“အဲဒီအချိန်ရောက်တော့ ဝန်မခံချင်ပေမဲ့ အဖေက နောက်ထပ်မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာနိုင်ခြေက အရမ်းနည်းသွားပြီ...”
“နောက်ဆုံး အဆုံးသတ်လိုက်တာကတော့ မိသားစုအခွဲကလာတဲ့ လူက အဆင့် ၇၁ ကို ရောက်သွားတဲ့ အချိန်ပဲ”
“အဲဒီအထိ ရောက်တဲ့သူ မရှိတာ အနှစ် ၂၀,၀၀၀ တောင် ရှိနေပြီ”
“အဲဒီအချိန်မှာ သူက ကျိုးမျိုးနွယ်စုရဲ့ သမိုင်းတစ်လျှောက်လုံးမှာ အဲဒီအထိ ရောက်ဖူးတဲ့ တတိယမြောက်လူ ဖြစ်လာခဲ့တယ်”
“အဲဒီအချိန်ရောက်တော့ မျှော်လင့်နိုင်တာဆိုလို့ အဖေလက်လျှော့ပြီး အသက်ရှင်လျက် ထွက်လာဖို့ပဲ ရှိတော့တယ်”
“အဖေ အသက်ရှင်လျက် ထွက်လာသရွေ့တော့ ကျွန်မတို့ ပင်မမိသားစုမှာ ဆက်နေခွင့် ရဦးမှာပဲလေ...”
“ယှဉ်ပြိုင်သူ သေဆုံးသွားမှ ဒါမှမဟုတ် လုံးဝပြန်မကောင်းနိုင်တော့တဲ့ သေရာပါ ဒဏ်ရာတွေ ရသွားမှသာ နှင်ထုတ်ခံရမယ့် စည်းမျဉ်းက အကျုံးဝင်တာကိုး”
“အဖေသာ လက်လျှော့လိုက်ရင် အရာအားလုံး အဆင်ပြေသွားမှာ... ဒါပေမဲ့ ကိစ္စတွေက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး”
“အချိန်အကြာကြီး ယူလိုက်ရပေမဲ့ အဖေက အဆင့် ၆၇ ကို ရောက်အောင် သွားနိုင်ခဲ့ပြီး မျိုးနွယ်စုရဲ့ သမိုင်းတစ်လျှောက်လုံး အဲဒီအထိ ရောက်ဖူးတဲ့ ဆဋ္ဌမမြောက်လူ ဖြစ်လာတယ်”
“အဲဒီလောက် အောင်မြင်မှုမျိုး ရထားပြီဆိုတော့ အဖေလက်လျှော့ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ...”
“ဘာလို့လဲဆိုတော့ အဲဒီအဆင့်နှစ်ဆင့်ကို ကျော်ဖြတ်ဖို့ အဖေအချိန်ဘယ်လောက် ယူလိုက်ရလဲ ဆိုတာကို ကြည့်ရင် အဖေ့အတွက် ပိုပိုပြီး ခက်ခဲလာတယ်ဆိုတာ သိသာနေတယ်လေ”
“ဒါပေမဲ့ အဖေက အဆင့် ၆၈ ကို ဆက်ပြီး စိန်ခေါ်ခဲ့တယ်... ပြီးတော့ ငါးမိနစ် အကြာမှာပဲ သေဆုံးသွားခဲ့တယ်...”
သူမ၏ အကြည့်များက မှုန်ရီဝေဝါးသွားရင်း နှုတ်ဆိတ်သွားလေသည်။
မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာရင်း နာကျင်စွာဖြင့် ရေရွတ်လိုက်သည်။
“အဲဒီအချိန်တုန်းက အဖေ ဘာတွေတွေးနေခဲ့မလဲ မသိဘူးနော်...”
