ရွှေရောင်ဆံပင်နှင့်လူက တဖြည်းဖြည်း နီးကပ်လာသော အနက်ရောင်လေဆင်နှာမောင်းကြီးကို ကြည့်ရင်း တံတွေးများ စင်ထွက်လာသည်အထိ အော်ဟစ်နေလေသည်။
လေဆင်နှာမောင်းကြီးက မျက်နှာနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာချိန်တွင် ရုတ်တရက် ဖျောက်ဖျက်ပစ်လိုက်ရင်း ယန်ချင်းက နောက်ပြောင်လိုသည့် လေသံဖြင့် ပြောလိုက်သည်။
“ငါကနောက်နေတာပါ...”
ဘုန်း…
ရွှေရောင်ဆံပင်နှင့် လူမှာ ကြိုးပြတ်သွားသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ကြမ်းပြင်ပေါ်သို့ ခွေကျသွားလေသည်။
မျက်ဖြူလန်သွားပြီး ယန်ချင်းလက်သီးကို မရုတ်သိမ်းခင်ကတည်းက သတိလစ်မေ့မြောသွားခဲ့ခြင်း ဖြစ်သည်။
ယန်ချင်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“သူ့ရဲ့ စိတ်ဓာတ်ခိုင်မာမှုက အကယ်ဒမီက ပထမနှစ်ကျောင်းသားတွေထက်တောင် အားနည်းနေသေးတယ်...”
“တာအိုေရာင်းရင်း စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတချို့ကို သေချာလုပ်ဖို့ လိုမယ်နော်”
“ကျင့်ကြံခြင်းအခြေခံက ခိုင်မာပေမဲ့ အဲဒါကို အပြည့်အဝအသုံးချနိုင်မယ့် စိတ်စွမ်းအားမရှိရင် ဘာအဓိပ္ပာယ်မှ မရှိဘူး...”
သို့သော် ရွှေရောင်ဆံပင်နှင့် လူမှာ သတိလစ်နေသဖြင့် မည်သည့်အရာကိုမျှ ကြားနိုင်စွမ်း မရှိတော့သောကြောင့် သူ့ဘာသာသူ စကားပြောနေသည်နှင့်ပင် ပိုတူနေသည်။
မျက်လုံးများထဲတွင် စပ်စုချင်သော အရောင်တစ်ချက် လက်သွားရင်း ယန်ချင်းက အဓိပ္ပာယ်ပါပါ ရယ်မောလိုက်သည်။
“ဟီးဟီး... သူ့ကို တကယ် သတ်ပစ်မယ်လို့ ထင်နေတာ မယုံနိုင်စရာပဲ... ထောင်ချခံရဖို့ နားခိုရာတောင်ကြားဆီ အပို့မခံနိုင်ဘူး”
“ပြီးတော့ တကယ်သတ်မယ်လို့ ဆုံးဖြတ်လိုက်ရင်တောင် သတ်နိုင်ပါ့မလား မသေချာဘူး...”
လက်သီးက ရွှေရောင်ဆံပင်နှင့် လူထံသို့ နီးကပ်သွားလေလေ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ပိုမိုခံစားလာရလေလေ ဖြစ်သည်။
အကယ်၍ လက်သီးဖြင့် ထိုးချလိုက်မည်ဆိုလျှင် ထိုလူ၏ ခန္ဓာကိုယ်ထဲရှိ အသက်ကယ်ကာကွယ်ရေး ယန္တရားတစ်ခုခုက ခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် တန်ပြန်တိုက်ခိုက်လာမည်မှာ သေချာသည်။
အလိုလိုသိစိတ်အရ ၎င်းမှာ ထိုလူ၏ဖခင် ချန်ထားခဲ့သော နယ်မြေအဆင့်အကာအကွယ်တစ်ခု ဖြစ်မည်ကို လုံးဝသံသယ မရှိပေ။
အနည်းငယ်တုန်ယင်နေသော လက်များကို ကြည့်ကာ ခြောက်ကပ်ကပ်ပြုံးရင်း ယန်ချင်းက တီးတိုးရေရွတ်လိုက်သည်။
“သူ့အဖေက ရွှေဝါးရုံစံအိမ်မှာ တော်တော်လေး အာဏာရှိတဲ့သူ ဖြစ်ရမယ်...”
