ယန်ချင်းက သူတို့၏မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေသော တွန့်ဆုတ်မှုကို သတိပြုမိလိုက်သည်။
ဤကဲ့သို့သော တုံ့ပြန်မှုမျိုးကို အနည်းနှင့်အများ မျှော်လင့်ထားပြီးဖြစ်သဖြင့် ခါးသီးစွာပင် ပြုံးလိုက်သည်။
လေထုကို ပေါ့ပါးသွားစေရန်ရည်ရွယ်၍ ယန်ချင်းက နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
“ဒီလောက်ကြီး တင်းမာနေစရာ မလိုပါဘူး... အရင်ကလိုပဲ သာမန် ဆက်ဆံလို့ ရပါတယ်။”
“ဒါပေမဲ့ ငါ့ရဲ့ အံ့မခန်း စွမ်းဆောင်ရည်တွေကို သဘောကျလို့ ကိုးကွယ်ချင်တယ်ဆိုရင်လည်း မင်းတို့ သဘောပါပဲ...”
ကျစ်ရော့လန်က စိတ်လှုပ်ရှားလွန်း၍ စားပွဲပေါ်သို့ မှောက်ကျမတတ် ဖြစ်သွားကာ မေးလိုက်သည်။ “သမီးက အစ်ကိုကြီးယန်ချင်းလို့ ဆက်ခေါ်လို့ ရသေးတာလား...”
ယန်ချင်းက ပြုံးရင်း “ခေါ်တာ ပိုကောင်းမယ်နော်...” ဟုသာပြန်ဖြေလိုက်သည်။
“အစ်ကိုကြီးယန်ချင်းက ငါ့ထက်တောင် ပိုပြီး မျက်နှာပြောင်တိုက်မယ်လို့ ထင်မထားဘူး”
ချီးမွမ်းခံရရန် ဗြောင်ကျကျ တောင်းဆိုနေမှုကြောင့် မည်မျှမျက်နှာထူရမည်နည်းဟု အံ့အားသင့်ကာ ကျစ်တာက တီးတိုးရေရွတ်လိုက်သည်။
သူကိုယ်တိုင်လည်း မျက်နှာပြောင်တိုက်သည့် လုပ်ရပ်အနည်းငယ် လုပ်ခဲ့ဖူးသော်လည်း ယန်ချင်းနှင့် ယှဉ်လိုက်လျှင် အနည်းငယ် လိုအပ်နေသေးကြောင်း ဝန်ခံရပေမည်။
ယန်ချင်းက အချိန်မဆွဲတော့ဘဲ စားပွဲပေါ်ရှိ ဟင်းလျာအားလုံးကို အလျင်အမြန် စတင်မြည်းစမ်းတော့သည်။
စားပွဲပေါ်တွင် ရှိနေပြီးဖြစ်သော ကြက်သွန်မြိတ်ပန်ကိတ် ခရမ်းချဉ်သီးကြက်ဥဟင်းချိုနှင့် ကော်ပြန့်ကြော်တို့ အပြင် ဝက်သားနီနှပ်၊ အမဲသားမျှင်ကြော်၊ သကြားရည်စိမ်အာလူးနှင့် နောက်ဆုံး ဝက်သားစပ်ကြော် ပန်းကန်လုံးကြီးများလည်း ရှိနေသည်။
ယန်ချင်းက တစ်နှစ်လောက် အစာမစားရသေးသူ တစ်ယောက်ကဲ့သို့ အစားအသောက်များကို အငမ်းမရ စားသောက်နေသဖြင့် မောင်နှမနှစ်ယောက်လုံးမှာ လူတစ်ယောက်က အချိန်တိုလေးအတွင်း ဒီလောက် အများကြီး ဘယ်လိုများ စားနိုင်သလဲဟု အံ့ဩတကြီး ငေးကြည့်နေမိကြသည်။
သူတို့အချင်းချင်း အကဲခတ်ကြည့်လိုက်ပြီးနောက် ရုတ်တရက် အသံထွက်ရယ်မောလိုက်ကြသည်။
ယန်ချင်းမှာမူ စားသောက်နေခြင်းတွင် နစ်မွန်းနေသဖြင့် သူတို့၏ ရုတ်တရက် ရယ်မောမှုကိုပင် သတိမထားမိပေ။
“ဒါနဲ့ အရင်က ပြောခဲ့တာတွေကို သေချာ စဉ်းစားပြီးပြီလား...”
