"အဲဒါ ထိုက်ရီစံအိမ်သခင်လား... ကျန်တဲ့ လူတွေက ဘယ်သူတွေလဲ... သူတို့ရဲ့ ခွန်အားက သူ့ခွန်အားနဲ့ မတိမ်းမယိမ်းပဲ... ပြီးတော့ ရှေ့ဆုံးက ဦးဆောင်လာတဲ့ တစ်ယောက်က ပိုတောင် အားကောင်းသေးတယ်... သူ့ရဲ့ ဝိညာဉ်က ငါ့လိုပဲ စိတ်ဝိညာဥ်အလယ်အဆင့်ကို ရောက်နေလောက်ပြီ..."
အသစ်ရောက်လာသူများကို မြင်သောအခါ နိုင်းယွမ်၏ မျက်နှာထား ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားပြီး ခြံဝင်း၏ သတိမပြုမိနိုင်သော ထောင့်တစ်နေရာတွင် ပုန်းကွယ်လိုက်ကာ မလှုပ်မယှက် နေလိုက်ရာ လေထဲမှ ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွား၏။
အသစ်ရောက်လာသူများ၏ ခွန်အားမှာ မူအန်းစံအိမ်သခင်လောက်ရှိပြီး အချို့မှာ ပို၍ပင် အားကောင်းကြပေသည်။ သေချာပေါက် သူတို့က အခြား စံအိမ်သခင်များနှင့် မြို့သခင် ဆိုသူများ ဖြစ်ရပေမည်။
ရှေးဟောင်းမြို့တော်တွင် အစွမ်းအထက်ဆုံးသူမှာ မြို့သခင် ဖြစ်ပြီး ဖန်ဆင်းခြင်း တတိယအဆင့် ကျင့်ကြံခြင်းနှင့် စိတ်ဝိညာဥ်အလယ်အဆင့် ဝိညာဉ်ကို ပိုင်ဆိုင်ထားပေသည်။ ဝိညာဉ် ကာကွယ်ရေး စိတ်ဝိညာဥ်အဆင့် လက်နက်များ မရှိလျှင်ပင် သူတို့ တွေ့ဆုံခဲ့ပါက နိုင်းယွမ်ကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိသူ ဖြစ်၏။
"မူချီ... တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲက သုံးရက်နေရင် စတော့မှာ... ပြိုင်ပွဲ အကြောင်း ဆွေးနွေးဖို့ ကျန်တဲ့ စံအိမ်သခင် လေးယောက်ကို ငါ ခေါ်လာခဲ့တယ်... မင်း ဘာဖြစ်နေတာလဲ... ဘာလို့ မြေကြီးပေါ်မှာ ဒူးထောက်နေရတာလဲ..."
အခန်းထဲ မဝင်မီ မြို့သခင်က ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ သို့သော် သူ တစ်ဝက်လောက်သာ အော်ခေါ်ရသေးချိန်တွင် မူအန်းစံအိမ်သခင် နှင့် အခြားသူများ မြေကြီးပေါ်တွင် တညီတညွတ်တည်း ဒူးထောက်နေကြသည်ကို မြင်လိုက်ရ၏။
"ဟားဟား... ငါထင်တာတော့ စံအိမ်သခင် မူချီက ကျင့်စဥ်တစ်ခုခု ရလာပြီး လူတိုင်းကို အတူတူ ကျင့်ကြံဖို့ သင်ပေးနေတာ ဖြစ်မယ်... စံအိမ်သခင် မူချီ... ဒါကတော့ မင်း မှားသွားပြီ... ဒီလောက် ကောင်းတဲ့ ကျင့်စဥ်ကို ရထားတာတောင် ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားတယ်..." ထိုက်ရီစံအိမ်သခင် သူ့ပုံစံကို မြင်သောအခါ ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်ပြီး အလွန် ကျေနပ်သွားပုံ ရသည်။
