ရေကန်နက်ကြီးအတွင်းမှ အန္တရာယ်များကြောင့် လင်းထျန်းလုံ ခေါင်းခဲနေခဲ့လေသည်။ စမ်းသပ်မှု အောင်မြင်ခဲ့သော်ငြား ပိုကြီးမားသော အန္တရာယ်ကို နှိုးစွမိလိုက်သလိုသာ ဖြစ်သွားလေသည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့၏ စိတ်ထဲတွင်လည်း နမိတ်မကောင်းမှုများ ခံစားလိုက်ရပြီး ဝံပုလွေဖေဖေကို နောက်ဆုတ်ရန် ထပ်မံတိုက်တွန်းကြပြန်တော့သည်။
“ဖေဖေ… အဲ့တာဘာကြီးလဲ အဲ့အမည်းရောင်ရေတွေက ပိုကြောက်ဖို့ကောင်းလာတာပဲ…. သမီးအရမ်းကြောက်တယ်”
ရှောင်လန်သည် စကားပြောရင်းတန်းလန်း ဖြူလျော်နေသော မျက်နှာလေးဖြင့် လင်းထျန်း၏ ရှေ့ခြေထောက်ကြားရှိ အမွေးအမျှင်များထဲ တိုး၀င်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။
“ဟုတ်တယ်ဖေဖေ…. သမီးလည်းကြောက်တယ်” ရှောင်ယင်းသည်လည်း ရှောင်လန်ကို ထောက်ခံလိုက်ပြီး လင်းထျန်းလုံ၏ နောက်ထပ်ရှေ့ခြေထောက် အမွေးများထဲသို့ တိုး၀င်ကာ တင်းကြပ်စွာ ဖက်ထားတော့သည်။
လင်းထျန်လုံသည် သူ့သမီးများ၏ အလွန်အမင်း ကြောက်လန့်နေသော မျက်နှာလေးများကိုကြည့်ကာ အပြစ်မကင်းသလို ခံစားလိုက်ရလေသည်။
သူ အမည်မသိ အရာများကို ဆက်လက်စူးစမ်းရန် မစဉ်းစားတော့ပေ။ ခေါင်းကိုငုံ့ကာ ဧရာမနှာခေါင်းကြီးဖြင့် သူ့ သမီးလေးများ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သတ်ပေးရင်း အတွေးတစ်ခုကို ပေးပို့လိုက်လေသည်။
“ဟုတ်ပါပြီ မကြောက်နဲ့တော့၊ ဖေဖေတို့ အခြားနေရာက ကံကောင်းခြင်းတွေကိုပဲ သွားရှာကြတာပေါ့”
လင်းထျန်းလုံ ပြောပြီးသည်နှင့် ဝံပုလွေအုပ်စုဘက်သို့ လှည့်ကာ ရှင်းလင်းပြတ်သားသော အမိန့်တစ်ခုကို ပေးပို့လိုက်တော့သည်။ “အားလုံးပဲ နောက်ပြန်လှည့်ကြမယ်၊ အခြားနေရာက အကျိုးအမြတ်တွေကိုပဲ ရှာကြမယ်၊ ယင်းဖုန်း…. ရှေ့ကနေဦးဆောင်”
“ရန့်မြဲ့… စွတ်ဖားကို ရှေ့ကနေသေချာကာကွယ်ထားပေးရမယ်၊ ထျန်းပင်း…. ဘေးဘက်နဲ့ အနောက်ဘက်တွေကို သေချာစောင့်ရှောက်ထား၊ ချုံခိုအတိုက်မခံရစေနဲ့”
ဝံပုလွေအုပ်စုတစ်ခုလုံး ကြောင်အသွားတော့သည်။ အစောကပင် သူတို့၏ ဘုရင်ကြီးက ဤလမ်းကြောင်းကိုဖြတ်သန်းရန် စိတ်အားထက်သန်နေသည် မဟုတ်လော။ မည်သို့ကြောင့် အလွယ်တကူ နောက်ဆုတ်ရန် ရွေးချယ်လိုက်ရသနည်း။
သို့သော်ငြား ဘုရင်၏အမိန့်ဖြစ်သဖြင့် တစ်ယောက်မှ မေးခွန်းမထုတ်ကြပဲ ချက်ချင်းနာခံလိုက်ကြလေသည်။ “ဟုတ်ကဲ့… ဘုရင်မင်းမြတ်”