“လူအုပ်ထဲ ရောနှောနေနိုင်မယ့် စွမ်းရည်တွေ သတင်းအချက်အလက် စုဆောင်းတဲ့ စွမ်းရည်တွေကို လေ့ကျင့်ချင်တယ် ဆိုရင်ပဲဖြစ်ဖြစ်... တခြား တစ်နေရာရာမှာ အသစ်ကနေ ပြန်စချင်တယ် ဆိုရင်ပဲဖြစ်ဖြစ် ငါက ကူညီပေးနိုင်တယ်”
“မြို့ထဲက လူတွေနဲ့ တည်ဆောက်ထားတဲ့ အဆက်အသွယ်တွေ ရှိနေတော့ ဒီတိုင်းထားခဲ့ပြီး ထွက်သွားဖို့ဆိုတာ မလွယ်ကူတဲ့ ရွေးချယ်မှု တစ်ခုဆိုတာတော့ သိပါတယ်...”
စားနေသည်ကို ခေတ္တရပ်ကာ မောင်နှမနှစ်ဦးကို မော့ကြည့်ရင်း ယန်ချင်းက ပြောလိုက်သည်။
လဲ့ဝေယွမ်၏ စောင့်ကြည့်မည်ဆိုသော ခြိမ်းခြောက်မှုနှင့် နယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးထံမှ လက်စားချေမှု အန္တရာယ်တို့ကြောင့် အကဲဖြတ်မှုများကို မြန်မြန်ပြီးစီးလေ ပိုကောင်းလေဟု တွေးထားသည်။
အစားအသောက်များ စားသောက်ပြီးသည်နှင့် မေပယ်နီအင်ပါယာ အတွင်း၌ပင် ရှိသေးသော အစိမ်းရောင်ထင်းရှူးခရိုင်ရှိ ပထမဆုံး အကဲဖြတ်ရေးစခန်းသို့ ထွက်ခွာမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် အခြားနေရာများသို့ ဆက်လက် သွားရောက်မည် ဖြစ်သည်။
ကျစ်တာက တွန့်ဆုတ်စွာ မေးလိုက်သည်။ “အစ်ကိုကြီးယန်ချင်း... ကျွန်တော်တို့ကို အသစ်ကနေ ပြန်စနိုင်အောင် တကယ်ကူညီပေးနိုင်လို့လား...”
အကူအညီတောင်းရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ကြောက်ရွံ့နေဆဲပင်။
လွန်ခဲ့သောသုံးနှစ်တာ ကာလအတွင်း သူနှင့် ကျစ်ရော့လန်တို့သည် အများကြီးခံစားခဲ့ရပြီး ဆက်လက် ရှင်သန်နိုင်ရန်အတွက် ဘဝ၏ မျှော်လင့်ချက်မီးတောက်များကို ငြိမ်းသတ်ထားခဲ့ရသည်။
မျှော်လင့်ချက်များ အကြိမ်ကြိမ် ရက်စက်စွာရိုက်ချိုးခံခဲ့ရသဖြင့် တတ်နိုင်သမျှ လက်တွေ့ကျကျ နေထိုင်ခြင်းကသာ သူတို့အတွက် ပိုမိုဘေးကင်းလုံခြုံသောကြောင့် ဖြစ်သည်။
ယန်ချင်းက ညင်သာစွာ ပြန်ဖြေလိုက်သည်။ “ကူညီနိုင်ပါတယ်...”
ကျစ်တာက လေးနက်စွာ ပြောလိုက်သည်။ “အစ်ကိုကြီးယန်ချင်း ကူညီပေးမယ် ဆိုရင်တောင် အစ်ကိုကြီးဆီကို ဘေးဒုက္ခတွေ ဖိတ်ခေါ်သလို ဖြစ်သွားနိုင်တယ်...”
“အစ်ကိုကြီး စွမ်းအားကြီးတာ သိပေမဲ့ နန်းတော်အဆင့် ခွန်အားနဲ့တင် မလုံလောက်သေးဘူး...”