နန်းတော်အဆင့်ကျွမ်းကျင်သူ သုံးယောက်ကို တစ်ဖက်သတ် အနိုင်ယူနိုင်ခဲ့သော်လည်း နယ်မြေအဆင့်အလိုဆန္ဒ၏ ခြိမ်းခြောက်နေသော အရှိန်အဝါကိုတော့ မခံနိုင်သေးပေ။
နန်းတော်အဆင့်ကျင့်ကြံသူ သုံးဦး၏ ကျင့်ကြံခြင်းနှင့် သွေးကြောဆုံမှတ်များကို ပိတ်ဆို့နေရင်း ယန်ချင်းက တွေးလိုက်သည်။
“ထားပါ... တကယ်လို့ သူသာ ရောက်လာရင် အဖွဲ့အစည်းဆီ ပြေးပြီး အဘိုးကြီးလဲ့ဝေ့ယွမ်ကို ခေါ်လာလို့ ရတာပဲ။”
“ ဒါမှမဟုတ်လဲ လွင်ပြင်ဝါခရိုင်ဌာနခွဲကနေ အကူအညီတောင်းလို့ရတယ်... အဲဒီမှာ နယ်မြေအဆင့်ကျွမ်းကျင်သူ တစ်ယောက်တော့ ရှိနေလောက်ပါတယ်...”
နောက်ဆုံးလူဖြစ်သော အဘိုးအို၏ ကျင့်ကြံခြင်းကို ပိတ်ဆို့ပြီးသွားချိန်တွင်၊ အယ်လီက အရှိန်ဖြင့် ပြေးဝင်လာပြီး ဒဏ်ရာရထားပြီးဖြစ်သော ရွှေရောင်ဆံပင်နှင့် လူ၏ မျက်နှာကို နှုတ်သီးဖြင့် ထိုးဆိတ်နေသည်ကို မြင်လိုက်ရသည်။
အရိုးကျိုးသံကိုပင် ကြားလိုက်ရသည်။
အယ်လီ၏ခေါင်းကို ခေါက်လိုက်ရင်း ယန်ချင်းက ဒေါသတကြီး အော်လိုက်သည်။
“အယ်လီ… ဘာလုပ်နေတာလဲ... အခုက ပြဿနာရှာပြီး အသေးအမွှားလေးတွေ လိုက်လုပ်နေရမယ့် အချိန်မဟုတ်ဘူးဆိုတာ မသိဘူးလား...”
ရွှေရောင်ဆံပင်နှင့် လူအပေါ် သူပေးခဲ့သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်များကို မေ့ထားလိုက်ရင်း အယ်လီကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာအသစ်များကို စစ်ဆေးကာ ယန်ချင်းက တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။
“ကံကောင်းလို့ အရိုးနည်းနည်းပဲ အက်သွားတာ...”
ယန်ချင်း၏ သူတော်ကောင်းယောင်ဆောင်မှုကို မကျေမနပ်ဖြစ်ကာ အယ်လီက အတောင်ပံများဖြင့် ခေါင်းကို ပွတ်ရင်း အော်မြည်လိုက်လေသည်။
အယ်လီကို ဆူပူကြိမ်းမောင်းရင်း ယန်ချင်းက ပြောလိုက်သည်။
“ကလဲ့စားချေချင်ရင် ကိုယ့်ဘာသာ နန်းတော်အဆင့်ကို ရောက်အောင် ကျင့်ကြံပြီး သူ့ကို သွားရှာပေါ့... သတိလစ်နေတဲ့ အချိန်ကြီးတော့ သွားမလုပ်နဲ့”
“တိုက်ပွဲထဲမှာ မတရားတဲ့ နည်းလမ်းတွေ သုံးတာကို ဘာမှမပြောလိုပေမဲ့... အခုလို အခြေအနေကြီးမှာတော့ မလုပ်သင့်ဘူး”
“ ဒီလို အကျင့်ဆိုးတွေကို ဘယ်သူ့ဆီက သင်လာတာလဲ။ သားရဲခန်းမကိုပြန်ပြီး ပညာရေးသင်တန်းတက်ဖို့ လိုနေပြီ ထင်တယ်... မဟုတ်ရင်လည်း လော့မိန်လီကို လုပ်ခိုင်းလိုက်မယ်...”
