“နတ်ဆိုးဧကရာဇ် မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို လူစုခွဲပြီး နတ်ဘုရားနယ်မြေထဲမှာ ပုန်းအောင်းနေဖို့ ငါအကြံပေးချင်တယ်.. ဒါဆို အချိန်အနည်းငယ် ဆွဲထားနိုင်လိမ့်မယ်.. ဒီလိုမှမဟုတ်ရင် နတ်ဘုရားနယ်မြေ စတင် တိုက်ခိုက်လာတာနဲ့ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု အတွက် တစ်ခုတည်းသောရလဒ်က အမြစ်ပြတ် ချေမှုန်းခံရဖို့ပဲ”
သွေးနေမင်းဘိုးဘေးက နတ်ဆိုးဧကရာဇ်ကို အကြံပေးလိုက်သည်။
ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ စစ်တပ် ရောက်မလာသေးသောကြောင့် သွေးနေမင်းဘိုးဘေးသည် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုက နတ်ဘုရားနယ်မြေကို အချိန်ဆွဲထားနိုင်ရန် မျှော်လင့်နေခဲ့သည်။
သို့မှသာ နတ်ဘုရားနယ်မြေထဲမှ ထိပ်တန်း ကျင့်ကြံသူများ၏ ကြီးထွားမှုကို နှောင့်နှေးစေလိမ့်မည် မဟုတ်ပါလော။
သူ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် အဆက်အသွယ်ရစဥ်က ပေးပို့ခဲ့သော သတင်းအချက်အလက်သည် ထိုစဥ်က နတ်ဘုရားနယ်မြေ၏ အခြေအနေသာ ဖြစ်သည်။
ထို့ကြောင့် ဤတစ်ခေါက်တွင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ စေလွှတ်လိုက်သည့် စစ်တပ်သည် အလွန်အမင်း အားမကောင်းနိုင်မှန်း သွေးနေမင်းဘိုးဘေး ခန့်မှန်းထားခဲ့သည်။
အကယ်၍ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသာ နတ်ဘုရားနယ်မြေ၏ လက်ထဲတွင် အမြစ်ပြတ် ချေမှုန်းခံလိုက်ရမည်ဆိုလျှင် မည်သည့် စိုးရိမ်မှုမှ မရှိတော့သည့်အတွက် နတ်ဘုရားနယ်မြေသည် မကြာခင် အချိန်အတွင်း ရှေးခေတ်ကာလကလို ခမ်းနားထည်ဝါမှုများကို ပြန်လည် ပိုင်ဆိုင်လာပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ် ရောက်လာခဲ့လျှင်ပင် နတ်ဘုရားနယ်မြေကို အနိုင်ယူရန် ဖြစ်ချင်မှ ဖြစ်နိုင်ပေလိမ့်မည်။
“ကောင်းပြီ”
နတ်ဆိုးဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး သွေးနေမင်းဘိုးဘေး၏ အကြံပြုချက်ကို သဘောတူလိုက်သည်။
သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ဟင်းလင်းပြင်လမ်းစဥ်တွင် အလွန်တရာ ကျွမ်းကျင်ကြ၏။
အကယ်၍ သူတို့သာ လူစုခွဲပြီး နတ်ဘုရားနယ်မြေတွင် ပုန်းအောင်းနေကြမည် ဆိုလျှင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် သူတို့ကို တစ်ယောက်ချင်းစီ လိုက်ရှာရန် အလွန်တရာ ခက်ခဲလိမ့်မည် မဟုတ်ပါလား။
ဤနည်းလမ်းဖြင့်သာ နတ်ဘုရားနယ်မြေကို ရင်ဆိုင်နိုင်မည်ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူများ ရောက်ရှိလာသည် အထိ အချိန်ဆွဲထားနိုင်မည်ဖြစ်သည်။
နတ်ဆိုးဧကရာဇ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုကို လူစုခွဲပြီး ထွက်ခွာရန် အမိန့်ပေးတော့မည့် အချိန်မှာပင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဝင် တစ်ယောက်သည် အစည်းအဝေးခန်းထဲသို့ အလောတကြီး ပြေးဝင်လာခဲ့သည်။
