"အပြင်စည်းတပည့်တွေနဲ့ အားနည်းတဲ့ တပည့်တွေကို စတေးမယ် ဟုတ်လား... တန်ဖိုးအထားဆုံး တပည့်တွေကို နေရာပေးဖို့အတွက်ပေါ့... ကြည့်ရတာ ဒီသေမင်းတမန် စမ်းသပ်မှုက တော်တော်လေး ထူးဆန်းနေတယ်..."
အမှောင်ထဲတွင် နိုင်းယွမ် ခေတ္တမျှ "နားထောင်" နေခဲ့ပေသည်။ သူတို့က အလားအလာကို မည်သို့ လွှဲပြောင်းယူမည်နည်း၊ အပြင်စည်းတပည့်တွေကို ဘယ်လို စတေးခိုင်းမည်နည်း ဆိုသည်ကို အပြည့်အဝ နားမလည်သေးသော်လည်း ထိုသေမင်းတမန် စမ်းသပ်မှုက သေချာပေါက် အလွန် ထူးဆန်းကြောင်း သူ သိလိုက်ပေသည်။
"ကြည့်ရတာ လိပ်ပြာတောင်ပံ စံအိမ်သခင်က မြို့သခင်နဲ့ ကြိုတင် တိုင်ပင်ထားပြီးသား ဖြစ်ရမယ်... ဒါကြောင့် ဒီစမ်းသပ်မှုကို အဆိုပြုခဲ့တာပဲ... ဒီလိုဆိုမှတော့... ဟဲဟဲ... ငါ့ကို အပြစ်မတင်နဲ့တော့..."
နိုင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး အလွန်ကောင်းမွန်သော အစီအစဉ် တစ်ခု သူ့စိတ်ထဲ တိတ်တဆိတ် ပေါ်လာသည်။
အကယ်၍ ထိုအကြောင်းအရာများကို သူ ကြိုတင် မကြားခဲ့ရပါက တစ်ဖက်လူ၏ လုပ်ကြံခြင်း ခံရမည်ကို သူ သိခဲ့မည် မဟုတ်ချေ။ သူတို့က ထိုမျှ ယုတ်မာနေပေရာ သူလည်း လူကောင်း ဟန်ဆောင်နေစရာ မလိုတော့ပေ။
ခေတ္တမျှ နားထောင်ပြီးနောက် အချက်အလက်သစ်များ မရှိတော့ကြောင်း ခံစားရသဖြင့် နိုင်းယွမ် မတ်တတ်ရပ်ကာ ခြံဝင်းထဲမှ တိတ်တဆိတ် ထွက်ခွာလာပြီး လိပ်ပြာတောင်ပံစံအိမ် ရှိ သူ၏ နေအိမ်ဆီသို့ ပျံသန်းသွားလိုက်၏။
သူ၏ ကောင်းကင်မျက်လုံးဖြင့် အန္တရာယ်ကို ကြိုတင် သိမြင်နိုင်သဖြင့် ခရီးစဉ်မှာ အဆင်ပြေချောမွေ့ခဲ့ပြီး စံအိမ်သို့ အလျင်အမြန် ပြန်ရောက်လာပေသည်။
"အလားအလာ အကောင်းဆုံး တပည့်... လိပ်ပြာတောင်ပံစံအိမ် ရဲ့ အလားအလာ အကောင်းဆုံး တပည့်က နေ့ခင်းက ငါတွေ့ခဲ့တဲ့ မူကျဲ ဖြစ်ဖို့များတယ်... သူ ဘယ်မှာလဲ အရင် ကြည့်ရအောင်..."
