မြင့်အောက်တွင် သွေးနီရောင် သံချပ်ကာဝတ်ဆင်ထားသော စစ်သည်များ ရှိနေကြသည်။ သူတို့မှာ ကျိဖုန်းစီရင်စုမှ သွေးအရိပ်ဂိုဏ်းက စေလွှတ်လိုက်သော အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြလေသည်။
သူတို့အားလုံးသည် စင်မြင့်ပေါ်မှ လူကို အလွန် ရိုသေလေးစားစွာ ကြည့်နေကြသည်။ အကြောင်းမှာ ထိုသူသည် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်သောကြောင့်ပင်။
သူ့နောက်သို့ လိုက်ပါသွားသရွေ့ ဖေးယွင်စီရင်စု အရှေ့တောင်ဘက်ရှိ ခရိုင် ၁၀ ခုလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဟု သူတို့ ယုံကြည်နေကြသည်။ တိုက်ပွဲတွင် အောင်မြင်ပါက သူတို့အတွက် ကြီးမားသော ဆုလာဘ်များလည်း စောင့်ကြိုနေပေသည်။
“တင့်ယွင်နဲ့ ချိုးယွင်က ငါတို့လက်ထဲ ရောက်နေပြီ” သွေးနီရောင်ဝတ်စုံနှင့်လူက ဆက်ပြောသည်။
“ကျန်တဲ့ ၈ ခရိုင်ကိုလည်း ၃ လအတွင်း အပြီးသိမ်းမယ်။ မနက်ဖြန် ခန်းယွင်ခရိုင်ကို အရင်တိုက်မယ်”
“ဒီတိုက်ပွဲက ငါတို့အတွက် လွယ်လွယ်လေးပဲ ဖြစ်မှာပါ။ ခန်းယွင်ခရိုင်ကလူတွေက အခု ထိတ်လန့်တုန်လှုပ်နေကြပြီ။ လူအတော်များများလည်း မြို့ကို စွန့်ခွာနေကြသလို သူတို့ခေါင်းဆောင်တွေကလည်း မြို့ကို လက်လွှတ်ဖို့ ပြင်နေကြပြီလေ”
“ငါတို့ ဒီရန်သူတွေကို အလွယ်လေး ချေမှုန်းပစ်နိုင်တယ်” သွေးနီရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေသည်။
“မနက်ဖြန်သာ ငါတို့ အောင်ပွဲရရင် ခန်းယွင်ခရိုင်ကို သုံးရက်တိုင်တိုင် လုယက်ခွင့်ပေးမယ်။ အဲဒီအချိန်အတွင်းမှာ သွေးအရိပ်နတ်ဆိုးကျမ်းကိုလည်း စိတ်ကြိုက် လေ့ကျင့်နိုင်စေရမယ်”
ထိုစကားကို ကြားသောအခါ စစ်သည်များ၏ မျက်လုံးများတွင် လောဘဇောများ တောက်ပလာကြသည်။ သွေးအရိပ်နတ်ဆိုးကျမ်းကို လေ့ကျင့်ရန်အတွက် သွေးအမြောက်အမြား လိုအပ်လေ့ရှိသည်။
ပုံမှန်ဆိုလျှင် သွေးမလုံလောက်မှုကြောင့် ကျင့်စဉ်တိုးတက်ရန် ခက်ခဲသော်လည်း ယခုလို စိတ်ကြိုက်လေ့ကျင့်ခွင့်ရမည် ဆိုသည်မှာ လူများကို သတ်ဖြတ်ကာ သွေးများကို အသုံးပြုခွင့်ပေးမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
စစ်သည်များ၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသောအခါ သွေးနီရောင်ဝတ်စုံနှင့် လူသည် ကျေနပ်စွာ ပြုံးလိုက်သည်။
သူသာ ဒီခရိုင် ၁၀ ခုကို သိမ်းနိုင်ပါက ဂိုဏ်းမှ ချီလှုပ်ရှားမှုနယ်ပယ်ကို တက်လှမ်းရန် ကူညီပေးမည့် သွေးခြေရာဆေးပြား အလုံး ၂၀ ပေးမည်ဟု တာဝန်ခံက ကတိပေးထားသည်။ သူ၏ ပါရမီမှာ အကန့်အသတ်ရှိနေသဖြင့် ထိုအခွင့်အရေးအား လုံးဝ လက်လွှတ်မခံနိုင်ပေ။
သို့သော် သူသည် သွေးခြေရာဆေးပြားများကို ရရှိရန် စိတ်ကူးယဉ်နေစဉ်မှာပင် စူးရှသော လင်းယုန်ဟီသံတစ်ခု ထွက်ပေါ်လာလေသည်။
သွေးနီရောင်ဝတ်စုံနှင့်လူသည် မသိစိတ်အရ မော့ကြည့်လိုက်ရာ မီးခိုးရောင် လင်းယုန်ခိုးကောင်ကြီးနှင့်အတူ လူတစ်ယောက် သူ့ထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
ရွှပ်
သူ မတုံ့ပြန်နိုင်ခင်မှာပင် အလင်းတစ်ချက် လက်သွားသည်။
ဘုန်း
သွေးနီရောင်ဝတ်စုံနှင့်လူ၏ ခေါင်းသည် ပခုံးပေါ်မှ ပြတ်ကျကာ မြေပေါ်သို့ လိမ့်ဆင်းသွားတော့သည်။
***