သူတို့၏ ဇာတ်လမ်းကြောင့် ယန်ချင်းတစ်ယောက် လေးပင်စွာဖြင့် သက်ပြင်းချလိုက်မိသည်။
သူတို့ ခံစားနေရသော ဆုံးရှုံးမှုနှင့် ရှုပ်ထွေးမှုများကို သက်သာရာရစေရန် သို့မဟုတ် နာကျင်မှု လျော့ပါးသွားစေရန် သူ လုပ်ပေးနိုင်သည်မှာ ဘာမှမရှိပေ။
တိတ်ဆိတ်စွာ နေရန်သာ ရွေးချယ်လိုက်သည်။ သူ့ကို ခေါ်ဆောင်နေသော ချိုချဉ် ဝက်သားနီနှပ်ကို လှမ်းယူရန်ပင် အနေရခက်နေသလို ခံစားရသည်။
“ကျောက်စာတိုင်ပေါ်မှာ အဖေ့ရဲ့ အခြေအနေက ‘သေဆုံး’ လို့ ပြလိုက်တာနဲ့ တစ်ပြိုင်နက် အမေက ရတနာထဲကို ပြေးဝင်သွားတယ်...”
“အမေက အဆင့် ၄၈ မှာ သေဆုံးသွားခဲ့တယ်... သူတို့ရဲ့ ရုပ်အလောင်းတွေကိုတောင် မမြင်လိုက်ရဘူး...”
“အဖေသေဆုံးသွားပြီ ဖြစ်ပေမဲ့ စမ်းသပ်မှုလုပ်နေတုန်း အမေကဇွတ်ဝင်သွားတဲ့အတွက် မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲကို နှောင့်ယှက်မှုနဲ့ မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်သွားတယ်”
“အမေက အဲဒီထဲမှာ သေဆုံးသွားခဲ့တော့ ပြစ်ဒဏ်က ကျွန်မတို့အပေါ် ကျရောက်လာတယ်”
“ဒါပေမဲ့ အဘိုးက ကျွန်မတို့အတွက် ရပ်တည်ပေးခဲ့ပြီး ပြစ်ဒဏ်ကို သူကိုယ်တိုင်ပဲ ခံယူခဲ့တယ်...”
“ထိပ်ပိုင်းခေါင်းဆောင်တွေကလည်း အဲဒီ အကြံပြုချက်ကို လက်ခံခဲ့ကြတယ်...”
“အဖေ့အပေါ်မှာ ထားရှိခဲ့တဲ့ သံယောဇဉ်နဲ့ လေးစားမှုတွေ နည်းနည်းပါးပါး ကျန်နေသေးလို့ နေမှာပါ”
“အဘိုးက နှစ် ၅၀၀၀ ပြစ်ဒဏ် ကျခံခဲ့ရတယ်။ အဲဒီ နှစ်တွေ တစ်လျှောက်လုံး မျိုးနွယ်စုရဲ့ တားမြစ်နယ်မြေတွေထဲက တစ်ခုမှာ အကျဉ်းကျခံနေရမှာ...”
“အဲဒီနေရာက နန်းတော်အဆင့် အောက်က ဘယ်သူမဆို ပို့ခံရရင် တစ်ပတ်အတွင်း သေသွားနိုင်တဲ့ ကြောက်စရာကောင်းတဲ့ နေရာကြီးပဲ”
ဇာတ်သိမ်းပိုင်းကို ကျိုးရီက ဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။
“ဒီလို ဇာတ်သိမ်းမျိုးကြုံရအောင် အတိတ်ဘဝက အကုသိုလ်တွေ အများကြီးလုပ်ခဲ့လို့ နေမှာပါ... တစ်ရက်တည်းနဲ့တင် မိသားစုဝင် သုံးယောက်ကို ဆုံးရှုံးလိုက်ရတယ်...”
မျက်လုံးများထဲတွင် ရှုပ်ထွေးမှုများ အရောင်လက်နေရင်း ဝမ်းနည်းမှု၊ ဒေါသများနှင့်အတူ အက်ကွဲနေဆဲဖြစ်သော အသံဖြင့် ဆက်ပြောလေသည်။
“လီချင်နဲ့ ကျွန်တော်က ပင်မမိသားစုကနေ နှင်ထုတ်ခံရပြီး တခြားမိသားစုအခွဲဆီမှာ အသစ်ကနေ သွားစဖို့ ပစ္စည်းအနည်းငယ်ပဲ ရလိုက်တယ်...”