"ဒူးထောက်ရတဲ့ ကျင့်စဥ်လား... အဲဒါ တကယ် ကောင်းတာပဲ... ဒါပေမယ့် အလကား ပေးရင်တောင် ငါ သင်ယူမှာ မဟုတ်ဘူး... ငါထင်တာတော့ စံအိမ်သခင် မူချီ ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားလိုက်တာ ပိုကောင်းမယ်... မင်း အဲဒါကို မဟာအောင်မြင်ခြင်း အဆင့် အထိ ကျင့်ကြံပြီးသွားရင် မင်းတို့ စံအိမ်က လူတိုင်း တံခါးပေါက်က ထွက်လာတာနဲ့ ဒူးထောက်ကြလိမ့်မယ်... အဲဒါက တကယ်ကို ခမ်းနားတဲ့ မြင်ကွင်း ဖြစ်မှာပဲ..." အခြား စံအိမ်သခင် တစ်ယောက်က လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
စံအိမ်ကြီးငါးခုသည် ရန်သူများ မဟုတ်ကြသော်လည်း ပြိုင်ဆိုင်မှုများကြောင့် သူတို့၏ ဆက်ဆံရေးမှာ သိပ်မကောင်းလှချေ။ ယခုအခါ တစ်ယောက်ယောက် ဒုက္ခရောက်နေချိန်တွင် ခြေစုံကန်ရန် အခွင့်အရေး ရလာသဖြင့် သူတို့ မည်သို့များ လက်လွှတ်ခံနိုင်မည်နည်း။
"ခမ်းနားတဲ့ မြင်ကွင်း ဟုတ်လား... ငါကတော့ အဲဒီလို မထင်ဘူး... ငါထင်တာတော့ စံအိမ်သခင် မူချီက သူ့လက်အောက်ငယ်သားတွေကို ဦးဆောင်ပြီး အဆက်မပြတ် ကျင့်ကြံမယ် ဆိုရင် သူတို့ရဲ့ မူအန်းစံအိမ်က ရှေးဟောင်းမြို့တော်မှာ အချမ်းသာဆုံး စံအိမ် ဖြစ်လာဖို့ ဆိုတာ အရမ်း လွယ်ကူတဲ့ ကိစ္စပဲ..." နောက်ထပ် စံအိမ်သခင် တစ်ယောက်က ပြောလိုက်သည်။
"အချမ်းသာဆုံး စံအိမ် ဟုတ်လား... ဘာတွေ ဖြစ်နေတာလဲ..." စံအိမ်သခင် တစ်ယောက်က ဇဝေဇဝါ ဖြစ်စွာဖြင့် မေးလိုက်၏။
"ဒါ ရိုးရှင်းပါတယ်ကွာ... တွေ့တဲ့လူတိုင်းကို ဒူးထောက်လေ... ဘယ်သူကများ ပိုက်ဆံ နည်းနည်းပါးပါး မပေးဘဲ နေမှာလဲ... လုံလုံလောက်လောက် စုဆောင်းမိရင် မူအန်းစံအိမ်က ဘယ်လိုလုပ် မချမ်းသာဘဲ နေမှာလဲ... ကောင်းပြီ... စံအိမ်သခင် မူချီ... ငါ မင်းကို ကြောက်သွားပြီ... ငါ့ဆီမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်တုံး ကျန်သေးတယ်... ယူလိုက်ပြီး မြန်မြန် ထတော့... ဂုဏ်သိက္ခာရှိတဲ့ စံအိမ်သခင် တစ်ယောက်က ငါ့ရှေ့မှာ ဒီလို ဒူးထောက်နေတာ... ငါ တကယ် နေရခက်တယ်..." ယခင် စံအိမ်သခင်က ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထုတ်ပေးရင်း ပြောလိုက်ပြီး သူ၏ စကားများတွင် မကောင်းသော ရည်ရွယ်ချက်များ ပြည့်နှက်နေသည်။
"မင်းတို့..." လူအုပ်ကြီး၏ လှောင်ပြောင်မှုများကို ကြားသောအခါ မူအန်းစံအိမ်သခင် မူချီ ဒေါသထွက်လွန်း၍ အဆုတ်များ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။ သို့သော် ဒူးထောက်နေရသဖြင့် သူ ခေါင်းလှည့်ကာ မြို့သခင်ကို ကြည့်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ချေ။ "မြို့သခင်... ကျုပ်တို့ ချုံခိုတိုက်ခိုက်ခံရတာ... ခင်ဗျားက ပွဲကြည့်နေဦးမလို့လား..."
"အာ... ဒါက... ထလိုက်ကြ..."
မြို့သခင် မူလက ပွဲကို ခဏလောက် ကြည့်နေရန် ရည်ရွယ်ထားသော်လည်း စံအိမ်သခင် မူချီ၏ အော်ခေါ်ခြင်းကို ခံလိုက်ရသဖြင့် မျက်နှာ နီရဲသွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
ဝုန်း ဝုန်း...
