“စီနီယာ... အာ... သခင်လေးယန်ချင်း... ဘာများ ကူညီပေးရမလဲ၊ ကျုပ်တို့တတ်နိုင်တဲ့ အတိုင်းအတာအတွင်းကဆိုရင် ဝမ်းသာအားရ ကူညီပေးပါ့မယ်...” အဘိုးဝမ်က ပြတ်သားစွာပင် ပြောလိုက်သည်။
သို့သော် ထိုထူးဆန်းသော ဇနီးမောင်နှံ၏ အကြည့်များက ဒူးထောက်နေသော သွေးမိစ္ဆာကျင့်ကြံသူဆီသို့ ရံဖန်ရံခါ ရောက်သွားတတ်သည်။
ထိုကိစ္စသည် သွေးမိစ္ဆာကျင့်ကြံသူများနှင့် ပတ်သက်နေမည်ဟု ထင်မှတ်ထားသဖြင့် သူတို့စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေပုံရပြီး၊ တကယ်လို့သာ ဟုတ်နေခဲ့မည်ဆိုလျှင် ခေါင်းကိုက်စရာ ပြဿနာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
သွေးမိစ္ဆာကျင့်ကြံသူများကို အဆက်မပြတ် လိုက်လံနှိမ်နင်းနေမှုများက သူတို့ကို ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်များ ဖြစ်လာစေခဲ့သည်။
သူတို့တွင် ပုံမှန်မဟုတ်သော အလွန်မြင့်မားသည့် အသက်စွမ်းအင်များ ရှိကြပြီး အသက်အန္တရာယ်ကို အမြဲတမ်းခြိမ်းခြောက်ခံနေရသဖြင့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရချိန်တွင် အသေခံ တိုက်ခိုက်လေ့ရှိကြသည်။
ဖမ်းဆီးခံရပါက သေသည်ထက် ပိုမိုဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အတူတကွ သေဆုံးသွားမည့် အခြေအနေအထိပင် စွန့်စား တိုက်ခိုက်တတ်ကြသည်။
သူတို့၏ ခံနိုင်ရည်ရှိမှုနှင့် ကြောက်ရွံ့မှုကင်းသော တိုက်ခိုက်ရေး နည်းလမ်းများကြောင့် လူအများစုမှာ သွေးမိစ္ဆာကျင့်ကြံသူတစ်ဦးနှင့် ထိပ်တိုက် ရင်ဆိုင်ရချိန်တွင် သတိကြီးစွာ ထားတတ်ကြသည်။
အန္တရာယ်ကို အတူတကွခွဲဝေယူနိုင်ရန် အများအားဖြင့် အဖွဲ့လိုက်သာ ရင်ဆိုင်လေ့ရှိပြီး တစ်ယောက်တည်း ရင်ဆိုင်လေ့မရှိပေ။
သူတို့၏ အတွေးများကို ဖတ်သိနေသည့်အလား ယန်ချင်းက ရှင်းပြလိုက်သည်။
“သိပ်ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး... အထူးသဖြင့် ခင်ဗျားတို့လို အဆင့်အတန်းရှိတဲ့ သူတွေအတွက်ပေါ့”
“ကိုယ်တိုင်ဖြေရှင်းလိုက်လို့ ရပေမဲ့ အချိန်သိပ်မရလို့ရယ်၊ ပြီးတော့ တတ်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်မခံရအောင် ရှောင်ချင်လို့ပါ၊ စိတ်မပူပါနဲ့..”
“ သွေးမိစ္ဆာကျင့်ကြံသူတွေနဲ့ ဘာမှမဆိုင်ပါဘူး၊ သူကို ကျွန်တော်နဲ့အတူ ေခါ်သွားမှာပါ...”
အဘိုးကြီးအဘွားကြီး စုံတွဲမှာ အပြင်ပန်းတွင် မပြသသော်လည်း စိတ်ထဲတွင်တော့ သက်သာရာရစွာ သက်ပြင်းချလိုက်မိကြသည်။
ယန်ချင်းက မေးလိုက်သည်။ “ခရမ်းမြို့တော်အကြောင်း ဘယ်လောက်သိလဲ...”