“ဒါပေမဲ့ အဲဒီမိသားစုအခွဲတွေကလည်း ပင်မမိသားစုရဲ့အမြင်ကို ကြောက်လို့ ကျွန်တော်တို့နဲ့ ဘာမှ မပတ်သက်ချင်ကြဘူး...”
“သူတို့အမြင်မှာတော့ ပြိုင်ဘက်ရဲ့ ကလေးတွေကို ခိုလှုံခွင့် ပေးထားတာက မျိုးနွယ်စုခေါင်းဆောင်အသစ်ရဲ့ အမြင်မှာ သိပ်ကောင်းမှာ မဟုတ်ဘူးလေ...”
“ပြီးတော့ မိဘနှစ်ပါးလုံး သေဆုံးသွားပြီး အဘိုးကလည်း အကျဉ်းကျခံနေရတော့ အဲဒီမိသားစုအခွဲတွေ ပြန်စဉ်းစားလာအောင် အားကိုးစရာနောက်ခံကလည်း ဘာမှမရှိတော့ဘူး”
“အဲဒါကြောင့် ညီမလေးနဲ့ ကျွန်တော်က ကျိုးမျိုးနွယ်စုရဲ့ မျက်စိအောက်ကနေ အဝေးတစ်နေရာရာမှာ အသစ်ကနေ ပြန်စဖို့ ဆုံးဖြတ်လိုက်ကြတာ...”
“လက်ရှိမျိုးနွယ်စုခေါင်းဆောင်က ကျွန်တော်တို့အပေါ် ဘာအငြိုးမှ မရှိနိုင်ပေမဲ့ သူ့ဆီက မျက်နှာသာရဖို့ ကြိုးစားနေတဲ့သူတွေ ဒါမှမဟုတ် အရင်က အဖေ့ရဲ့ လွှမ်းမိုးမှုအောက်မှာ နေခဲ့ရလို့ အဖေ့အပေါ် အငြိုးတကြီး ဖြစ်နေတဲ့ မရေမတွက်နိုင်တဲ့ တခြားအဖွဲ့ဝင်တွေကတော့ အဲဒီလိုဖြစ်မှာ မဟုတ်ဘူးလေ”
“အရင်ကလည်း နယ်နှင်ဒဏ်ပေးခံရတဲ့ အဖွဲ့ဝင်တွေ မိသားစုအခွဲတွေဆီ မရောက်ခင် ‘လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေ’ တွေအောက်မှာ သေဆုံးသွားခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်...”
“မျိုးနွယ်စုရဲ့ အတွင်းရော အပြင်မှာပါ လုံးဝအပယ်ခံ ဖြစ်သွားကြတယ်...”
“အရင်ကမြင်ရင် ဖားယားတတ်တဲ့ မျက်နှာတွေကနေ ရန်လိုမှုတွေ လှောင်ပြောင်မှုတွေအဖြစ် ပြောင်းလဲသွားတယ်”
“မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေ အဘိုးနဲ့ အဖေ့အပေါ် သဘောထား ကောင်းခဲ့တဲ့ အကြီးအကဲ အနည်းငယ်ကြောင့်သာ မျိုးနွယ်စုပိုင်နက်ထဲမှာတင် တိတ်တဆိတ် လက်စအဖျောက်မခံခဲ့ရတာ”
“မိဘတွေရဲ့ ဈာပန ပြီးတဲ့အခါ မျိုးနွယ်စုရဲ့ ပိုင်နက်ထဲကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ဖို့အရေး လက်ထဲမှာရှိတဲ့ ရတနာအားလုံးကို အသုံးပြုခဲ့ရတယ်...”
ဝမ်းနည်းစွာ ပြုံးရင်း ကျိုးရီက ဆက်ပြောသည်။ “ထွက်သွားဖို့ ကူညီပေးတဲ့ အမှတ်မထင်တွေ့ခဲ့ရတဲ့ ‘ကုန်သည်’ ဆိုတာကလည်း တကယ်တော့ စမ်းသပ်မှု မတိုင်ခင်ကတည်းက အဖေ စီစဉ်ပေးခဲ့တဲ့ သူဆိုတာ နောက်မှ သိခဲ့ရတာ...”
