သူ၏ဝေစုကို အငမ်းမရ စားသောက်နေရင်း ယန်ချင်းက ပြောလိုက်သည်။
“နောက် မိနစ်အနည်းငယ်လောက်ဆို ထွက်တော့မှာမို့ မြန်မြန် စားထားကြ... ဒီကိစ္စတွေ ပြီးတာနဲ့ အကဲဖြတ်ရမယ့် နေရာတွေထဲက တစ်ခုဆီကို အတူတူသွားကြမယ်”
“ပြီးရင် ဌာနခွဲက လူတစ်ယောက်ကို လာခေါ်ခိုင်းပြီး အဖွဲ့အစည်းဆီ ပြန်ဖို့ အစီအစဉ်တွေ လုပ်ခိုင်းလိုက်မယ်...”
အကောင်းဆုံးနှင့် အမြန်ဆုံးရွေးချယ်မှုမှာ မြေဝါလွင်ပြင်ခရိုင် ဌာနခွဲသို့ ပို့ဆောင်ရန်ဖြစ်သည်။
သို့သော် ရွှေဝါးရုံစံအိမ်နှင့် ပတ်သက်၍ ဖြစ်လာနိုင်သော ပြဿနာငယ်လေးများကို ချန်ထားခဲ့ပြီးနောက် မောင်နှမနှစ်ဦးကိုပါ ထပ်မံပို့ဆောင်ခိုင်းရန် မျက်နှာပြောင်မတိုက်ရဲတော့ပေ။
ပျံသန်းလာစဉ်က ကြည့်ရှုခဲ့သော မြေပုံကို ပြန်လည် စဉ်းစားရင်း ယန်ချင်းက တီးတိုးရေရွတ်လိုက်သည်။
“အင်း... သမင်တောင်တိုင်းပြည် ဌာနခွဲက ဒီနေရာနဲ့ အနီးဆုံးပဲ။ အနီးအနားက အကဲဖြတ်ရေး စခန်းတစ်ခုခုမှာ သူတို့ကို လာခေါ်ခိုင်းလို့ ရတယ်...”
လမ်းလျှောက်လာစဉ်က နောက်ယောင်ခံ လိုက်လာသော သံသယဖြစ်ဖွယ် သိမ်းငှက်နှာခေါင်းနှင့် လူကို သတိရသွားချိန်တွင် ယန်ချင်းက ရုတ်တရက် မေးလိုက်သည်။
“ဒါနဲ့ နေပါဦး... နှစ်ယောက်လုံး မြွေပွေးနက်ဂိုဏ်းကို သိလား...”
ထိုအမည်ကို ကြားလိုက်ရချိန်တွင် ကျိုးရီနှင့် ကျိုးလီချင်တို့ နှစ်ယောက်လုံး တွန့်ဆုတ်သွားကြသည်။
ကျိုးရီက တုန်ယင်သော အသံဖြင့် မေးလိုက်သည်။
“အစ်ကိုကြီးယန်ချင်း... ဘာလို့ မေးတာလဲ...”
ယန်ချင်းက သိမ်းငှက်နှာခေါင်းနှင့် လူ၏ ပုံရိပ်ကို ဖန်တီးပြရန် လျှို့ဝှက်ဆန်းကြယ်သော ကျင့်စဉ်တစ်ခုကို အသုံးပြုရင်း ဖြေလိုက်သည်။
“စောစောက သူတို့ ဂိုဏ်းသားတွေထဲက တစ်ယောက် ငါတို့နောက်ကို နောက်ယောင်ခံလိုက်လာတာကို တွေ့လို့... ဒီလူပဲ...”
“အဲ့လူက ရှူဝေပဲ...”
သွားကို ကြိတ်ကာ ကျိုးရီက ပြောလိုက်သည်။ ထိုပုံရိပ်ကို မြင်သောအခါ ကျိုးလီချင်၏ မျက်နှာပေါ်တွင် ရွံရှာသော အမူအရာတစ်ခု ပေါ်လာလေသည်။
လက်သည်းများကို ကိုက်ရင်း စိုးရိမ်တကြီး တွေးတောကာ ကျိုးရီက ဆက်ပြောသည်။
“ဒါကြောင့် တစ်နေ့လုံး ပြဿနာတစ်ခုခု ကြုံရတော့မလို စိတ်လေးနေတာကိုး”
“ဘာလို့ နောက်ယောင်ခံ လိုက်နေတာလဲ... ကောင်းတဲ့ကိစ္စအတွက်တော့ မဖြစ်နိုင်ဘူး...”