လက်များကို ခါထုတ်လိုက်ပြီးနောက် လက်ချောင်းများယှက်ကာ မေးစေ့ပေါ်တင်ရင်း ယန်ချင်းက မောင်နှမနှစ်ဦးကို စိတ်ဝင်စားစွာ ကြည့်လိုက်သည်။
“ငါကတိပေးထားတဲ့အတိုင်းပဲ... ပြဿနာတွေ သယ်လာတာ ဒါပထမဆုံးအကြိမ်လည်း မဟုတ်ဘူး”
“အမှန်တိုင်းပြောရရင် လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကတင် ပြဿနာတစ်ခု ရှာခဲ့သေးတယ်... ပြီးတော့ ဒီလိုလုပ်တာက ငါ တစ်ယောက်တည်းလည်း မဟုတ်ဘူး”
“ငါဝင်ထားတဲ့ အဖွဲ့အစည်းက ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ကျွမ်းကျင်တယ်... အထူးသဖြင့် ဘေးဒုက္ခလို ပြဿနာကြီးတွေကိုပေါ့”
“သူတို့က ပြဿနာတွေကိုတောင် ကြိုဆိုနေသေးတာ...”
လွင်ပြင်ဝါခရိုင် ဌာနခွဲမှူး၏ လက်ရှိပြသနေမည့် ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို တွေးကာ အရူးတစ်ယောက်လို ပြုံးရင်း ယန်ချင်းက ပြောလိုက်သည်။
သူမဟုတ်ဘဲ အခြားတစ်ယောက်ယောက်ကို အဖွဲ့အစည်းက အလုပ်တွေပိအောင် ခိုင်းနေသည်ကို မြင်ရတိုင်း အမြဲတမ်းပျော်ရွှင်နေတတ်သည်။
ထိုအရာကသာ သူ့အတွက် စိတ်သက်သာရာရစေသော ကုထုံးတစ်ခုလိုပင် ဖြစ်သည်။
ကျစ်တာနှင့် ကျစ်ရော့လန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ကျစ်တာထံမှ ပင်ပန်းနွမ်းနယ်နေသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။
ကျစ်တာနှင့် ကျစ်ရော့လန်တို့က မတ်တပ်ရပ်ကာ လေးနက်စွာ ဦးညွတ်အရိုအသေပေးရင်း ပြောလိုက်သည်။
“အစ်ကိုကြီးယန်ချင်း... အသစ်ကနေ ပြန်စဖို့ ကူညီပေးမယ့် ကမ်းလှမ်းချက်ကို နှိမ့်ချစွာ လက်ခံပါတယ်”
“ညီမလေးနဲ့ ကျွန်တော်က အစ်ကိုကြီးယန်ချင်းကို အသက်သွေးကြွေး တင်သွားပါပြီ...”
ယန်ချင်းက မမြင်ရသော အင်အားတစ်ခုဖြင့် သူတို့ကို ပြန်လည် မတ်မတ်ရပ်စေကာ ထိုင်ခုံများပေါ် ပြန်ထိုင်စေရင်း ပြောလိုက်သည်။
“အဲဒီလိုတွေလုပ်စရာ မလိုပါဘူး... ငါကူညီတာက... အင်း... ကံဆုံလို့နဲ့ မင်းတို့နှစ်ယောက်က စိတ်ဝင်စားစရာ ကောင်းနေလို့လို့ပဲ သတ်မှတ်လိုက်ကြတာပေါ့”
“မင်းတို့ကို ကြည့်ပြီး ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတချို့ကို သတိရသွားလို့ပါ...”
ယန်ချင်းမှာ စွမ်းအားကြီးမားကြောင်း မောင်နှမနှစ်ဦး ကြိုသိထားပြီး ဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ ထပ်မံကြုံတွေ့လိုက်ရချိန်တွင် သူတို့၏ နှလုံးသားထဲ၌ တုန်လှုပ်မှု လှိုင်းလုံးကြီးများ ရိုက်ခတ်သွားဆဲပင်။
သို့သော် ကျစ်တာက ချက်ချင်းတည်ငြိမ်သွားကာ တိတ်ဆိတ်သွားပြီး သူ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားရင်း အတွေးများကို စုစည်းနေပုံရသည်။
ယန်ချင်းက ဘာမှမပြောဘဲ သူလိုအပ်နေသော အချိန်ကို ပေးလိုက်သည်။
သူ၏ တုံ့ပြန်မှုများအရ ပထမဆုံးအနေဖြင့် ဘာကြောင့်ထွက်ပြေးပုန်းရှောင်နေရသလဲ ဆိုသည့် အကြောင်းရင်းကို ဖွင့်ဟပြောဆိုချင်နေသည်ဟု ခန့်မှန်းမိသည်။
ယခုကျိုးရီဖြစ်သွားသော ကျစ်တာက လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော့် နာမည်က ကျစ်တာ မဟုတ်ပါဘူး... ကျွန်တော့် နာမည်ရော၊ ကျစ်ရော့လန်ရဲ့ နာမည်ရောက အတုတွေပါ။”
“ကျွန်တော်တို့ရဲ့ နာမည်ရင်းတွေက ကျိုးရီနဲ့ ကျိုးလီချင်ဖြစ်ပြီး ကျိုးမျိုးနွယ်စုကပါ...”