မူချီ နှင့် အခြားသူများပေါ်တွင် ချမှတ်ထားသော ဖိနှိပ်မှု များ ချက်ချင်း ပျောက်ကွယ်သွားပြီး သူတို့ အားလုံး ဖိအားများ လွတ်ကင်းသွားသည်ကို ခံစားလိုက်ရသည်။
မြို့သခင်၏ စိတ်ဝိညာဥ်အလယ်အဆင့် ဝိညာဉ်က နိုင်းယွမ်နှင့် တူညီပြီး လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ဖိနှိပ်မှု များကို မမြင်ရအောင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ပေသည်။
"စံအိမ်သခင် မူချီ... ဘာတွေ ဖြစ်ခဲ့တာလဲ... မင်းတို့ အားလုံး ဘာလို့... မြေကြီးပေါ်မှာ ဒူးထောက်နေရတာလဲ... ဘယ်သူ လုပ်သွားတာလဲ..." စည်းတံဆိပ်မှ လွတ်မြောက်သွားပြီးနောက် မြို့သခင်က မေးလိုက်သည်။
"ဒီကိစ္စ အကြောင်း မပြောကြရအောင်... ကျုပ်ဘာသာကျုပ် လက်စားချေမယ်... ခင်ဗျားတို့ အားလုံး တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲ အတွက် ရောက်လာကြတာ ဆိုတော့... ထိုင်ကြပါ... အဲဒီအကြောင်း အရင် ဆွေးနွေးကြတာပေါ့..."
မတ်တတ်ရပ်လိုက်ပြီးနောက် မူချီ၏ ကြမ်းကြုတ်သော မျက်နှာထား အကြိမ်ကြိမ် ပြောင်းလဲသွားပြီး ရင်ထဲရှိ ဒေါသကို အလျင်အမြန် ဖိနှိပ်ထားလိုက်သည်။ သူ ထိုင်ခုံတွင် ထိုင်ကာ လူတိုင်းကို လက်ဟန်ပြလိုက်၏။
ပါရဂွန် အဆင့် တစ်ယောက်၏ လျှို့ဝှက် တိုက်ကွက်ကြောင့် ဒူးထောက်သွားရခြင်းကို မူချီ၏ အရှက်မရှိသော မျက်နှာဖြင့်ပင် လူတိုင်းရှေ့တွင် မပြောပြချင်ခဲ့ချေ။ သို့မဟုတ်ပါက မူအန်းစံအိမ်က ထာဝရ ဟားတိုက်စရာ တစ်ခု ဖြစ်သွားနိုင်ပေသည်။
ထို့အပြင် ထိုမျှ အားကောင်းသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည့် ပါရဂွန် အဆင့် တစ်ယောက်တွင် အလွန် အဖိုးတန်သော ရတနာများ သေချာပေါက် ရှိနေမည် ဖြစ်၏။ ယင်းအကြောင်းကို ပြောပြလိုက်လျှင် ပစ္စည်းကောင်းများကို လွှဲပြောင်းပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ရာ သူ မည်သို့များ ဆန္ဒရှိမည်နည်း။
"ဒီလိုဆိုမှတော့ အားလုံးပဲ ထိုင်ကြပါ..."
တစ်ဖက်လူက ထပ်မပြောချင်သည်ကို မြင်သောအခါ မြို့သခင်က ဆက်မမေးတော့ပေ။ သူက ဖြည်းညှင်းစွာ ပြောလိုက်ပြီး ကျန်ရှိနေသော စံအိမ်သခင် လေးယောက်လည်း တစ်ချိန်တည်းမှာပင် ထိုင်လိုက်ကြသည်။
"မူချီ... မင်းရဲ့ မူအန်းစံအိမ်က လင်ရှီးစမ်းရေကို ပိုင်ဆိုင်ထားတာ အနှစ်သုံးဆယ် ရှိပြီ... ဒီနှစ်တော့ ပြိုင်ပွဲ စည်းမျဉ်းတွေကို ပြောင်းလဲဖို့ ငါတို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်တယ်... မဟုတ်ရင် မင်းတို့ တပည့်တွေက စမ်းရေရဲ့ အာဟာရကို ရရှိပြီး သူတို့ရဲ့ ခွန်အားတွေ ပိုပိုပြီး ကြီးမားလာလိမ့်မယ်... နောင်ကျရင် ငါတို့ တခြား စံအိမ်တွေအတွက် ဝေစု ရှိတော့မှာ မဟုတ်ဘူး..."