“အရှင်နတ်ဆိုးဧကရာဇ်.. အခြေအနေမကောင်းတော့ဘူး.. နတ်ဘုရားနယ်မြေက ကျင့်ကြံသူ အများအပြားက ကျွန်တော်တို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ရှိတဲ့ နေရာဆီ ချဥ်းကပ်လာနေပြီ ဆိုတဲ့ သတင်းကို အခုလေးတင် ရလိုက်တယ်”
ထို ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုဝင်၏ စကားအဆုံးသတ်သည်နှင့် နတ်ဆိုးဧကရာဇ်နှင့် အခြားသူများ၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
နတ်ဘုရားနယ်မြေ၏ လှုပ်ရှားမှုသည် သူတို့ ထင်ထားသည်ထက်ပင် များစွာ ပို၍ မြန်ဆန်နေခဲ့သည်။
ဤတစ်ကြိမ်တွင် နတ်ဘုရားနယ်မြေသည် သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းရန် ဆုံးဖြတ်ထားပုံ ရ၏။
နတ်ဆိုးဧကရာဇ်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ကာ ပြောလိုက်သည်။
“အားလုံးကို ကိုယ့်အစီအစဥ်နဲ့ကိုယ် လူစုခွဲပြီး ထွက်ပြေးဖို့ ချက်ချင်း အမိန့်ပေးလိုက်”
“မဖြစ်နိုင်တော့ဘူး.. နောက်ကျသွားပြီ”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် သွေးနေမင်းဘိုးဘေးသည် သူ၏ တောက်ပသော သွေးရောင်မျက်ဝန်းများဖြင့် အတားအဆီးများကို ဖောက်ထွင်းကာ လေထုတစ်နေရာ ဆီသို့ လှမ်းကြည့်လိုက်သည်။
“ဝုန်း..”
သွေးနေမင်းဘိုးဘေး၏ စကားအဆုံးမှာပင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုဝင် အားလုံးကို ရင်တုန်သွားစေလောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါသည် တစ်ခဏအတွင်း ပျံ့နှံ့လာခဲ့သည်။
“အုပ်စိုးသူအဆင့် ကျင့်ကြံသူရဲ့အရှိန်အဝါပါလား”
သူနှင့် အလွန် ရင်းနှီးနေသော အရှိန်အဝါကို ခံစားမိလျှင် သွေးနေမင်းဘိုးဘေးသည် မသိစိတ်ကနေ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
ထိုအချိန်က နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့သည့် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သွေးနေမင်းဘိုးဘေးသည် နတ်ဘုရားနယ်မြေ၏ အုပ်စိုးသူအဆင့် ကျင့်ကြံသူနှင့် တစ်ကြိမ်ထက်မက တိုက်ခိုက်ခဲ့ဖူးသည်။
ထို့ကြောင့် အုပ်စိုးသူအဆင့်၏ အရှိန်အဝါသည် သူ၏ မှတ်ဥာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေဆဲပင်။
သူ၏ရှေ့မှ ကောင်းကင်နှင့် မြေကြီးထဲတွင် ပျံ့နှံ့နေသည့် အရှိန်အဝါသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သည့် အရှိန်အဝါ ဖြစ်သည်မှာ သေချာသလောက်ပင်။
သွေးနေမင်းဘိုးဘေး၏ စကားကိုကြားလျှင် နတ်ဆိုးဧကရာဇ်နှင့် မဟာနတ်ဆိုးဘုရင်များသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
နတ်ဘုရားနယ်မြေ တစ်သားတည်း ပြန်လည် ပေါင်းစည်းသွားပြီးနောက်တွင် ရှေးခေတ်ကာလက ကဲ့သို့ အခြေအနေမျိုးကို ပြန်လည် ရောက်ရှိသွားသောကြောင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် အဆင့်တက်လာကြသည်ကို သူတို့ သိထားသော်လည်း သုံးနှစ်အတွင်းမှာပင် နတ်ဘုရားနယ်မြေတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက် မွေးဖွားလာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဆိုသည်မှာ မဟာယာနအဆင့်ကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်သည့် အထွတ်အထိပ် ပုဂ္ဂိုလ် ဖြစ်သည်။