ကောင်းကင်မျက်လုံးကို အသက်သွင်းလိုက်ပြီးနောက် နိုင်းယွမ် လိပ်ပြာတောင်ပံစံအိမ် တစ်ခုလုံးကို စကင်ဖတ်ကြည့်လိုက်ရာ မူကျဲ၏ နေအိမ်ကို အလျင်အမြန် ရှာတွေ့သွားသည်။ အမှောင်ထဲတွင် ပုန်းကွယ်နေရင်း နိုင်းယွမ် ထိုနေရာသို့ အလျင်အမြန် ပြေးသွားလိုက်၏။
"မူကျဲ... အဲဒီ မူယွမ်သာ ဒီတော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲမှာ ပါဝင်မယ်ဆိုရင်... မင်း အနိုင်ရဖို့ ခက်ခဲသွားနိုင်တယ်..."
လိပ်ပြာတောင်ပံစံအိမ် ရှိ ခြံဝင်းငယ်လေး တစ်ခုထဲတွင် မူရန် သူ့ရှေ့ရှိ လူငယ်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။
"အပြင်စည်းတပည့် တစ်ယောက်က ဘာမို့လို့လဲ... သူက ငါနဲ့ ယှဉ်ပြိုင်ရဲတယ်ပေါ့... စိတ်မပူပါနဲ့ ဦးလေး မူရန်... သူ ပြိုင်ပွဲမှာတောင် မပါလာနိုင်အောင် ငါ လုပ်ပစ်မယ်..."
မူကျဲ လက်သီးများကို ဆုပ်ထားပြီး သူ့မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။
သူ၏ ခွန်အားက ငယ်စဉ်ကတည်းက လျင်မြန်စွာ တိုးတက်လာခဲ့သဖြင့် မောက်မာပြီး အနိုင်ကျင့်တတ်သော စရိုက် ရှိချေသည်။ သူနှင့် ရွယ်တူများထဲတွင် သူ့ထက် အစွမ်းထက်သူ ရှိနေသ၍ ထိုသူကို သတ်ပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် နည်းလမ်းရှာလေ့ ရှိ၏။
ထိုသို့သာ မဟုတ်ခဲ့ပါက သူ ရောက်ရောက်ချင်း နိုင်းယွမ်ကို သူ၏ လက်အောက်ခံ အဖြစ် သိမ်းသွင်းမည် မဟုတ်ချေ။
"သူ့ကို ပြိုင်ပွဲမှာ မပါဝင်နိုင်အောင် လုပ်မယ် ဟုတ်လား... မင်းက သူ့ကို သတ်ပစ်မလို့လား... ဒါက တကယ်တော့ ကောင်းတဲ့ အကြံပါပဲ... ဒါပေမယ့် ငါတောင် သူ့ခွန်အားကို သေချာ မခန့်မှန်းနိုင်ဘူး... မင်းဆိုရင် ပိုဆိုးမှာပေါ့..." လူငယ်လေး၏ ကြောက်မက်ဖွယ် ကောင်းသော ခွန်အားကို ပြန်တွေးမိပြီး မူရန် မနေနိုင်ဘဲ ခေါင်းခါလိုက်မိသည်။
တစ်ဖက်လူက မူအန်းစံအိမ် တွင် အဆင့်ငါး ရှိသော မူချွမ်ရှင်းကို တစ်ကွက်တည်းဖြင့် ဒူးထောက်သွားအောင် လုပ်နိုင်ခဲ့သူ ဖြစ်၏။ သူ၏ ခွန်အားက စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။ အကယ်၍ သူ့ကို သတ်ရန် ထိုမျှ လွယ်ကူပါက မူရန်လည်း ဒုက္ခရောက်နေမည် မဟုတ်ချေ။
"စိတ်မပူပါနဲ့ ဦးလေး မူရန်..." မူကျဲက မူရန်၏ စိုးရိမ်ပူပန်မှုကို မြင်ပုံရပြီး ရယ်မောလိုက်သည်။ "ကျွန်တော့်ဆီမှာ မိစ္ဆာမျိုးနွယ်ရဲ့ အပြင်းထန်ဆုံး အဆိပ်ငွေ့ ပုလင်း တစ်ပုလင်း ရှိတယ်... အနံ့ မရှိ၊ အရောင် မရှိဘူး... ခဏနေရင် အဲဒီ အပြင်စည်းတပည့်ဆီ အလည်သွားဟန်ဆောင်ပြီး ဒီအဆိပ်ကို လွှတ်လိုက်မယ်... သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ဒီအဆိပ်ငွေ့အောက်မှာ ချက်ချင်း သေသွားမှာ သေချာတယ်... ဘာမှ ပြောစရာတောင် မလိုဘူး..."
