နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်က အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိပြီး ပို၍ပင် အစွမ်းထက်လာခြင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ဆက်စပ်မှုရှိနေမှန်း ကျန်းချန် ကောင်းစွာ သိထားခဲ့သည်။
ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်က နတ်ဘုရားနယ်မြေသို့ ရောက်လာခြင်းသည် နတ်ဘုရားနယ်မြေ အတွက် ကပ်ဘေးတချို့ကို ယူဆောင်လာခဲ့သော်လည်း တစ်ဖက်တွင်မူ ကြီးမားသော အကျိုးကျေးဇူးများကို ပေးအပ်ခဲ့သည်။
ဤအတိုင်းသာဆိုလျှင် နတ်ဘုရားနယ်မြေ၏ သိုင်းပညာ ယဥ်ကျေးမှုသည် ရှေးခေတ်ကာလက ထက်ပင် ပို၍ တောက်ပသော အဆင့်တစ်ခု အထိ သေချာပေါက် ရောက်ရှိလာပေလိမ့်မည်။
“ကျန်းချန်.. အခု နတ်ဘုရားနယ်မြေရဲ့အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာပြီ ဆိုတော့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းဖို့ စဥ်းစားသင့်ပြီ ထင်တယ်”
ကျန်းချန် အတွေးနက်နေစဥ်မှာပင် မင်ယွဲ့ရှင်း၏ အေးစက်စက် စကားသံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး မင်ယွဲ့ရှင်းကို ကြည့်ကာ မေးလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းတော့မလို့လား စီနီယာမင်ယွဲ့”
နတ်ဘုရားနယ်မြေတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် ပေါ်မလာခဲ့ဘဲ ပိုမို ဝေးလံသော နေရာဆီ ဆုတ်ခွာသွားခဲ့ကြသည်။
ထိုအပြင် ဤအချိန်အတောအတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အလွန်တရာ ငြိမ်သက်စွာ နေထိုင်ခဲ့ပြီး မည်သည့် လှုပ်ရှားမှုမှ မရှိသလောက်ပင်။
ကျန်းချန်တို့သည် ဟင်းလင်းပြင် သားရဲများကို ပို၍ အာရုံစိုက်ထားခဲ့သောကြောင့် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုကို ချေမှုန်းမည့်ကိစ္စအား မေ့လျော့နေသလိုပင် ဖြစ်နေခဲ့၏။
ဤအချိန်တွင် မင်ယွဲ့ရှင်းက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းရန် အဆိုပြုလာလိမ့်မည်ဟု ကျန်းချန် လုံးဝ ထင်မထားခဲ့ပေ။
“နတ်ဘုရားနယ်မြေမှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ရှိနေတာက ကပ်ဘေးနဲ့အတူ နေထိုင်ရသလိုပဲ.. သူတို့ကို ရှင်းလင်းပြီးမှပဲ ငါတို့ဆီ ရောက်ရှိလာတော့မဲ့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို နောက်ကျော အေးအေးနဲ့ အစွမ်းကုန် ရင်ဆိုင်နိုင်လိမ့်မယ်”
မင်ယွဲ့ရှင်းက အေးစက်စက် ပြောလိုက်သည်။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ချေမှုန်းပြီးရင် နတ်ဘုရားနယ်မြေရဲ့ အပြင်ဘက်မှာ မြို့တစ်မြို့ တည်ဆောက်ဖို့ လိုအပ်တယ်.. ဒီတစ်ကြိမ် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာနဲ့ စစ်ခင်းရာမှာ နတ်ဘုရား နယ်မြေထဲအထိ စစ်မီး မရောက်အောင် ကြိုးစားရလိမ့်မယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခေါင်းညိတ်လိုက်သည်။
ရှေးခေတ်ကာလက စကြဝဠာအဆင့် တိုက်ပွဲတွင် နတ်ဘုရားနယ်မြေသည် မည်သည့် ကြိုတင်ပြင်ဆင်မှုမှ မရှိဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ကျူးကျော်မှုကိုခံခဲ့သောကြောင့် နတ်ဘုရားနယ်မြေ တစ်ခုလုံးသည် စကြဝဠာအဆင့် တိုက်ပွဲ၏ စစ်မြေပြင် ဖြစ်သွားခဲ့သည်။
