နတ်ဘုရားနယ်မြေစကြဝဠာ၏ အဆုံးမဲ့ဂလက်စီထဲတွင် ကြီးမားသော ကြယ်တာရာ စစ်သင်္ဘောကြီးသည် ကြယ် အစုအဝေးထဲကနေ ထွက်လာခဲ့ပြီး ကျန်းချန်တို့၏ အကြည့်အောက်မှာတင် ကြယ်ကောင်းကင်မြို့တော်နှင့် မိုင်ပေါင်းထောင်ချီ အကွာအဝေး၌ ရပ်တန့်လိုက်သည်။
မကြာမီမှာပင် သွေးရောင်ဝတ်စုံဝတ် လူတစ်ယောက်သည် ကြယ်တာရာ စစ်သင်္ဘောပေါ်ကနေ လှမ်းထွက်လာခဲ့သည်။
ယင်းနောက်တွင် ရာချီသော ကျင့်ကြံသူများသည်လည်း ကြယ်တာရာ စစ်သင်္ဘောထဲကနေ ထွက်ကာ ထိုလူ နောက်သို့လိုက်ပါလာကြသည်။
သူတို့က စွမ်းအား အစအနလေးပင် မထုတ်ဖော်ရသေးသော်လည်း သူတို့၏ ကြောက်မက်ဖွယ်ရာကောင်းသောအရှိန်အဝါဖြင့်ပင် လူအများကို ခြောက်လှန့်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်က ကြယ်တာရာ စစ်သင်္ဘောကနေ ထွက်လာသည့် ကျင့်ကြံသူများကို အသေအချာ အကဲခတ်နေခဲ့သည်။
ခေါင်းဆောင်ဖြစ်သည့် သွေးရောင်ဝတ်စုံဝတ် လူသည် နက်ရှိုင်းသော အရှိန်အဝါ ရှိပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်သည့် မင်ယွဲ့ရှင်းနှင့် ယှဥ်လျှင်ပင် သာလွန်နေပုံရ၍ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
ထိုသွေးရောင်ဝတ်စုံဝတ် လူ၏ အနောက်ဘက်တွင် သန်မာသော အရှိန်အဝါသုံးခု ရှိပြီး ၎င်းတို့သည် ဆရာသခင် စန်းမင်နှင့် ဝူကျန့်ထျန်း တို့ထက်ပင် မနိမ့်ကျပေ။
ထိုသုံးယောက်လုံးသည် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ထက် မနိမ့်ကျသည့် မဟာယာနတစ်ပိုင်း အဆင့် ကျင့်ကြံသူများ ဖြစ်သည်မှာ သိသာနေခဲ့သည်။
ဤလေးယောက်၏ နောက်တွင်မူ ကပ်ဘေးအဆင့်ကို ရောက်ရှိနေသည့် ရာချီသော ကျင့်ကြံသူများ ရှိနေခဲ့၏။
မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်၊ မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်နှင့် ရာချီသော ကပ်ဘေးအဆင့် ကျင့်ကြံသူများ ပါဝင်သည့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အင်အားစုကို မြင်လိုက်ရလျှင် ကျန်းချန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
အကယ်၍ နတ်ဘုရားနယ်မြေ ပြန်လည် နာလန်မထူခင်ကသာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက ထိုကဲ့သို့ အင်အားစုမျိုးကို စေလွှတ်လိုက်လျှင် နတ်ဘုရားနယ်မြေ တစ်ခုလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်လောက်၏။
သို့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နတ်ဘုရားနယ်မြေ၏ ခွန်အားသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ယခုဆိုလျှင် သူတို့တွင် မင်ယွဲ့ရှင်း ကဲ့သို့ အုပ်စိုးသူအဆင့်ကျင့်ကြံသူ ရှိနေရုံတင် မကတော့ဘဲ ခြေလှမ်းတစ်ဝက် အုပ်စိုးသူ အဆင့်ကို ရောက်ရှိနေသည့် ဆရာသခင်စန်းမင်နှင့် ဝူကျန့်ထျန်း တို့လည်း ရှိနေခဲ့ကာ နတ်ဘုရင်အဆင့် ကျင့်ကြံသူ အရေအတွက်သည်ပင် ရာဂဏန်းထက် မနည်းတော့ပေ။