"အဆိပ်ငွေ့ ဟုတ်လား..." မူရန် လန့်သွားမိ၏။
မူကျဲ၏ မျက်နှာထား ကြမ်းကြုတ်နေပြီး အံကြိတ်ထားသည်။ "ဟုတ်တယ်... အဆိပ်မရှိတဲ့ ယောက်ျားက တကယ့် ယောက်ျား မဟုတ်ဘူး... သူ့ကို သတ်နိုင်သ၍ ကျွန်တော် ပထမဆု သေချာပေါက် ရမှာပဲ... လင်ရှီးစမ်းရေရဲ့ နှစ်ခြင်းခံပြီးသွားရင် ဖန်ဆင်းခြင်း အဆင့်ရဲ့ ဒုတိယအဆင့်ကို တစ်ဟုန်ထိုး ရောက်သွားဖို့ ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး... ကျွန်တော့်လမ်းကို ပိတ်ဆို့ရဲတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက် အစွမ်းထက်ပါစေ သေရမယ်..."
သူ့တွင် လောကီ အတွေ့အကြုံ နည်းပါးသော်လည်း သူ၏ နည်းလမ်းများမှာ အလွန် ရက်စက်ကြမ်းကြုတ်လှပေသည်။
ထိုသည်မှာ အံ့သြစရာ မဟုတ်ချေ။ ရှေးဟောင်းမြို့တော်က ပါရမီရှင်များဖြင့် ပြည့်နှက်နေ၏။ ထိုမျှ များပြားသော ပါရမီရှင်များကြားတွင် နည်းလမ်း အချို့ မရှိဘဲ ထင်ပေါ်ကျော်ကြားလာရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
"တကယ်တော့ အဲဒီလောက် ရှုပ်ထွေးနေစရာ မလိုပါဘူး... မင်း လှုပ်ရှားမယ် ဆိုတာ စံအိမ်သခင် သိပြီးသားမို့ မင်းအတွက် ကြိုတင် ပြင်ဆင်ထားပြီးပြီ... ဒီပြိုင်ပွဲက သေမင်းတမန် စမ်းသပ်မှု ဖြစ်လိမ့်မယ်... အဲဒီအချိန်ကျရင် စံအိမ်သခင်က အဲဒီကောင်လေးဆီမှာ ချီ အမှတ်အသား တစ်ခု ချန်ထားခဲ့ပြီး သူ့ခွန်အားကို ဖိနှိပ်ထားလိမ့်မယ်... သူ လင်းရှီကောင်းကင်နန်းတော်ထဲ ဝင်သွားတာနဲ့ အမှတ်အသားက အသက်ဝင်လာပြီး သူ့ကို ကောင်းကင်နန်းတော်ရဲ့ ပြင်ပလူ အဖြစ် သတ်မှတ်သွားလိမ့်မယ်... စည်းတံဆိပ် အစီအရင်တွေ အားလုံးက သူ့ကို တိုက်ခိုက်ပြီး သေချာပေါက် သေအောင် လုပ်လိမ့်မယ်..."