ထိုအကြောင်းအရင်းကြောင့်ပင် နတ်ဘုရားနယ်မြေသည် အပိုင်းပိုင်းအစစ ဖြစ်သည်အထိ ချေမှုန်းခံခဲ့ရခြင်း ဆိုလည်း မမှားပေ။
ထို့ကြောင့် နောက်တစ်ကြိမ် ထပ်မံ ကျူးကျော်လာနိုင်သည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရင်ဆိုင်ရန် အတွက် သူတို့အနေဖြင့် အပြည့်အဝ ပြင်ဆင်ထားရမည် ဖြစ်ပြီး ထိုကဲ့သို့ အမှားမျိုးကို နောက်တစ်ကြိမ် အဖြစ်ခံ၍ လုံးဝ မဖြစ်ပေ။
“ကောင်းပြီ.. ဒါဆို ကျွန်တော်တို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းကြတာပေါ့”
ထိုစကားကိုပြောရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ ပြန်လည် နာလန်ထူလာကတည်းကစ၍ သူတို့ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ ခွန်အားသည် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ယခု သူတို့တွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ မင်ယွဲ့ရှင်း ရှိနေရုံသာမက ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့သည်လည်း ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ထို့အပြင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ အရေအတွက်သည်လည်း တစ်ဆယ့်ငါးယောက်ထက်မက ရှိနေခဲ့ချေပြီ။
ရှင်းလင်းစွာဆိုရလျှင် နတ်ဘုရားနယ်မြေ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းရန် မခက်ခဲပေ။
ဆုံးဖြတ်ချက် ချပြီးနောက်တွင် ကျန်းချန်သည် အချိန်ဆွဲမနေတော့ဘဲ နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို တိုက်ရိုက်ပင် စုစည်းကာ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုဆီ ထွက်ခွာလာခဲ့သည်။
-----------------
ဟင်းလင်းပြင် တိမ်တိုက်နယ်မြေသည် မူလက နတ်ကုန်းမြေတိုက်၏ အနောက်ဘက်ဒေသတွင် ရှိသည့် နယ်မြေငယ်လေးတစ်ခု ဖြစ်သည်။
နတ်ကုန်းမြေတိုက်နှင့် ထာဝရဟင်းလင်းပြင် ပေါ်တွင် ပြန့်ကျဲနေသော နယ်မြေများ တစ်သားတည်း ပြန်လည် ပေါင်းစည်းသွားပြီးနောက်တွင် ဟင်းလင်းပြင် တိမ်တိုက်နယ်မြေသည် နတ်ဘုရားနယ်မြေက သတိမထားမိလောက်သည့် အစိတ်အပိုင်းလေး တစ်ခု ဖြစ်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ သိသိသာသာ ပြောင်းလဲသွားချိန်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ထာဝရဟင်းလင်းပြင်ကနေ တိတ်တဆိတ် ဆုတ်ခွာလာခဲ့ပြီး ဟင်းလင်းပြင်တိမ်တိုက်နယ်မြေကို သိမ်းပိုက်ထားခဲ့သည်။
ဤအချိန်အတောအတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် အလွန်ပင် ငြိမ်သက်စွာ နေထိုင်ခဲ့ကြ၏။
ဟင်းလင်းပြင်သားရဲများက နတ်ဘုရားနယ်မြေကို တိုက်ခိုက်ပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နေချိန်မှာပင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် မည်သည့် လှုပ်ရှားမှုမှ မလုပ်ဆောင်ခဲ့ပေ။
သို့ရာတွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် မည်သည့်လှုပ်ရှားမှုမှ မရှိသည့်တိုင် နတ်ဘုရားနယ်မြေ အပေါ် ၎င်းတို့၏ အာရုံစိုက်မှုသည် အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိချေ။