ဝံပုလွေအုပ်စုသည် အလယ်ရှိ စွတ်ဖားလှည်းကို စနစ်တကျ ကာကွယ်ရင်း ယင်းဖုန်းလမ်းပြရာ ရှေးဟောင်းလမ်းကြောင်းအတိုင်း တောင်ဘက်သို့ ဆက်လက်ထွက်ခွာလာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ရေခဲကန်ကြီး ဖုံးလွှမ်းထားသည့် မြေအောက်နေရာလွတ်နှင့် တဖြည်းဖြည်း ဝေးကွာလာသည်နှင့်အမျှ ဝိညာဉ်ကိုပင် တုန်လှုပ်စေသော သေခြင်း အရှိန်အဝါများမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
ယင်း၏နေရာတွင် ပုပ်သိုးဆွေးမြည့်နေသော အနံ့များနှင့် ထူးဆန်းပြီး တက်ကြွသော အသက်စွမ်းအင်များ ရောနှောနေသည့် ရှုပ်ထွေးသော အနံ့တစ်ခုက အစားထိုး ဝင်ရောက်လာသည်။
လမ်းဘေးတစ်လျှောက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့်တူသော ဧရာမသားရဲအရိုးများမှာ နည်းပါးလာပြီး ရေခဲအက်ကွဲကြောင်းများကြားတွင် ဇွဲကောင်းကောင်းဖြင့် ပေါက်ရောက်နေကာ တစ္ဆေပြာရောင် အလင်းတန်းများ ခပ်ရေးရေး ထုတ်လွှတ်နေသည့် ရေညှိများနှင့် မှိုများက အစားထိုးလာသည်။
၎င်းတို့ရှိနေခြင်းက “ရှေးဟောင်း အရိုးဝံပုလွေ နယ်မြေ” ဟုခေါ်သော ဤဧရိယာကို လျှို့ဝှက်ဆန်းကြယ်မှုနှင့် ရှေးဟောင်း လူသူကင်းမဲ့မှု အရိပ်အယောင်များကို ထပ်မံသွန်းလောင်းပေးနေခဲ့သည်။
အဆုတ်ထဲသို့ ရှူသွင်းလိုက်သော အေးစက်သည့်လေများထဲတွင် အရိုးခိုက်မတတ် နှင်းမှုန်များ ပါဝင်နေသော်လည်း ပြင်ပကမ္ဘာထက် များစွာ ပိုမိုထူထပ်သော ဝိညာဉ်စွမ်းအင်များလည်း ပါဝင်နေသဖြင့် အသက်တစ်ခါရှူတိုင်း ခပ်ရေးရေး စွမ်းအင်ဖလှယ်နေရသကဲ့သို့ ခံစားနေရလေသည်။
လင်းထျန်းလုံသည် အုပ်စု၏ ရှေ့ဆုံးမှ လျှောက်နေပြီး သူ၏ မိုးပြာနက်ရောင် ခန္ဓာကိုယ်ကြီးသည် မှေးမှိန်သော အလင်းရောင်အောက်တွင် တည်ငြိမ်သည့် ရောင်ဝါများ စီးဆင်းနေလေသည်။
မာကျောသော ရေခဲပြင်ပေါ်သို့ ခြေတစ်လှမ်းချလိုက်တိုင်း တိုးညင်းသော်ငြား ခိုင်မာသော အသံတစ်ခု ထွက်ပေါ်လာသည်၊။
သူ၏ မိုးပြာနက်နဲဘုရင်မျက်ဝန်းများသည် အချိန်တိုင်း အသက်ဝင်နေပြီး ရေခဲပြာရောင် အလင်းတန်းများမှာ တိကျသော စကင်ဖတ်စက်တစ်ခုအလား သူ၏ အမြင်အာရုံနယ်ပယ်အတွင်းရှိ စွမ်းအင်စီးဆင်းမှု သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ခြေရာတစ်ခုကိုမျှ အလွတ်မပေးဘဲ ရှာဖွေစစ်ဆေးနေလေသည်။
ဝံပုလွေအုပ်စုထဲရှိ နှင်းဝံပုလွေတိုင်း၏ အရှိန်အဝါသည် ယမန်နေ့ကထက် ပိုမိုစုစည်းသိပ်သည်းပြီး လေးလံလာကြောင်းကို သူ ရှင်းလင်းစွာ ခံစားမိနေသည်။