“အဖေ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင်ဆိုပြီး ကြိုတင်စီစဉ်ထားခဲ့တဲ့ အရေးပေါ် အစီအစဥ်တစ်ခုပဲ”
“တမလွန်ကနေတောင် အဖေက ကျွန်တော်တို့ မောင်နှမကို စောင့်ရှောက်ပေးနေတုန်းပဲ...”
ကျိုးလီချင်က ပြုံးရင်း ညင်သာစွာ ဝင်ပြောလိုက်သည်။
“အဖေက အမြဲတမ်းစိုးရိမ်တတ်ပြီး ကိစ္စတွေကို ကြိုတင်စီစဉ်တတ်တယ်။ အဖေ့ရဲ့ ဒီလို စီစဉ်ထားမှုက အံ့ဩစရာ မဟုတ်ပါဘူး...”
ကျိုးရီက ခပ်တိုးတိုး ရယ်မောရင်း သဘောတူလိုက်သည်။ “ဟုတ်တယ်... အဖေက အမြဲတမ်း အဲဒီလိုပဲ...”
“အဖေတို့ အမေတို့ကို လွမ်းတယ်...”
“ကျွန်တော်လည်း အတူတူပဲ...”
….
ယန်ချင်းက သူတို့ကို အချိန်အနည်းငယ် ပေးရန် ဆုံးဖြတ်လိုက်သည်။
ကျိုးမောင်နှမနှင့် အပြန်အလှန် စကားပြောဆိုမှုများအပေါ် အခြေခံ၍ သူတို့၏ နောက်ကွယ်တွင် အဖြစ်ဆိုး တစ်ခုခု ရှိနေမည်ဟု မျှော်လင့်ထားသော်လည်း ဤမျှအထိ ဆိုးရွားနေမည်ဟုတော့ မထင်ထားခဲ့ပေ။
အခုလေးတင် ဖြစ်ပျက်သွားသမျှ အရာအားလုံးက သူတို့ မျိုးနွယ်စု၏ စည်းမျဉ်းများအတွင်းတွင်သာ ရှိနေသဖြင့် အဖွဲ့အစည်းအနေဖြင့် သူတို့ကိစ္စတွင် ဝင်ရောက် စွက်ဖက်ခွင့် မရှိပေ။
ဝင်ရောက်စွက်ဖက်ခဲ့လျှင် ၎င်းတို့၏ လုပ်ပိုင်ခွင့် နယ်ပယ်ကို ကျော်လွန်ရာ ရောက်သွားပေလိမ့်မည်။
ထို့အပြင် မောင်နှမနှစ်ယောက်လုံးကလည်း ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းမျိုးကို လိုလားမည် မဟုတ်ဟု ခံစားမိသည်။
မတ်တပ်ရပ်ကာ အရိုအသေပေးရင်း ယန်ချင်းက ပြောလိုက်ရာ မောင်နှမနှစ်ယောက်လုံးမှာ အံ့အားသင့်သွားကြသည်။
“မင်းတို့ရဲ့ အတိတ်ကို ယုံယုံကြည်ကြည်နဲ့ ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...”
အခုချိန်တွင် သူတို့ဆီ၌ မရှိတော့သော နောက်ခံကို ဖယ်ထားလိုက်လျှင် ယန်ချင်း၏ ကျင့်ကြံခြင်းအဆင့်နှင့် ယှဉ်ပါက ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မျှသာရှိသော ပုရွက်ဆိတ်လေးများသာ ဖြစ်သည်။
နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးက မိမိထက် အားနည်းသူများကို အထူးသဖြင့် ဆွေမျိုးရင်းချာများ ဖြစ်နေလျှင်တောင်မှ အရိုအသေပေးသည်ဆိုသည်မှာ စိတ်ကူးနှင့်ပင် မတွေးရဲသော အရာတစ်ခု ဖြစ်သည်။
ဤကမ္ဘာကြီးသည် အဆင့်အတန်း ခွဲခြားမှုများ ရှိပြီး တစ်ယောက်ကိုတစ်ယောက် ဆက်ဆံရာတွင် များသောအားဖြင့် ခွန်အား သို့မဟုတ် နောက်ခံအပေါ်တွင်သာ မူတည်လေ့ရှိသည်။
သို့သော် သူတို့နှစ်ယောက်လုံးတွင် အဲဒီနှစ်ခုလုံး မရှိပေ။
ယန်ချင်းက ပြုံးရင်း ညင်သာစွာ ရှင်းပြလိုက်သည်။
“မင်းတို့က ဒီလို အရိုအသေပေးတာနဲ့ ထိုက်တန်ပါတယ်။ အစ်ကို လာတဲ့နေရာမှာတော့ ဒီလို လုပ်တာက တော်တော်လေး ပုံမှန်ပါပဲ...”