ကျိုးလီချင်က ပိုမိုမျက်မှောင်ကြုတ်လာရင်း ဝင်ပြောလိုက်သည်။
“မြွေပွေးနက်ဂိုဏ်းက အဖွဲ့ဝင်အများစုက ကြောက်စရာကောင်းတဲ့ လူတွေချည်းပဲ...”
“ဒါပေမဲ့ ဘယ်သူမှ မရှိတဲ့ အချိန်မျိုးတွေမှာ သူ့ဆီကနေ အန္တရာယ်များတဲ့ ခံစားချက်မျိုးကို ခဏခဏ ရတတ်တယ်...”
ရက်စက်ကြမ်းကြုတ်သော စရိုက်လက္ခဏာများကြောင့် မြွေပွေးနက်ဂိုဏ်းမှ မည်သူ့ကိုမျှ သဘောမကျသော်လည်း ရှူဝေမှာမူ ကျန်လူများထက် ပို၍ ကျောချမ်းစရာကောင်းသည်ဟု အမြဲခံစားနေရသည်။
ကျိုးရီက ကြောက်ရွံ့စွာပင် ထပ်ပြောလိုက်သည်။
“အခုမြင်နေရတဲ့ ရှူဝေဆိုတာက ရုပ်ဆိုးဆိုးမကောင်းဆိုးဝါးကြီး တစ်ကောင်ကို ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတစ်ခုလို့ အမြဲခံစားရတယ်...”
“မြွေပွေးနက်ဂိုဏ်းရဲ့ ဌာနချုပ်မှာ ရှိနေရင်တောင် သူ့ရဲ့ ကျိုးနွံတဲ့ အမူအရာတွေ ရှိပေမဲ့ လေဟယ်ထက်တောင် ပိုပြီးကြောက်ဖို့ကောင်းတဲ့ အချိန်တွေ ရှိတယ်...”
လက်သည်းများကို ပိုမို ပြင်းထန်စွာ ကိုက်ရင်း ကျိုးရီက စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
“ကံကောင်းလို့ ကျွန်တော်တို့ ထွက်သွားတော့မှာမို့ သူတို့ အစီအစဉ်တွေက ဘာမှ အရေးမပါတော့ဘူး...”
“ ဒါပေမဲ့ အဘိုးဝမ်နဲ့ အဘွားဝမ်တို့ကော ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ ထွက်သွားပြီးရင် သူတို့ကို ပစ်မှတ်ထားလာနိုင်တယ်”
“အခြေတည်အဆင့် ကျင့်ကြံခြင်းအဆင့်နဲ့ဆို အခြေတည်အဆင့် အထွတ်အထိပ်မှာ ရှိနေတဲ့ ‘သံသွား’ လိုမျိုး အထက်တန်းအဖွဲ့ဝင်တွေလောက်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး...”
“အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ စတုတ္ထအဆင့်မှာ ရှိနေတယ်လို့ ကြားရတဲ့ လေဟယ်ဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး...”
မျှော်လင့်ချက်အပြည့်ဖြင့် တောင်းဆိုရင်း ကျိုးလီချင်က ပြောလိုက်သည်။
“အစ်ကိုကြီးယန်ချင်း... အဘိုးဝမ်နဲ့ အဘွားဝမ်တို့ကို ကူညီပေးလို့ ရမလားဟင်။ သူတို့က လူကောင်းတွေပါ...”
“အဖွဲ့အစည်းမှာတောင် စားဖိုမှူးလုပ်လို့ ရနိုင်တယ်။ သူတို့ ချက်တဲ့ အစားအသောက်တွေက အရသာရှိတယ် မဟုတ်လား...”
အဆောက်အအုံတစ်ခု၏ အရိပ်ထဲတွင် ပုန်းအောင်းနေသော ပုံရိပ်တစ်ခုဆီသို့ မျက်လုံးများကို ကျဉ်းမြောင်းကာ ကြည့်ရင်း ယန်ချင်းက တွေးလိုက်သည်။
“သူတို့ စိုးရိမ်နေတဲ့ လူတွေက လေဟယ်လိုလူမျိုး အယောက်တစ်ရာလောက်ကို အလွယ်တကူ အနိုင်ယူနိုင်တဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတွေမှန်း သူတို့သာ သိရင် ဘယ်လောက်ကောင်းမလဲ...”
“မြွေပွေးနက်ဂိုဏ်းဆိုတာ သူတို့အတွက်တော့ ယင်ကောင် တစ်ကောင်လောက်ပဲ ရှိတာ။ ဒါပေမဲ့ ဒီကလေးတွေက တော်တော်လေးထူးခြားတယ်...”
