“ဘာတွေ ပြောနေတာလဲ... အဘိုးတို့ အပြစ် မဟုတ်ပါဘူး၊ ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့တာပဲကို...”
ကျိုးရီက စားပွဲကို ကျော်ဖြတ်ကာ သူတို့၏ လက်များကို ဆုပ်ကိုင်ရန် အလျင်အမြန် သွားလိုက်ရင်း ပြောလိုက်သည်။ ကျိုးလီချင်ကတော့ သူ့ထက်ပင် အရင်ရောက်နေလေပြီ။
“အဘိုးတို့သာ မရှိရင် ကျွန်တော်တို့ ဒီနေ့အထိ အသက်ရှင်နေမှာ မဟုတ်ဘူး”
“ရီ နေမကောင်းတုန်းက တန်ဖိုးကြီး ဆေးပင်သုံးပြီး ကုပေးခဲ့တာတွေ၊ ပြီးတော့ နေစရာပေးပြီး အကြိမ်ကြိမ် ကူညီထောက်ပံ့ပေးခဲ့တာတွေလေ...”
“အဘိုးတို့ ရှိနေပေးလို့သာ နေ့ရက်တိုင်းကို ဆက်ပြီး ရှင်သန်ချင်စိတ်တွေ ဖြစ်လာခဲ့တာ... အဘိုးတို့ရယ်၊ တခြား ဖောက်သည်တွေရယ်ကြောင့်သာ နေ့ရက်တွေကို တောင့်ခံဖြတ်သန်းနိုင်ခဲ့တာပါ...”
“အဘိုးတို့ ပေးခဲ့တဲ့ ကျေးဇူးတွေကို ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်ပေမဲ့၊ ကျွန်တော်တို့ကို အများကြီး ကယ်တင်ပေးခဲ့တာပါ...”
“အဲဒီအတွက် အဘိုးဝမ်၊ အဘွားဝမ်တို့ကို ကျေးဇူးအများကြီး တင်ပါတယ်...”
မျက်ရည်များ ဝဲတက်လာကာ သူတို့၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ကျိုးလီချင်က ပြောလိုက်သည်။
ကျိုးရီကလည်း ပြုံးရင်း ဝင်ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာ မလိုပါဘူး... အဲဒီတုန်းက အဘိုးတို့ ကူညီမယ်ဆိုရင်တောင် ကျွန်တော်တို့က အရမ်းခေါင်းမာပြီး မာနကြီးလွန်းလို့ လက်ခံခဲ့မှာ မဟုတ်ဘူးလေ...”
အဘွားဝမ်က ကျလာမည့် မျက်ရည်များကို ဖျောက်ဖျက်ရန် ကျင့်ကြံခြင်းစွမ်းအင် အနည်းငယ်ကို အသုံးပြုလိုက်ရင်း နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
“မင်းက တော်တော်တုံးအတာတော့ အမှန်ပဲ ကျစ်တာ... ရော့လန်လေးနဲ့တော့ တခြားစီပဲ”
“သူသာ မရှိရင် မြို့စားမင်းရဲ့ မြေအောက်အကျဉ်းထောင်ထဲမှာ မင်း အရိုးဆွေးနေလောက်ပြီ...”
စောစောက ကျိုးလီချင် စကားပြောစဉ် အမှားအယွင်းလေးကို သတိပြုမိသွားသဖြင့် အဘိုးဝမ်က ပြောလိုက်သည်။
“မင်းတို့ နှစ်ယောက်လုံးလည်း တစ်ခုခု ဖုံးကွယ်ထားပုံရတယ်နော်... ရီလေး...”
ကျိုးရီက အနေရခက်စွာ ရယ်မောရင်း ခေါင်းကုတ်လိုက်သည်။ “အင်း... ပြောပြစရာလေးတွေ နည်းနည်းတော့ ရှိတယ်...”
