အစေခံက ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို ပူးကာ စန္ဒရား ကြိုးများကို တီးခတ်နေသကဲ့သို့ လက်ချောင်းဆယ်ချောင်းကို လှုပ်ရှားလိုက်ပြီးနောက် ရှေ့သို့ ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။
ယွမ်ရှန်းအဆင့်၏ စွမ်းအားများ ရေတံခွန် တစ်ခုကဲ့သို့ ချက်ချင်း လိမ့်ဆင်းလာပြီး ထိုသုံးယောက်ကို လုံးဝ လွှမ်းခြုံသွားသည်။ သိပ်သည်းသော ကျင့်စဥ်က ပြဒါးကဲ့သို့ သူတို့၏ ချွေးပေါက်များထဲသို့ စိမ့်ဝင်သွားပြီး နိုင်းယွမ် ချန်ထားခဲ့သော စည်းတံဆိပ်ဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားတော့သည်။
"ကွဲထွက်သွားစမ်း..."
အစေခံ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ခေါင်းမှ ထွက်ပေါ်လာသော အငွေ့များက ကျားခေါင်းများ၊ နွားခေါင်းများ၊ မြွေခေါင်းများ... စသည်ဖြင့် ရာသီခွင် တိရစ္ဆာန် ဆယ့်နှစ်ကောင် အဖြစ် ပြောင်းလဲသွား၏။
‘ရာသီခွင် ၁၂ ပါးကျင့်စဥ် …'
ယင်းက အဆင့်မြင့် အင်ပါယာ ကျင့်စဥ်တစ်ခု ဖြစ်၏။ မဟာ အောင်မြင်ခြင်း အဆင့်သို့ ရောက်ရှိပါက ရာသီခွင် တိရစ္ဆာန် ဆယ့်နှစ်ကောင်၏ စွမ်းအားများကို ဖော်ထုတ်နိုင်ပြီး အကန့်အသတ်မဲ့ စွမ်းအားများဖြင့် တစ်ကောင်နှင့် တစ်ကောင် အပြန်အလှန် ပြောင်းလဲနိုင်ပေသည်။
ဝုန်း....
အစေခံ၏ စွမ်းအားက ယင်း၏ ကန့်သတ်ချက်အထိ လည်ပတ်သွားပြီး အခန်း တစ်ခုလုံး ငလျင်လှုပ်သွားသကဲ့သို့ တုန်လှုပ်သွားသည်။ ဧရာမ ဖိအားအောက်တွင် မူရှန်း ၊ မူလုံ နှင့် မူချွမ်ရှင်းတို့၏ မျက်နှာများမှာ နီတလှည့် ဖြူတလှည့် ဖြစ်နေကြ၏။
ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...
ရုတ်တရက် အစေခံ၏ ဝိညာဉ် ပြင်းထန်သော ထိုးနှက်ချက် တစ်ခုကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ၏ မျက်နှာ တောင့်တင်းသွားကာ သွေးစိမ်းများ အန်ထွက်လာသည်။ သူ၏ ရင်ဘတ် တင်းကျပ်သွားပြီး နောက်သို့ လွင့်ထွက်သွား၏။
"ဘယ်လောက်တောင် အားကောင်းတဲ့ ဖိနှိပ်မှုလဲ... စံအိမ်သခင်... ကျွန်တော် အဲဒါကို မချိုးဖျက်နိုင်ဘူး..." အစေခံက အသက်ရှူ မဝဖြစ်နေပြီး အလွန် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည့်နှယ် ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေသည်။
သူက ယွမ်ရှန်းအဆင့် အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း စည်းတံဆိပ်ကို ချိုးဖျက်ရန် ကြိုးစားရုံမျှဖြင့် စွမ်းအင် တန်ပြန်မှုကြောင့် ဒဏ်ရာရသွားခြင်းက ထိုဖိနှိပ်မှု မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ပြသနေပေသည်။
"အသုံးမကျတဲ့ ကောင်တွေ... မင်းတို့ အားလုံး အသုံးမကျဘူး... ချန်းဆန်... မင်း ငါနဲ့အတူ ရှိနေတာ နှစ်တွေ အများကြီး ရှိနေပြီပဲ... ငါ မင်းကို မသင်ပေးခဲ့ဘူးလား... ဒီလို စည်းတံဆိပ်မျိုးကို 'ဗာဂျာရာ မိစ္ဆာဖိနိုပ်စည်းတံဆိပ်' လို့ ခေါ်တယ်... မင်း ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လေ တန်ပြန် ရိုက်ခတ်မှုက ပိုကြီးလေပဲ... မင်းက အဲဒါကို ပိုးချည်မျှင်လို အလွှာလိုက် ခွာချပြီးမှ တစ်ချက်တည်းနဲ့ ချိုးဖျက်ရမှာ... ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး မင်းရဲ့ စွမ်းအားကို ကန့်သတ်ချက်အထိ ထုတ်သုံးလိုက်တော့ မင်း စွမ်းအင်တန်ပြန်ခံရတာ မဆန်းပါဘူး..."