ထိုစဥ်က နတ်ဘုရားနယ်မြေ၏ ကပ်ဘေးကြီးအပြီးတင် သူတို့ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုသည် နတ်ဘုရားနယ်မြေကို လုံးဝ သိမ်းပိုက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
သို့သော် ထိုသို့အရေးကြီးသည့် အချိန်တွင် လူသားဧကရာဇ်ကျန်းချင်းထျန်း ကဲ့သို့ အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက် ထွက်ပေါ်လာခဲ့ပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်ကာ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို အနိုင်ယူပြီး ထာဝရဟင်းလင်းပြင်ဆီ ပြန်လည်မောင်းထုတ်ခဲ့သည်။
ယခုအခါ နတ်ဘုရားနယ်မြေတွင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက် ထပ်မံ ပေါ်ထွက်လာပြီ ဖြစ်ရာ သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။
နတ်ဆိုးဧကရာဇ်တို့ ထိတ်လန့်နေစဥ်မှာပင် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများ ပျံ့လွင့်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ပဲ့တင်ထပ်သွားခဲ့၏။
‘နတ်ဆိုးဧကရာဇ်.. မြန်မြန်ထွက်လာပြီး အသေလာခံစမ်း”
နတ်ဆိုးဧကရာဇ်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
ထိုအခါ သူနှင့် ပေထောင်ချီဝေးသော နေရာတွင် လူတစ်ဒါဇင်ကျော်ခန့်ကို မြင်လိုက်ရ၏။
ခေါင်းဆောင်လာသူမှာ အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်သည့် လနတ်နန်းတော်၏ နန်းတော်သခင်မ မင်ယွဲ့ရှင်းဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေသော အရှိန်အဝါသည် ယခင်က သူနှင့် တိုက်ခိုက်ခဲ့သည့် အချိန်ကထက် အဆပေါင်းများစွာ ပို၍ အားကောင်းနေခဲ့သည်။
သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင်ပင် မင်ယွဲ့ရှင်း ထုတ်လွှတ်လိုက်သည့် အရှိန်အဝါနှင့် ရင်ဆိုင်ရလျှင် အသက်ရှူရခက်ခဲနေသလိုမျိုး ခံစားနေရ၏။
မင်ယွဲ့ရှင်း၏ နောက်တွင်မူ ဆရာသခင်စန်းမင် နှင့် ဝူကျန့်ထျန်းတို့ ရှိနေကြသည်။
ယခင်က သူ၏ တိုက်ခိုက်မှုအောက်တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် မရှိသည့် ဤနတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် ပုဂ္ဂိုလ်နှစ်ယောက်သည် ယခုအခါတွင် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ၎င်းတို့ခွန်အားသည်ပင် သူ့အောက်တွင် မရှိတော့ပေ။
ထိုသုံးယောက်၏ နောက်တွင်လည်း နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ဆယ်ယောက်ထက် မနည်း ရှိနေခဲ့၏။
နတ်ဘုရားနယ်မြေ၏ ပြိုင်ဘက်ကင်း အင်အားစုကို မြင်လိုက်ရလျှင် နတ်ဆိုးဧကရာဇ် ပင်လျှင် ထိုအချိန်တွင် မထိတ်လန့်ဘဲ မနေနိုင်တော့ပေ။
ယနေ့ခေတ် နတ်ဘုရားနယ်မြေ၏ ခွန်အားသည် အမှန်တကယ်ပင် သန်မာလွန်းနေခဲ့ချေပြီ။
