ကျိုးမျိုးနွယ်စု၏ တိုးတက်မှုနှင့် ရှင်သန်ရပ်တည်ရေးအတွက် မည်မျှအရေးပါကြောင်း သိလိုက်ရသဖြင့် ထိုရတနာသည် မည်သည့်အဆင့်တွင် ရှိမည်နည်းဆိုသည်ကို ယန်ချင်း စူးစမ်းချင်စိတ် ပြင်းပြသွားသည်။
သို့သော် ၎င်းမှာ သိချင်စိတ်သက်သက်သာ ဖြစ်နေဦးမည်ဖြစ်သည်။
အသက်အရွယ် ကန့်သတ်ချက်များ၊ မျိုးနွယ်စုအတွက် ထိုရတနာ၏ အရေးပါမှုနှင့် ထိုအရာကို လက်လှမ်းမီနိုင်မှု အဆင့်အတန်းတို့ကြောင့် ကျိုးရီအနေဖြင့် အများကြီး သိထားမည်ဟု မထင်ပေ။
လေသံတွင် ပါဝင်နေသော ရိုသေလေးစားမှုများအရ ထိုရတနာအကြောင်း လုံလုံလောက်လောက် သိထားခဲ့မည် ဆိုလျှင်တောင်မှ အသစ်ကနေ ပြန်စရန် ကူညီပေးမည့်သူ ဖြစ်နေလင့်ကစား အခုမှစသိသူ တစ်ယောက်ကို အများကြီး ဖွင့်ပြောပြလိမ့်မည် မဟုတ်ဟု တွေးမိသည်။
“အဖေ ပြောပြဖူးတာတော့... အဲဒီရတနာက မတူညီတဲ့ အဆင့်တွေ ပါဝင်တဲ့ သီးခြားနယ်မြေတစ်ခုကို ဖန်တီးပေးထားတယ်”
“အဆင့်တိုင်းမှာ မတူညီတဲ့ အစီအရင်တွေ ရှိပြီး နောက်တစ်ဆင့်ကို မကူးခင် အဲဒါတွေကို အောင်မြင်အောင် ဖြတ်ကျော်ရတယ်...”
“အဆင့်တက်သွားတိုင်း ခက်ခဲမှု ရှုပ်ထွေးမှုနဲ့ အရည်အသွေးတွေကလည်း ပိုမြင့်လာတယ်။”
“စမ်းသပ်မှု တစ်ခုစီတိုင်းမှာ တွေ့ရမယ့် အစီအရင်တွေက ဘယ်တော့မှ မတူညီဘူး...”
“ဒါကြောင့် အရင်လူတွေရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး ကြိုတင် ပြင်ဆင်ထားလို့ မရဘူး...”
ကျိုးရီက စကားကို ခေတ္တရပ်ကာ ဂျင်ဂိုလက်ဖက်ရည်ကို တစ်ကျိုက် သောက်လိုက်ပြီးမှ ဆက်ပြောသည်။
“ကျိုးမျိုးနွယ်စုရဲ့ နောက်ထပ် ခေါင်းဆောင်နေရာက အမြင့်ဆုံး အဆင့်ကို ရောက်တဲ့သူဆီ ကျရောက်တာပဲ။”
“တကယ်လို့ အဆင့်တူနေရင်တောင် ကြာမြင့်ချိန်ကို ကြည့်တယ်... အဲဒီနေရာအတွက် ဝင်ပြိုင်ဖို့ ဘယ်သူ့ကိုမှ ကန့်သတ်မထားဘူး။”
“ မိသားစုအခွဲက သားမြေးတွေလည်း တစ်ခါတလေ ဝင်ပြိုင်တတ်ကြတယ်...”
“အဲဒီစမ်းသပ်မှုက တစ်ချက်တည်းနဲ့ ဂုဏ်သိက္ခာ အထွတ်အထိပ်ကို ရောက်သွားနိုင်တဲ့ အခွင့်အရေးပဲ...”
“ စီနီယာတွေဆီက ကြားဖူးသလောက်တော့ အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်တိုင်း အဲဒီအဆင့်နဲ့အတူ ရလာမယ့် အကျိုးအမြတ်တွေ ရှိတယ်။”
“ဆုလာဘ်တွေက အမျိုးမျိုး ကွဲပြားပေမဲ့ အားလုံးက အစီအရင်တာအို အပေါ်မှာပဲ အခြေခံထားတာ”
“ ဒါကြောင့် ဝင်ပြိုင်တဲ့သူ ဘယ်တော့မှ မရှားဘူး...”