မူအန်းစံအိမ်၏ စံအိမ်သခင် မျက်ခုံးများကို ပင့်လိုက်ပြီး အနည်းငယ် စိတ်ပျက်နေပုံ ရသည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့... စံအိမ်သခင်ရဲ့ သင်ခန်းစာက မှန်ပါတယ်... ကျွန်တော် အရမ်း လောသွားလို့ပါ..." အစေခံက ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ချောင်းအနည်းငယ် ဆိုးသွား၏။
"ဒီစည်းတံဆိပ်ကို ငါ ချိုးဖျက်ပြမယ်... မင်း သေချာ သင်ယူထား... နောင်ကျရင် အရာအားလုံးကို ငါ ကိုယ်တိုင် လုပ်ရအောင် မလုပ်နဲ့..."
စံအိမ်သခင် ရှေ့သို့ တစ်လှမ်း၊ နှစ်လှမ်း လှမ်းသွားပြီး ထိုသုံးယောက်၏ ရှေ့သို့ ရောက်ရှိသွားသည်။ သူ သေချာစွာ ကြည့်ရှုလိုက်၏။ "ဗာဂျာရာ မိစ္ဆာဖိနိုပ်စည်းတံဆိပ်က အရမ်း အားကောင်းပေမယ့် သူ့ရဲ့ နတ်ဘုရားစွမ်းအားက မလုံလောက်ဘူး... အဲဒါကြောင့် ဝေဝါးနေပြီး အားနည်းချက်တွေ အများကြီး ရှိနေတယ်... ငါ အခု အဲဒါကို ချိုးဖျက်ပြီး မင်းတို့ကို ပြမယ်... ဒါမှ နောင်ကျရင် ဒီလို အခြေအနေမျိုးနဲ့ ထပ်ကြုံရတဲ့အခါ မင်းတို့ ဒီလောက် အသုံးမကျ ဖြစ်မနေမှာ..."
အမိန့်ပေးပြီးနောက် စံအိမ်သခင် ရှေ့သို့ နှစ်လှမ်းတိုးပြီး လက်ဝါးကြီးဖြင့် ဖမ်းဆုပ်လိုက်ရာ သူ၏ လက်ဖဝါးမှ ကျင့်စဥ်လေဝဲကြီး တစ်ခု ထွက်ပေါ်လာပြီး အဆက်မပြတ် လည်ပတ်ကာ ဧရာမ မျိုချနိုင်စွမ်း ဖြစ်ပေါ်လာသည်။
"ပိုးချည်မျှင်လို ခွာချစမ်း... ကွဲထွက်သွားစမ်း..."
အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် စံအိမ်သခင် ရှေ့သို့ ထပ်မံ လှုပ်ရှားလိုက်ရာ လေဝဲကြီးက ထိုသုံးယောက်၏ ခေါင်းပေါ်သို့ ရုတ်တရက် ပျံသန်းသွားပြီး ဧရာမ ခွန်အားကြီး တစ်ခုက သူတို့ ခန္ဓာကိုယ်ပေါ်ရှိ ဖိနှိပ်မှု များကို လွှမ်းခြုံသွားသည်။
ဝီ...
လေဝဲကြီးက ကောင်းကင်ကို မျိုချမည့် ဧရာမ သားရဲကြီး တစ်ကောင်ကဲ့သို့ အလွှာလိုက် ခွာချနေပြီး ဗာဂျာရာ မိစ္ဆာဖိနိုပ်စည်းတံဆိပ် ဆိုသည့် အရာကို မျိုချရန် ရည်ရွယ်နေသည်။
စည်းတံဆိပ် ဖယ်ရှားကျင့်စဥ်....
ထိုနည်းလမ်းက လျှို့ဝှက်ကျင့်စဥ် တစ်ခု ဖြစ်ပြီး တန်ပြန် ရိုက်ခတ်မှုကို ကာကွယ်ရန် တောင့်တင်းသော စည်းတံဆိပ် တစ်ခုကို အလွှာလိုက် ခွာချနိုင်စွမ်း ရှိပေသည်။
ဝုန်း
သူတို့ ခန္ဓာကိုယ်ပေါ်ရှိ ဖိနှိပ်ထားသော ခွန်အားများ တဖြည်းဖြည်း လျော့ကျသွားသည်ကို ထိုသုံးယောက် ခံစားလိုက်ရစဉ်မှာပင် ရုတ်တရက် ပြင်းထန်သော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာသည်။ စံအိမ်သခင် ပြင်းထန်သော စွမ်းအင်တန်ပြန်တစ်ခုကို ခံလိုက်ရပုံ ရပြီး သူ၏ မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားကာ "ဒုန်း... ဒုန်း... ဒုန်း... ဒုန်း..." ဟူသော အသံများနှင့်အတူ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွား၏။
ဘုတ်...
သူလည်း မြေကြီးပေါ်တွင် ဒူးထောက်ကျသွားသည်။
"စံအိမ်သခင်..."
"စံအိမ်သခင်တောင် စည်းတံဆိပ်ရဲ့ စွမ်းအားတန်ပြန်မှုကြောင့် ဒူးထောက်သွားရတာလား... ဒါက ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းနေရတာလဲ..."
သူတို့ရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ မူရှန်း နှင့် အခြားသူများ သေလုမတတ် ကြောက်လန့်သွားကြသည်။
သူတို့ စည်းတံဆိပ်ကို မချိုးဖျက်နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ချေ။ စံအိမ်သခင်၏ ခွန်အားဖြင့်ပင် မချိုးဖျက်နိုင်ပါက သူတို့က မည်သို့များ မတ်တတ်ရပ်နိုင်မည်နည်း။
အစေခံသည်လည်း လန့်သွားမိ၏။ သူ စံအိမ်သခင်ကို ထူပေးရန် အလျင်အမြန် ရှေ့သို့ တိုးသွားသော်လည်း ခြေနှစ်လှမ်းသာ လှမ်းရသေးချိန်တွင် ကြီးမားသော ခွန်အားကြီး တစ်ခု ဖိချလာသည်ကို ခံစားလိုက်ရပြီး သူ၏ ဒူးများ ပျော့ခွေသွားကာ စံအိမ်သခင်၏ မျက်နှာချင်းဆိုင်တွင် ဒူးထောက်ကျသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အခန်းထဲရှိ လူငါးယောက်လုံး မြေကြီးပေါ်တွင် ဒူးထောက်နေကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဖော်ပြမတတ်နိုင်သော ထူးဆန်းသည့် လေထုကြီး တစ်ခု ဖုံးလွှမ်းသွားသည်။
"စံအိမ်သခင်... ဒါ ဘာတွေ ဖြစ်နေတာလဲ... အဲဒီပါရဂွန် အဆင့်က ခင်ဗျားထက်တောင် ပိုအစွမ်းထက်နေတာလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖိအားကို ခံစားလိုက်ရသဖြင့် အစေခံ ခုခံနိုင်စွမ်း ကင်းမဲ့သွားပြီး မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
စံအိမ်သခင်က ဖန်ဆင်းခြင်း ဒုတိယအဆင့် - ယွမ်ရှန်းအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသူ ဖြစ်၏။ သူ၏ ခွန်အားက ရှေးဟောင်းမြို့တော်တွင်ပင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်ပေသည်။ စည်းတံဆိပ်တစ်ခုကို ချိုးဖျက်ရန် ကြိုးစားရုံမျှဖြင့် ဒူးထောက်သွားရသည် ဆိုပေရာ တစ်ဖက်လူက မည်မျှ အားကောင်းနေပါသနည်း။
"ချီးတဲ့မှ... မင်းဘကြီးတဲ့မှပဲ..."