စံအိမ်သခင် တစ်ယောက်က အရင်ဆုံး ဝင်ပြောလိုက်သည်။
"ဟုတ်တယ်... လင်ရှီးစမ်းရေရဲ့ အကျိုးကျေးဇူးတွေကို လူတိုင်း သိကြတယ်... စံအိမ် တစ်ခုတည်းက လက်ဝါးကြီးအုပ်ထားတာ ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး..." အခြား စံအိမ်သခင် တစ်ယောက်က မဲ့ပြုံး ပြုံးလိုက်၏။
စံအိမ်ကြီးငါးခု ဖြစ်သော လိပ်ပြာတောင်ပံ ၊ မူအန်း ၊ ချုံးဟယ် ၊ ရှုရန် နှင့် မင်ရှာတို့အနက် မူအန်းစံအိမ်က သုံးကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့ပြီး လင်ရှီးစမ်းရေကို အနှစ်သုံးဆယ်တိုင်တိုင် ဆက်တိုက် ထိန်းချုပ်ထားခဲ့ပေသည်။ ကျင့်ကြံသူများအတွက် အနှစ်သုံးဆယ် ဆိုသည်မှာ မကြာမြင့်သော်လည်း မျိုးဆက်သစ်များ ကြီးထွားလာမှုအတွက်မူ သိသာထင်ရှားသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပေသည်။
ဆယ်နှစ် ဆိုသည်မှာ မျိုးဆက် တစ်ခု ဖြစ်၏။ အနှစ်သုံးဆယ် ဆိုသည်မှာ မျိုးဆက် သုံးခုနှင့် ညီမျှသည်။ လင်ရှီးစမ်းရေကို ထိန်းချုပ်ထားသော ထိုမျိုးဆက် သုံးခုနှင့် မထိန်းချုပ်ထားသော မျိုးဆက်များကြားတွင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားချက် ရှိပေသည်။
အကယ်၍ မူအန်းစံအိမ်ကိုသာ ထိုကဲ့သို့ ဆက်လက် ဖွံ့ဖြိုးတိုးတက်ခွင့် ပြုထားပါက အခြား စံအိမ်ကြီး လေးခုလည်း ယင်းကို ယှဉ်ပြိုင်နိုင်စွမ်း ဆုံးရှုံးသွားနိုင်ပေသည်။
"ငါတို့ မူအန်းစံအိမ်က လင်ရှီးစမ်းရေကို ထိန်းချုပ်ထားတာလည်း စည်းမျဉ်းတွေနဲ့အညီ ခွန်အားကို အားကိုးပြီး လုပ်ခဲ့တာပဲ... မင်းတို့မှာ အရည်အချင်း ရှိရင် မင်းတို့ရဲ့ တပည့်တွေကို ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်း ရှိအောင် လုပ်လေ... သူများတွေအတွက် နင်းခုံ မဖြစ်စေနဲ့ပေါ့..."
လူအုပ်ကြီး၏ မဖော်ရွေသော လေသံကို ကြားသောအခါ မူချီကလည်း အလျှော့မပေးချေ။
"ကောင်းပြီ... ငြင်းခုံနေစရာ မလိုပါဘူး... လူတိုင်းက လင်ရှီးစမ်းရေကို ထိန်းချုပ်ချင်နေကြမှတော့ ဒီလိုလုပ်ရင်ကော... ဒီ တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲအတွက် သေမင်းတမန် စမ်းသပ်မှု တစ်ခု လုပ်ကြမယ်..." ရုတ်တရက် ထိုက်ရီစံအိမ်သခင်က သူတို့၏ ငြင်းခုံမှုကို ဖြတ်ပြောလိုက်ပြီး မြို့သခင်ဘက်သို့ လှည့်လိုက်သည်။ "မြို့သခင်... ကျုပ် အကြံပြုချက်ကို ဘယ်လို ထင်လဲ..."
"သေမင်းတမန် စမ်းသပ်မှု ဟုတ်လား... မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး..."
"တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲမှာ ပါဝင်နိုင်သူတွေ အားလုံးက ငါတို့ ရှေးဟောင်းမြို့တော်ရဲ့ အနာဂတ်တွေပဲ... သေမင်းတမန် စမ်းသပ်မှုက သေဆုံးနှုန်း အရမ်း မြင့်မားပြီး သေကြေဒဏ်ရာရမှုတွေ အများကြီး ဖြစ်စေလိမ့်မယ်..."
