နှစ်ယောက်လုံး ယန်ချင်းကို မယုံနိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။
ကျိုးရီက သံသယဝင်နေသော အမူအရာဖြင့် မေးလိုက်သည်။ “အစ်ကိုကြီးယန်ချင်း... ကျွန်တော်တို့မောင်နှမ အထင်ကြီးအောင်လို့ သက်သက်ပြောနေတာတော့ မဟုတ်ပါဘူးနော်...”
ယန်ချင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“မဟုတ်ပါဘူး... ဒါက သိပ်ပြီး ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ၊ အဖွဲ့အစည်းထဲမှာဆို အစ်ကို့ထက်ငယ်တဲ့ နန်းတော်အဆင့် ကျွမ်းကျင်သူတွေ ရှိသလို၊ ရွယ်တူတွေလည်း ရှိတယ်...”
“ပြီးတော့ မြင့်မြတ်နယ်မြေတွေအကြောင်းဆိုရင် ပြောစရာတောင် မလိုဘူး။ အဆင့် ၁ ဂိုဏ်းတချို့မှာတောင် ငါ့လို လူမျိုးတွေ ရှိတယ်ဆိုတာ သေချာတယ်...”
သူတို့၏ ဖခင်မှာလည်း အသက် ၃၃ နှစ်အရွယ် အပြာရောင်အဆင့် အစီအရင်သခင် တစ်ယောက်ဖြစ်သဖြင့် ထိုစာရင်းထဲတွင် ထည့်သွင်းပြောဆိုနိုင်သော်လည်း သူတို့ စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်သဖြင့် မပြောရန် ဆုံးဖြတ်လိုက်သည်။
သူတို့ဖခင်ကို အဖွဲ့အစည်း၏ စံနှုန်းများအရပင် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။
မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲ နောက်ကွယ်မှ ဇာတ်လမ်းက အသက် ၃၃ နှစ်အရွယ် အပြာရောင်အဆင့် အစီအရင်သခင် တစ်ယောက်ကိုပင် လွှမ်းမိုးနိုင်လောက်အောင် ပါရမီထက်မြက်ပြီး ပိုမိုငယ်ရွယ်သောသူတို့၏ လက်ရှိခေါင်းဆောင်အပေါ် ပို၍ စူးစမ်းချင်စိတ် ဖြစ်ပေါ်စေသည်။
မောင်နှမနှစ်ယောက်လုံးက သူ့ကို ရှားပါးရတနာတစ်ပါးလို စိုက်ကြည့်နေစဉ် ယန်ချင်းက တိတ်ဆိတ်စွာ တွေးလိုက်သည်။
“မျှော်လင့်မထားတာတွေသာ မဖြစ်လာဘူးဆိုရင် ကျိုးမျိုးနွယ်စုက မကြာခင်မှာ အဆင့် ၁ မျိုးနွယ်စုအဖြစ် တက်လှမ်းလာနိုင်ချေရှိတယ်...”
စိတ်လှုပ်ရှားမှုများ လျော့ကျသွားချိန်တွင် သူတို့၏ လက်ရှိအကျပ်အတည်းကို သတိမပြုမိဘဲ မနေနိုင်တော့သဖြင့် ကျိုးရီက တွန့်ဆုတ်စွာ မေးလိုက်သည်။
“အစ်ကိုကြီးယန်ချင်း... ကျွန်တော်တို့ရဲ့ ပါရမီနဲ့ဆိုရင်ကော...”