စံအိမ်သခင်ခမျာ အစေခံ၏ မေးခွန်းကို မဖြေနိုင်ချေ။ သူ၏ မျက်နှာမှာ နီတလှည့် ဖြူတလှည့် ဖြစ်နေပြီး ခေါင်းမှ အငွေ့များ ထွက်ပေါ်နေကာ စည်းတံဆိပ်ကို ချိုးဖျက်ပြီး မတ်တတ်ရပ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေပုံ ရ၏။
ဖူး....
ခေတ္တမျှ ရုန်းကန်ပြီးနောက် သွေးစိမ်း တစ်လုပ် အန်ထွက်လာသည်။ စည်းတံဆိပ်က ပျောက်ကွယ်မသွားသည့်အပြင် ယင်း၏ ဖိအားမှာ ပိုမို အားကောင်းလာပြီး သူ့ကို မလှုပ်မယှက် ဒူးထောက်နေရအောင် ဖိအားပေးထား၏။
"ဟဲဟဲ..." ထိုအရာအားလုံးကို သူ၏ ကောင်းကင်မျက်လုံး ဖြင့် မြင်တွေ့နေရသော နိုင်းယွမ် အသာအယာ ပြုံးလိုက်သည်။
တကယ်တမ်းတွင် မူရှန်း နှင့် အခြားသူများကို ဖိနှိပ်ထားသော စည်းတံဆိပ်သည် ထိုမျှလောက် ကြီးမားသော စွမ်းအား မရှိချေ။ ထိုအခြေအနေမျိုး ဖြစ်ပေါ်လာရခြင်းမှာ သူ တိတ်တဆိတ် ထပ်မံ လှုပ်ရှားလိုက်သောကြောင့်သာ ဖြစ်ပေသည်။
စိတ်ဝိညာဥ်အလယ်အဆင့် ဝိညာဉ်ဖြင့် ဝိညာဥ်စွမ်းအားကိုသာ အသုံးပြုပြီး အစစ်အမှန်ချီကို အသုံးမပြုခဲ့သဖြင့် စံအိမ်သခင်ပင် သတိမထားမိဘဲ တိုက်ရိုက် ထောင်ချောက်ထဲ သက်ဆင်းသွားခဲ့ရခြင်း ဖြစ်၏။
ဖန်ဆင်းခြင်း အဆင့်သို့ ရောက်ရှိလာသောအခါ ဝိညာဥ်စွမ်းအားက အထူး အရေးပါလာပေသည်။ လူတစ်ယောက်၏ ဝိညာဉ်က အားကောင်းနေပါက ပြိုင်ဘက်ကို အနားကပ်ခွင့် မပေးသ၍ ဝိညာဉ် မုန်တိုင်း တစ်ခုတည်းဖြင့်ပင် ပြိုင်ဘက်၏ စိတ်ကို ချေမှုန်းပစ်နိုင်ပြီး ချက်ချင်း သေဆုံးသွားစေနိုင်ပေသည်။
သေချာသည်မှာ အကယ်၍ ထိုလူများတွင် ဝိညာဉ် ကာကွယ်ရေး စိတ်ဝိညာဥ်အဆင့် လက်နက်များ ရှိနေပါက ထိုကဲ့သို့သော ဝိညာဉ် တိုက်ခိုက်မှုများကို ပိတ်ဆို့နိုင်မည် ဖြစ်၏။ အကယ်၍ နိုင်းယွမ်သာ ထိုတိုက်ကွက်ကို အသုံးပြုခဲ့ပါက စွမ်းအင်တန်ပြန်သွားမည်ဖြစ်ပြီး ပြိုင်ဘက်က သူ့ကို ရှာတွေ့သွားမည် ဖြစ်ပေသည်။