မူရန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"စံအိမ်သခင်က ကျွန်တော့်အတွက် ပြင်ဆင်ထားပေးတာလား..." မူကျဲ အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်သွား၏။
"မယုံစရာ မလိုပါဘူး... ဒီ မူယွမ်က အားကောင်းရင်တောင် သူက အပြင်စည်းတပည့် တစ်ယောက်ပဲလေ... သူ့ရဲ့ ဇစ်မြစ်က ငါတို့ လိပ်ပြာတောင်ပံစံအိမ် နဲ့ မသက်ဆိုင်ဘူး... သံယောဇဉ်လည်း မရှိဘူး... နောက်မှ ပြဿနာ တက်မယ့်အစား အခုပဲ သတ်ပစ်လိုက်တာ ပိုကောင်းတယ်... ဒီကိစ္စကို လျှို့ဝှက်ထားရမယ်... လုံးဝ ပေါက်ကြားလို့ မရဘူး... မဟုတ်ရင် ငါတို့ လိပ်ပြာတောင်ပံစံအိမ် ရဲ့ ဂုဏ်သတင်းကို ထိခိုက်လိမ့်မယ်..."
မူရန်၏ မျက်နှာထား လေးနက်သွားပြီး အကျိုးအပြစ်များကို ရှင်းပြလိုက်သည်။
"စိတ်မပူပါနဲ့ ဦးလေး မူရန်... ကျွန်တော် ဘာမှ မပြောပါဘူး..." မူကျဲ ပြုံးလိုက်၏။
စံအိမ်သခင်၏ ထောက်ပံ့မှုဖြင့် ထိုမောက်မာသော လူငယ်လေး သူ့ရှေ့တွင် ဒူးထောက် အသနားခံနေသည့် မြင်ကွင်းကို သူ မြင်ယောင်လာသကဲ့သို့ ဖြစ်သွားသည်။ ယင်းကို တွေးမိပြီး သူ၏ ရင်တွင်း အနက်ရှိုင်းဆုံးမှ ဖော်ပြမတတ်နိုင်သော သာယာမှု တစ်ခု ပေါ်ပေါက်လာကာ စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီး တစ်ခုကို မထိန်းချုပ်နိုင်အောင် ခံစားလိုက်ရပေသည်။
"တော်တော် ကောင်းတဲ့ အကြံအစည်ပဲ... မင်းတို့ လိပ်ပြာတောင်ပံစံအိမ်က အပြင်စည်းတပည့်တွေကို ဒီလို ဆက်ဆံတာလား... တကယ် မျက်စိပွင့်သွားတာပဲ..."
မူရန် စကားပြောရန် ပြင်လိုက်စဉ် ခြံဝင်းထဲတွင် ရယ်မောသံ တစ်သံ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။ အသံသည် မကျယ်လောင်သော်လည်း သူတို့ နှစ်ယောက်အတွက်မူ မိုးခြိမ်းသံကြီး တစ်ခုကဲ့သို့ ဖြစ်နေပေသည်။
"ဘယ်သူလဲ..." သူတို့ နှစ်ယောက် လန့်သွားပြီး မျက်နှာများ ပြောင်းလဲသွားကြ၏။
ထိုခြံဝင်းက စံအိမ်အတွင်းရှိ လျှို့ဝှက် နေရာတစ်ခု မဟုတ်သော်လည်း သူတို့ စကားပြောနေစဉ် စည်းတံဆိပ်တစ်ခု ပြုလုပ်ထားပေသည်။ ရောက်လာသူကို သူတို့ မည်သို့များ မသိလိုက်ရပါသနည်း။