အထူးသဖြင့် အဆင့် ၂၀ ပါရမီရှင်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခါစဖြစ်သော သာမန်အဖွဲ့ဝင်များအတွက် ပို၍ပင် မှန်ကန်လှသည်။
၎င်းတို့သည် တိုးပွားလာသော အင်အားများနှင့် အသားကျရန်နှင့် ဘုရင်အဆင့် အသားများမှ စုပ်ယူထားသော စွမ်းအင်များကို ကိုယ်ပိုင်အင်အားအဖြစ် အပြည့်အဝ ပြောင်းလဲရန် အချိန်လိုအပ်ပေသည်။
ရန့်မြဲ့၊ ထျန်းပင်း၊ နှင့် ယင်းဖုန်းတို့ အဓိက စစ်သူကြီးသုံးဦးမှာမူ ပိုမိုနက်ရှိုင်းလာပုံရသည်။
သူတို့ ဝါးမြိုထားသော မိစ္ဆာဝံပုလွေ၏ အရိုးများ၊ အသားများနှင့် အရွတ်များကို ဖြည်းညင်းစွာနှင့် ထိရောက်စွာ သန့်စင်နေပြီး သူတို့၏ အရှိန်အဝါများက ပုံသွင်းခံထားရသော သံမဏိများအလား အဆင့် ၂၁ နှင့် ၂၂ တွင် ခိုင်မာသော အခြေခံအုတ်မြစ်ဆီသို့ တည်ငြိမ်စွာ ဦးတည်နေခဲ့သည်။
အသွင်ပြောင်းခြင်း ပြီးမြောက်သွားသော ရေပြာကြေးခွံအစောင့်အရှောက် ခြောက်ကောင်သည် သူတို့၏ ခန္ဓာကိုယ်များကို စူးစမ်းနေခဲ့ကြသည်။
သူတို့ကို ဖုံးလွှမ်းထားသော အစိမ်းရင့်ရောင် နဂါးကြေးခွံချပ်ဝတ်၏ အစွမ်းထက်သော အကာအကွယ်ကို ခံစားနေကြသည်။
၎င်းတို့ ရှိနေခြင်းက ဝံပုလွေအုပ်စု တစ်ခုလုံး၏ ခုခံနိုင်စွမ်းကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးလိုက်သည်။
အုပ်စုတစ်ခုလုံးက တိတ်ဆိတ်စွာ ချီတက်လာကြပြီး တိတ်ဆိတ်နေသော လမ်းကြောင်းတွင် ဝံပုလွေခြေရာများ မြေပြင်နှင့် ထိခတ်သံများနှင့် တစ်ခါတစ်ရံ အသက်ရှူသံများသာ ထွက်ပေါ်နေကာ လေးနက်ပြီး ထိရောက်သော စည်းချက်တစ်ခုကို ဖန်တီးနေသည်။
“ဖေဖေ၊ သမီးကြောက်တယ်...” ရှောင်ယင်းသည် သူမ မျက်နှာလေးကို လင်းထျန်းလုံ၏ ရှေ့ခြေထောက်ရှိ ထူထဲပြီး နွေးထွေးသော အမွေးများထဲတွင် အပ်ထားကာ သူမ၏ တိုးညှင်းသော အသံလေးမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။
သူမ၏ ခန္ဓာကိုယ်သေးသေးလေးက တုန်ရီနေဆဲဖြစ်ပြီး ယခင် မှောင်မည်းနေသော ရေခဲကန်ကြီးမှ ယူဆောင်လာသည့် ကြောက်ရွံ့မှုမှ အပြည့်အဝ မသက်သာသေးကြောင်း ထင်ရှားလှသည်။
ရှောင်လန်ကလည်း လင်းထျန်းလုံ၏ အခြား ရှေ့ခြေထောက်တစ်ဖက်ကို တင်းကျပ်စွာ ဖက်ထားပြီး သူမ၏ လက်ချောင်းလေးဖြင့် အမှောင်ထဲတွင် လင်းလပ်နေသော ရေညှိများကို ညွှန်ပြကာ သူမ၏ အသံတွင် ထင်ရှားသော ကြောက်ရွံ့မှုများ ပါဝင်နေသည်။
“ဖေဖေ၊ အဲဒီ လင်းနေတဲ့ အရာတွေက အနံ့မကောင်းဘူး...”
