“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အရှင်နတ်ဆိုးဧကရာဇ်ရဲ့ခွန်အားနဲ့ဆိုရင် လက်ညှိုးတိုက်ကွက် တစ်ကွက်တည်းနဲ့ ဒီလောက်အထိ အလွယ်တကူ ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ”
နတ်ဆိုးဧကရာဇ်က မင်ယွဲ့ရှင်း၏ ပေါ့ပါးသော တိုက်ခိုက်မှုကိုပင် မတားဆီးနိုင်သည်ကို မြင်လိုက်ရလျှင် မဟာနတ်ဆိုးဘုရင်များသည် တစ်ခဏအတွင်း တုန်လှုပ်သွားခဲ့သည်။
“မဖြစ်နိုင်စရာ ဘာအကြောင်းမှမရှိဘူး.. မင်းတို့က အုပ်စိုးသူအဆင့်ရဲ့ စွမ်းအားကို နားမလည်သေးလို့ပဲ.. အုပ်စိုးသူအဆင့်နဲ့ မဟာယာနအဆင့်က အင်မော်တယ်တစ်ပိုင်းအဆင့်လို့ သတ်မှတ်ထားတဲ့အဆင့်ပဲ.. သူတို့က အင်မော်တယ်ဖြစ်လာဖို့ အလွန် နီးစပ်တဲ့အဆင့်ပဲ.. နတ်ဆိုးဧကရာဇ် ဆယ်ယောက်ရှိရင်တောင်မှ အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေ့မှာ ဘယ်လိုမှ ခုခံနိုင်စွမ်းရှိမှာမဟုတ်ဘူး”
သွေးနေမင်းဘိုးဘေးက လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် မဟာနတ်ဆိုးဘုရင်များသည် ချွေးပြန်လာခဲ့ပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။
ဤတိုင်းဆိုလျှင် ယနေ့တွင် သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် လုံးဝ အဆုံးသတ်သွားပေတော့မည် မဟုတ်ပါလော။
“အားလုံးပဲ.. အမြစ်ပြတ် ချေမှုန်းမခံချင်ရင် အသက်လုပြီး ထွက်ပြေးကြတော့.. တစ်ယောက်လောက် လွတ်သွားရင်တောင် အမြတ်ပဲ”
စကားဆုံးသည်နှင့် သွေးနေမင်းဘိုးဘေး၏ ခန္ဓာကိုယ်သည် သွေးရောင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင်ထဲကို ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
အကယ်၍ သူသာ ယခင်ကလို အထွတ်အထိပ် အခြေအနေတွင် ရှိနေမည် ဆိုလျှင် ယခုမှ အဆင့်တက်လာသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်ကို အနည်းငယ်မျှပင် ကြောက်ရွံ့နေမည် မဟုတ်ပေ။
သို့သော် ယခုအခါတွင်မူ သူသည် နတ်ဆိုးဧကရာဇ် ထက်ပင် အနည်းငယ် နိမ့်ကျနေခဲ့သည်။
အကယ်၍ ဤနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် အသေခံဖို့ စောင့်စားနေသည်နှင့် မည်သို့မှ ခြားနားမည် မဟုတ်ပေ။
သို့ရာတွင် သွေးနေမင်းဘိုးဘေးက ဟင်းလင်းပြင်ထဲကို ဝင်ရောက်ပြီး တိတ်တဆိတ် ထွက်ပြေးရန် ကြိုးစားနေသည့် အချိန်မှာပင် မင်ယွဲ့ရှင်းသည် ချက်ချင်းဆိုသလို အာရုံခံမိသွားခဲ့သည်။
မင်ယွဲ့ရှင်းက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဟင်းလင်းပြင်ထဲကို လှမ်းဖမ်းလိုက်သည်။
မကြာခင်မှာပင် သွေးရောင်ပုံရိပ် တစ်ခုသည် သိမ်းငှက်က ကြက်ကို ဖမ်းထားသကဲ့သို့ သူမ၏ လက်ထဲတွင် အဖမ်းခံလိုက်ရသည်။
ထိုသွေးရောင်ပုံရိပ်သည် တိတ်တဆိတ် ထွက်ပြေးဖို့ ကြိုးစားနေသည့် သွေးနေမင်းဘိုးဘေးပင် ဖြစ်၏။
သွေးနေမင်းဘိုးဘေးက ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။
“မင်ယွဲ့ရှင်း.. ငါတို့ သွေးနတ်ဆိုးဂိုဏ်းက သိပ်မကြာခင်မှာ နတ်ဘုရားနယ်မြေဆီ ရောက်လာတော့မယ်.. မင်း ငါ့ကို သတ်မယ်ဆိုရင် သွေးနတ်ဆိုးဂိုဏ်းက မင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး”
