နတ်ဘုရားနယ်မြေ၏ အပြင်ဘက်ရှိ အဆုံးမဲ့ ကြယ်ဂလက်စီထဲတွင် တည်ဆောက်ပြီးသား ဖြစ်သည့် ကြီးမားသော မြို့တော် တစ်ခု ရှိနေခဲ့သည်။
ထိုမြို့တော်သည် ကျန်းချန်နှင့် တခြားသူများက နတ်ဘုရားနယ်မြေမှ မရေမတွက်နိုင်သော အရင်းအမြစ်များကို စုစည်းပြီး ကြိုးပမ်းအားထုတ်မှုများဖြင့် တည်ဆောက်ခဲ့သည့် ကြယ်ကောင်းကင်မြို့တော်ပင် ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် တိုက်ခိုက်ရာတွင် ခုခံနိုင်ရန်အတွက် ကျန်းချန်နှင့် တခြားသူများသည် ကြယ်ကောင်းကင်မြို့တော်၏ ကာကွယ်ရေးစနစ်ကို အလွန်အမင်းအားကောင်းအောင် လုပ်ဆောင်ခဲ့ကြသည်။
ထို့အပြင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်သည့် မင်ယွဲ့ရှင်းကိုယ်တိုင်ကလည်း ကာကွယ်ရေး အစီအရင်တစ်ခုကို ခင်းကျင်းပေးထားသည်။
ဆိုရလျှင် မဟာယာနအဆင့် ကျင့်ကြံသူ ကိုယ်တိုင် လှုပ်ရှားခြင်းမျိုး မဟုတ်လျှင် မည်သူကမှ ကြယ်ကောင်းကင်မြို့တော်၏ ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။
ကြယ်ကောင်းကင်မြို့၏ အပြင်ဘက်တွင် ကျန်းချန်နှင့်မင်ယွဲ့ရှင်းတို့သည် ဘေးချင်းယှဥ်၍ ရပ်နေခဲ့ပြီး သူတို့ရှေ့ရှိ အဆုံးမဲ့စကြဝဠာဂလက်စီကို ကြည့်နေခဲ့သည်။
“စီနီယာမင်ယွဲ့.. အဆုံးမဲ့စကြဝဠာဂလက်စီက လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်အရမ်းများတယ်.. နတ်ဘုရင်အဆင့် ကျင့်ကြံသူတွေ ဝင်သွားရင်တောင် အသက်ရှင်ဖို့က ဆယ်ပုံတစ်ပုံပဲရှိတယ်လို့ ကြားဖူးတယ်.. အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက အဆုံးမဲ့စကြဝဠာဂလက်စီကို ဘယ်လိုလုပ်ပြီး ကျော်ဖြတ်လာတာလဲ”
သူ့ရှေ့မှ အဆုံးမဲ့ စကြဝဠာဂလက်စီကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် စူးစမ်းလိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“သူတို့တွေက စကြဝဠာ ဂလက်စီတွေမှာ သွားလာနိုင်တဲ့ ကြယ်တာရာစစ်သင်္ဘောကို တီထွင်ခဲ့ကြတယ်”
မင်ယွဲ့ရှင်းက ကျန်းချန်ကို ရှင်းပြလိုက်သည်။
“အဲဒီလို ကြယ်တာရာ စစ်သင်္ဘောမျိုး တည်ဆောက်ဖို့ ဆိုရင် ငါတို့ အခု တည်ဆောက်ခဲ့တဲ့ ကြယ်ကောင်းကင်မြို့တော်ထက် စွမ်းအင်နဲ့ အရင်းအမြစ်တွေ အဆပေါင်းများစွာ ပိုပြီးတော့ကုန်ကျတယ်.. လက်ရှိမှာ ငါတို့ နတ်ဘုရားနယ်မြေက ကြယ်တာရာစစ်သင်္ဘော တည်ဆောက်နိုင်တဲ့ အရည်အချင်း မရှိသေးပါဘူး”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ မေးလိုက်သည်။
“စီနီယာမင်ယွဲ့.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက သန်မာလို့လား”
“အရမ်းကို သန်မာလွန်းတယ်.. ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ကျူးကျော်စဥ်က မဟာယာနအဆင့် ကျင့်ကြံသူရာချီ ရှိခဲ့တယ်.. ဒါက နတ်ဘုရားနယ်မြေရဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူအရေအတွက်ထက် နှစ်ဆမက ပိုများတဲ့ အရေအတွက်ပဲ.. ကံကောင်းတာက နတ်ဘုရားနယ်မြေမှာ အလွန်အမင်း ပါရမီထူးချွန်တဲ့ အုပ်စိုးသူအဆင့် ကျင့်ကြံသူ အနည်းငယ် ရှိနေခဲ့တယ်"
"သူတို့တွေက တစ်ယောက်တည်းနဲ့ မဟာယာနအဆင့် ကျင့်ကြံသူ အများအပြားကို အနိုင်ယူနိုင်စွမ်းရှိတယ်.. အထူးသဖြင့် အဲဒီအချိန်က မင်းတို့ လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်ဆိုရင် မဟာယာနအဆင့် ကျင့်ကြံသူဆယ်ယောက်ထက် မနည်းကို သတ်ဖြတ်နိုင်ခဲ့တယ်.. ဒီလိုအစွမ်းထက်ပုဂ္ဂိုလ်တွေ မရှိခဲ့ရင် နတ်ဘုရားနယ်မြေအနေနဲ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ယှဥ်နိုင်ဖို့ ခက်ခဲမှာအမှန်ပဲ”