အတွေ့အကြုံရင့် မြေခွေးအိုကြီးများဖြစ်သည့်အလျောက် ထိုဇနီးမောင်နှံက ယန်ချင်း၏ မေးခွန်းနောက်ကွယ်မှ လျှို့ဝှက်အဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။
မေပယ်နီအင်ပါယာအတွင်းတွင် သူတို့၏ အဆက်အသွယ်များ မည်မျှအထိ နက်ရှိုင်းသနည်းဟု တကယ်တမ်းမေးနေခြင်း ဖြစ်ကြောင်း သိလိုက်ကြသည်။
အဘွားဝမ်က အနည်းငယ် တက်ကြွနေသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“မလိမ်ပါဘူး... တကယ်လို့ မြို့စားမင်းကို ငါတို့ရဲ့ ဆင်းရဲနွမ်းပါးတဲ့ အိမ်လေးမှာ ထမင်းစားဖို့ ဖိတ်လိုက်မယ်ဆိုရင် သူက ဝမ်းသာအားရနဲ့ လက်ခံပါလိမ့်မယ်...”
မျှော်လင့်ထားသော ကွပ်မျက်မှုက နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် အဆက်အသွယ် ပြုလုပ်ရန် အခွင့်အရေး တစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။
ယန်ချင်းက စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ “အင်း... ထင်တဲ့အတိုင်းပဲ...”
အဘွားဝမ်၏ စကားကြောင့် ကျိုးရီနှင့် ကျိုးလီချင်တို့ နှစ်ယောက်လုံး အလွန် အံ့အားသင့်သွားကြပြီး သူမကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
ယန်ချင်းနှင့် ဝမ်ဇနီးမောင်နှံတို့၏ စကားပြောဆိုမှုများမှာ အနည်းငယ် ထူးဆန်းနေသည်ဟုလည်း ခံစားနေရသည်။
ကျိုးရီက မနေနိုင်တော့ဘဲ မေးလိုက်သည်။ “အဘွားဝမ်... အဘွားကမြို့စားမင်းကို သိတာလား...”
မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ရယ်မောရင်း အဘိုးဝမ်က ပြန်ဖြေလိုက်သည်။
“သူ့ကိုယ်သူတောင် ကြောက်နေတဲ့ အရိုးပေါ်အရေတင် လူငယ်လေးဘဝတုန်းက သူ့ကို စောင့်ရှောက်ခဲ့ဖူးတယ်လေ...”
ရှုပ်ထွေးနေသော ကျိုးရီက တွက်ချက်ကြည့်ရန် ကြိုးစားရင်း ရိုးသားစွာ မေးလိုက်သည်။
“ဒါပေမဲ့ အဘိုးတို့က အခြေတည်အဆင့်မှာပဲ ရှိသေးတယ်လေ... ပြီးတော့ မြို့စားမင်းက အဘိုးတို့ထက် အသက်ပိုကြီးနိုင်တယ်... နှစ်ယောက်လုံးက သူ့ထက် ပိုအိုတဲ့ပုံ ပေါက်နေရင်တောင်မှ...”
သို့သော် အဘွားဝမ်၏ အန္တရာယ်များသော အကြည့်ကို မြင်လိုက်ရချိန်တွင် ရုတ်တရက် တွန့်ဆုတ်သွားလေသည်။
မျက်လုံးများ လခြမ်းပုံစံ ဖြစ်သွားသည်အထိ အတတ်နိုင်ဆုံး နူးညံ့သိမ်မွေ့သော အပြုံးဖြင့် အဘွားဝမ်က ပြောလိုက်သည်။
“ကျစ်တာလေး... မင်းအတွက် အထူးပြင်ဆင်ထားတဲ့ ဂျင်ဂိုလက်ဖက်ရည် စည်ပိုင်းတစ်လုံး ကျန်သေးတယ် ထင်တယ်၊ အဲဒါ အကုန်မသောက်ရမချင်း ပြန်ခွင့် မရှိဘူးနော်...”