လော့မိန်လီ၏ နာမည်ကို ကြားလိုက်ရချိန်တွင် အယ်လီမှာ ချက်ချင်းတွန့်ဆုတ်သွားပြီး ညည်းညူသံလေးများ ပြုလုပ်နေလေသည်။ သို့သော် ယန်ချင်းက လုံးဝဂရုမစိုက်ပေ။
အယ်လီက သူ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သဖြင့် ပြဿနာတစ်ခုခု ရှာခဲ့လျှင် သူသာလျှင် တာဝန်ယူဖြေရှင်းရမည် ဖြစ်သည်။
လက်ရှိတွင် ပြဿနာကောင်အဖွဲ့ဝင်များနှင့် အကျင့်ဆိုးများ လုံလောက်စွာ ရှိနေပြီဖြစ်၍ ထပ်မတိုးချင်တော့ပေ။
အဖွဲ့အစည်းသို့ ပြန်မရောက်မချင်း ထိုကိစ္စကို ခေါင်းထဲမှ ထုတ်ထားရန် ဆုံးဖြတ်လိုက်ရင်း ယန်ချင်းက ခေါင်းခါယမ်းလိုက်သည်။ လတ်တလောတွင် အချိန်ဆွဲ၍ မရသော လုပ်စရာ အနည်းငယ် ရှိနေသေးသည်။
မတူညီသော အဆောင်နှစ်ခုကို ထုတ်ယူလိုက်သည်။ တစ်ခုက ကျောက်စိမ်းဖြူ မှတ်တမ်းတင်အဆောင်ဖြစ်ပြီး အခြားတစ်ခုက ဆက်သွယ်ရေးအဆောင်ဖြစ်သည်။
နှစ်ခုစလုံးကို အလျင်အမြန်ပင် အသက်သွင်းလိုက်သည်။
ဆက်သွယ်ရေးအဆောင်က ချက်ချင်းချိတ်ဆက်သွားသည်။
တစ်ဖက်မှ လဲ့ဝေယွမ်၏ အသံမှာ ချက်ချင်းထွက်ပေါ်လာသည်။ “ယန်ချင်း... ဘာကိစ္စရှိလို့လဲ။ အခုချိန်ဆို အကဲဖြတ်မှုတွေ လုပ်နေရမှာ မဟုတ်ဘူးလား... အချောင်ခိုနေတာလား...”
အပြစ်ရှိသလို ခံစားချက်ကို ဖုံးကွယ်ရန် ကြိုးစားရင်း ယန်ချင်းက အလျင်အမြန် ဖြေလိုက်သည်။ “မဟုတ်ပါဘူး... ကတိပေးပါတယ် တကယ် မဟုတ်ပါဘူး...”
“ဒါဆို ဘာကိစ္စလဲ...”
အခြေအနေများကို စိတ်ရှည်လက်ရှည် ရှင်းပြရင်း ယန်ချင်းက ပြောလိုက်သည်။
“အယ်လီကို လာခိုးတဲ့ နန်းတော်အဆင့် ကျွမ်းကျင်သူသုံးယောက်နဲ့ တွေ့လို့ ပညာပေးလိုက်ရတယ်။ တစ်ယောက်က မေပယ်နီအင်ပါယာက တော်ဝင်မိသားစုဝင်ဖြစ်ပြီး ကျန်တဲ့နှစ်ယောက်က ရွှေဝါးရုံစံအိမ်ကပါ”
“ အဲဒီထဲက တစ်ယောက်က စံအိမ်တည်ထောင်သူ တစ်ယောက်ယောက်ရဲ့ သားဖြစ်နိုင်တယ်လို့ သံသယရှိတယ်... သူက ဒီကိစ္စအားလုံးရဲ့ အဓိကလက်သည်တရားခံပဲ...”