မောင်နှမနှစ်ယောက်လုံးက ယန်ချင်း၏ တုံ့ပြန်မှုကို သတိကြီးစွာ အကဲခတ်လိုက်ကြသော်လည်း ဤကဲ့သို့ဖွင့်ဟဝန်ခံမှုမျိုးမှ ရရှိလာမည့် ပုံမှန်တုံ့ပြန်မှုများဖြစ်သော အံ့အားသင့်မှု၊ တုန်လှုပ်မှု၊ ကြောက်ရွံ့မှု အစရှိသည့် မည်သည့် အမူအရာကိုမျှ မတွေ့ရသဖြင့် အံ့အားသင့်သွားကြသည်။
ယင်းအစား ယန်ချင်းမှာ သူ့ဘေးရှိ နှမ်းဆီပန်းကန်လုံးငယ်လေးထဲသို့ အမဲသားကြော် တစ်ဖတ်ကိုနှစ်ကာ ပေါ့ပေါ့ပါးပါးပင် စားသောက်နေလေသည်။
ယန်ချင်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ “ဒါဆို မင်းတို့က အစီအရင် ကျင့်စဉ်တွေမှာ ကျွမ်းကျင်တဲ့ အဆင့် ၂ မျိုးနွယ်စု ဖြစ်တဲ့ ကျိုးမျိုးနွယ်စုကပေါ့... သူတို့ဆီကနေ ပုန်းရှောင်နေကြတာလား...”
တကယ်လို့များ ကျိုးမျိုးနွယ်စုထံမှ ပုန်းရှောင်နေခြင်းသာ ဖြစ်မည်ဆိုပါက သူတို့၏ လက်ရှိအခြေအနေများအရ ဆက်ဆံရေး သိပ်မကောင်းလှသည်မှာ သေချာနေပြီး ရှာဖွေတွေ့ရှိခံရခြင်း သို့မဟုတ် သေဆုံးခြင်းသို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသော ကလေးနှစ်ယောက်က ဤမျှကြီးမားလှသော မျိုးနွယ်စုကြီးတစ်ခုထံမှ မည်သို့မည်ပုံ ပုန်းရှောင်နိုင်ခဲ့သနည်း ဆိုသည်ကိုတော့ လုံးဝနားမလည်နိုင်ပေ။
ကျိုးမျိုးနွယ်စုနှင့် ပတ်သက်၍ ယန်ချင်းသိထားသလောက်ဆိုလျှင် သူတို့သည် အဆင့် ၂ အဖွဲ့အစည်းများကြားတွင်ပင် ရှေးကျသော မျိုးနွယ်စုတစ်ခုဖြစ်သည်။
အနည်းဆုံး နှစ်ပေါင်း ၅၀,၀၀၀ ကျော် ရှည်လျားသော သမိုင်းကြောင်း ရှိသည်။
၎င်းမှာ အဆင့်၂ အဖွဲ့အစည်းအများစု ယှဉ်ပြိုင်နိုင်စွမ်းမရှိသော သမိုင်းကြောင်းနှင့် အခြေခံအုတ်မြစ်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀,၀၀၀ မဆိုထားနှင့် ... လွန်ခဲ့သော ထောင်စုနှစ် အနည်းငယ် အတွင်းကပင် အခြေအနေများ မည်မျှရှုပ်ထွေးခဲ့သည်ကို ထည့်တွက်ကြည့်ပါက၊ ကျိုးမျိုးနွယ်စု ဤမျှအချိန်အကြာကြီး ရှင်သန်ရပ်တည်နိုင်ခဲ့ခြင်းကပင် သူတို့၏ စွမ်းရည်များကို သက်သေပြနေခြင်း ဖြစ်သည်။
ထိုမျိုးနွယ်စုသည် မတူညီသော အစီအရင်များနှင့် မှော်စာလုံး ရေးထိုးခြင်းများတွင် ဘက်စုံကျွမ်းကျင်မှုကြောင့် နာမည်ကြီးသည်။