“ကျင့်ကြံခြင်း အဆင့်ကို သိပ်ပြီး အရေးမထားဘူး။ အဲဒီအစား လူရဲ့ စိတ်ဝိညာဉ်ကိုပဲ လေးစားမှု ပြသကြတာ”
“ဒီနေရာမှာ နယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိနေရင်တောင် သူ့ရဲ့ စိတ်ဝိညာဉ်က ပုပ်ပွနေတယ်ဆိုရင် အရိုအသေပေးမှာ မဟုတ်ဘူး...”
“ဒီအရိုအသေ ပေးတာက မင်းတို့ နှစ်ယောက်လုံးရယ် မိဘတွေရယ် ပြီးတော့ အဘိုး အတွက်ပါ”
“မြင်ရကြားရသလောက်တော့ သူတို့က လေးစားမှုနဲ့ ထိုက်တန်တဲ့၊ တကယ့်ကို အတုယူစရာကောင်းတဲ့ လူတွေပဲ... ခွန်အား ဒါမှမဟုတ် အာဏာနဲ့ ဘာမှမဆိုင်ဘူး...”
ကျိုးလီချင်က သိချင်စိတ်ဖြင့် ရုတ်တရက် မေးလိုက်သည်။ “ဒါနဲ့... အစ်ကိုကြီးယန်ချင်းက ဘယ်ကလာတာလဲ ဆိုတာ မပြောပြရသေးဘူးနော်...”
ကျိုးရီကလည်း စိတ်ဝင်စားနေပုံရပြီး စားပွဲပေါ်သို့ မှောက်ကာ ကော်ပြန့်ကြော်များ အပြည့်ထည့်ထားသော ပန်းကန်ကိုပင် တိုက်မိမတတ် ဖြစ်သွားသည်။
ကံကောင်းထောက်မစွာဖြင့် ယန်ချင်းက အလျင်အမြန် တုံ့ပြန်လိုက်ပြီး ပန်းကန်ကို နေရာပြန်ထားလိုက်နိုင်သော်လည်း သူ၏ အပင်ပန်းခံမှုအတွက် ကော်ပြန့်ကြော် တစ်ခုကိုတော့ ယူလိုက်သေးသည်။
ယန်ချင်းက သူတို့၏ အမူအရာများကို နောက်ပြောင်သည့် အပြုံးဖြင့် အကဲခတ်ရင်း ပြန်ဖြေလိုက်သည်။
“ထပ်မိတ်ဆက်အုံးမယ်။ အစ်ကို့နာမည်က ယန်ချင်းပါ။ အဖွဲ့အစည်းက တရားသူကြီး တစ်ယောက်ပေါ့...”
ကျိုးရီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ကျိုးလီချင်မှာလည်း နှစ်သန်းပေါင်းများစွာ သက်တမ်းရှိသည့် ချောက်နက်ရေခဲတုံးကြီး တစ်တုံးကဲ့သို့ အေးခဲသွားလေသည်။
သူတို့ တုံ့ပြန်နိုင်ရန် မိနစ်အနည်းငယ် အချိန်ယူလိုက်ရသည်။
ကျိုးရီက တံတွေးများ စင်ထွက်လာသည်အထိ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“နေ... နေပါဦး အစ်ကိုကြီးယန်ချင်း၊ တကယ်ပဲ အဖွဲ့အစည်းကလား... နာမည်တူနေတဲ့ တခြားအဖွဲ့အစည်း တစ်ခုခု မဟုတ်ဘဲ အဲဒီအဖွဲ့အစည်း အစစ်ကလား...”