သူတို့မှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ ကြေးဝါအဆင့်တွင်သာ ရှိသေးသည်။
ကျိုးမျိုးနွယ်စု ပိုင်နက်ထဲမှ ထွက်ပြေးလာခဲ့ရသော သုံးနှစ်တာကာလအတွင်း ကျင့်ကြံရန် အချိန်မရခဲ့သလို၊ နှင်ထုတ်ခံရသည်နှင့် တစ်ပြိုင်နက် ပင်မမျိုးနွယ်စု၏ ကျင့်စဉ်များကို အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရသည်။
ကျင့်စဉ်များနှင့် အရင်းအမြစ်များ မရှိသဖြင့် ထိုသုံးနှစ်တာ ကာလအတွင်း သူတို့၏ ကျင့်ကြံခြင်းမှာ ရပ်တန့်နေခဲ့သည်။
သူတို့ သွားရမည့် အဖွဲ့အစည်းဆိုသည်မှာ လောကကို အန်တုနိုင်သော ပါရမီရှင်များ ကျက်စားရာ နေရာတစ်ခုအဖြစ် နာမည်ကြီးသဖြင့် မိမိ၏ လက်ရှိကျင့်ကြံခြင်း အဆင့်နှင့် တကယ်ပဲ ဝင်ခွင့်ရနိုင်မည့် ပါရမီ ရှိမရှိကို တွေးကာ အားငယ်မိနေသည်။
ယန်ချင်းက သူတို့အတွက် ထောက်ခံပြောဆိုပေးလျှင်ပင်၊ အဖွဲ့အစည်းသည် ဤကဲ့သို့သော ကိစ္စများတွင် ဘက်လိုက်မှုကင်းရှင်းကြောင်း နာမည်ကြီးသည်။
ကျိုးလီချင်၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေပြီး နှုတ်ဆိတ်သွားသဖြင့် အစ်ကိုဖြစ်သူနည်းတူ ကြောက်ရွံ့နေပုံရသည်။
ယန်ချင်းက သူတို့၏ ခေါင်းများကို ပွတ်သပ်ပေးရင်း အားပေးစကား ပြောလိုက်သည်။
“ဝင်ခွင့်ရဖို့ ပါရမီမရှိဘူးဆိုပြီး အရမ်းကြီးစိတ်ပူနေစရာ မလိုပါဘူး...”
“ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားနေသရွေ့ ကျန်တာတွေက သူ့အလိုလို အဆင်ပြေသွားပါလိမ့်မယ်”
“အဖွဲ့အစည်းက ကျင့်ကြံခြင်းဘက်မှာ ထူးချွန်တဲ့ ပါရမီရှင်တွေကိုချည်းပဲ လက်ခံတာ မဟုတ်ဘူး”
“ကဏ္ဍပေါင်းစုံမှာ ပါရမီရှင်တွေကို လိုအပ်ပြီး ကျင့်ကြံခြင်းဆိုတာက ရှည်လျားတဲ့ လိုအပ်ချက် စာရင်းကြီးထဲက အစိတ်အပိုင်း တစ်ခုလေးပဲ ရှိသေးတယ်”
“မင်းတို့ နှစ်ယောက်လုံးမှာ တခြားကဏ္ဍတွေမှာ ပါရမီ ပါကောင်းပါနိုင်တယ်လေ...”
“နှစ်ယောက်လုံးက ကြိုးစားချင်စိတ် ရှိတဲ့သူတွေမို့ အဖွဲ့အစည်းမှာ မင်းတို့အတွက် နေရာတစ်နေရာ သေချာပေါက် ရှိမှာပါ...”
“ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။ နောက်ဆုံးစက္ကန့်အထိ တတ်နိုင်သမျှ အကောင်းဆုံးသာ ကြိုးစားပါ...”
ကျိုးရီနှင့် ကျိုးလီချင်တို့ နှစ်ယောက်လုံး မျက်လုံးများထဲတွင် မီးတောက်များ တောက်လောင်လာကာ လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြသည်။
သူ၏ စကားကြောင့် သူတို့၏ မျက်နှာများ ပြန်လည် ညှိုးနွမ်းသွားမည်ကို စိုးရိမ်သဖြင့် ယန်ချင်းက ညင်သာစွာ ဆက်ပြောလိုက်သည်။
“တကယ်လို့ မင်းတို့သာ ဝင်ခွင့်ရသွားခဲ့ရင် ဆန္ဒရှိမယ်ဆိုရင် မိဘတွေရဲ့ အုတ်ဂူတွေကို အဖွဲ့အစည်းဆီ ပြောင်းရွှေ့ဖို့ ကူညီပေးလို့ ရတယ်...”
“ အဘိုးကို ပြန်ခေါ်လာဖို့က နည်းနည်းလေး အလုပ်ရှုပ်နိုင်ပေမဲ့ ပြဿနာတော့ မဟုတ်ပါဘူး၊ မင်းတို့သာ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာသရွေ့ ကျန်တာအဆင်ပြေသွားလိမ့်မယ်...”