“သိမ်းငှက်နှာခေါင်းနဲ့ လူဆီက ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကို သတိထားမိခဲ့တာလား”
“ဒါမှမဟုတ် သူတို့ရှေ့ရောက်တော့မှ တမင်သတိလက်လွတ် နေပြခဲ့တာလား... သူ့ကို ဝန်းရံနေတဲ့ အရှိန်အဝါကို ထည့်တွက်ကြည့်ရင် သိပ်တော့ မဆန်းပါဘူး...”
“သွေးမိစ္ဆာ ကျင့်ကြံသူတစ်ယောက်... သူ့ရဲ့ အစစ်အမှန် အသွင်အပြင်ကို ဖုံးကွယ်ပြီး စိတ်ကို ကြည်လင်နေအောင် ထိန်းထားဖို့ တော်တော်လေးအထင်ကြီးစရာကောင်းတဲ့ ရတနာတစ်ခု သူ့ဆီမှာ ရှိနေရမယ်...”
ယန်ချင်းက နောက်ပြောင်သည့်ဟန်ဖြင့် တွေးလိုက်ပြီးနောက် မောင်နှမနှစ်ဦးထံသို့ အကြည့်ကို ပြန်လွှဲလိုက်သည်။
အခြေအနေကို တည်ငြိမ်စွာ ရှင်းပြရင်း ယန်ချင်းက ပြောလိုက်သည်။
“မြွေပွေးနက်ဂိုဏ်း ခေါင်းဆောင်က သူ့ကို လွှတ်လိုက်တာပဲ... သူက တစ်နေ့ခင်းလုံး လှုပ်ရှားမှုတွေကို စောင့်ကြည့်နေမှာ ဖြစ်ပြီး၊ နောက်ပိုင်းကျရင် လာခေါ်ဖို့ တခြား တစ်ယောက်ယောက်ကို ထပ်လွှတ်လိမ့်မယ်”
“လာခေါ်မယ့်သူ နာမည်က ‘သံသွား’ လို့ ထင်တယ်... ပြီးတော့ ဒီကိစ္စတစ်ခုလုံးကို ကြိုးကိုင်နေပုံရတဲ့ မိုမျိုးနွယ်စုက လူတစ်ယောက်ဆီကို လွှဲပြောင်းပေးရလိမ့်မယ်...”
ထိုစကားများကို ကြားလိုက်ရချိန်တွင် ကျိုးမောင်နှမနှစ်ဦးလုံး သူငယ်အိမ်များ အေးခဲသွားကာ အနည်းငယ် တုန်ယင်သွားကြပြီး ရေရွတ်လိုက်သည်။
“ဒီ... ဒီကိစ္စက”
သွားကို ကြိတ်ရင်း ကျိုးရီက ပြောလိုက်သည်။
“မိုမျိုးနွယ်စုရဲ့ လက်ထဲသာ ကျသွားရင်တော့ အရာအားလုံး ပြီးဆုံးသွားပြီပဲ”
“ မြို့ထဲမှာ မိုမျိုးနွယ်စုရဲ့ ပစ်မှတ်ထားခံရတဲ့ သူတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေကို အများကြီးကြားဖူးတယ်”
“မြို့တော်မှာဆိုရင် သူတို့က ထိန်းထိန်းသိမ်းသိမ်း နေကောင်း နေနိုင်ပေမဲ့ ဒီမှာကတော့ ဘုရင်တွေလို အာဏာပြနေကြတာ...”
“ပြီးတော့ လေဟယ်၊ အဲဒီ ခွေးမသား... နှစ်တွေတစ်လျှောက်လုံး ပိုက်ဆံတွေ သတင်းအချက်အလက်တွေ အများကြီး ပေးခဲ့တာတောင် သူက ကျုပ်တို့ကိုရောင်းစားသွားတယ်ပေါ့...”
ယန်ချင်းက တီးတိုး ရေရွတ်လိုက်သည်။
“မေပယ်နီအင်ပါယာရဲ့ ဧကရာဇ်မိသားစုအပြင် စုံစမ်းစစ်ဆေးမှုတွေထဲမှာ မိုမျိုးနွယ်စုကိုပါ ထည့်ရတော့မယ် ထင်တယ်...”
“သေချာသွားအောင် အဓိကမျိုးနွယ်စုအားလုံးကိုပါ စုံစမ်းစစ်ဆေးမှုအောက်မှာ ထားလိုက်တာက ပိုကောင်းလိမ့်မယ်...”
“မြွေပွေးနက်ဂိုဏ်း ကိစ္စကတော့...”
မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် အကြံတစ်ခု ရသွားသည့်အလား အရောင်လင်းလက်သွားလေသည်။
…
ဝမ်စားသောက်ဆိုင်၏ မီးဖိုချောင်...
“နှောင့်ယှက်ရတာ တောင်းပန်ပါတယ်... ဒါပေမဲ့ ခဏလောက် လာခဲ့လို့ ရမလား။ ကျစ်မောင်နှမနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာလေးရှိလို့ပါ...”
အစားအသောက်များ ပြင်ဆင်ရန် အလုပ်များနေသော အဘိုးကြီးအဘွားကြီး စုံတွဲမှာ သူတို့၏ စိတ်ထဲတွင် အသံတစ်ခု ကြားလိုက်ရသဖြင့် ရုတ်တရက် ရပ်တန့်သွားကြသည်။
တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်လိုက်ကြရာ နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများကို အတိုင်းသားမြင်တွေ့နေရသည်။
လက်ထဲရှိ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အဘွားဝမ်က ကြောက်ရွံ့စွာ မေးလိုက်သည်။
“ဘယ်လို လုပ်ကြမလဲ...”
ခါးပတ်ကိုချွတ်ကာ ဝတ်ရုံကို ပြင်ဝတ်ရင်း အဘိုးဝမ်က ခါးသီးစွာဖြင့် ပြန်ဖြေလိုက်သည်။
“သွားတာကလွဲပြီး တခြားဘာလုပ်နိုင်ဦးမှာလဲ...”
ယောက်ချိုဇွန်းကို စက္ကန့်အနည်းငယ်ခန့် ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
အဘွားဝမ်က သူ၏အပြုအမူများကို သတိပြုမိသော်လည်း ဘာမှမပြောဘဲ သူမလည်း ခါးပတ်ကို ချွတ်ကာ ဆံပင်များကို အနည်းငယ်ပြင်ဆင်လိုက်ပြီးနောက် အတူတကွ ထွက်လာခဲ့ကြသည်။
တံခါးအပြင်သို့ ထွက်လာရင်း အဘိုးဝမ်က လေးနက်စွာ ပြောလိုက်သည်။
“တကယ်လို့ နောက်ခံအကြောင်း မေးလာရင် ဖုံးကွယ်ထားဖို့ အစီအစဉ် မရှိဘူး”
“ သားတွေရဲ့ ကျင့်ကြံခြင်းဘဝ အပါအဝင် အရာအားလုံးကို အများကြီးစတေးခဲ့ပြီးပြီပဲ... ဒီတစ်ခါတော့ မိသားစုကို ပထမနေရာမှာ ထားတော့မယ်...”
အဘွားဝမ်က ရယ်မောရင်း ပြန်ပြောလိုက်သည်။
“အသိတရား ဝင်လာတာ ကောင်းပါတယ်... အဲဒီလိုပဲ လုပ်ဖို့ စဉ်းစားထားတာ၊ ဒါပေမဲ့ ရှင်လိုအဘိုးကြီးဆီက ဒီစကားကြားရတာတော့ အံ့ဩစရာပဲ...”
“နောက်ဆုံးထွက်သက်အထိ အင်ပါယာအတွက် အသက်ပေးသွားလိမ့်မယ်လို့ ထင်ထားတာ...”
နှာခေါင်းရှုံ့ရင်း အဘိုးဝမ်က ပြန်ဖြေလိုက်သည်။
“မင်းဘာသိလို့လဲ... အသက်ကြီးနေပြီလေ။ ဒီအရိုးဟောင်းတွေက သွေးမထုတ်ပေးနိုင်တော့တာ ကြာပြီ...ငါခါးကလည်း ကောင်းတော့တာမဟုတ်ဘူး”
“ရောက်ပြီ...”
“ကြောက်နေတာလား...”
“အင်း...”
“အတူတူပဲ...”
လှေကား၏ နောက်ဆုံးအထစ်သို့ ရောက်ချိန်တွင် အဘိုးကြီးအဘွားကြီး စုံတွဲမှာ တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ကြသည်။
သူတို့၏ အကြည့်များက တည်ငြိမ်သော အပြုံးဖြင့် လက်ယပ်ခေါ်နေသော ဆံပင်အစိမ်းရောင်နှင့် လူငယ်ထံသို့ ရောက်ရှိသွားပြီး၊ ထိုလူငယ်၏ ခြေရင်းတွင် အလွန်ထိတ်လန့်ကြောက်ရွံ့နေသည့် မျက်နှာထားဖြင့် ဖြူဖျော့စွာ ဒူးထောက်နေသော လူတစ်ယောက် ရှိနေလေသည်။
***