အကယ်၍ ထိုလူက စကားမပြောဘဲ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့မည် ဆိုပါက... သူတို့ နှစ်ယောက် ဘယ်လို သေသွားမှန်းတောင် သိလိုက်မည် မဟုတ်ကြောင်း သူတို့ အာမခံနိုင်ပေသည်။
ယင်းကို တွေးမိပြီး မူကျဲနှင့် မူရန် တို့ နှစ်ယောက်လုံး ချွေးအေးများ ပျံကျလာသည်။
"ငါက ဘယ်သူလဲ ဟုတ်လား... သဘာဝကျကျပဲ မင်းတို့ ဒုက္ခပေးဖို့ ကြိုးစားနေတဲ့ သူပေါ့..." နိုင်းယွမ်သည် လေထဲမှ ဆင်းသက်လာရင်း ပြုံးကာ ပြောလိုက်သည်။
လူငယ်လေး၏ ပုံစံကို မြင်သောအခါ သူတို့၏ လက်သီးများ တစ်ပြိုင်နက်တည်း ဆုပ်သွားကြ၏။
သူတို့ နှစ်ယောက်က ထိုလူကို မည်သို့ ထောင်ချောက်ဆင်ရမည်ကို ဆွေးနွေးနေကြစဉ် ထိုလူက သူတို့ရှေ့တွင် ပေါ်လာပြီး သူတို့၏ စကားဝိုင်းကို ကြားသွားပုံ ရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမဆို ကတုန်ကယင် ဖြစ်သွားမည်မှာ သေချာလှပေသည်။
"မူယွမ်... မင်း ဘာလိုချင်တာလဲ... ဒါက လိပ်ပြာတောင်ပံစံအိမ် နော်... မင်းရဲ့ အပြင်စည်း လိပ်ပြာစံအိမ် မဟုတ်ဘူး... ငါ အော်လိုက်ရင် စံအိမ်ထဲက ပညာရှင်တွေ ရောက်လာပြီး မင်းကို ချက်ခြင်း သတ်ပစ်လိမ့်မယ်..."
မူရန်၏ မျက်လုံးထဲမှ ထိတ်လန့်မှုများက လက်ခနဲ ဖြစ်သွားပြီးနောက် ပျောက်ကွယ်သွားသည်။ သူ အလျင်အမြန် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်၏။ ဖဲချပ်များ အကုန် ပွင့်နေပြီ ဖြစ်ရာ သနားစရာ ကောင်းအောင် ဟန်ဆောင်နေစရာ မလိုတော့ချေ။
"စံအိမ်ထဲက ပညာရှင်တွေ ဟုတ်လား... ဟားဟား... အော်ကြည့်ပါလား..." သူ၏ ခြိမ်းခြောက်မှုကို လျစ်လျူရှုလိုက်ပြီး နိုင်းယွမ် အသာအယာ ပြုံးလိုက်သည်။
သူ ရောက်လာစဉ်က ရှာဖွေမတွေ့ရှိစေရန် အားကောင်းသော ဝိညာဥ်စွမ်းအားကို အသုံးပြု၍ ခြံဝင်း တစ်ခုလုံးကို ချိပ်ပိတ်ထားခဲ့ပြီး ဖြစ်၏။ ထိုနေရာတွင် ပေါက်ကွဲမှု သို့မဟုတ် တိုက်ပွဲ ဖြစ်ပွားလျှင်ပင် အပြင်ဘက်မှ မည်သူမျှ သတိပြုမိမည် မဟုတ်ချေ။
စိတ်ဝိညာဥ်အလယ်အဆင့် ဝိညာဉ်၏ စွမ်းအားက ထိုအချိန်တွင် အပြည့်အဝ ပေါ်လွင်နေပေသည်။
"ဒီလိုဆိုမှတော့... မင်း သေလိုက်တော့..."