ကျိုးရီက ဝမ်းနည်းစွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။
“ရပါတယ်... သူတို့ အခု ရှိနေတဲ့ နေရာမှာပဲ အဆင်ပြေပါတယ်၊ အဖေနဲ့ အမေလည်း အဲဒီလိုပဲ ဖြစ်ချင်ကြမှာပါ”
“နောက်ဆုံးမှာ အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ...ကျိုးမျိုးနွယ်စုဝင်တွေအဖြစ် သူတို့ ထားရှိခဲ့တဲ့ ကြည်ညိုလေးစားမှုနဲ့ ဂုဏ်ယူမှုတွေကိုတော့ ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး...”
“သူတို့ကို ကျိုးမျိုးနွယ်စုရဲ့ ဘိုးဘေးသင်္ချိုင်းမှာ ဂုဏ်ပြု မြှုပ်နှံပေးခဲ့ကြတယ်၊။ အချင်းချင်း အဖော်ပြုရင်း သူတို့ ကောင်းကင်ဘုံမှာ အေးအေးချမ်းချမ်း အနားယူနေကြမှာပါ...”
“အဘိုးကတော့ မျိုးနွယ်စုကို စွန့်ခွာဖို့ သဘောတူမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ သူ့ရဲ့ ဘဝတစ်ခုလုံးက အဲဒီမှာပဲ အမြစ်တွယ်နေတာလေ”
“သူတစ်သက်လုံး သိကျွမ်းလာခဲ့တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ တောင်းဆိုတာက သူ့အပေါ် မတရားရာ ကျလွန်းတယ်”.
“အဘိုးက ကျွန်တော်တို့အတွက် အများကြီး ဆုံးရှုံးခဲ့ပြီး အများကြီး စတေးခဲ့ပြီးပြီမို့ သူ့ဆီကနေ ဘာမှ ထပ်ပြီး မတောင်းဆိုရက်တော့ပါဘူး...”
“ဖြစ်ပျက်ခဲ့သမျှအတွက် ကျိုးမျိုးနွယ်စုအပေါ် ဘာအငြိုးမှ မထားတော့ပါဘူး... တစ်ချိန်တုန်းက မထားခဲ့ဘူးလို့တော့ မဆိုလိုပါဘူး...”
“မိဘတွေကို ဆုံးရှုံးလိုက်ရပြီး အဘိုး အကျဉ်းကျခံလိုက်ရတဲ့ ပထမဆုံးနှစ်မှာ... အဲဒီ ဆုံးရှုံးမှုက ပေးတဲ့ နာကျင်မှုတွေကြောင့် နှစ်ယောက်လုံး ခါးသီးမှုတွေ၊ ဒေါသတွေ၊ အငြိုးအတေးတွေနဲ့ အဆုံးမရှိတဲ့ချောက်ကမ်းပါးထဲကို ကျဆင်းသွားခဲ့ရတယ်”
“မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်တဲ့ နေရာမှာ ဒီလောက်အန္တရာယ်များတဲ့ စမ်းသပ်မှုကို အသုံးပြုတဲ့ ကျိုးမျိုးနွယ်စုကို အပြစ်တင်ခဲ့တယ်”
“ဘယ်အချိန်မှာ လက်လျှော့ရမလဲဆိုတာ မသိခဲ့တဲ့ အဖေ့ကိုလည်း အပြစ်တင်ခဲ့တယ်”
“အဖေ့နောက်ကို ဇွတ်ပြေးဝင်သွားပြီး ကျွန်တော်တို့ကို မေ့ထားခဲ့တဲ့ အမေ့ကိုလည်း အပြစ်တင်ခဲ့တယ်...”
“အသက်ရှင်နေလျက်နဲ့ အဆုံးမရှိတဲ့ နာကျင်မှုတွေကို ခံစားနေရမယ့်အစား မိဘတွေဆီ သွားခွင့်ရမယ့် သေဆုံးခွင့်လေးကို ငြင်းပယ်ပြီး ကျွန်တော်တို့ရဲ့ ပြစ်ဒဏ်ကို ဝင်ခံပေးခဲ့တဲ့ အဘိုးကိုလည်း အပြစ်တင်ခဲ့တယ်...”
ကျိုးရီ၏ အကြည့်များက အဝေးတစ်နေရာဆီသို့ လွင့်မျောသွားရင်း ဆက်ပြောသည်။
“ဒါပေမဲ့ အခုတော့ သူတို့ကို အပြစ်မတင်တော့ပါဘူး”
“သူတို့ရဲ့ သေဆုံးမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို မေ့ဖျောက်နိုင်မှာ မဟုတ်ပေမဲ့... သူတို့ စိတ်မပူရအောင် ရှေ့ဆက်လျှောက်လှမ်းဖို့က သားသမီးတွေအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်တစ်ခုပဲလေ”
“ပြီးတော့ ဒါကကျိုးမျိုးနွယ်စုရဲ့ သားသမီးတွေအနေနဲ့ ကျွန်တော်တို့ရဲ့ တာဝန်လည်း ဖြစ်တယ်...”