အထူးသဖြင့် နတ်ဘုရားနယ်မြေ၏ စွမ်းအားများက ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်ကို ခံစားမိလျှင် နတ်ဆိုးဧကရာဇ်သည် သူ၏ ပင်ကိုဗီဇအရ အန္တရာယ်ရှိသော အရိပ်အငွေ့များကို ခံစားမိလိုက်သည်။
ထို့နောက်တွင် နတ်ဆိုးဧကရာဇ်သည် မဟာနတ်ဆိုးဘုရင် ရှစ်ပါးနှင့် သွေးနေမင်းဘိုးဘေးတို့နှင့် အတူ အစည်းအဝေးပြုလုပ်ကာ နတ်ဘုရားနယ်မြေကို တုံ့ပြန်နိုင်မည့် နည်းလမ်းများအား ဆွေးနွေးခဲ့သည်။
“အားလုံးပဲ.. အခု နတ်ဘုရားနယ်မြေက ရှေးခေတ်ကာလက ကပ်ဘေးမတိုင်ခင် အခြေအနေကို ပြန်ရောက်နေခဲ့ပြီ.. သူတို့ရဲ့ခွန်အားက အရင်ကလို မဟုတ်တော့ဘူး.. ဟင်းလင်းပြင်သားရဲတွေကိုတောင်မှ နှိမ်နင်းနိုင်ခဲ့ပြီ.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် နတ်ဘုရားနယ်မြေက သိပ်မကြာခင်မှာပဲ ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို စတင် တိုက်ခိုက်တော့မယ်ထင်တယ်.. ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့ မင်းတို့မှာ ဘယ်လိုနည်းလမ်းတွေ ရှိလဲ”
နတ်ဆိုးဧကရာဇ်က အားလုံးကို ဝေ့ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
နတ်ဆိုးဧကရာဇ်ထံမှ တုန်လှုပ်ဖွယ်စကားကို ကြားလျှင် ခန်းမတစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
“ငါ အစောကြီးကတည်းက နတ်ဘုရားနယ်မြေကို ဟင်းလင်းပြင်သားရဲတွေ တိုက်ခိုက်နေတာကို အခွင့်ကောင်းယူပါလို့ ပြောသားပဲ.. ဒါပေမဲ့ မင်းတို့က နားမထောင်ခဲ့ကြဘူး”
ထိုအချိန်တွင် သွေးနေမင်းဘိုးဘေးသည် မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“သွေးနေမင်းဘိုးဘေး.. အခုအချိန်မှာ ဒါတွေ ပြောနေလို့လည်း ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး”
နတ်ဆိုးဧကရာဇ်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“နတ်ဘုရားနယ်မြေကို လာနေတဲ့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ စစ်တပ်က သုံးနှစ်အတွင်း ရောက်လာလိမ့်မယ်လို့ မင်းအရင်က ပြောခဲ့တာ ငါမှတ်မိသေးတယ်.. အခု သုံးနှစ်တောင်ကျော်သွားခဲ့ပြီ.. ဘာလို့ ဘာသတင်းမှ မရသေးတာလဲ”
“စကြဝဠာ တစ်ခုနဲ့တစ်ခုကြားမှာ အဆုံးမဲ့ ကြယ်ဂလက်စီတွေရှိတယ်.. ဘာပြဿနာမှ မရှိဘူးဆိုရင်တောင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကနေ နတ်ဘုရားနယ်မြေဆီကို ရောက်ဖို့ သုံးနှစ်လောက် ကြာတတ်တယ်.. ဒါပေမဲ့ အဆုံးမဲ့ကြယ်ဂလက်စီထဲမှာ ဘေးအန္တရာယ်တွေ အများကြီး ရှိတယ်.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ စစ်တပ်က အဆုံးမဲ့ ကြယ်ဂလက်စီထဲမှာ ဒုက္ခတချို့နဲ့ ကြုံတွေ့နေရလို့ ကြာနေတာဖြစ်နိုင်ပါတယ်.. သူတို့အနေနဲ့ နတ်ဘုရားနယ်မြေကို သုံးရက်ကနေ ငါးရက်အတွင်း ရောက်လာနိုင်သလို သုံးလကနေ ငါးလအတွင်း ရောက်မလာနိုင်သေးတာမျိုးလည်း ဖြစ်နိုင်တယ်.. အချိန် တိတိကျကျတော့ ဘယ်သူမှ ခန့်မှန်းနိုင်မှာမဟုတ်ဘူး”