ယန်ချင်း၏ အရှေ့တွင် ပုံသဏ္ဌာန်မဲ့အတားအဆီးတစ်ခု ဖြစ်ပေါ်လာပြီး သူ့ဘက်သို့ လွင့်စင်လာသော တံတွေးအားလုံးကို အငွေ့ပျံသွားစေသည်။
သို့သော် ကျိုးလီချင်မှာမူ ကံမကောင်းစွာဖြင့် သူမ၏ ဆံပင်၊ မျက်နှာနှင့် မျက်လုံးထဲသို့ပင် တံတွေးများ စင်သွားလေသည်။
လူသတ်ချင်နေသော မျက်နှာထားဖြင့် အံကြိတ်ကာ အော်လိုက်သည်။
“ကျိုးရီ….”
ထိုအော်သံကြောင့် ကျိုးရီမှာ တွန့်ဆုတ်သွားပြီး စိုးရိမ်တကြီး ရယ်မောလိုက်လေသည်။
ကျိုးရီက အနေရခက်စွာဖြင့် ခေါင်းကုတ်ရင်း ပြန်ထိုင်လိုက်သည်။
“ဆောရီးပါ လီချင်ရယ်...”
ယန်ချင်းက တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်... အဖွဲ့အစည်းကပါ...”
သူ၏ ဝတ်ရုံကို တရားခွင်တွင် ဝတ်ဆင်လေ့ရှိသော တရားဝင် ဝတ်စုံအဖြစ်သို့ ပြောင်းလဲပြလိုက်ပြီးနောက် မီးခိုးရောင်ဝတ်ရုံအဖြစ်သို့ အလျင်အမြန် ပြန်လည်ပြောင်းလဲလိုက်သည်။
ထိုသို့ ပြောင်းလဲနေစဉ်အတွင်း မောင်နှမနှစ်ယောက်လုံးမှာ ထိုင်ခုံများမှ ထလာကြပြီး ယန်ချင်း၏ ဘယ်ဘက်နှင့် ညာဘက်တွင် ညှပ်ထိုင်ကာ ဝတ်ရုံကို တောက်ပနေသော မျက်လုံးများဖြင့် အနီးကပ် လေ့လာနေကြလေပြီ။
ကျိုးရီက မှတ်ချက်ချလိုက်သည်။
“မိုက်တယ်...”
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင်မူ စိတ်လှုပ်ရှားမှုကြောင့် တံတွေးများ ဟိုစင်ဒီစင် မဖြစ်စေရန် သတိထားနိုင်ခဲ့သည်။
သို့သော် ကျိုးလီချင်မှာမူ မျက်လုံးများက ဝတ်ရုံပေါ်တွင်သာ အပြည့်အဝ ကပ်ငြိနေသဖြင့် ဘာကိုမျှ သတိထားမိမည့် အခြေအနေတွင် မရှိပေ။
လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်တိုင်း တွန့်ဆုတ်သွားသည်ကို မြင်သောအခါ ယန်ချင်းက ပြောလိုက်သည်။
“ကိုင်ကြည့်ချင်ရင် ကိုင်ကြည့်လို့ ရပါတယ်...”
ကျိုးလီချင်က အားကျစွာ ပြောလိုက်သည်။
“အရမ်း နူးညံ့တာပဲ... မျိုးနွယ်စုမှာ တွေ့ဖူးတာတွေထက်တောင် ပိုပြီးနူးညံ့သေးတယ်...”
ယန်ချင်း၏ ခွန်အားကို သတိရသွားချိန်တွင် ကျိုးရီက ရုတ်တရက် မေးလိုက်သည်။
“အစ်ကိုကြီးယန်ချင်း... မကောင်းဆိုးဝါး အဘိုးကြီးတစ်ယောက်ယောက်များလား...”