သူတို့၏ လုပ်ပိုင်ခွင့် နယ်ပယ်မှာ သတ်ဖြတ်ခြင်းအစီအရင်များမှစ၍ ဝတ်ရုံများပေါ်တွင် အသုံးပြုသည့် နေ့စဉ်သုံးအစီအရင်များနှင့် မှော်စာလုံး ရေးထိုးခြင်းများအထိ ပါဝင်သည်။
ယန်ချင်းက တွေးလိုက်သည်။ “ငါ့ဝတ်ရုံကို သူတို့ ဘယ်လိုသိသွားလဲဆိုတာ အံ့ဩစရာမဟုတ်တော့ဘူး။”
“ ကျိုးမျိုးနွယ်စုကဆိုရင် သူတို့ မျိုးနွယ်စုက အသုံးဝင်တဲ့အစီအရင်တွေ ရေးထိုးထားတဲ့ အရည်အသွေးမြင့် ဝတ်ရုံတွေ ထုတ်လုပ်တဲ့ နေရာမှာ ထိပ်တန်းစာရင်းဝင်ဆိုတော့ မွေးကတည်းက ဒီလိုအရာတွေနဲ့ ထိတွေ့ခဲ့ရမှာ သေချာတယ်...”
နာကျင်စွာသက်ပြင်းချရင်း ကျိုးရီက အတည်ပြုလိုက်သည်။ “ဟုတ်ပါတယ်... ကျွန်တော်တို့က အဲဒီကျိုးမျိုးနွယ်စုကပါ...”
“ကျိုးမျိုးနွယ်စုမှာ နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်ကို ရွေးချယ်တဲ့အခါ ရှည်လျားတဲ့ ရိုးရာအစဉ်အလာတစ်ခု ရှိခဲ့တယ်...”
“ပြီးတော့ အဖေက အဲဒီရွေးချယ်ခံရမယ့် ကိုယ်စားလှယ်လောင်းတွေထဲက တစ်ယောက် ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ အဖေရှုံးသွားတယ်...”
ကျိုးရီက တုန်ယင်နေသော အသံကို ထိန်းချုပ်ရန်နှင့် ကျလုဆဲဆဲ မျက်ရည်များကို အောင့်ထားရန် စကားကို ခေတ္တရပ်လိုက်သည်။
သို့သော် မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး ရှိုက်ငိုနေပြီဖြစ်သော ကျိုးလီချင်အတွက်တော့ ထိုသို့ မဟုတ်ခဲ့ပေ။
သူတို့၏ တုံ့ပြန်မှုများကို မြင်သောအခါ ယန်ချင်းက အလျင်အမြန် ပြောလိုက်သည်။
“ဘာမှ ဆက်မပြောလည်း ရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုကူညီပေးမှာပါ...”
ကျိုးရီက ပြတ်သားစွာ ပြောလိုက်သည်။ “မဟုတ်ဘူး... ဒါက ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ အနည်းဆုံး အရာပါ”
“ ကျွန်တော်တို့ကို ကူညီပေးဖို့လုပ်ရင်း အစ်ကိုကြီးယန်ချင်းကို အသက်အန္တရာယ်ပေးသလို ဖြစ်သွားနိုင်တယ်ဆိုတော့ အစ်ကိုကြီး သိထားသင့်ပါတယ်...”
သူ၏ လေးနက်သော အမူအရာကို မြင်လိုက်ရချိန်တွင် ယန်ချင်းက ဆက်ပြောမည့်စကားများကို ပြန်လည် မြိုသိပ်ထားလိုက်ရသည်။
ယန်ချင်းက ညင်သာစွာ ပြောလိုက်ပြီး ဆက်ပြောရန် လက်ဟန်ပြလိုက်သည်။ “ကောင်းပြီလေ...”