သွေးနေမင်းဘိုးဘေးက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ပုံမှန် အခြေအနေအရ ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ စစ်တပ်သည် နတ်ဘုရားနယ်မြေဆီ ရောက်လုနီးပါး ဖြစ်နေသင့်၏။
သို့သော်လည်း ယခုအထိ ပေါ်မလာပုံ ထောက်လျှင် အဆုံးမဲ့ကြယ်ဂလက်စီတွင် ဒုက္ခတချို့နှင့် ကြုံတွေ့နေရသည်မှာ ဖြစ်နိုင်ခြေ အလွန်များသည်။
သွေးနေမင်းဘိုးဘေး၏ စကားကိုကြားလျှင် နတ်ဆိုးဧကရာဇ်သည် အနည်းငယ် စိတ်လေးလံသွားခဲ့သည်။
အကယ်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်သာ အမြန်ဆုံး ရောက်မလာနိုင်လျှင် သူတို့ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုသည် အမှန်တကယ်ပင် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေပြီ မဟုတ်ပါလော။
“အရှင်နတ်ဆိုးဧကရာဇ်.. အခု နတ်ဘုရားနယ်မြေရဲ့ ခွန်အားက အရှိန်အဟုန်နဲ့ မြင့်တက်လာနေတာကြောင့် ကျွန်တော်တို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အနေနဲ့ သူတို့ကို ယှဥ်ပြိုင်နိုင်စွမ်း လုံးဝ မရှိတော့ဘူး.. ကျွန်တော်တို့ အနေနဲ့ ဒီနေရာမှာ ကြာရှည်နေဖို့ မသင့်တော်တော့ဘူး.. အမြန်ဆုံး ဆုတ်ခွာမှ ဖြစ်တော့မယ်”
မဟာနတ်ဆိုးဘုရင် တစ်ပါးက သူ၏ အမြင်ကို ဝင်ပြောလိုက်သည်။
“ဆုတ်ခွာမယ် ဟုတ်လား.. ငါတို့ ဘယ်ကို ဆုတ်ခွာလို့ ရဦးမှာလဲ”
မဟာနတ်ဆိုးဘုရင် တစ်ပါးက လေးနက်စွာ ပြောလိုက်သည်။
“အခုအချိန်မှာ နတ်ဘုရားနယ်မြေက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီ...တကယ်လို့ သူတို့သာ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားရင် ငါတို့ဘယ်ကိုပြေးပြေး လွတ်မှာမဟုတ်ဘူး”
ထိုစကားကိုကြားလျှင် မဟာနတ်ဆိုးဘုရင် တစ်ပါးက ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။
“ပြေးလို့ မလွတ်ရင်တောင်မှ ရင်ဆိုင်တိုက်ခိုက်လို့ ရသေးတာပဲ.. ဒီနေရာမှာ သေဖို့ ထိုင်စောင့်နေတာထက်တော့ ပိုကောင်းပါသေးတယ်”
“...........”
မဟာနတ်ဆိုးဘုရင်များ၏ စကားများကို ကြားလျှင် နတ်ဆိုးဧကရာဇ်၏ စိတ်နှလုံးသည် အလွန်တရာ လေးလံနေခဲ့သည်။
အကယ်၍သာ နတ်ဘုရားနယ်မြေကို ဟင်းလင်းပြင်သားရဲများ တိုက်ခိုက်ပြီး ရှုပ်ထွေးနေသော အချိန်တွင် သူတို့က အခွင့်ကောင်းယူပြီး လှုပ်ရှားခဲ့မည် ဆိုလျှင် နတ်ဘုရားနယ်မြေ အတွက် ပြဿနာ တချို့ ပေးနိုင်လိမ့်မည် ဖြစ်သည်။
ယခုအခါတွင်မူ နတ်ဘုရားနယ်မြေသည် ဟင်းလင်းပြင်သားရဲများကို နှိမ်နင်းလိုက်ရုံသာမက နတ်ဘုရားနယ်မြေ၏ ခွန်အားသည်လည်း လွန်ခဲ့သည့် သုံးနှစ်ကထက် နှစ်ဆမက ပို၍ အားကောင်းလာခဲ့ချေပြီ။
ရှင်းလင်းစွာဆိုရလျှင် သူတို့ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု၏ ခွန်အားသည် နတ်ဘုရားနယ်မြေနှင့် အဆင့်ချင်း လုံးဝ မတူတော့ပေ။
နတ်ဘုရားနယ်မြေနှင့် ထိပ်တိုက် ရင်ဆိုင်ရမည် ဆိုလျှင် အရှုံးဖြင့်သာ ရင်ဆိုင်ရမည်မှာ သံသယဖြစ်စရာ မရှိချေ။
နတ်ဆိုးဧကရာဇ်ပင်လျှင် ဤအချိန်တွင် တိတ်ဆိတ်သွားခဲ့သည်။
ယခုအခါတွင် နတ်ဘုရားနယ်မြေက သူတို့ကို မတိုက်ခိုက်ခင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်က နတ်ဘုရားနယ်မြေဆီ ရောက်လာရန်သာ သူတို့၏ စိတ်ထဲ၌ ဆုတောင်းရုံ တတ်နိုင်တော့၏။
အခန်း(၂၄၆၄)ပြီး၏။
***