ကျိုးရီက အနေရခက်စွာ ရယ်မောရင်း သီချင်းညည်းကာ ကိတ်မုန့်ကို ကိုက်စားရင်း တမင်လျစ်လျူရှုနေသော ကျိုးလီချင်ထံသို့ အကူအညီတောင်းသည့် အချက်ပြမှုများ အဆက်မပြတ် ပို့လွှတ်နေလေသည်။
ထိုဇနီးမောင်နှံနှင့် ကျိုးမောင်နှမတို့၏ အပြန်အလှန် ဆက်ဆံရေးကို ကြည့်ရင်း ယန်ချင်းက တွေးလိုက်သည်။
“သူတို့ နှစ်ယောက်လုံး လိုက်လာမယ်ဆိုရင် ကောင်းမယ်... ခံစားခဲ့ရတဲ့ ဆုံးရှုံးမှုတွေနဲ့ဆိုရင် သူတို့ကို ခွဲထားခဲ့ရတာက နှမြောစရာပဲ...”
ယန်ချင်းက ဆက်ပြောလိုက်သည်။
“ဒါဆို ကိစ္စတွေ ပိုလွယ်သွားပြီ... မြွေပွေးနက်ဂိုဏ်းက ဒီကလေးနှစ်ယောက်ကို ပစ်မှတ်ထားနေတာ မိုမျိုးနွယ်စုက လူတစ်ယောက်ရဲ့ ခိုင်းစေချက်ကြောင့်ပဲ”
“ကျွန်တော် အကူအညီလိုချင်တာက မြွေပွေးနက်ဂိုဏ်းနဲ့ မိုမျိုးနွယ်စုက အဲဒီလူကို ရှင်းပေးဖို့ပဲ...”
“ခင်ဗျားတို့ရဲ့ ခွန်အားနဲ့ မြို့စားမင်းဆီက အဆက်အသွယ်တွေဆိုရင် ဒါက လွယ်ကူတဲ့ ကိစ္စပဲ မဟုတ်လား...”
လက်ထဲရှိ ဇွန်းကို ပြုတ်ကျသွားကာ မျက်လုံးများ ပြူးကျယ်လာပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကျိုးလီချင်က ရုတ်တရက်ဝင်ပြောလိုက် သည်။
“အစ်ကိုကြီးယန်ချင်း... အဘိုးဝမ်နဲ့ အဘွားဝမ်တို့က အခြေတည်အဆင့်မှာပဲ ရှိသေးတာလေ”
“အလယ်အလတ် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိတဲ့ မြွေပွေးနက်ဂိုဏ်း လိုမျိုး အန္တရာယ်များတဲ့ အဖွဲ့အစည်းကို ဖြေရှင်းနိုင်စရာ အကြောင်း မရှိဘူး...”
“ကျွမ်းကျင်သူတွေ အများကြီး ရှိတဲ့ မိုမျိုးနွယ်စုဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး၊ သူတို့ သေသွားလိမ့်မယ်...”
ကျိုးရီကလည်း ဝင်ပြောချင်နေပုံရသော်လည်း အခွင့်အရေး မရခင်မှာပင် ယန်ချင်းက ဖြတ်ပြောလိုက်သည်။
မောင်နှမနှစ်ဦး၏ အပြစ်တင်နေသော အကြည့်များကို ကြည့်ကာ ခါးသီးစွာပြုံးရင်း ယန်ချင်းက ရှင်းပြလိုက်သည်။
“တစ်ခုခုကို အထင်လွဲနေကြပုံပဲ...”
ယန်ချင်းက အဘိုးကြီးအဘွားကြီး စုံတွဲကို ယဉ်ကျေးစွာပင် မေးလိုက်သည်။ “ခင်ဗျားတို့ ရှင်းပြမလား... ဒါမှမဟုတ် ကျွန်တော်ပဲ ရှင်းပြရမလား...”