“မျိုးနွယ်စုခေါင်းဆောင်နေရာ မရခဲ့ရင်တောင် အဆင့်အနည်းငယ်လောက်ကို ကျော်ဖြတ်နိုင်သရွေ့ ဆုလာဘ် အမျိုးမျိုးကို ရနိုင်သေးတယ်လေ...”
“ဒါပေမဲ့ ဘယ်လောက်ပဲ မက်မောစရာ ကောင်းနေပါစေ... အဲဒါက သေမင်းတမန် ထောင်ချောက် တစ်ခုလည်း ဖြစ်နေပြန်တယ်။”
“စမ်းသပ်မှုမှာ သုံးထားတဲ့ အစီအရင်တွေရဲ့ သေစေနိုင်စွမ်းက အဆင့်တက်လာတာနဲ့အမျှ ပိုပြင်းထန်လာတယ်”
“ ပြိုင်ပွဲဝင်တွေကို ကာကွယ်ပေးမယ့် အဆောင် ဒါမှမဟုတ် ကာကွယ်ရေး ယန္တရား ဘာတစ်ခုမှ မရှိဘူး။”
“အစီအရင် တစ်ခုကို မဖျက်ဆီးနိုင်ဘူးဆိုရင် အဲဒီအစီအရင်ရဲ့ သေစေနိုင်စွမ်းပေါ် မူတည်ပြီး အသက်နဲ့ပါ ပေးဆပ်ရနိုင်တယ်...”
“ရတနာကနေ ဖန်တီးထားတဲ့ စမ်းသပ်မှုရဲ့ အန္တရာယ်အပြင် မျိုးနွယ်စု ခေါင်းဆောင်နေရာကို ယှဉ်ပြိုင်တဲ့ နေရာမှာ မျိုးနွယ်စုက ချမှတ်ထားတဲ့ နောက်ထပ် စည်းမျဉ်းတစ်ခု ရှိသေးတယ်...”
“အဲဒါကတော့ ပြိုင်ပွဲဝင်ဟာ ကိုယ့်အသက် တစ်ခုတည်းကိုသာ စွန့်စားရတာ မဟုတ်ဘဲ မိသားစုဝင်တွေရဲ့ အသက်နဲ့ပါ လောင်းကြေးထပ်ရတာပဲ...”
“ပြိုင်ပွဲဝင်က အဲဒီထဲမှာ သေသွားရင် မိသားစုဝင်တွေက ပင်မမိသားစုက နှင်ထုတ်ခံရတယ်။”
“ဆန္ဒရှိရင် မိသားစုအခွဲတွေဆီ သွားပူးပေါင်းလို့ ရပေမဲ့ ပင်မမိသားစုမှာတော့ ဆက်နေခွင့် မရှိတော့ဘူး... ပင်မမိသားစု မှတ်တမ်းစာအုပ်ထဲကနေတောင် နာမည် ဖျက်ခံရတာ...”
“ဒီနည်းလမ်းကို သုံးရတာက ခေါင်းဆောင်အသစ် အနေနဲ့ သေဆုံးသွားတဲ့ ပြိုင်ဘက်တွေရဲ့ မိသားစုဝင်တွေဆီက လက်စားချေမှုတွေကို စိုးရိမ်စရာမလိုဘဲ အာဏာကို အလွယ်တကူ လွှဲပြောင်းရယူနိုင်အောင်လို့ပဲ”
“ အဲဒီလိုနဲ့ အတွင်းရန်တွေကို လျှော့ချနိုင်တယ်...”
“မိသားစုခေါင်းဆောင်နေရာကို ယှဉ်ပြိုင်ဖို့ ရွေးချယ်တဲ့သူတွေက ကိုယ့်အသက် တစ်ခုတည်းကိုပဲ စွန့်စားရတာ မဟုတ်လို့ ပေါ့ပေါ့တန်တန် မဆုံးဖြတ်ကြဘူး...”