ထိုအရာများက သူမကို သက်တောင့်သက်သာ မဖြစ်စေကြောင်း အလိုအလျောက် ခံစားမိရုံသာ ဖြစ်သည်။
“အခု အဆင်ပြေသွားပါပြီ၊ ဖေဖေရှိတယ်လေ၊ လုံခြုံသွားပါပြီ...”
လင်းထျန်းလုံသည် ခိုင်မာပြီး နူးညံ့သော အတွေးတစ်ခု ပေးပို့လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ တုတ်ခိုင်သော အမြီးကြီးကို အသုံးပြု၍ သမီးငယ်နှစ်ဦးကို ညင်သာစွာ ရစ်ပတ်ပေးလိုက်ကာ တိုက်ရိုက် လုံခြုံမှု ခံစားချက်တစ်ခု ပေးစွမ်းလိုက်သည်။
သူ၏ အကြည့်များသည် လင်းလက်နေသော ရေညှိများနှင့် မှိုများပေါ်သို့ ဖြတ်ပြေးသွားသည်။
ဤအပင်များမှ ထုတ်လွှတ်သော စွမ်းအင်လှိုင်းများသည် အားနည်းသော်ငြား ပြင်ပကမ္ဘာရှိ သက်ရှိများနှင့် မတူညီသော ရှေးဟောင်းစည်းချက်တစ်ခု ပါဝင်နေသည်။
၎င်းတို့က ဤဝိညာဉ်နယ်မြေ ပတ်ဝန်းကျင်၏ ထူးခြားသော အရာများ ဖြစ်ကြောင်း ထင်ရှားလှသည်။
အချို့သော မှိုများမှ ထုတ်လွှတ်သည့် ဆွေးမြည့်နေသော အနံ့က ယင်းဖုန်း ခြေရာခံနေသော “ထူးဆန်းသည့် အနံ့” နှင့် အနည်းငယ် ဆင်တူနေသဖြင့် သူ၏ စိတ်ထဲမှ သတိထားမှုကို မြင့်မားလာစေသည်။
သတိကြီးစွာ ချီတက်ခြင်းနှင့် အလှည့်ကျ ကင်းစောင့်ခြင်းများကြားတွင် ညတစ်ည တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။
ဝိညာဉ်နယ်မြေ၏ ညကောင်းကင်ယံတွင် သူတို့ ရင်းနှီးကျွမ်းဝင်နေသော ကြယ်များမရှိဘဲ ထာဝရ ဝင်ရိုးစွန်းအလင်းများကဲ့သို့ စွမ်းအင် လင်းလက်မှုများသာ စီးဆင်းနေပြီး မြေပြင်ကို မှုန်ဝါးပြီး ကြောက်မက်ဖွယ်ကောင်းသော အရောင်များဖြင့် လွှမ်းခြုံထားသည်။
အဝေးမှနေ၍ တောင်များ ပြိုကျသကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံကြီးများ၊ နားစည်ကိုပင် ကွဲသွားစေနိုင်သော စူးရှသည့် သားရဲဟိန်းဟောက်သံများနှင့် ကြမ်းတမ်းသော စွမ်းအင်များ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုများ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သည်။
ဤအသံများက ရိုင်းစိုင်းကြမ်းတမ်းသော နောက်ခံတေးသွားတစ်ခုအလား လုပ်ဆောင်နေသည်။
ဤရှေးဟောင်းလျှို့ဝှက်နယ်မြေအတွင်း နောက်ဆုံး အသက်ရှင်ကျန်ရစ်ရေး အရင်းအမြစ်များနှင့် ထွက်ပေါက်များအတွက် အသေအကြေ သတ်ဖြတ်မှုများက မည်မျှ ကြေကွဲဖွယ်ကောင်းပြီး နေရာအနှံ့တွင် ရှိနေကြောင်းကိုလည်း ဝံပုလွေအုပ်စုအား ရက်စက်စွာ သတိပေးနေလေသည်။
အုပ်စုဝင်များ၏ နားရွက်များသည် အဝေးမှ လှုပ်ရှားမှုများကို ဖမ်းယူရန် အဆက်မပြတ် လှုပ်ရှားနေပြီး သူတို့၏ မျက်လုံးများထဲတွင် သတိများဖြင့် ပြည့်နှက်နေခဲ့သည်။