“စိတ်မပူပါနဲ့.. ဒီသခင်မကလည်း သူတို့ကို အလွှတ်ပေးဖို့ အစီအစဥ်မရှိဘူး.. သူတို့ရောက်လာတာနဲ့ မင်းနဲ့အတူ တစ်ခါတည်း မြှုပ်ပေးလိုက်မယ်”
စကားဆုံးသည်နှင့် မင်ယွဲ့ရှင်းသည် သူမ၏ လက်ဖဝါးကိုအသာအယာ ဖျစ်ညှစ်လိုက်သည်။
ထိုအခါ ရုန်းကန်နေသည့် သွေးနေမင်းဘိုးဘေး၏ ခန္ဓာကိုယ်သည် တစ်ခဏအတွင်းမှာပင် သွေးတိမ်တိုက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် အစအနပင် မကျန်ရှိတော့သည် အထိ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့သည့် မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်သည့် သွေးနေမင်းဘိုးဘေးသည် မသေဆုံးမီတွင် အစီအစဥ် တစ်ခုကို ချမှတ်ပြီး ပြန်လည် မွေးဖွားလာခဲ့သော်လည်း အဆုံးသတ်တွင် ကျဆုံးခြင်းနိဂုံးကနေ မလွတ်မြောက်နိုင်ဘဲ သေဆုံးသွားခဲ့ရ၏။
“မင်းအလှည့်ပဲ”
သွေးနေမင်းဘိုးဘေးကို သတ်ဖြတ်ပြီးနောက်တွင် မင်ယွဲ့ရှင်း၏ အေးစက်စက် အကြည့်သည် နတ်ဆိုးဧကရာဇ် ဆီသို့ ကျရောက်သွားခဲ့သည်။
သူမက လက်ညှိုးကိုဆန့်ထုတ်ကာ နတ်ဆိုးဧကရာဇ်ကို နောက်ထပ် တစ်ကြိမ် ချိန်ရွယ်လိုက်သည်။
“မင်ယွဲ့ရှင်း.. မင်း အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်ရုံနဲ့ နတ်ဘုရားနယ်မြေက အေးအေးချမ်းချမ်း ဖြစ်တော့မယ်လို့ မထင်နဲ့.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ စစ်တပ်က သိပ်မကြာခင်ရောက်လာတော့မယ်.. ငါမင်းကို တမလွန်မှာ စောင့်နေမယ်.. အဲဒီအချိန်ကျရင် မင်းလည်း သေပွဲဝင်ရမှာပဲ”
မင်ယွဲ့ရှင်း၏ လှုပ်ရှားမှုကိုမြင်လျှင် နတ်ဆိုးဧကရာဇ်၏ မျက်နှာထက်တွင် ရုတ်တရက် ပြတ်သားသော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုခဏတွင် သူ၏ ခန္ဓာကိုယ်သည် ပူဖောင်းတစ်လုံးလိုမျိုးဖောင်းကားလာခဲ့ပြီး လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် စွမ်းအား တစ်ခုသည် မင်ယွဲ့ရှင်း ထံသို့ တစ်ခဏအတွင်း ပျံ့နှံ့လာခဲ့သည်။
မင်ယွဲ့ရှင်းက အေးစက်စက် အမူအရာဖြင့် နေရာမှာပင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူမက လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် သူမထံသို့ ပျံ့နှံ့လာသည့် ဖျက်ဆီးခြင်းစွမ်းအားများသည် ခန္ဓာကိုယ် အနားသို့ပင် မကပ်နိုင်ခဲ့ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့၏။
သွေးနေမင်းဘိုးဘေးနှင့် နတ်ဆိုးဧကရာဇ် တို့ကို မင်ယွဲ့ရှင်းက အလွယ်တကူ သတ်ဖြတ်လိုက်သည်အား မြင်လျှင် မဟာနတ်ဆိုးဘုရင် ရှစ်ပါးသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ကြသည်။
သူတို့က လုံးဝ တုံ့ဆိုင်းမနေရဲတော့ဘဲ ချက်ချင်းဆိုသလိုပင် လူစုခွဲကာ အရပ်မျက်နှာအသီးသီးသို့ ထိတ်လန့်တကြားထွက်ပြေးသွားကြ၏။
သို့သော်လည်း ယနေ့တွင် ကျန်းချန်သည် ဟင်းလင်းပြင်နတ်ဆိုးများကို အမြစ်ပြတ် ချေမှုန်းရန် နတ်ဘုရားနယ်မြေ၏ အစွမ်းထက် ကျင့်ကြံသူများကို စုစည်းထားသည်ဖြစ်ရာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါးကို အလွယ်တကူ ထွက်ပြေးခွင့် မည်ကဲ့သို့ပေးနိုင်ပါအံ့နည်း။
“သူတို့ကို လုံးဝမလွတ်စေနဲ့”