မျိုးနွယ်စုရှိ နန်းတော်အဆင့် ကျွမ်းကျင်သူ အများစုမှာ အသက်ကြီးကြပြီ ဖြစ်သည်။
ဥပမာ သူ၏ အဘိုးဆိုလျှင် အသက် ၅၀ အရွယ် လူတစ်ယောက်နှင့် တူသော်လည်း တကယ်တမ်းတွင် အသက် ၁,၂၀၀ ရှိပြီ ဖြစ်သည်။
ယန်ချင်း၏ ငယ်ရွယ်သောအသွင်အပြင်ကို အနီးကပ် မြင်တွေ့လိုက်ရချိန်တွင် အသက်အရွယ်နှင့် ပတ်သက်သည့် မေးခွန်းများ ခေါင်းထဲသို့ ဝင်ရောက်လာသည်။
ကလေးဘဝတုန်းက စီနီယာအချို့၏ အသက်ကို ခန့်မှန်းသည့် ကစားနည်းမျိုး ကစားလေ့ရှိခဲ့သည်။
စီနီယာတစ်ယောက်ယောက် သိသွားချိန်တိုင်း သူတို့အတွက် အဆုံးသတ်ကောင်းလေ့ မရှိသော်လည်း ပျော်စရာကောင်းသော ကစားနည်းတစ်ခု ဖြစ်ခဲ့သည်။
ပြိုင်ဆိုင်လိုစိတ် အပြည့်ဖြင့် ကျိုးရီက မေးလိုက်သည်။
“လီချင်... လုပ်ကြမလား...”
ကျိုးလီချင်က နောက်မဆုတ်ဘဲ ပြန်ဖြေလိုက်သည်။
“လုပ်လိုက်ကြတာပေါ့... လောင်းကြေးက...”
ကျိုးရီက ကြောက်ရွံ့မှု ကင်းမဲ့စွာ ပြုံးရင်းဖြေလိုက်သည်။
“ရှုံးတဲ့သူက ကျန်နေတဲ့ ဂျင်ဂိုလက်ဖက်ရည်တွေကို တစ်ကျိုက်တည်း အကုန်သောက်ရမယ်...”
ကျိုးလီချင်က သဘောတူလိုက်သည်။
“ကောင်းပြီလေ... ရှုံးရင်ဆင်ခြေပေးလို့ မရဘူးနော်။ အရင်စည်းမျဉ်းတွေ အတိုင်းပဲ၊ အတိုးအလျော့ ၁၀၀...ပဲ”
အချိန်အတော်ကြာ စကားပြောလာခဲ့သော ရှက်တတ်သည့် ကောင်မလေးမှာ ရုတ်တရက် အကြောက်အလန့်ကင်းမဲ့သော နဂါးမလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ယန်ချင်းမှာ အံ့အားသင့်သွားရသည်။
နှစ်ယောက်လုံးက လက်ဆွဲနှုတ်ဆက်ရင်း တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
“သဘောတူတယ်...”
“ဒါဆို သုံးအထိ ရေတွက်မယ်... တစ်... နှစ်... သုံး... ၇၀၀...”
“၂၀၀...”
သူတို့ ဘာလုပ်နေကြသလဲ ဆိုတာကို ယန်ချင်း နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။
ကျိုးရီက အနိုင်ရရှိသွားပြီဟူသော မျက်နှာထားဖြင့် စိတ်အားထက်သန်စွာ မေးလိုက်သည်။
“အစ်ကိုကြီးယန်ချင်း အသက်က ဘယ်လောက်လဲ...”
ယန်ချင်းက ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်သည်။
“အော်... အဲဒါကြောင့်ကိုး။ ငါ့ကို အဲဒီလောက် အသက်ကြီးပြီလို့ ထင်နေကြတာ မယုံနိုင်ဘူး...”
ခေါင်းခါယမ်းရင်း ယန်ချင်းက ဖြေလိုက်သည်။
“အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်...”
“ဟင်….”
မောင်နှမနှစ်ယောက်လုံး အကျယ်ကြီးအော်ဟစ်လိုက်ကြသည်။
ကံကောင်းထောက်မစွာဖြင့် အသံလုံအတားအဆီး ရှိနေသေးသဖြင့် သူတို့၏ အော်သံများမှာ အတားအဆီး အတွင်းတွင်သာ ပိတ်လှောင်ခံထားရလေသည်။
***