လက်ရှိ နတ်ဘုရားနယ်မြေ၏ ခွန်အားဖြင့်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ စစ်တပ်ကို အလွန်အမင်း ကြောက်ရွံ့နေစရာ မလိုချေ။
“အဲဒီတုန်းက အပိုင်းပိုင်းအစစ ပျက်စီးသွားတဲ့ နတ်ဘုရားနယ်မြေက ဒီအဆင့်အထိ ပြန်လည် နာလန်ထူလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မင်းတို့ စကြဝဠာမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေပုံပဲ”
ထိုနတ်ဆိုးက နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို အသာအယာ ဝေ့ကြည့်လိုက်သည်။
သူ၏ အေးစက်စက် စကားသံသည် ကြယ်တာရာကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့၏။
မင်ယွဲ့ရှင်းက သွေးနတ်ဆိုးကို အေးစက်သော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ရှင်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက သွေးနတ်ဆိုးဂိုဏ်းရဲ့ အဖွဲ့ဝင် မဟုတ်လား.. ရှင်တို့တွေက နတ်ဘုရားနယ်မြေကို ကျူးကျော်ရဲတဲ့ အထိ သတ္တိရှိလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး”
“ငါက နတ်ဘုရားနယ်မြေကို ကျူးကျော်ဖို့ ဘယ်တုန်းကမှ မစဥ်းစားခဲ့ပါဘူး.. ငါက မင်းတို့ဆီကနေ အင်မော်တယ်ကျောက်တိုင်ကိုပဲ ပြန်ယူချင်တာပါ”
သွေးနတ်ဆိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“အဲဒီ အင်မော်တယ်ကျောက်တိုင်က မင်းတို့ နတ်ဘုရားနယ်မြေမှာ ထွက်ပေါ်လာပြီလို့ ငါသတင်းရထားတယ်.. မင်းတို့သာ အင်မော်တယ် ကျောက်တိုင်ကို လွှဲပေးဖို့ သဘောတူမယ်ဆိုရင် ငါတို့အခုချက်ချင်း ဆုတ်ခွာပေးမယ်.. ဒါ့အပြင် နတ်ဘုရားနယ်မြေကို နောက်တစ်ခါ ဘယ်တော့မှ မကျူးကျော်တော့ဘူးလို့လည်း ကတိပေးတယ်”
နတ်ဘုရားနယ်မြေ ပြန်လည် နာလန်ထူလာပြီးနောက်တွင် ၎င်းတို့၏ ခွန်အားများသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်နေခဲ့သည်။
နတ်ဘုရားနယ်မြေဆီ ချီတက်လာသည့် သူတို့ စစ်တပ်သည် နတ်ဘုရားနယ်မြေကို သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
အကယ်၍ သတင်း ပြန်ပို့မည်ဆိုလျှင်ပင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကနေ စစ်ကူများ လာရောက်ရန် အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်ခန့် စောင့်ရလိမ့်မည်ဖြစ်သည်။
သို့သော် နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်ခန့် ထပ်စောင့်ရမည်ဆိုလျှင် လက်ရှိ နတ်ဘုရားနယ်မြေ၏ အခြေအနေအရ ခွန်အားများသည် ယခုထက် အဆပေါင်းများစွာ ပို၍ သန်မာလာပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင် သွေးနတ်ဆိုးသည် ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရွေးချယ်ခြင်း မပြုခဲ့ခြင်းဖြစ်သည်။
သူတို့ ဤနေရာသို့ ရောက်လာရသည့် အကြောင်းရင်းမှာ အင်မော်တယ်ကျောက်တိုင် အတွက်သာ ဖြစ်၏။