အဘိုးဝမ်က သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
“ငါတို့ပဲ ရှင်းပြပါ့မယ်...”
သူတို့ကိုယ်စား နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးကို ပြန်လည် ချေပပြောဆိုနေကြသော ကျိုးမောင်နှမနှစ်ဦးကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် နူးညံ့သိမ်မွေ့သော အကြည့်များ ရှိနေသည်။
အဘွားဝမ်က ရယ်မောရင်း တီးတိုးရေရွတ်လိုက်သည်။
“တကယ်ပါပဲ... နွားသူငယ်လေးတွေက ခြင်္သေ့ကိုတောင် မကြောက်ကြဘူးပဲ...”
သူတို့ နှစ်ယောက်လုံးက တစ်ခုနှင့်တစ်ခု အတိအကျတူညီနေသော ငွေရောင်အဆောင်ပြား နှစ်ခုကို ဖြုတ်ချလိုက်ကြသည်။
ထိုသို့ ဖြုတ်ချလိုက်သည်နှင့် တစ်ပြိုင်နက် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ၏ ဖိအားများ ထွက်ပေါ်လာပြီး၊ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်များမှာ မပြောင်းလဲသွားသော်လည်း အုတ်ဂူထဲ ခြေတစ်ဖက် ကျနေသူများကဲ့သို့ မထင်ရတော့ပေ။
“ဒါ... ဒါက...”
ကျိုးရီမှာ အံ့အားသင့်စွာဖြင့် ထိုင်ခုံမှ ထရပ်လိုက်ပြီး ကျိုးလီချင်ကလည်း အဘိုးဖြစ်သူ ကြည့်လေ့ရှိသော ကြင်နာသည့် အကြည့်မျိုးဖြင့် သူတို့ကို ပြုံးကြည့်နေဆဲဖြစ်သည့် အဘိုးကြီးအဘွားကြီး စုံတွဲကို ကြည့်လိုက်ကြသည်။
ကျိုးလီချင်က ပြောလိုက်သည်။
“လေဟယ်ဆီက ထွက်လာတဲ့ ဖိအားထက်တောင် ပိုပြီး အားကောင်းနေသေးတယ်...”
ကျိုးရီက မယုံနိုင်သေးဘဲ မေးလိုက်သည်။
“အဘိုးတို့ နှစ်ယောက်လုံးက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတွေလား...”
အဘိုးဝမ်က ညင်သာစွာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်... မင်းတို့ နှစ်ယောက်လုံးကို လှည့်စားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လက်ရှိအခြေအနေတွေက ငါတို့ရဲ့ အစစ်အမှန် သရုပ်ကို ထုတ်ပြခွင့် မပေးလို့ပါ”
“အဲဒီလို လုပ်လိုက်ရင် ခရမ်းမြို့တော်မှာ ငါတို့ပေးအပ်ခံရတဲ့ တာဝန်ကို ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး...”
“ခရမ်းမြို့တော်အတွင်းက မြေအောက်အဖွဲ့အစည်း အများစုကို ပတ်ဝန်းကျင်က မှူးမတ်မျိုးနွယ်စုတွေနဲ့ ထိပ်တန်းအဖွဲ့အစည်း အနည်းငယ်က တစ်နည်းမဟုတ် တစ်နည်း ထောက်ပံ့ပေးထားတာမို့၊ မြွေပွေးနက်ဂိုဏ်း ကိစ္စမှာ မင်းတို့ကို ပေါ်ပေါ်ထင်ထင် မကူညီနိုင်ခဲ့တာပါ...”
“ဝင်ပါလိုက်တာနဲ့ မရည်ရွယ်ဘဲ ငါတို့ရဲ့ ဖုံးကွယ်ထားတာတွေ ပေါ်သွားလိမ့်မယ်...”
“ကူညီနိုင်လျက်နဲ့ မကူညီခဲ့တဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်...”
အဘိုးဝမ်ရော အဘွားဝမ်၏ မျက်လုံးများထဲတွင်ပါ နောင်တရနေမှုများကို မြင်တွေ့နိုင်ပေသည်။
***