“’ကျိုးမျိုးနွယ်စုဝင် သောင်းနဲ့ချီတဲ့ လူတွေရဲ့ ကံကြမ္မာကို ပခုံးထမ်းတင်နိုင်ခွင့် မရခင်... ကိုယ့်အသက်နဲ့ မိသားစုဝင်တွေကို စတေးရဲတဲ့ သတ္တိ ရှိရမယ်’ လို့ အဘိုးက အမြဲ ပြောလေ့ရှိတယ်...” ပိုမို လေးနက်လာသော လေသံဖြင့် ကျိုးရီက ပြောလိုက်သည်။
ဇာတ်လမ်းက ဤနေရာသို့ ရောက်ချိန်တွင် ကျိုးလီချင်မှာ အနည်းငယ် တည်ငြိမ်သွားပြီ ဖြစ်သော်လည်း၊ မျက်လုံးများထဲတွင် ထိန်းချုပ်ထားသော မျက်ရည်များမှာ အချိန်မရွေး ပြန်လည် ကျဆင်းလာမည့်ပုံ ပေါက်နေသည်။
“ပြိုင်ပွဲဝင်တိုင်းနဲ့ သူတို့ရဲ့ မိသားစုတွေက အဆိုးရွားဆုံး အခြေအနေအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားကြရတယ်။”
“ အဖေလည်း အဲဒီနေရာအတွက် ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ ကျွန်တော်တို့ကို အဲဒီလိုပဲ ပြင်ဆင်ပေးခဲ့တယ်...”
“အဲဒီလို ပြင်ဆင်ပေးခဲ့ပေမဲ့ အဖေရှုံးနိမ့်သွားမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးလို့ ကျွန်တော်တို့ အားလုံးက ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့ကြတာ”
“အဖေက နှစ်တစ်သောင်းမှာ တစ်ယောက်ပဲ ပေါ်ထွက်လာနိုင်တဲ့ ပါရမီရှင်တစ်ယောက်လို့ နာမည်ကြီးခဲ့တာကိုး...”
“အစီအရင်တွေနဲ့ ပတ်သက်လာရင် အဖေ့ကို ယှဉ်နိုင်တဲ့သူ အရမ်းရှားလို့ စမ်းသပ်မှုစတာနဲ့ အဖေက နောက်ထပ်ခေါင်းဆောင် ဖြစ်လာမယ်လို့ လူအများစုက မျှော်လင့်ထားခဲ့ကြတယ်”
“အသက်သုံးဆယ့်သုံးနှစ် အရွယ်လေးနဲ့ကို အပြာရောင်အဆင့် အစီအရင်သခင်တစ်ယောက် ဖြစ်နေပြီလေ...”
“ကျွန်တော်တို့ရဲ့ လက်ရှိ ပုံစံကို ကြည့်ရင်... အဖေ့ဆီက မျက်နှာသာရဖို့ ကြိုးစားနေကြတဲ့ ဒီနိုင်ငံရဲ့ ဧကရာဇ်ထက်တောင် ပိုအင်အားကြီးတဲ့ လူတွေရဲ့ ဖားယားမြှောက်ပင့်တာကို အမြဲခံခဲ့ရတယ် ဆိုတာ ဘယ်သူမှ ယုံမှာမဟုတ်ဘူး...”
“အရင်တုန်းက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို ကျောက်ခဲတွေလို သဘောထားပြီး ရေထဲ ပစ်ပေါက် ကစားခဲ့ပေမဲ့... အခုချိန်မှာတော့ ငွေစအနည်းငယ် ရဖို့တောင် အများကြီးအပင်ပန်းခံနေရတယ်...”
ကျိုးရီက ကိုယ့်ကိုယ်ကိုယ် သရော်သည့်ဟန်ဖြင့် ပြုံးရင်း ပြောလိုက်သည်။
“အဖေ ရှုံးလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။”
“အဲဒီအချိန်ကစပြီး သုံးနှစ်တောင် ရှိသွားပြီ ဖြစ်ပေမဲ့ အခုထက်ထိ မယုံနိုင်သေးဘူး... ဘယ်သူကမှလည်း မယုံခဲ့ကြဘူး...”
“တကယ်တော့ တတိယမြောက်ဘိုးဘေး ချမှတ်ခဲ့တဲ့ မျိုးနွယ်စုရဲ့အမိန့်သာ မရှိရင် အဖေ့ကို အဲဒီနေရာ တန်းပေးနေလောက်ပြီ...”