မူရန် ထိုလူငယ်လေး၏ ခွန်အားကို သိထားပေသည်။ သူ ရုတ်တရက် မာန်သွင်း ဟိန်းဟောက်လိုက်ပြီး တစ်ချိန်တည်းမှာပင် မြေကြီးကို ခြေဖြင့် ဆောင့်ကန်လိုက်၏။ သူ၏ တစ်ကိုယ်လုံးက ခုန်အုပ်လာသော ကျားသစ် တစ်ကောင်ကဲ့သို့ ရုတ်တရက် နိုင်းယွမ်ထံသို့ ပြေးဝင်သွားသည်။
သူ မလှုပ်ရှားမီ ငြိမ်သက်နေခဲ့ပြီး လှုပ်ရှားလိုက်သောအခါ လူငယ်လေးကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ပစ်ရန် ရည်ရွယ်ထားပုံ ရချေသည်။
"မင်းရဲ့ အမြန်နှုန်းက တော်တော် မြန်ပေမယ့်... အမြန်ဆုံး အရှိန်တောင်မှ ဝိညာဥ်စွမ်းအားကို မကျော်လွန်နိုင်ပါဘူး..." မူရန်က တိုက်ရိုက် လှုပ်ရှားမည်ကို သူ ကြိုသိနေပုံ ရသည်။ နိုင်းယွမ် မရှောင်တိမ်းဘဲ အသာအယာ ပြုံးကာ လက်ဝါးဖြင့် ရှေ့သို့ ပြင်းထန်စွာ ဖမ်းဆုပ်လိုက်၏။
လက်ဝါး၏ အမြန်နှုန်းက မမြန်သော်လည်း မူရန်၏ အမြင်တွင် ရှောင်တိမ်းရန် မဖြစ်နိုင်ချေ။ သူ၏ လည်ချောင်း စူးကနဲ ဖြစ်သွားပြီး ဖား တစ်ကောင် သို့မဟုတ် ငါးဆားနယ် တစ်ကောင်ကဲ့သို့ လည်ပင်းကို အဆုပ်ခံလိုက်ရကာ လေထဲသို့ မြှောက်တင်ခံလိုက်ရသည်။
"ဆက်အော်လေ... ဆက်တိုက်ခိုက်လေ... ငါ ကိစ္စမရှိပါဘူး..." နိုင်းယွမ် အသာအယာ ပြုံးလိုက်ပြီး သူ့ရှေ့ရှိ မူရန်ကို မြေကြီးပေါ်တွင် နင်းခံထားရသော ဖားပြုတ် တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
တစ်လကျော် ကျင့်ကြံပြီးနောက် သူ၏ ဝိညာဉ်နှင့် ခွန်အားက ယခုအခါ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားနိုင်ပြီ ဖြစ်ပြီး သူ၏ သိုင်းစွမ်းရည်မှာ အလင်းမြို့တော်တွင် ရှိစဉ်ကထက် ဆယ်ဆကျော် ပိုမို အားကောင်းနေချေပြီ။ မူရန်၏ ခွန်အားက မအားနည်းသော်လည်း သူ့တိုက်ခိုက်မှု တစ်ဝက်ကိုပင် မခံနိုင်ချေ။
"မင်း..." လူငယ်လေး၏ လှောင်သံစွက်နေသော လေသံကို ကြားသောအခါ မူရန်၏ မျက်နှာ နီရဲသွားသော်လည်း အလျင်အမြန် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ငါ့ကို မြန်မြန် အောက်ချပေးစမ်း... ငါက ဖန်ဆင်းခြင်း အဆင့် ပညာရှင် တစ်ယောက်ကွ... ငါ သေသွားတာနဲ့ စံအိမ် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး စံအိမ်သခင်နဲ့ တခြားလူတွေက ငါ့အတွက် သေချာပေါက် လက်စားချေကြလိမ့်မယ်... အဲဒီအချိန်ကျရင် မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ မြေမြှုပ်စရာ နေရာတောင် မရှိဘဲ သေရလိမ့်မယ်..."
"စံအိမ် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမယ် ဟုတ်လား..." နိုင်းယွမ် ရယ်မောလိုက်သည်။
"ဟုတ်တယ်... ဦးလေး မူရန်က ငါတို့ စံအိမ်ရဲ့ ဘဏ္ဍာထိန်းပဲ... ကိစ္စ တော်တော်များများက သူ ရှိနေဖို့ လိုအပ်တယ်... မင်း သူ့ကို အန္တရာယ် ပြုရဲရင် ငါတို့ လိပ်ပြာတောင်ပံစံအိမ် နဲ့ အဆက်အသွယ် ဖြတ်ပြီး ရှေးဟောင်းမြို့တော်ကို စော်ကားတာနဲ့ အတူတူပဲ... အဲဒီအချိန်ကျရင် စံအိမ်သခင်က မင်းကို သတ်ရုံတင် မကဘူး... မင်းအစ်မနဲ့ မင်းတို့ မူလျန့် မိသားစုခွဲ တစ်ခုလုံးလည်း ပါဝင်ပတ်သက်သွားပြီး မင်းတို့ အားလုံး သေရလိမ့်မယ်..."