နတ်ဘုရားနယ်မြေဘက်မှ အင်မော်တယ်ကျောက်တိုင်ကို လွှဲပေးမည် ဆိုလျှင် သွေးနတ်ဆိုးအနေဖြင့် နတ်ဘုရားနယ်မြေကို ဆက်လက် တိုက်ခိုက်ရန် အစီအစဥ်မရှိပေ။
“ရှင်တို့ ပြောနေတဲ့ အင်မော်တယ်ကျောက်တိုင်က ဘာလဲဆိုတာ ကျွန်မ မသိဘူး.. တကယ်လို့ သိခဲ့ရင်တောင်မှ ရှင်တို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကို လွှဲပေးမှာ မဟုတ်ဘူး”
မင်ယွဲ့ရှင်း၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ လင်းလက်သွားခဲ့ပြီး ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
“အပိုစကားတွေ မပြောဘဲ ရှင်တို့ အခုချက်ချင်း ထွက်သွားပါ.. ထွက်မသွားရင်တော့ ရှင်တို့ရဲ့ အသက်ကို ဒီနေရာမှာ ထာဝရထားခဲ့ရလိမ့်မယ်”
ရှေးခေတ်ကာလက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ကျူးကျော်မှုကြောင့် နတ်ဘုရားနယ်မြေသည် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရသည်။
သို့ဖြစ်၍ နတ်ဘုရားနယ်မြေနှင့် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတို့ ကြားတွင် အဆုံးမဲ့ ရန်ငြိုးများ ဖြစ်ပေါ်နေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
မင်ယွဲ့ရှင်း အနေဖြင့် သွေးနတ်ဆိုး၏နှုတ်မှ ထုတ်ဖော်ပြောဆိုခဲ့သည့် အင်မော်တယ်ကျောက်တိုင်က မည်သည့်အရာမှန်း မသိသော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက စကြဝဠာအဆင့် စစ်ပွဲကြီးတစ်ခုကို ဖန်တီးရသည်အထိ အရယူချင်နေသည့် ပစ္စည်းသည် သာမန် မဟုတ်သည်မှာတော့ သေချာ၏။
ထိုအချိန်က နတ်ဘုရားနယ်မြေ၏ ဘိုးဘေးများသည် သူတို့ထက် နှစ်ဆခန့် ပိုမို အားကောင်းသည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရင်ဆိုင်ခဲ့ရသည့်တိုင် ထိုအင်မော်တယ်ကျောက်တိုင်ကို လွှဲမပေးခဲ့ကြပေ။
သို့ဖြစ်ရာ သူတို့ ဘိုးဘေးများ သွေးနှင့်ရင်းပြီး အပြင်းအထန်ကာကွယ်ခဲ့သည့် အရာကို အဘယ်ကြောင့် အလွယ်တကူ လွှဲပေးနိုင်ပါမည်နည်း။
ထို့အပြင် မင်ယွဲ့ရှင်းသည် အင်မော်တယ်ကျောက်တိုင်ကို မမြင်ဖူးသော်လည်း သွေးနတ်ဆိုး၏ နှုတ်မှ ထုတ်ဖော် ပြောဆိုခဲ့သည့် အင်မော်တယ်ကျောက်တိုင်သည် ကျန်းချန်၏ ကိုယ်ပေါ်တွင် ရှိနေနိုင်သည်ဟု ခပ်ရေးရေး ခံစားမိနေခဲ့သည်။
နတ်ဘုရားနယ်မြေ အနေဖြင့် ရှေးခေတ်ကာလထက်ပင် ပို၍ အားကောင်းလာသည် အထိ ပြောင်းလဲတိုးတက်လာသည်မှာ ထိုအရာနှင့်ပတ်သက်နေရန် အလွန်ပင် ဖြစ်နိုင်ခြေ ရှိသည်။
ထို့ကြောင့် အင်မော်တယ်ကျောက်တိုင်ကို လွှဲပေးလိုက်မည်ဆိုလျှင် ကိုယ့်သေတွင်း ကိုယ်တူးလိုက်သည်နှင့် မခြားပေ။
“ကောင်းကောင်းမွန်မွန် ပြောနေတာကို နားမထောင်ချင်ဘူးပဲ.. ငါတို့က မင်းတို့ကို ကြောက်နေတယ်လို့များ ထင်နေလား”
သွေးနတ်ဆိုး၏ မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့ပြီး နှုတ်ကနေလည်း ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
“သူတို့အားလုံးကို ရှင်းပစ်ပြီး နတ်ဘုရားနယ်မြေထဲကို ကျူးကျော်ကြ”
“ဝုန်း..”