မျက်ရည်များကို အတင်းအဓမ္မ ထိန်းချုပ်ရန် ကြိုးစားရင်း ကျိုးရီက စကားကို ခေတ္တရပ်လိုက်သော်လည်း၊ မည်မျှပင် ထိန်းချုပ်ရန် ကြိုးစားစေကာမူ စက္ကန့်အနည်းငယ် အတွင်းမှာပင် မျက်ရည်များက ဆက်တိုက် ကျဆင်းလာခဲ့သည်။
“ရွေးချယ်ပွဲနေ့ ရောက်လာတော့ အဖေနိုင်မယ်လို့ပဲ အားလုံးက မျှော်လင့်ထားခဲ့ကြတယ်”
“ဝင်ပြိုင်ရုံသက်သက်နဲ့ အကျိုးအမြတ်လေးတွေ ရဖို့လောက်ပဲ ရည်ရွယ်ပြီး လာပြိုင်ကြတဲ့ တချို့ပြိုင်ပွဲဝင်တွေတောင် အဲဒီလိုပဲ ခံစားခဲ့ကြတာ”
“သူတို့ အများစုက အဖေ့ကို ကျော်ဖြတ်နိုင်မယ်လို့ မထင်ထားခဲ့ကြဘူး...”
“ပြိုင်ပွဲ စတင်တဲ့အခါ အစောပိုင်းအဆင့်တွေမှာ မျှော်လင့်ထားတဲ့အတိုင်းပဲ အဖေက အလွယ်တကူ ကျော်ဖြတ်သွားနိုင်ခဲ့တယ်...”
“အဆင့်သုံးဆယ်ကို ရောက်တဲ့အချိန်ကျမှ အဖေ့ရဲ့ အဟုန်က နည်းနည်းလေးပဲ နှေးသွားခဲ့တာ။”
“အဲဒီအချိန်မှာ တခြားပြိုင်ပွဲဝင်အများစုက လက်လျှော့သွားကြပြီ... သေတဲ့သူသေ ဒါမှမဟုတ် ဆက်မပြိုင်နိုင်လောက်အောင် ဒဏ်ရာ အပြင်းအထန် ရသွားကြပြီ...”
“အဖေ့နောက်ကို လိုက်နိုင်တဲ့သူက အယောက်နှစ်ဆယ်လောက်ပဲ ကျန်တော့တယ်လို့ ထင်တယ်... ဒါပေမဲ့ အဆင့်မြင့်လာလေလေ အရေအတွက်က နည်းသွားလေလေပဲ”
“အဆင့်လေးဆယ့်ခုနစ်ကို ရောက်တဲ့အချိန်မှာ လူလေးယောက်ပဲ ကျန်တော့တယ်...”
မျက်ရည်များကို ထိန်းချုပ်ရန် ရုန်းကန်နေရဆဲဖြစ်သော အစ်ကိုဖြစ်သူ၏ နေရာတွင် ကျိုးလီချင်က ဝင်ရောက်ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
သူမလည်း ဖခင်ကို အလွန်ကြည်ညိုလေးစားခဲ့ပြီး၊ သူတို့ ဘဝ၏ အပျော်ရွှင်ဆုံး နေ့တစ်နေ့ ဖြစ်လာရမည့် ထိုနေ့လေးက အဆိုးရွားဆုံး နေ့တစ်နေ့အဖြစ် ပြောင်းလဲသွားခဲ့သောကြောင့် အစ်ကိုဖြစ်သူ၏ ခံစားချက်ကို ကောင်းကောင်း နားလည်ပေးနိုင်သည်။
အဖေ တစ်ဆင့် တက်သွားတိုင်း ရတနာနှင့် ချိတ်ဆက်ထားသော ပြသရေး ကျောက်တုံး လင်းလက်လာချိန်တွင် သူတို့ မည်မျှအထိ ရူးသွပ်စွာအော်ဟစ်အားပေးခဲ့ကြသည်ကို သူမ မှတ်မိနေသေးသည်။
ထိုကျောက်တုံးက ရတနာ၏ အရန်ပစ္စည်း တစ်ခုဖြစ်သည်။ ပြိုင်ပွဲဝင်များက ရတနာမှ ဖန်တီးထားသော သီးခြားနယ်မြေအတွင်း စမ်းသပ်မှုများကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏အမည်များကို အလိုအလျောက် မှတ်တမ်းတင်ထားမည် ဖြစ်သည်။