မူကျဲလည်း မူရန် တစ်ကွက်တည်းဖြင့် အဖမ်းခံလိုက်ရသည်ကို မြင်သောအခါ သူ၏ မျက်နှာမှာ နီတလှည့် ဖြူတလှည့် ဖြစ်သွားသည်။ ခဏအကြာတွင် အခြေအနေ၏ အရေးကြီးမှုကို သဘောပေါက်သွားပြီး သူ ရှေ့သို့ တစ်လှမ်းတိုးကာ ဟိန်းဟောက်လိုက်၏။
ထိုအချိန်တွင် သူ နောက်ဆုတ်၍ မရတော့ချေ။ နောက်ဆုတ်လိုက်သည်နှင့် သူ သေချာပေါက် သေရမည် ဖြစ်၏။ ခက်ထန်စွာ တုံ့ပြန်ခြင်းကသာ အသက်ရှင်ရန် အခွင့်အရေး တစ်ခု ပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။
"ငါက တခြားလူတွေကို ခြိမ်းခြောက်ရတာ အမြဲတမ်း သဘောကျပြီး ခြိမ်းခြောက်ခံရတာတော့ မကြိုက်ဘူး... မင်းက ဒီလောက် အသုံးဝင်နေမှတော့... စိတ်မကောင်းဘူး... မင်း အရင် သေရလိမ့်မယ်..."
အသာအယာ ပြုံးလိုက်ပြီးနောက် နိုင်းယွမ် သူ့ရှေ့ရှိ မူရန်ကို ကြည့်ကာ သူ၏ လက်ဝါးကို ညှစ်လိုက်သည်။
ဂျွတ်....
မူရန် အသက်ရှူသံ ရပ်တန့်သွားပြီး မြေကြီးပေါ်သို့ ပစ်ချခံလိုက်ရကာ အလောင်း တစ်လောင်း ဖြစ်သွား၏။
“မင်း တကယ် လုပ်ရဲတယ်ပေါ့... မင်း..."
တစ်ဖက်လူက သူ့စကားများကို လုံးဝ ထည့်မတွက်ဘဲ တိုက်ရိုက် လှုပ်ရှားလိမ့်မည်ဟု မူကျဲ မထင်မှတ်ထားခဲ့ချေ။ သူ ကြောက်လန့်လွန်း၍ နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်လာ၏။
သူက လိပ်ပြာတောင်ပံစံအိမ်၏ ပါရမီရှင် တစ်ယောက် ဖြစ်သော်လည်း ဖန်လုံအိမ်ထဲမှ ပန်းပွင့် တစ်ပွင့်နှင့် မခြားနားဘဲ တကယ့် တိုက်ပွဲ အတွေ့အကြုံ အလွန် နည်းပါးလှပေသည်။ မူရန် သူ့မျက်စိရှေ့တွင် သေဆုံးသွားသည်ကို မြင်သောအခါ သူ၏ မျက်နှာမှာ ကြောက်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တုန်ယင်နေလေတော့သည်။
"မကြောက်ပါနဲ့... ငါ မင်းကို မသတ်ပါဘူး... ဘာလို့လဲဆိုတော့ မင်းကို လုပ်ခိုင်းစရာ တစ်ခု ရှိသေးလို့ပဲ..."