ကျန်းချန်က အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ မဟာနတ်ဆိုးဘုရင် တစ်ပါးကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။
ဆရာသခင်စန်းမင်နှင့် အခြားသူများကလည်း ကျန် မဟာနတ်ဆိုးဘုရင်များ၏ လမ်းကြောင်းများကို အသီးသီး ပိတ်ဆို့လိုက်ကြသည်။
ယခုဆိုလျှင် ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့သည် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိနေကြပြီဖြစ်သည်။
သို့ဖြစ်၍ သူတို့အတွက် မဟာနတ်ဆိုးဘုရင်များကို သတ်ရသည်မှာ ကြက်ကလေး ငှက်ကလေးကဲ့သို့ အလွန်တရာပင် လွယ်ကူနေခဲ့ပြီး တစ်ခဏအတွင်းမှာပင် သူတို့သည် မဟာ နတ်ဆိုးဘုရင် တစ်ပါးစီကို ရှင်းလင်းလိုက်ကြသည်။
ကျန်ရှိသည့် မဟာနတ်ဆိုးဘုရင်ခြောက်ပါးသည်လည်း ကျန်းချန်နှင့် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်၏ ဝိုင်းရံ တိုက်ခိုက်မှုအောက်တွင် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ လျင်မြန်စွာ ကျဆုံးသွားကြသည်။
နတ်ဆိုးဧကရာဇ်နှင့် မဟာနတ်ဆိုးဘုရင် ရှစ်ပါး သေဆုံးသွားသောကြောင့် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုသည် မည်သည့် ခုခံနိုင်စွမ်းမှ မရှိတော့ဘဲ ကျန်းချန်တို့၏ လက်ထဲတွင် အမြစ်ပြတ် ချေမှုန်းခံလိုက်ရသည်။
ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု၏ ပင်မအင်အားစုကို ချေမှုန်းပြီးနောက်တွင် ကျန်းချန် ဦးဆောင်သည့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် နတ်ဘုရားနယ်မြေ၏ နယ်မြေအသီးသီးတွင် ပျံ့နှံ့နေသည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အကြွင်းအကျန်များကို စတင် ကိုင်တွယ်ဖြေရှင်းခဲ့သည်။
ကျန်းချန်က သူ့ထံတွင် အညံ့ခံထားသည့် ဟင်းလင်းပြင် နွားမိစ္ဆာမျိုးနွယ်စုကို အတွင်းလူအဖြစ် အသုံးချကာ နတ်ဘုရားနယ်မြေ ထဲတွင် ပုန်းအောင်းနေသည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အကြွင်းအကျန်များကို လိုက်လံရှာဖွေကာ ရှင်းလင်းခဲ့သည်။
ထို့ကြောင့် လအနည်းငယ် အတွင်းမှာပင် နတ်ဘုရားနယ်မြေရှိ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုသည် လုံးဝနီးပါး အမြစ်ပြတ် သုတ်သင်ခံလိုက်ရ၏။
ယခုအခါတွင် မဟာကပ်ဘေးကြီး ပြီးကတည်းက နတ်ဘုရားနယ်မြေကို ခြိမ်းခြောက်လာခဲ့သည့် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုသည် အဆုံးသတ်တွင် နတ်ဘုရားနယ်မြေ၏ သမိုင်းစာမျက်နှာထဲ၌ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။
ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုကို ချေမှုန်းပြီးနောက်တွင် ကျန်းချန်တို့ အားလုံးသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ စစ်တပ်က သိပ်မကြာခင် နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာတော့မည်ကို သိနှင့်နေကြသောကြောင့် သဘာဝကျစွာပင် ပေါ့ပေါ့ဆဆ မနေရဲကြပေ။