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာသောအခါ လင်းထျန်းလုံသည် ပတ်ဝန်းကျင် လေထုထဲရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ သူတို့ ပထမဆုံး ဝင်ရောက်လာချိန်နှင့် နှိုင်းယှဉ်ပါက ဆယ်ရာခိုင်နှုန်းနီးပါး ကျဆင်းသွားကြောင်းကို ခံစားမိလိုက်သည်။
ဤဆုတ်ယုတ်မှုနှုန်းက ပြင်ပကမ္ဘာထက် များစွာ သာလွန်နေပြီး ဖွဲ့စည်းပုံ ပြိုကျတော့မည့် နိမိတ်ဆိုးတစ်ခုကို သယ်ဆောင်ထားလေသည်။
သူ၏ ခံစားချက်ကို အတည်ပြုပေးသကဲ့သို့ အချိန်အတန်ကြာ ပျောက်ကွယ်နေသော စနစ်အသိပေးချက်က သူ၏ စိတ်ထဲတွင် ရည်ရွယ်ချက်ကင်းမဲ့ပြီး အေးစက်သော ဇာတ်ကြောင်းပြောသမား လေသံဖြင့် ထွက်ပေါ်လာတော့သည်။
[စနစ်အသိပေးချက်]။ ။ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆ သိသိသာသာ ဆုတ်ယုတ်သွားသည်အား ရှာဖွေတွေ့ရှိပါသည်။ သဘာဝ အတက်အကျ ကန့်သတ်ချက်ထက် ကျော်လွန်နေပါသည်။
ဝိညာဉ်နယ်မြေ၏ သွင်ပြင်လက္ခဏာ၊ ပုံစံ ခွဲခြမ်းစိတ်ဖြာချက်အရ လက်ရှိ ဟင်းလင်းပြင်ဖွဲ့စည်းပုံ၏ တည်ငြိမ်မှုမှာ လျော့ကျနေပြီး ဝိညာဉ်စွမ်းအင် ပျောက်ကွယ်မှုနှုန်းမှာ ဆက်တိုက် မြင့်တက်နေပါသည်။
ခန့်မှန်းခြေ ကျန်ရှိသော တည်ငြိမ်စွာ တည်ရှိနိုင်မည့် အချိန်၊ နေ့ရက် ၃ ရက်မှ ၅ ရက်၊ ပိုင်ရှင်အနေဖြင့် လှုပ်ရှားမှုများကို သင့်လျော်သလို စီစဉ်ပါရန်။
“၃ ရက်ကနေ ၅ ရက်ပဲ ကျန်တော့တယ်...” လင်းထျန်းလုံ၏ ရင်ထဲတွင် တင်းကျပ်သွားပြီး ပြင်းထန်သော အရေးပေါ် ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။
အချိန်က ရုတ်တရက် အလွန်အမင်း နီးကပ်သွားပြီ ဖြစ်သောကြောင့် ဝိညာဉ်နယ်မြေ မပြိုကျမီ အကြီးမားဆုံး အခွင့်အရေးကို ရှာဖွေပြီး လုံခြုံစွာ ထွက်ခွာရပေတော့မည်။
ထိုအချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော အဓိပ္ပာယ် အနည်းငယ်ပါဝင်သည့် အခြား အသိပေးချက်တစ်ခု တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး သူ၏ အကြည့်များကို ရုတ်တရက် စူးရှသွားစေသည်။
[စနစ်အသိပေးချက်]။ ။အထူးအခြေအနေ ‘ဝိညာဉ်မြေခွေး၏ ကောင်းချီးပေးမှု’ ကျန်ရှိချိန်၊ ခန့်မှန်းခြေ ၂၈ မိနစ်နှင့် ၁၅ စက္ကန့်။
အသိပေးချက် နှစ်ခုက ဖိအား နှစ်ဆကို ယူဆောင်လာခဲ့သည်။
ဤသည်က ဝိညာဉ်နယ်မြေ ခရီးစဉ်၏ အဓိက ပစ်မှတ်ကို ရှာဖွေပြီး သိမ်းပိုက်ရန် နာရီဝက်ပင် မရှိတော့သော ဤနောက်ဆုံး ကံကောင်းမှု အချိန်ကို အပြည့်အဝ အသုံးချရမည်ဖြစ်ကြောင်း ဆိုလိုနေသည်။
***