“သူတို့ အခြေအနေက ဘယ်လိုလဲ... သေသွားပြီလား။ ဒါမှမဟုတ် ဒုက္ခိတဖြစ်သွားပြီလား... ဒါမှမဟုတ်...”
“အသက်တော့ ကျန်ပါသေးတယ်... သေလုမျောပါးပါပဲ၊ ဒါပေမဲ့ ဒုက္ခိတဖြစ်အောင်တော့ မလုပ်လိုက်ပါဘူး”
“ ကုသဖို့ နှစ်အနည်းငယ်လောက် အချိန်ယူရမယ့် ပြင်းထန်တဲ့ ဒဏ်ရာတချို့ ရသွားရုံလေးပါ...”
“ဒါပေမဲ့ မေပယ်နီအင်ပါယာက တော်ဝင်မိသားစုဝင် အတွက်တော့ အချိန်ပိုတိုလိမ့်မယ် ထင်တယ်။ သူတို့ဆီမှာ ဘယ်လိုမျိုး အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ ရှိနေလဲ မသိဘူး...”
“ယန်ချင်း...” လဲ့ဝေယွမ်က စကားဖြတ်ပြောလိုက်သည်။
“ဟီးဟီး... ဆောရီးပါ၊ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ မှတ်တမ်းတင်ထားတာလေးကို ပို့ပေးချင်လို့ပါ”
“အယ်လီကို ခိုးဖို့ ကြိုးစားတဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ဒီလိုပညာပေးလိုက်တာက လုံလောက်တဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့ ယူဆပါတယ်... အဲဒီအတွက် နောက်ထပ် ဘာအရေးယူမှုမှ မလိုအပ်တော့ပါဘူး”
“ဒါပေမဲ့ တည်ထောင်သူရဲ့ သားလို့ သံသယရှိတဲ့ သူကိုတော့ တရားဝင်စုံစမ်းစစ်ဆေးမှု တစ်ခုကို စတင်ချင်ပါတယ်”
“အယ်လီက ကျွန်တော့်သားရဲမှန်း သိသိကြီးနဲ့ ပြီးတော့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို သိသိကြီးနဲ့တောင် သူတို့က ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်...”
“အထူးသဖြင့် ရွှေဝါးရုံစံအိမ်က အဲဒီမျိုးဆက်ကြောင့် ဒီလိုမျိုးဖြစ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးလို့ ခံစားမိနေတယ်...”
ယန်ချင်းက ဆက်ပြောလိုက်သည်။
“အဲဒီ အမှုနဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ကို ကျွန်တော့်ရဲ့ စာရင်းထဲမှာ ထည့်ထားစေချင်တယ်”
“ဒါပေမဲ့ အဲဒါကဘယ်လို အလုပ်ဖြစ်မလဲတော့ မသိဘူး... အဲဒီလူက နန်းတော်အဆင့်ကျွမ်းကျင်သူ ဖြစ်နေပေမဲ့ ရွှေဝါးရုံစံအိမ်က အဆင့် ၂ အဖွဲ့အစည်းလေ။ ကျွန်တော်က သူတို့ အမှုတွေကို ကိုင်တွယ်ခွင့် မရှိသေးဘူး...”
ရွှေရောင်ဆံပင်နှင့် လူ၏ လက်ပေါ်ရှိ သွေးစွန်းမှုများမှာ နည်းနည်းနောနော မဟုတ်လောက်ဘူးဟု သူအလိုလို ခံစားနေရသော်လည်း နယ်မြေအဆင့်ကျွမ်းကျင်သူ ဖြစ်နိုင်သည့် ဖခင်ဖြစ်သူနှင့် ပတ်သက်မှုက ကိစ္စရပ်များကို ပိုမိုရှုပ်ထွေးသွားစေသည်။
***