လက်ရှိတွင် သူ၏ ဝိညာဉ်သာ အားကောင်းနေသော်လည်း သူ၏ သိုင်းစွမ်းရည်မှာ ယွမ်ရှန်းအဆင့် ပညာရှင် တစ်ယောက်နှင့် အလှမ်းဝေးနေဆဲ ဖြစ်၏။ အကယ်၍ သူသာ တကယ် ရှာတွေ့ခံလိုက်ရပါက ထွက်ပြေးနိုင်မည်ပင် မဟုတ်ချေ။
ဆိုလိုသည်မှာ ပြိုင်ဘက်တွင် ဝိညာဉ် ကာကွယ်ရေး စိတ်ဝိညာဥ်အဆင့် လက်နက်များ မရှိပါက သူ၏ အားကောင်းသော ဝိညာဉ်က ပြိုင်ဘက်ကင်းလုနီးပါးပင်။ အကယ်၍ ထိုကဲ့သို့သော ပစ္စည်းများ ရှိနေပါက အသုံးဝင်မည် မဟုတ်ချေ။ ထို့ကြောင့် မည်သို့ပင်ဆိုစေ အားကောင်းသော ခွန်အားသည်သာ စစ်မှန်သော အရင်းအနှီး ဖြစ်ပေသည်။
အကယ်၍ နိုင်းယွမ်သာ ဖန်ဆင်းခြင်း ဒုတိယအဆင့်၏ ခွန်အားကို ပိုင်ဆိုင်ထားပြီး သူ၏ ဝိညာဥ်စွမ်းအားနှင့် ပေါင်းစပ်လိုက်ပါက လှည့်ကွက်များ သုံးရန် သို့မဟုတ် ထိုကဲ့သို့သော နည်းလမ်းများကို အားကိုးရန် မလိုအပ်ဘဲ မူအန်းစံအိမ် တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း ရှင်းလင်းပစ်နိုင်လောက်ပေသည်။
"ကောင်းကင်ဝိညာဥ် နန်းတော် ရှေ့က စည်းတံဆိပ်ကို မချိုးဖျက်နိုင်ရင် လင်ရှီးစမ်းရေကို ခိုးယူဖို့ ဆိုတာ အိပ်မက် သက်သက်ပဲ... အရင် ပြန်သွားတာ ပိုကောင်းမယ်... တစ်ဖက်လူက ငါ့ကို တွေ့သွားရင် ပြဿနာ တက်လိမ့်မယ်..."
အတွေးတစ်ခုနှင့်အတူ နိုင်းယွမ် ထွက်ခွာရန် ပြင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ် မလှုပ်ရှားမီမှာပင် အားကောင်းသော အရှိန်အဝါ အချို့ သူ့ထံသို့ တည့်တည့် ပြေးဝင်လာသည်ကို ခံစားလိုက်ရ၏။ "ဝှီး" ခနဲ အသံနှင့်အတူ သူတို့ ရှေ့တည့်တည့်ရှိ ခြံဝင်းထဲသို့ ဆင်းသက်လာကြသည်။
အခန်း ၃၇၃ ပြီး