နတ်ဘုရားနယ်မြေကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် တိုက်ခိုက်ရမည့် စစ်တလင်း မဖြစ်စေရန် အတွက် ကျန်းချန်တို့သည် နတ်ဘုရားနယ်မြေ၏ အရင်းအမြစ် အားလုံးကို စုစည်းပြီး နတ်ဘုရားနယ်မြေ အပြင်ဘက်ရှိ ကြယ်ဂလက်စီထဲတွင် မြို့တစ်မြို့ တည်ဆောက်ရန် ပြင်ဆင်ခဲ့ကြသည်။
သို့မှသာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ လူများကို နတ်ဘုရားနယ်မြေထဲ ဝင်မလာအောင် တားဆီးနိုင်လိမ့်မည် မဟုတ်ပါလော။
-------------------
ကျန်းချန်တို့က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်ကို ရင်ဆိုင်ရန် အတွက် ပြင်ဆင်နေကြသော အချိန်တွင် နတ်ဘုရားနယ်မြေ အပြင်ဘက်ရှိ အဆုံးမဲ့ ကြယ်ဂလက်စီထဲ၌ ကြီးမားသော ရှေးဟောင်း စစ်သင်္ဘောကြီးတစ်စီးသည် ကြယ်တာရာ ကောင်းကင်ယံကို ဖြတ်ကျော်ပြီး ပျံသန်းလာခဲ့သည်။
ထိုစစ်သင်္ဘောသည် ပေပေါင်းထောင်ချီ ရှည်လျားပြီး သင်္ဘောကိုမူ အမျိုးအမည် မသိရသည့် သတ္တုများဖြင့် ပြုလုပ်ထားသည်။
စစ်သင်္ဘောပေါ်တွင် အင်မော်တယ် ကျင့်ကြံသူ ထောင်ပေါင်းများစွာထက် မနည်း ရှိနေခဲ့သည်။
သင်္ဘောပေါ်မှ အင်မော်တယ် ကျင့်ကြံသူတိုင်းသည် အခြေခံအားဖြင့် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကို ရောက်ရှိနေကြပြီး သူတို့၏ အရှိန်အဝါများသည် အလွန်တရာပင် အားကောင်း၏။
အထူးသဖြင့် စစ်သင်္ဘော၏ ရှေ့ဆုံးတွင် ရှိသည့် အခန်းထဲတွင် ကျင့်ကြံနေကြသော လူတစ်ရာကျော်သည် သူတို့၏ မျက်ဝန်းများကို ဖွင့်လိုက်ပိတ်လိုက် လုပ်တိုင်းတွင် ငွေရောင်အလင်းတန်းများ လင်းလက်နေခဲ့ပြီး ကမ္ဘာကြီးကိုပင် တုန်ခါသွားစေခဲ့သည်။
၎င်းတို့အားလုံးသည် ကပ်ဘေးအဆင့် ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
အားလုံးထဲတွင် ကြောက်စရာအကောင်းဆုံးမှာ စစ်သင်္ဘော၏ ဦးပိုင်းတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေသည့် သွေးရောင်ဝတ်စုံဝတ် လူတစ်ယောက် ဖြစ်သည်။
ထို သွေးရောင်ဝတ်စုံဝတ်လူသည် ဆံပင်အတော်လေး ရှည်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးနီရောင် သန်းနေခဲ့သည်။
သူက မည်သည့် အရှိန်အဝါမှ ထုတ်ဖော်မထားသော်လည်း သူ၏ အမူအရာသည် မြင်ရသူတိုင်းကို သတိမထားမိဘဲ မနေနိုင်လောက်သည် အထိ ဖြစ်စေခဲ့သည်။
“သွေးနတ်ဆိုးသခင်.. သွေးနေမင်းဘိုးဘေး.. သွေးနတ်ဆိုးဂိုဏ်းဆီ ပေးပို့ခဲ့တဲ့ အချက်အလက်တွေအရ ဆိုရင် ကျွန်တော်တို့တွေ နတ်ဘုရားနယ်မြေနဲ့ သိပ်မဝေးတော့ဘူး.. အကြာဆုံး သုံးရက်အတွင်း နတ်ဘုရားနယ်မြေကို ဆင်းသက်နိုင်တော့မှာပါ”
ထိုအချိန်မှာပင် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ယောက်သည် သွေးရောင်ဝတ်စုံဝတ်လူ၏ နောက်ကျောသို့ ရုတ်တရက် လျှောက်လာခဲ့ပြီး တရိုတသေ ပြောလိုက်သည်။
“နောက်ဆုံးတော့ နတ်ဘုရားနယ်မြေကို ရောက်တော့မှာပါလား”
သွေးရောင်ဝတ်စုံဝတ်လူက တိတ်တဆိတ် ရေရွတ်လိုက်သည်။
သူ၏ သွေးနီရောင်မျက်ဝန်း ထဲတွင် ဆန်းကြယ်သည့် အလင်းတန်းများ ရုတ်တရက် လင်းလက်သွားခဲ့သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အထွတ်အထိပ် ကျင့်ကြံသူတွေ ရှုံးနိမ့်ပြီး ပြန်လာခဲ့ရတဲ့ ဒီနေရာက ဘာတွေထူးခြားနေလဲ ဆိုတာကို ငါတကယ် သိချင်မိတယ်”
အခန်း(၂၄၆၆)ပြီး၏။
***