နိုင်းယွမ် ရယ်မောလိုက်ပြီး သူငယ်အိမ်များ ရုတ်တရက် သွေးရောင်အဖြစ် ပြောင်းလဲသွားကာ သွေးကဲ့သို့ အလင်းရောင် တစ်ခုက မျက်စိတစ်မှိတ်အတွင်း မူကျဲကို လွှမ်းခြုံသွား၏။
‘သွေးမျက်ရှင်... သွေးမျက်လုံးစွမ်းရည်…'
သွေးမျက်ရှင်မှ ထုတ်လွှတ်သော သွေးမျက်ရှင်အလင်းက လူတစ်ယောက်၏ ဝိညာဉ်ကို ဒဏ်ရာရစေနိုင်ရုံသာမက ယင်း၏ ဖွဲ့စည်းပုံကိုပါ ပြောင်းလဲစေနိုင်ပြီး လူများကို အိပ်မွေ့ချကာ သူ၏ အမိန့်များကို လုံးဝ နာခံစေနိုင်ပေသည်။ မိစ္ဆာသူတော်စင် ရှေးဦးအလောင်း၏ ဝိညာဉ်က ထိုအရာကို အသုံးပြု၍ နိုင်းယွမ်ကို လုံးဝ ထိန်းချုပ်ရန် ကြိုးစားခဲ့ပြီး ပူးကပ်ကာ ပြန်မွေးဖွားလာရန် ကြိုးစားခဲ့ဖူး၏။
သွေးရောင် အလင်းတန်းထဲတွင် ရေချိုးခံလိုက်ရသဖြင့် မူကျဲ၏ မျက်လုံးများတွင် ဝေဝါးသော အမူအရာများ ပေါ်လာပြီး မကြာမီ သူ့ကိုယ်သူ လုံးဝ မေ့လျော့သွားကာ နိုင်းယွမ်၏ အမိန့်များကိုသာ နာခံသော ရုပ်သေးရုပ် တစ်ရုပ်အဖြစ် ပြောင်းလဲသွားတော့သည်။
"မင်းက အခု အပြင်စည်းတပည့် မူယွမ် ဖြစ်သွားပြီ... ပြီးတော့ တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲမှာ ပါဝင်ရမယ်..."
ထိုသည်မှာ သွေးမျက်ရှင်၏ အိပ်မွေ့ချသည့် အာနိသင်ကို သူ ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်ပြီး ယင်းက အလုပ်ဖြစ်သွားသည်ကို မြင်သောအခါ နိုင်းယွမ် နဖူးကို ပွတ်သပ်လိုက်ပြီး အသက်ရှူထုတ်ကာ မူကျဲကို အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော်က အပြင်စည်းတပည့် မူယွမ်ပါ... တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲမှာ ပါဝင်ပါ့မယ်..." မူကျဲ၏ မျက်နှာထားမှာ ဝေဝါးနေသည်။
"မင်းက မူယွမ် ဖြစ်နေမှတော့ မင်းရဲ့ ရုပ်သွင်ကို ပြောင်းလဲလိုက်..."
သူ လက်ညှိုး တစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ ခန္ဓာကိုယ်ထဲရှိ ရုပ်လွဲချီများ မူကျဲထံသို့ စီးဝင်သွားသည်။ တိုးညင်းသော "ကျွတ်... ကျွတ်..." ဟူသော အသံများနှင့်အတူ တစ်ဖက်လူ၏ ရုပ်သွင် ပြောင်းလဲသွားပြီး နိုင်းယွမ်၏ လက်ရှိ ပုံစံနှင့် အတိအကျ တူညီသွားကာ သူတို့၏ ဝိညာဥ်ချီပင်လျှင် လုံးဝ တူညီသွားပေသည်။
နိုင်းယွမ်၏ စိတ်ဝိညာဥ်အလယ်အဆင့် စွမ်းအားဖြင့် ပြောင်းလဲထားသော ရုပ်သွင်ကို သူတို့၏ ဝိညာဉ်က သူ့ထက် မသာလွန်သ၍ မည်သူကမျှ ဖောက်ထွင်း မြင်နိုင်မည် မဟုတ်ချေ။
အခန်း ၃၇၅ ပြီး