ကျန်းချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“အဲဒီတိုက်ပွဲမှာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာလည်း ပြင်းထန်တဲ့ ထိုးနှက်ချက်တွေ ခံခဲ့ရတယ် မဟုတ်လား”
“တိုက်ပွဲက အရမ်းကို ကြေကွဲစရာကောင်းခဲ့တယ်.. နတ်ဘုရားနယ်မြေက အုပ်စိုးသူအဆင့် ကျင့်ကြံသူ အများအပြားက တိုက်ပွဲထဲမှာ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးသွားခဲ့တယ်.. နတ်ဘုရားနယ်မြေက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်နိုင်ခဲ့ပေမဲ့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ အင်အားတချို့ ကျန်ရှိနေသေးတယ်"
"ဒါပေမဲ့ အဲဒီအရေးကြီးတဲ့အချိန်မှာပဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကနေ ရုတ်တရက် ဆုတ်ခွာသွားခဲ့တယ်.. ဒါ့အပြင် အဲဒီနောက်ပိုင်းမှာ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာက ပြန်လည် နာလန်ထူလာနိုင်ခဲ့ပေမဲ့ နတ်ဘုရားနယ်မြေကတော့ ပျက်စီးနေတဲ့ အခြေအနေကနေ အခုမှ ပြန်ကောင်းစရှိသေးတဲ့ အတွက် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနဲ့တော့ ယှဥ်လို့မရသေးဘူး”
ထိုစကားကိုပြောနေစဥ် မင်ယွဲ့ရှင်း၏ စကားသံတွင် လေးနက်သော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။
ယခုအခါတွင် နတ်ဘုရားနယ်မြေသည် ပြာပုံထဲကနေ တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။
ပြန်လည်အားဖြည့်ရန်သာ အချိန်အလုံအလောက် ရခဲ့လျှင် ရှေးခေတ်ကာလကထက်ပင် သာလွန်သော ခွန်အားမျိုး ရရှိလာနိုင်၏။
သို့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် သူတို့ကို အချိန်အများကြီး ပေးမည် မဟုတ်မှန်း သိသာနေခဲ့သည်။
မင်ယွဲ့ရှင်း၏ စကားကိုကြားလျှင် ကျန်းချန်၏ စိတ်ထဲတွင် အတွေးတချို့ ဖြစ်ပေါ်လာခဲ့၏။
နတ်ဘုရားနယ်မြေနှင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတို့ တိုက်ခိုက်နေကြသောအချိန်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က နတ်ဘုရားနယ်မြေသို့ ဆင်းသက်လာသော အချိန်ဖြစ်သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာက ရုတ်တရက် ဆုတ်ခွာသွားရသည်မှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိနေရန် အလွန်များ၏။
ထိုအချိန်က တိုက်ပွဲတွင် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည် အကြီးအကျယ် ထိခိုက်သွားခဲ့ပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက် မွေးဖွားဖို့ပင် ခက်ခဲသွားခဲ့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကမူ မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာအနေဖြင့် ကြီးမားသောဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရလျှင်ပင် ဤမျှ နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်တစ်ခုအထိ ပြန်လည် နာလန်ထူလာနိုင်မည် ဖြစ်ရာ နတ်ဘုရားနယ်မြေအနေဖြင့် ယှဥ်နိုင်ရန်မှာ အဝေးကြီး လိုနေသေးသည်။
“သိပ်ပြီးလည်း စိတ်မပူပါနဲ့”