သွေးနတ်ဆိုး၏ အမိန့်ကို ရသည်နှင့် သူ့နောက်မှ ရာနှင့်ချီသော ကပ်ဘေးအဆင့် ကျင့်ကြံသူများထံကနေ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်၏ ဦးဆောင်မှုအောက်တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူများသည် ကြယ်တာရာ ကောင်းကင်ယံကိုပင် တုန်ခါစေလောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါများနှင့်အတူ ကြယ်ကောင်းကင် မြို့တော်ဆီ ချီတက်လာခဲ့ကြသည်။
ထို့အပြင် သူတို့ နောက်ရှိ ကြယ်တာရာ စစ်သင်္ဘောကြီးသည်လည်း ကြယ်ကောင်းကင်မြို့တော် ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့သည်။
စကြဝဠာ၏ ဂလက်စီသည် သာမန် မဟုတ်သောကြောင့် နတ်ဘုရင်အဆင့် သို့မဟုတ် ကပ်ဘေးအဆင့် ကျင့်ကြံသူ မဟုတ်လျှင် စကြဝဠာထဲ၌ ပျံသန်းရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ကပ်ဘေးအဆင့်အောက်ရှိ အင်မော်တယ် ကျင့်ကြံသူများသည် ကြယ်တာရာစစ်သင်္ဘောကို ထိန်းချုပ်ပြီး ကြယ်ကောင်းကင်မြို့တော်ဆီသို့ မောင်းနှင်လာခဲ့ခြင်းပင်။
“တိုက်ကြ”
မင်ယွဲ့ရှင်း၏ အေးစက်စက် စကားသံသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
သူမ ကိုယ်တိုင်က မိုင်ပေါင်းထောင်ချီ ကွာဝေးသည့် နေရာတွင် သွေးနတ်ဆိုးနှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။
ဆရာသခင် စန်းမင်နှင့် ဝူကျန့်ထျန်း တို့ကလည်း တစ်ချိန်တည်းမှာပင် လှုပ်ရှားလိုက်ကြပြီး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်စီကို ရင်ဆိုင်လိုက်ကြသည်။
“အဖေ.. နောက်ဆုံးကျန်ရှိတဲ့ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကို ကျွန်တော်နဲ့ပဲ လွှဲထားလိုက်ပါ.. အဖေက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး ကြယ်ကောင်းကင်မြို့တော်ကို ကာကွယ်ပေးထားပါ”
စကားဆုံးသည်နှင့် ကျန်းချန်သည် တောက်ပသော ဓားအလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိုင်ပေါင်းထောင်ချီ အကွာအဝေးကို တစ်မုဟုတ်ချင်း ရောက်ရှိသွားကာ နောက်ဆုံး ကျန်ရှိသည့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကို ဓားဖြင့် ခုတ်ချလိုက်သည်။
“ပုရွက်ဆိတ်လေးကများ ငါ့ကို တိုက်ခိုက်ရဲတယ်”
ကျန်းချန်က သူ့ကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်အား မြင်လျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်နှာထက်တွင် မထီမဲ့မြင်အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက လက်တစ်ဖက်ကို မြှောက်၍ အသာအယာ ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများသည် တစ်ခဏအတွင်း အနက်ရောင်လက်ဝါးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ထံ သက်ရောက်သွားခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်သည် ကြယ်တာရာ ကောင်းကင်ယံတွင် ပေပေါင်းရာချီ နောက်ဆုတ်သွားခဲ့ရ၏။
“ဒါက မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူရဲ့ စွမ်းအားလား.. ငါထင်ထားတာထက် အများကြီး ပိုသန်မာတာပဲ”
သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီးနောက်တွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ကြည့်နေသော ကျန်းချန်၏ အကြည့်သည် ပို၍ လေးနက်သွားခဲ့သည်။
အုပ်စိုးသူအဆင့်နှင့် မဟာယာနအဆင့် ကျင့်ကြံသူ ဆိုသည်မှာ အင်မော်တယ် ဖြစ်ခါနီး အင်မော်တယ် တစ်ပိုင်းအဆင့်ဟု သတ်မှတ်၍ ရသည်။
ဆိုရလျှင် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်နှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် အင်မော်တယ် တစ်ပိုင်းအဆင့်၏ စွမ်းအားကို နားလည်သဘောပေါက်ထားသည်နှင့် ညီမျှ၏။
ဤကဲ့သို့ စွမ်းအားမျိုးသည် နတ်ဘုရင်အဆင့်နှင့် ကပ်ဘေးအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပို၍ သန်မာသည်။
ကျန်းချန်သည် နတ်ဘုရင် နဝမအဆင့်ကို ရောက်ရှိနေပြီး တိုက်ခိုက်ရေးစွမ်းရည်တွင် အလွန်တရာ ထူးချွန်သည့်တိုင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ကဲ့သို့ မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရသည်မှာ အလွန်တရာ ခက်ခဲနေခဲ့သည်။
အခန်း(၂၄၆၈)ပြီး၏။
*