မြို့သခင် စကားမပြောနိုင်မီ စံအိမ်သခင် နှစ်ယောက်က အော်ဟစ်လိုက်ပြီး ထိုနည်းလမ်းကို သဘောမတူကြောင်း ရှင်းလင်းစွာ ပြသလိုက်ကြသည်။
"ငါတို့ မြို့သခင် စကားကို နားထောင်သင့်တယ်... မင်းတို့ ငြင်းခုံနေလို့ ဘာအကျိုးရှိမှာလဲ..." လူတစ်ယောက်က ထိုနှစ်ယောက်ကို ဖြတ်ပြောလိုက်ပြီး မြို့သခင်ကို လှမ်းကြည့်လိုက်၏။
"သေမင်းတမန် စမ်းသပ်မှု... အဲဒါလည်း အလုပ်ဖြစ်နိုင်ပါတယ်... တပည့် အားလုံးရဲ့ အလားအလာတွေကို တချို့တပည့်တွေဆီ စုစည်းပေးနိုင်တယ်လေ... ဒီလိုလုပ်ကြတာပေါ့... ငါ့ဆီမှာ မှော်ဝင် ကျောက်စိမ်းပြား ငါးခု ရှိတယ်... အဲဒီထဲမှာ ငါ့ရဲ့ နတ်ဘုရားစွမ်းအားတွေကို ထည့်သွင်းထားတယ်... မင်းတို့ စံအိမ်ကြီးငါးခုမှာ မင်းတို့ တန်ဖိုးအထားဆုံး တပည့်တွေ သေချာပေါက် ရှိမှာပဲ... ဒီကျောက်စိမ်းပြားကို အဲဒီတပည့်ဆီမှာ ထားလိုက်ရင် သူက ဘာအန္တရာယ်မှ မရှိဘဲ သေမှာ မဟုတ်ဘူး... ဒီနည်းနဲ့ဆိုရင် သေဆုံးမှု ပြဿနာအတွက် မင်းတို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့..."
မြို့သခင် လက်ဝါးကို လှန်လိုက်ရာ ကျောက်စိမ်းပြား အသေးလေး ငါးခု လက်ထဲတွင် ပေါ်လာသည်။
"မြို့သခင်ရဲ့ နည်းလမ်းက ကောင်းတယ်... ဒီနည်းနဲ့ဆိုရင် အပြင်စည်းတပည့်တွေနဲ့ အားနည်းတဲ့ တပည့်တချို့ကို စတေးပြီး ငါတို့ အတန်ဖိုးထားဆုံး တပည့်တွေကို အကျိုးရှိစေနိုင်တယ်... ဒီနည်းနဲ့ စံအိမ်တိုင်း အကျိုးအမြတ် ရနိုင်ပြီး ငြင်းခုံနေစရာ မလိုတော့ဘူး..."
ထိုက်ရီစံအိမ်သခင်က မြို့သခင် ထိုသို့ ပြောမည်ကို သိထားပုံ ရသည်။ သူ အသာအယာ ပြုံးလိုက်ပြီး ကျောက်စိမ်းပြား တစ်ခုကို ချက်ချင်း ယူလိုက်၏။
"အတန်ဖိုးထားဆုံး တပည့်တွေကို အကျိုးရှိစေဖို့ အပြင်စည်းတပည့်တွေနဲ့ အားနည်းတဲ့ တပည့်တချို့ကို စတေးမယ် ဟုတ်လား... ငါလည်း သဘောတူတယ်..." စံအိမ်သခင် တစ်ယောက်က ခေါင်းညိတ်လိုက်သည်။
"ငါလည်း သဘောတူတယ်..." အခြား စံအိမ်သခင် တစ်ယောက်ကလည်း ထောက်ခံလိုက်၏။
"ဟမ့်... မင်းတို့ အားလုံး ဒါကို ကြိုပြီး ဆွေးနွေးထားကြတာ ဖြစ်ရမယ်... အခု ငါ့ကို သဘောတူအောင် အတင်း ဖိအားပေးနေတာပဲ..." လူတိုင်း ထိုမျှ မြန်မြန်ဆန်ဆန် သဘောတူလိုက်ကြသည်ကို မြင်သောအခါ တစ်ခုခု မှားယွင်းနေကြောင်း မူချီ သိလိုက်ပေသည်။ သူ၏ မျက်နှာထား အလွန်အမင်း ပျက်ယွင်းသွား၏။
သို့သော် သူသည် စံအိမ်သခင် တစ်ယောက်သာ ဖြစ်၏။ အဓိက စံအိမ်သခင် လေးယောက်နှင့် မြို့သခင်တို့ အားလုံး သဘောတူထားပြီး ဖြစ်ရာ သူ ငြင်းဆန်ရန် နည်းလမ်း မရှိတော့ဘဲ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
အခန်း ၃၇၄ ပြီး