“ကျွန်တော်တို့ မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က အစီအရင် ကျင့်စဉ်တွေပေါ်မှာ တည်ဆောက်ထားတာ ဆိုတော့၊ နောက်ထပ် မျိုးနွယ်စု ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရမယ့်သူက ဒီကဏ္ဍမှာ ငြင်းစရာမလိုအောင် ပါရမီထူးချွန်တဲ့သူ ဖြစ်ရမယ်...”
“တခြားအဖွဲ့အစည်းတွေနဲ့ မတူတာက ကျိုးမျိုးနွယ်စုက ကျင့်ကြံခြင်းအမြင့်ဆုံး ရှိတဲ့သူ ဒါမှမဟုတ် အဲဒါနဲ့ပတ်သက်တဲ့ အောင်မြင်မှုတွေ ရှိတဲ့သူကို နောက်ထပ် ခေါင်းဆောင်အဖြစ် မရွေးချယ်ဘူး...”
“ကျိုးမျိုးနွယ်စုရဲ့ အမြင်မှာ အရေးအကြီးဆုံးက အစီအရင်ကျင့်စဉ်တွေအပေါ်မှာ ရှိတဲ့ ကျွမ်းကျင်မှုပဲ”
“ဒါကြောင့်ပဲ တည်ထောင်ကတည်းက နှစ်တွေတစ်လျှောက်လုံး၊ မျိုးနွယ်စုကို ဦးဆောင်နိုင်တဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူတွေ ရှိနေပေမဲ့လည်း... တစ်ခါတလေ နန်းတော်အဆင့်ကျင့်ကြံခြင်း အခြေခံလောက်ပဲ ရှိတဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ ရှိခဲ့ဖူးတယ်...”
“မျိုးနွယ်စုခေါင်းဆောင်တွေက များသောအားဖြင့် နှစ် ၅၀၀ လောက် ရာထူးမှာ နေပြီးရင် တခြားသူကို လွှဲပေးခဲ့ပြီး သူတို့ရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ဖို့ အနားယူသွားကြတယ်”
“နောက်ထပ်ခေါင်းဆောင်ကို တတိယမြောက်ဘိုးဘေး ယူဆောင်လာခဲ့တဲ့ အထူးရတနာ တစ်ခုကနေတစ်ဆင့် ရွေးချယ်တာ…”
“ အဲဒီဘိုးဘေးက ကျွန်တော်တို့ဆီမှာ ရှိခဲ့ဖူးသမျှ အစွမ်းအထက်ဆုံး ဘိုးဘေးတွေထဲက တစ်ယောက်ပဲ”
“ သူက ထိပ်တန်းဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်လို့ ကြားဖူးတယ်...” ကျိုးရီက ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
သူတို့၏ နာကျင်နေသော တုံ့ပြန်မှုများအရ မျိုးနွယ်စုအပေါ် ခါးသီးမှုများနှင့် အငြိုးအတေးများသာ ရှိနေမည်ဟု ယန်ချင်း မျှော်လင့်ထားခဲ့သော်လည်း၊ ယခုကဲ့သို့ ရိုသေလေးစားမှုမျိုးကို မထင်မှတ်ဘဲ မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
“အစီအရင် ကျွမ်းကျင်မှုတွေကနေတစ်ဆင့် နောက်ထပ်ခေါင်းဆောင်ကို ရွေးချယ်တဲ့ ရိုးရာအစဉ်အလာကို သူက စတင်ခဲ့တာ ဖြစ်ပြီး အဲဒီကတည်းက မျိုးနွယ်စုရဲ့ အမိန့်တစ်ခု ဖြစ်လာခဲ့တယ်...”
“ရွေးချယ်ရေး လုပ်ငန်းစဉ်ကို ရှေးဟောင်းအပျက်အစီး တစ်ခုကနေ သူ ယူဆောင်လာခဲ့တဲ့ အထူးရတနာကနေတစ်ဆင့် လုပ်ဆောင်တာပါ”
“အဲဒီ ရတနာက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ် ဆိုတာကလွဲပြီး ကျန်တာ သိပ်မသိပါဘူး...”
“အဲဒါက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးခဲ့သလို မရေမတွက်နိုင်တဲ့ လူတွေကိုလည်း သတ်ဖြတ်ခဲ့တယ်...”
“အဲဒီထဲက နှစ်ယောက်ကတော့ ကျွန်တော့်ရဲ့ အဖေနဲ့ အမေပါပဲ...”
***