ကျောက်တုံးက သူတို့ ရောက်ရှိနေသော အဆင့်များနှင့် အသက်ရှင်နေသလား သို့မဟုတ် သေဆုံးသွားပြီလား ဆိုသည့် အခြေအနေကို ပြသပေးပြီး၊ လက်လျှော့သွားသူများ၏ အမည်များကိုတော့ သူတို့ ရောက်ရှိခဲ့သော အဆင့်တွင် မီးခိုးရောင်အဖြစ် ပြောင်းလဲပြသထားမည် ဖြစ်သည်။
အဆင့်တစ်ခုကို ကျော်ဖြတ်ပြီးမှသာ လက်လျှော့ခွင့် ရှိပြီး နောက်တစ်ဆင့်သို့ တက်ရန် အခွင့်အရေးကို စွန့်လွှတ်ရမည် ဖြစ်သည်”
“ထို့အပြင် အစီအရင်၏ တိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်ခဲ့လျှင်လည်း လက်လျှော့ခွင့် ရှိသည်။
စမ်းသပ်မှု ဝင်ရောက်ချိန်တွင် မည်သည့် ရတနာကိုမျှ ယူဆောင်သွားခွင့် မရှိသဖြင့် နောက်ဆုံး အခြေအနေမျိုး ဖြစ်လာနိုင်ခြေမှာ အလွန် နည်းပါးပြီး ကံတရားအပေါ်တွင်သာ အများစု မူတည်နေသည်။
“အဆင့်မြင့်လာလေလေ လူအရေအတွက်က နည်းသွားလေလေပဲ... အဆင့် ခြောက်ဆယ်ကို ရောက်တဲ့အချိန်မှာ လူနှစ်ယောက်ပဲ ကျန်တော့တယ်”
“တစ်ယောက်က အဖေ ဖြစ်ပြီး... နောက်တစ်ယောက်ကတော့ ကျွန်မတို့ အားလုံး မျှော်လင့်မထားတဲ့ သူတစ်ယောက် ဖြစ်နေတယ်...”
“သူက မိသားစုအခွဲတွေထဲက တစ်ယောက်ဖြစ်ပြီး၊ သူ ပါဝင်တဲ့ မိသားစုခွဲက အဖွဲ့ဝင်တွေတောင် သူ့အကြောင်း သိပ်မသိကြဘူး”
“ဒီစမ်းသပ်မှုသာ မရှိခဲ့ရင် ဒီလိုလူမျိုး ရှိနေတယ် ဆိုတာကိုတောင် ဘယ်သူမှ သိကြမှာ မဟုတ်ဘူး...”
“မိသားစုအခွဲက လူတွေက များသောအားဖြင့် ဒီလိုကိစ္စတွေမှာ သိပ်မထူးချွန်ကြဘူး”
“အမည်ခံ သက်သက်သာ ဖြစ်ပြီး ပင်မမိသားစုက ကျိုးမျိုးနွယ်စုဆိုတဲ့ နာမည်ကလွဲရင် တခြားဘာအထောက်အပံ့မှ သိပ်မပေးဘူးလေ”
“ ကျန်တဲ့ အရာအားလုံးကို ကိုယ့်ဘာသာ ရုန်းကန်ရတာဆိုတော့ သူတို့ရဲ့ စတင်ရာ နေရာနဲ့ ပင်မမိသားစုက လူတွေရဲ့ စတင်ရာနေရာက ကွာခြားနေတယ်...”
“ဒါပေမဲ့ အဲဒီလို အားနည်းချက်တွေ ရှိနေတာတောင် ကျွန်မတို့ ဘာမှမသိတဲ့ သူတစ်ယောက်က၊ မျိုးနွယ်စုမှာ ပေါ်ထွက်ခဲ့သမျှ အကြီးကျယ်ဆုံး ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အဖေ့နောက်ကို ကပ်လိုက်နိုင်ခဲ့တယ်...”
“အဲဒီနယ်မြေထဲမှာ ပြိုင်ပွဲဝင်တွေက တစ်ယောက်ကို တစ်ယောက် မမြင်ရပေမဲ့ တစ်ယောက်စီရဲ့ တိုးတက်မှု အခြေအနေကိုတော့ ခြေရာခံလို့ ရတယ်...”
“အဖေနဲ့ မိသားစုအခွဲက အဲဒီလူက အဆင့် ၆၃ အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး အဲဒီနောက်ပိုင်းမှာ ကွာဟချက် စဖြစ်လာတယ်... အဖေက အဆင့် ၆၄ မှာ ရှိနေချိန်မှာ အဲဒီလူက အဆင့် ၆၇ အထိ ရောက်သွားခဲ့တယ်...”