ဤမျှအားကောင်းသည့် အင်အားစုမျိုးကို ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု၏ အထွတ်အထိပ် အချိန်မှာပင် ယှဥ်နိုင်ရန် မလွယ်ကူပေ။
နတ်ဆိုးဧကရာဇ်က သူ၏စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး မင်ယွဲ့ရှင်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်ယွဲ့ရှင်း.. ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက မင်းတို့နဲ့ အဝေးကြီးမှာ နေနေတာတောင် ဘာလို့ အမြစ်ပြတ် သုတ်သင်ဖို့အထိ ကြိုးစားနေရတာလဲ”
“ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု ဆိုတာက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အစေခံတွေပဲ.. ဒါကြောင့် မင်းတို့တွေက နတ်ဘုရားနယ်မြေမှာ မရှိသင့်ဘူး.. သေဖို့သာ ပြင်ထားပေတော့”
မင်ယွဲ့ရှင်းက အေးစက်စက် ကြုံးဝါးလိုက်ပြီး လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်ကာ နတ်ဆိုးဧကရာဇ်ကို ချိန်ရွယ်လိုက်သည်။
ထိုလက်ညှိုးတွင် မည်သည့် စွမ်းအင် လှုပ်ခတ်မှုမှ ရှိမနေခဲ့ပေ။
သို့သော် ထိုလက်ညှိုး၏ အောက်တွင် နတ်ဆိုးဧကရာဇ်သည် ပတ်ဝန်းကျင် တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း သေခြင်းတရား၏ အရိပ်အငွေ့များက လွှမ်းခြုံသွားခဲ့သည်။
နတ်ဆိုးဧကရာဇ်က ထိတ်လန့်သွားခဲ့ပြီး ကောင်းကင်တုန်ဟည်းမတတ် ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ သူ၏ ကျောဘက်တွင် ကောင်းကင်နတ်ဆိုးပုံရိပ်ယောင်သည် တစ်ခဏအတွင်း ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင် နတ်ဆိုးဧကရာဇ်က သူ၏စွမ်းရည်များကို အစွမ်းကုန် ထုတ်ဖော်ခဲ့သော်လည်း မင်ယွဲ့ရှင်း၏ စွမ်းအားကို လုံးဝ မတွန်းလှန်နိုင်ခဲ့ပေ။
မင်ယွဲ့ရှင်း၏ လက်ညှိုးမှ မမြင်နိုင်သော စွမ်းအားအောက်တွင် ကောင်းကင်နတ်ဆိုး ပုံရိပ်ယောင်သည် ရုတ်တရက် ပြိုကွဲသွားခဲ့သည်။
နတ်ဆိုးဧကရာဇ်၏ ပုံရိပ်သည်လည်း ထိုလက်ညှိုးမှ စွမ်းအားကြောင့် မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ နောက်ပြန်လွင့်စင်သွားခဲ့ကာ ကောင်းကင်ယံတွင် အဆုံးမဲ့ ရှုပ်ထွေးနေသည့် အနက်ရောင် တွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
“ဝေ့ါ..”
နတ်ဆိုးဧကရာဇ်က ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် နတ်ဆိုးဧကရာဇ်သည် မင်ယွဲ့ရှင်း၏ စွမ်းအားကို ခက်ခက်ခဲခဲ တောင့်ခံနေရသည်မှာ ထင်ရှားနေခဲ့၏။
အုပ်စိုးသူအဆင့် ဆိုသည်မှာ နတ်ဘုရားနယ်မြေ၏ ကျင့်ကြံခြင်းစနစ်တွင် အင်မော်တယ် အဆင့်ကို ဖယ်ထုတ်လိုက်လျှင် အမြင့်ဆုံးအဆင့် ဖြစ်သည်။
အုပ်စိုးသူအဆင့်၏ စွမ်းအားသည် အုပ်စိုးသူ အဆင့်အောက်တွင် ရှိသည့် စွမ်းအားများကို လွှမ်းမိုးနိုင်စွမ်း ရှိ၏။
ဆိုရလျှင် အင်အားကြီးမားသည့် နတ်ဆိုးဧကရာဇ် ပင်လျှင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ ရှေ့တွင် ပုရွက်ဆိတ်များနှင့် ဘာမှမကွာခြားပေ။
အခန်း(၂၄၆၅)ပြီး၏။
***