“ကျွန်တော်တို့ရဲ့ အခြေအနေက မျိုးနွယ်စုထဲမှာ တစ်ခုတည်းသော ဖြစ်ရပ်တော့ မဟုတ်ဘူး တကယ်တော့ အဲဒါကရှေ့ဆက်သွားဖို့ ကြိုးစားရာမှာ အထောက်အကူ ဖြစ်စေတဲ့ အရာတွေထဲက တစ်ခုပဲ”
“ မျိုးနွယ်စုထဲမှာ ရွေးချယ်ပွဲ လုပ်ငန်းစဉ်အတွင်း ချစ်ရတဲ့သူတွေ ကျရှုံးပြီး သေဆုံးသွားချိန်မှာ အခု ကျွန်တော်တို့ ဖြတ်သန်းနေရသလိုမျိုး ဖြတ်သန်းခဲ့ရတဲ့ သူတွေ အများကြီး ရှိခဲ့ဖူးတယ်”
“ဒါပေမဲ့ သူတို့က ရှေ့ဆက်သွားခဲ့ကြပြီး အဲဒီရဲ့ ရလဒ်အနေနဲ့ ပေါ်ပေါက်လာတဲ့ မိသားစုအခွဲတွေက အဲဒါကို သက်သေပြနေတာပဲ...”
“လီချင်နဲ့ ကျွန်တော်က ဘဝကို အပြည့်ဝဆုံး ရှင်သန်သွားမယ်လို့ ကတိပေးထားကြတယ်...”
“မြင်တဲ့အတိုင်း အခုကျွန်တော်တို့ရဲ့ သနားစရာကောင်းတဲ့ ပုံစံတွေနဲ့ သိပ်တော့ ကောင်းကောင်း မလုပ်နိုင်သေးပေမဲ့ တိုးတက်လာအောင် ကြိုးစားသင်ယူနေပါတယ်...”
“နောက်ဆုံးထွက်သက်အထိ အရှုံးမပေးဘဲ တိုက်ပွဲဝင်သွားတဲ့ အဖေ့လို... အဖေ့နောက်ကို လိုက်သွားတဲ့ အမေ့လို... ကျွန်တော်တို့အတွက် ရည်ရွယ်ထားတဲ့ ပြစ်ဒဏ်ဓားကို ခံယူဖို့ နည်းနည်းလေးတောင် မတွန့်ဆုတ်ခဲ့တဲ့ အဘိုးလို... ကျွန်တော်တို့လည်း ရဲရဲဝင့်ဝင့်နဲ့ နောက်ဆုံးထွက်သက်အထိ ကြိုးစားဖြတ်သန်းချင်တယ်...”
ကျိုးလီချင်၏ လက်ကိုဆုပ်ကိုင်ထားရင်း ကျိုးရီက ရွှင်လန်းစွာပြုံး၍ ပြောလိုက်သည်။
“ကျွန်တော်တို့ အသက်ရှင်ပြီး ကြီးပြင်းလာချင်တယ်...”
“ပြီးတော့ တကယ်လို့ တတ်နိုင်ခဲ့ရင် ပြန်သွားပြီး သူတို့ရဲ့ အနစ်နာခံမှုတွေက အချည်းနှီးမဖြစ်ခဲ့ဘူးဆိုတာကို ပြသချင်တယ်...”
လှိုက်လှဲစွာ သက်ပြင်းချရင်း ယန်ချင်းက ပြောလိုက်သည်။
“မင်းတို့ရဲ့ ဆုံးဖြတ်ချက်ကို အစ်ကို ချီးကျူးပါတယ်။ အဖွဲ့အစည်းက မင်းတို့ စိတ်ကူးထားတဲ့ ဘဝမျိုး ရှင်သန်နိုင်ဖို့ သေချာပေါက် ကူညီပေးပါလိမ့်မယ်...”
“ပြီးတော့ အစ်ကိုကလည်း တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ မင်းတို့ကို ကူညီထောက်ပံ့ပေးသွားမှာပါ...”
***