မင်ယွဲ့ရှင်းက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“ဒီတစ်ခေါက် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ စစ်ချီလာတာက သွေးနေမင်းဘိုးဘေးရဲ့ လမ်းညွှန်မှုကြောင့် ဖြစ်နိုင်တယ်.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ရရှိထားတဲ့ အချက်အလက်က နတ်ဘုရားနယ်မြေ နာလန်မထူခင်က အခြေအနေ ဖြစ်တဲ့ အတွက် အင်အား အလွန်အမင်း ကြီးးကြီးမားမားမျိုး စေလွှတ်လာလောက်မှာ မဟုတ်ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
နတ်ဘုရားနယ်မြေ ပြန်လည် နာလန်မထူစဥ်က အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိခဲ့သောကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အနေဖြင့် နတ်ဘုရားနယ်မြေကို သိမ်းပိုက်ရန် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်သာ စေလွှတ်ရုံနှင့်တင် လုံလောက်၏။
အကယ်၍ ထိုအတိုင်းသာဆိုလျှင် သူတို့ နတ်ဘုရားနယ်မြေသည် ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိနေဦးမည် ဖြစ်သည်။
ကျန်းချန်က ခေါင်းကိုခါရမ်းလိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ ဆက်လက် မစဥ်းစားတော့ပေ။
သူက မင်ယွဲ့ရှင်းကို မုန့်ချင်းရွှယ်၏ အခြေအနေနှင့် ပတ်သက်၍ တိုက်ရိုက်ပင် မေးလိုက်သည်။
“စီနီယာမင်ယွဲ့.. ချင်းရွှယ်ရဲ့ အခြေအနေက အခု ဘယ်လိုရှိလဲ”
“စိတ်မပူပါနဲ့ အဲဒီကလေးမက ငါတို့ လနတ်နန်းတော်ရဲ့ အနာဂတ်ပဲ.. လနတ်နန်းတော်က သူမကို ဘာပြဿနာမှ အဖြစ်ခံမှာမဟုတ်ဘူး”
မင်ယွဲ့ရှင်းက တည်ငြိမ်စွာပြောလိုက်သည်။
“သိပ်မကြာခင် သူမ ထွက်လာတော့မှာပါ.. အဲဒီအချိန်ကျရင် မင်း အံ့ဩသွားပါလိမ့်မယ်”
“ဝုန်း..”
ကျန်းချန်တို့ နှစ်ယောက် စကားပြောဆိုနေစဥ်မှာပင် သူတို့ရှေ့ရျိ တိတ်ဆိတ်ငြိမ်သက်နေသော အမှောင်ထုထဲတွင် ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်တို့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ရှေ့ကို လှမ်းကြည့်လိုက်ကြသည်။
“အားလုံးကို တိုက်ပွဲအတွက် အဆင်သင့် ပြင်ထားခိုင်းလိုက်တော့.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ စစ်တပ်ရောက်လာခဲ့ပြီ”
မင်ယွဲ့ရှင်းက အေးစက်စက် မျက်ဝန်းများဖြင့် အဆုံးမဲ့ဂလက်စီကို ထွင်းဖောက်၍ ကြည့်နေခဲ့၏။
သူမ၏ ခပ်တိုးတိုးစကားသံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက တကယ်ကို မြန်မြန်ဆန်ဆန် ရောက်လာတာပဲ”
ကျန်းချန်က စိတ်ထဲတွင် အနည်းငယ် လေးလံသွားခဲ့ပြီးကြယ်ကောင်းကင်မြို့တော်တွင် ရှိသည့် သန်မာသော ကျင့်ကြံသူများကို စုစည်းရန် ချက်ချင်းဆိုသလို အချက်ပြလိုက်သည်။
ဆရာသခင်စန်းမင်တို့ လူစုက ကြယ်ကောင်းကင် မြို့တော်ထဲကနေ ပျံသန်း၍ ထွက်လာသောအချိန်မှာပင် ပေတစ်ထောင်ကျော် ရှည်လျားသည့် စစ်သင်္ဘောကြီး တစ်စင်း၏ ပုံရိပ်သည် ကျန်းချန်တို့၏ မြင်ကွင်းထဲတွင် ခပ်ရေးရေး ထွက်ပေါ်လာခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်သည် အမှန်တကယ်ပင် ရောက်ရှိလာခဲ့ချေပြီ။
ကျန်းချန်တို့က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်ကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေသည့် အချိန်တွင် ကြီးမားသော ကြယ်တာရာ စစ်သင်္ဘောကြီးမှ သွေးနတ်ဆိုး၏ အကြည့်သည် မိုင်ပေါင်းသောင်းချီ ကွာဝေးသည့် ဂလက်စီကိုဖြတ်ကျော်ကာ ကြယ်ကောင်းကင်မြို့တော် ဆီသို့ ကျရောက်သွားခဲ့သည်။
“နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ အပြင်ဘက်မှာ မြို့တစ်မြို့ရှိနေပါလား.. ဘာလို့ သွေးနေမင်းဘိုးဘေးက ဒီအချက်အလက်ကို ထည့်မပြောရတာလဲ”
သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည့် ကြယ်ကောင်းကင်မြို့တော်ကို မြင်လျှင် သွေးနတ်ဆိုးသည် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
စကြဝဠာ အပြင်ဘက်ရှိ ဂလက်စီထဲတွင် မြို့တစ်မြို့တည်ဆောက်ဖို့ ဆိုသည်မှာ မလွယ်ကူပေ။
သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာပင် မဟာယာနအဆင့် ကျင့်ကြံသူများသာ ထိုအရာကို လုပ်ဆောင်နိုင်ကြသည်။
နတ်ဘုရားနယ်မြေ စကြဝဠာသည် ယခုလို မြို့တစ်မြို့တည်ဆောက်နိုင်သည် ဆိုလျှင် မဟာယာနအဆင့် ကျင့်ကြံသူများနှင့် ယှဥ်နိုင်သည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက် သေချာပေါက် ရှိနေလောက်သည်။
သို့သော်လည်း သွေးနေမင်းဘိုးဘေး ပေးပို့ခဲ့သည့် အချက်အလက်ထဲတွင် လက်ရှိ နတ်ဘုရားနယ်မြေ၌ အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိပေ။
“သွေးနတ်ဆိုးသခင်.. ဒီမြို့တော်က အသစ် တည်ဆောက်ထားပုံပဲ.. ကြည့်ရတာ နတ်ဘုရားနယ်မြေက အုပ်စိုးသူ အဆင့် ကျင့်ကြံသူ တစ်ယောက် သိပ်မကြာခင်ကမှ မွေးဖွားလာတာဖြစ်ဖို့များတယ်”
သွေးနတ်ဆိုး၏ အနောက်တွင် ရပ်နေသည့် ကပ်ဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
သွေးနတ်ဆိုးက ကြယ်ကောင်းကင်မြို့တော်ကို ကျော်လွန်ပြီး နတ်ဘုရားနယ်မြေကို တိုက်ရိုက်ပင် အပေါ်စီးကနေ အကဲခတ်လိုက်သည်။
နတ်ဘုရားနယ်မြေ ထဲတွင် စွမ်းအင်များ ပြည့်လျှံနေခဲ့ပြီး စွမ်းအင် အဆီအနှစ်များသည် နဂါးတစ်ကောင်လို ဖြစ်နေသည်ကို သူမြင်လိုက်ရ၏။
အဆုံးမဲ့ လမ်းစဥ်များသည် နတ်ဘုရားနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံထားခဲ့ပြီး နတ်ဘုရားနယ်မြေမှ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအားများကို ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်စေနေခဲ့သည်။
သွေးနတ်ဆိုး အလွန်ပင် အံ့အားသင့်သွားခဲ့သည်။
သူသိထားသလောက် ဆိုလျှင် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့စဥ်တွင် နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်သည် အကြီးအကျယ် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံးသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့သည်။
သို့သော်လည်း သူ့ရှေ့မှ နတ်ဘုရားနယ်မြေကမူ အလွန်ပင်ပြီးပြည့်စုံနေပြီး ကောင်းကင်နှင့် မြေကြီးမှ အသက်စွမ်းအားများသည်လည်း သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် ယှဥ်လျှင်ပင် ပို၍ သာလွန်နေခဲ့သည်။
ဤမျှအထိ အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့သည့် စကြဝဠာတစ်ခုသည် ဤအဆင့်အထိ မည်ကဲ့သို့ ပြန်လည် နာလန်ထူနိုင်သည်ကို သွေးနတ်ဆိုး မတွေးတတ်တော့ပေ။
အကယ်၍ နတ်ဘုရားနယ်မြေကိုသာ ဤအတိုင်း ဆက်လက် ကြီးထွားခွင့် ပေးလိုက်မည် ဆိုလျှင် အနာဂတ်တွင် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည်ပင် နတ်ဘုရားနယ်မြေနှင့် မယှဥ်ပြိုင်နိုင်တော့မည်မှာ သေချာသလောက်ပင်။
အခန်း(၂၄၆၇)ပြီး၏။
***