ယန်ချင်းက သူတို့ကို ဝင်မနှောင့်ယှက်ဘဲ အစားအသောက်များ မအေးသွားခင် အရသာခံကာ အကုန်စားပစ်ရန်သာ အာရုံစိုက်နေသည်။
ဘေးတွင် ဒူးထောက်နေသော သွေးမိစ္ဆာကျင့်ကြံသူကိုတော့ အားလုံးက မေ့လျော့နေကြလေပြီ။
သူ၏ အဆက်မပြတ် တုန်ယင်နေမှုသာ မရှိလျှင် ထိုနေရာတွင် ရှိနေမှန်းပင် မည်သူမျှသိလိုက်မည် မဟုတ်ပေ။
မိနစ်အနည်းငယ် အကြာတွင်တော့ ကျိုးမောင်နှမနှစ်ဦးက သူတို့၏ အတိတ်အကြောင်းကို အဘိုးကြီးအဘွားကြီး စုံတွဲအား အကုန်အစင် ပြောပြလိုက်ကြသည်။
အဘိုးဝမ်က သူတို့၏ ခေါင်းများကို ညင်သာစွာ ပွတ်သပ်ပေးရင်း သက်ပြင်းချလိုက်သည်။
“မင်းတို့လေးတွေ အများကြီး ခံစားခဲ့ရတာပဲ...”
“သခင်လေးယန်ချင်း... မြွေပွေးနက်ဂိုဏ်းရော မိုမျိုးနွယ်စုကိုပါ ကျွန်တော်တို့ တာဝန်ယူ ဖြေရှင်းပေးပါ့မယ်၊ စိတ်ချလက်ချ နေပါ..”
“မိုမျိုးနွယ်စုက အရမ်းဘဝင်မြင့်နေတာ၊ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိရုံလေးနဲ့ သူတို့ကိုယ်သူတို့ ဧကရာဇ်မိသားစုနဲ့ အာဏာတူတယ်လို့ ထင်နေကြတာ...”
အဘိုးဝမ်၏ မျက်လုံးများထဲတွင် သိပ်သည်းလှသော လူသတ်ချင်စိတ်များ လင်းလက်သွားရင်း ကြမ်းတမ်းစွာ ဆက်ပြောလိုက်သည်။
“ဒီအရိုးဟောင်းတွေက တိုက်ပွဲမဝင်ရတာ ကြာလို့ ယားယံနေတာ ကြာပြီ...”
အဘွားဝမ်ကလည်း ထပ်တူညီသော အေးစက်စက် ရက်စက်မည့် အကြည့်မျိုးဖြင့် ဝင်ပြောလိုက်သည်။
“ဒီကိစ္စ ပြီးသွားရင်တော့ ငါတို့က တကယ့်စားသောက်ဆိုင် ပိုင်ရှင်စစ်စစ်တွေ ဖြစ်သွားပြီပေါ့...”
အဘိုးဝမ်က ရယ်မောရင်း ပြန်ပြောလိုက်သည်။
“စားသောက်ဆိုင်မှာ အလုပ်လုပ်ရတာ ထင်ထားတာထက် ပိုပြီး သဘောကျမိနေတာတော့ အမှန်ပဲ...”
လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ခရမ်းမြို့တော်အတွင်းရှိ သူတို့၏ ဖုံးကွယ်ထားမှုများ အားလုံး ပျက်စီးသွားပေလိမ့်မည်။
သို့သော် မောင်နှမနှစ်ဦး၏ အတိတ်အကြောင်းကို ကြားသိပြီးနောက်၊ မိမိတို့၏ တာဝန်ဝတ္တရားများအတွက်နှင့် ဘာမှမလုပ်ဘဲ နေလိုက်မည်ဆိုလျှင် တစ်သက်လုံး နောင်တရနေမည်မှာ သေချာသည်။
ထို့ကြောင့် အန္တရာယ်မှန်သမျှကို ဂရုမစိုက်တော့ရန် သူတို့ သဘောတူဆုံးဖြတ်လိုက်ကြသည်။
အထက်လူကြီးများထံမှ ပြစ်ဒဏ် တစ်ခုခုခံရနိုင်ခြေ ရှိမရှိကို ယန်ချင်းက မေးမြန်းလိုက်သောအခါ၊ သူတို့တွင် အကျိုးဆောင်မှတ်အများအပြားနှင့် နက်ရှိုင်းသော အဆက်အသွယ်များ ရှိကြောင်း၊ ထိုအထဲမှ တစ်ယောက်မှာ အင်ပါယာ၏ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်ကြောင်း ဝင့်ကြွားစွာ ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုးဆုံးပြစ်ဒဏ်ဆိုလျှင်ပင် သူတို့၏ လုပ်ရပ်များက မည်မျှပေါ့ဆပြီး စည်းကမ်းမဲ့ကြောင်း ဆူပူကြိမ်းမောင်းခံရရုံမှလွဲ၍ ဘာမှ ပိုမည်မဟုတ်ပေ။
ထိုကိစ္စပြီးလျှင် အနားယူကာ ဖုံးကွယ်ရန်နေရာတစ်ခုအဖြစ် မဟုတ်တော့ဘဲ တကယ့်စားသောက်ဆိုင် ပိုင်ရှင်စစ်စစ်များအဖြစ်သာ နေထိုင်သွားရန်ပင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ကျိုးမောင်နှမက သူတို့ကို ဝမ်းသာစကား ပြောကြားနေချိန်တွင် ကျိုးလီချင်က ယန်ချင်းထံသို့ တောင်းဆိုနေသော အကြည့်များဖြင့် အချက်ပြနေလေသည်။
ကျိုးလီချင်၏ သိသာလွန်းသော အချက်ပြမှုများကြောင့် သူမ လည်ပင်း ကျိုးမသွားခင် ယန်ချင်းက ကမ်းလှမ်းမှုကို စတင် ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
“ခင်ဗျားတို့နဲ့ ဆွေးနွေးစရာ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်...”
“ဘာများလဲ... သခင်လေးယန်ချင်း...”
“ဒီကိစ္စတွေ ပြီးတာနဲ့ နောက် မိနစ်အနည်းငယ်လောက်နေရင် ကျွန်တော်က ထွက်သွားတော့မှာ...”
“ပြီးတော့ ကျိုးမောင်နှမကလည်း ကျွန်တော်နဲ့အတူ လိုက်ခဲ့လိမ့်မယ်...”
“ကျိုးမျိုးနွယ်စု နဲ့ သူတို့ရဲ့ ပတ်သက်မှုရယ် အဲဒီကနေ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရယ်ကြောင့် သူတို့အနေနဲ့ ကျိုးမျိုးနွယ်စုနဲ့ တတ်နိုင်သမျှ အဝေးဆုံးမှာ နေတာက ပိုပြီးဘေးကင်းလိမ့်မယ်...”
“မျိုးနွယ်စုက သူတို့ကို ဂရုမစိုက်တော့ဘူးလို့ ယူဆရင်တောင်၊ သူတို့ကို အသုံးချဖို့ ဒါမှမဟုတ် ထိခိုက်နစ်နာအောင် လုပ်ဖို့ နည်းနည်းလေးတောင် တွန့်ဆုတ်နေမှာ မဟုတ်တဲ့ ကျိုးမျိုးနွယ်စုရဲ့ ရန်သူတွေကတော့ အဲဒီလို နေမှာမဟုတ်ဘူးလေ...”
ယန်ချင်းက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
“ထွက်သွားတာက အလုံခြုံဆုံး ရွေးချယ်မှုပဲ ပြီးတော့ အသစ်ကနေ ပြန်စရတာလည်း သူတို့အတွက် ဆိုးမယ့်ကိစ္စ မဟုတ်ဘူး...”