“အဆင့် ၆၀ အကန့်အသတ်ကို ရောက်သွားတာနဲ့ အဆင့်တစ်ခုနဲ့ တစ်ခုကြားက ခက်ခဲမှု ကွာဟချက်ဟာ ကောင်းကင်နဲ့ မြေကြီးလောက်ကို ကွာခြားသွားတယ်လို့ မျိုးနွယ်စုက စီနီယာတွေ ပြောပြတာကို ကြားဖူးတယ်...”
“သူတို့ကြားက ကွာဟချက်က သုံးဆင့်ပဲ ကွာတာ ဖြစ်နိုင်ပေမဲ့ အဲဒီထဲမှာတော့ မိသားစုအခွဲက လူဟာ အဖေ့ထက် တိုက်ကြီးတစ်ဝက်လောက် အကွာအဝေးကို ရောက်နေလောက်ပြီ...”
“ရယ်စရာကောင်းတာက အဆင့် ၆၄ မှာ နောက်ကောက်ကျန်နေခဲ့ပေမဲ့ အဖေက အရင်မျိုးနွယ်စုခေါင်းဆောင် ရောက်ခဲ့တဲ့ အဆင့် ၆၂ ကိုတောင် ကျော်လွန်နေပြီ ဖြစ်တာပဲ...”
နာကျင်စွာ သက်ပြင်းချရင်း ကျိုးလီချင်က ပြောလိုက်သည်။
“အဆင့် ၆၇ အထိ ဆိုရင်တော့ အဲဒီအထိ ရောက်ဖူးတဲ့ အရင်မျိုးနွယ်စုခေါင်းဆောင် အရေအတွက်က ဆယ်ယောက်တောင် မပြည့်ဘူး...”
“အဲဒီနေ့က လူကြီးရော လူငယ်ရော အားလုံးက ကိုယ်မြင်နေရတာကို မယုံနိုင်အောင် ဖြစ်ခဲ့ကြရတယ်...”
“တစ်နေ့ကျရင် နာမည်ကြီးတတိယမြောက်ဘိုးဘေးရဲ့ ပါရမီကိုတောင် ယှဉ်နိုင်မယ့် ပါရမီရှင် တစ်ယောက်လို့ တင်စားခံထားရတဲ့ အဖေက သူ့ထက်ငယ်ရွယ်ပြီး ဘယ်သူမှန်းမသိတဲ့ သူတစ်ယောက်ရဲ့ လုံးဝလွှမ်းမိုးမှုကို ခံလိုက်ရတာလေ...”
“ကျွန်မတို့တောင် အဲဒီလောက် အံ့အားသင့်ခဲ့ရရင် အဖေ့အတွက် ဘယ်လောက်တောင် တုန်လှုပ်စရာ ကောင်းနေမလဲ ဆိုတာ တွေးကြည့်လို့တောင် ရပါတယ်...”
“ဒါပေမဲ့ အဖေက ဆက်ပြီး ကြိုးစားခဲ့လို့ အဆင့် ၆၇ ကို ရောက်အောင် သွားနိုင်ခဲ့တယ် ဒါပေမဲ့ အဲဒီအချိန်မှာ မိသားစုအခွဲက လူက ပိုပြီးအဓိပ္ပာယ်မရှိလောက်အောင် အံ့မခန်းဖြစ်တဲ့ စံချိန်သစ်တစ်ခုကို တင်လိုက်ပြီ...”
“သူက အဆင့် ၇၀ ကို ရောက်နေပြီတဲ့လေ...”
“အဲဒီအထိ ရောက်ဖူးတာ လူလေးယောက်ပဲ ရှိသေးတယ်”
“အဲဒီအထဲက တစ်ယောက်က တတိယမြောက်ဘိုးဘေးပဲ...”
“ကျန်တဲ့သုံးယောက်ကလည်း သူတို့ခေတ် သူတို့အခါတုန်းက မျိုးနွယ်စုအတွင်းမှာရော အပြင်မှာပါ ဂန္ထဝင်မြောက် နာမည်ဂုဏ်သတင်းတွေကို ချန်ထားရစ်ခဲ့တဲ့ သူတွေချည်းပဲ...”
***