“ဒါပေမဲ့ သူတို့က ခင်ဗျားတို့ နှစ်ယောက်လုံးကိုပါ အတူတူ ခေါ်သွားချင်နေကြတယ်။ ကျွန်တော်ကလည်း သဘောတူပါတယ်...”
“ခင်ဗျားတို့ ချက်တဲ့ အစားအသောက်တွေက အရမ်းကောင်းတယ်၊ ကျွန်တော် လာတဲ့နေရာမှာလည်း ဒီလို အရသာမျိုးကို သေချာပေါက် သဘောကျကြမှာပါ...”
အဘိုးဝမ်က ဝမ်းနည်းသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“ဒါဆို မင်းတို့လေးတွေ ထွက်သွားကြတော့မှာပေါ့... ဒါက ပညာရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ...”
အဘွားဝမ်ကလည်း သူ၏ စကားကို ထောက်ခံလိုက်သည်။
သူတို့၏ အတိတ်က အတွေ့အကြုံများနှင့် ဤအင်အားကြီး အဖွဲ့အစည်းများ၏ ရှုပ်ထွေးလှသော ပတ်သက်မှုများအရ၊ အခြေအနေများ မည်မျှအထိ ရှုပ်ထွေးသွားနိုင်သည်နှင့် မောင်နှမနှစ်ဦး လက်ရှိလျှောက်လှမ်းနေရသော လမ်းက မည်မျှအန္တရာယ်များကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။
ကျိုးမျိုးနွယ်စု၏ ပိုင်နက်ထဲမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည် ဆိုသော်လည်း အဝေးကြီးရောက်နေခြင်း မဟုတ်ပေ။
မေပယ်နီအင်ပါယာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကလိုဗာတိုင်းပြည်မှာ ကျိုးမျိုးနွယ်စု၏ လက်အောက်ခံ တိုင်းပြည်တစ်ခုဖြစ်ပြီး၊ မေပယ်နီအင်ပါယာအတွင်းတွင်လည်း သူတို့၏ သူလျှိုများ အများအပြား ဖြန့်ကြက်ထားရှိကာ အထူးသဖြင့် ခရမ်းမြို့တော်ကဲ့သို့ အရေးပါသော နေရာမျိုးတွင် ပို၍ပင် များပြားလှသည်။
သူတို့၏ အဆက်အသွယ်များနှင့်ပင် ကလေးနှစ်ဦး၏ ဘေးကင်းလုံခြုံရေးကို အာမခံနိုင်ရန် ခက်ခဲသည်။
အဘွားဝမ်က မေးလိုက်သည်။ “သူတို့ကို ဘယ်ခေါ်သွားမှာလဲ...”
နောက်ဆုံးကျန်နေသော ကြက်သွန်မြိတ်ပန်ကိတ်ကို ကိုက်စားရင်း ယန်ချင်းက တည်ငြိမ်စွာ ဖြေလိုက်သည်။
“အဖွဲ့အစည်းဆီကိုပါ...”
ကျိုးမောင်နှမက သူတို့၏ အတိတ်အကြောင်းကို ပြောပြနေသည့် အချိန်တိုလေးအတွင်းမှာပင် သူက စားပွဲပေါ်ရှိ အစားအသောက် အားလုံးကို ပြောင်စင်အောင် စားပစ်လိုက်ပြီ ဖြစ်သည်။
လက်ရှိတွင် ကျိုးမောင်နှမ ချန်ထားခဲ့သော ဘယ်ရီကိတ်မုန့် အကြွင်းအကျန်ကို မျက်စပစ်နေပြန်သည်။
ကျိုးမောင်နှမကလည်း အလျင်အမြန် တုံ့ပြန်လိုက်ကာ ကျန်နေသော ကိတ်မုန့်ကို နှစ်ယောက် ခွဲယူလိုက်ပြီး ဂျင်ဂိုလက်ဖက်ရည်နှင့်အတူ မျိုချပစ်လိုက်ကြသည်။
ကျွတ်...
ယန်ချင်းက စိတ်ပျက်လက်ပျက်ဖြင့် တောက်ခေါက်လိုက်သည်။
ထိုအချိန်တွင် အဘိုးကြီးအဘွားကြီး စုံတွဲမှာ မျက်လုံးများ ပြူးကျယ်ကာ မှင်သက်သွားကြသည်။
ထိုသို့ ဖြစ်သွားသည်မှာ သူတို့ချည်းသာ မဟုတ်ဘဲ၊ ဒူးထောက်နေသော သွေးမိစ္ဆာကျင့်ကြံသူမှာလည်း တုန်ယင်နေမှုများ ရပ်တန့်သွားကာ အေးခဲနေသော ရုပ်အလောင်း တစ်လောင်းလို ငြိမ်သက်သွားလေသည်။
ယန်ချင်းက ဆွံ့အမှင်တက်နေသော ထိုဇနီးမောင်နှံကို မေးလိုက်သည်။
“ဘယ်လိုလဲ... ကျွန်တော်တို့နဲ့ အတူတူ လိုက်ခဲ့ချင်လား...”
သူတို့၏ တုံ့ပြန်မှုများက မောင်နှမနှစ်ဦးထက်ပင် ပိုမိုပြင်းထန်နေသည်။ အဘယ်ကြောင့်ဆိုသော် မြင်ကွင်းကျယ်လေလေ၊ ပိုသိလေလေ ဖြစ်သောကြောင့်ပင်။
ယခင်အတွေ့အကြုံများအရ၊ ပုံပြင်ပြောသူများ၏ ဇာတ်လမ်းများအပေါ် အခြေခံ၍သာ သိထားကြသော ကလေးနှစ်ဦးနှင့် မတူဘဲ အဖွဲ့အစည်းက မည်မျှအထိ ကြောက်စရာကောင်းကြောင်းကို သူတို့က သေသေချာချာ သိထားကြသည်။
သူတို့ အလုပ်လုပ်ပုံကို ကိုယ်တိုင် မြင်ဖူးသူများအတွက်တော့ ကွာခြားလှသည်။
အထူးသဖြင့် အပြစ်ရှိသူဘက်မှ ဆိုလျှင် အချိန်အများစုတွင် ၎င်းသည် ခမ်းနားသော ဇာတ်လမ်းတစ်ပုဒ် ဘယ်တော့မှ ဖြစ်မလာနိုင်ပေ။
လူတစ်ဦးချင်း၊ မျိုးနွယ်စု၊ တိုင်းပြည်၊ အင်ပါယာ၊ ဂိုဏ်း၊ လွတ်လပ်သောကျင့်ကြံသူ စသည်ဖြင့် မည်သည့် အုပ်စုထဲတွင် ပါဝင်နေပါစေ... အဖွဲ့အစည်း၏ အကြည့်က သင့်အပေါ် ကျရောက်လာပြီဆိုလျှင်၊ သူတို့၏ ဧရာမ သံတူကြီးက သင့်ကို သေချာပေါက် ရှာတွေ့သွားမည်သာ ဖြစ်သည်။
နစ်နာသူဘက်မှ ဆိုလျှင်သာ ကရုဏာသက်ဝင်သော အဖွဲ့အစည်း ဖြစ်သော်လည်း၊ အခြားတစ်ဖက်မှ ဆိုလျှင်တော့ အရာအားလုံးကို ဝါးမျိုပစ်မည့်၊ ရက်စက်ကြမ်းကြုတ်သော၊ ခွင့်လွှတ်မှု ကင်းမဲ့ပြီး အရှုံးမပေးတတ်သည့် မီးတောက်ကြီး တစ်ခုသာ ဖြစ်ပေလိမ့်မည်။
***