"ငါလည်း အသွင်ပြောင်းလိုက်မယ်...” မူကျဲကို ကိုင်တွယ်ဖြေရှင်းပြီးနောက် နိုင်းယွမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး ရုပ်လွဲချီပြောင်းလဲသွားကာ မူကျဲနှင့် တစ်ပုံစံတည်း တူညီသွား၏။
"အချိန်ကိုက်ပဲ..."
သူ မူရန်၏ အလောင်းနှင့် မူကျဲကို ကျိဟွာဂူစံအိမ်ထဲသို့ တစ်ပြိုင်နက်တည်း ထည့်လိုက်သည်။ ထို့နောက် ကောင်းကင်မှ လေတိုးသံ တစ်သံကို ကြားလိုက်ရ၏။ တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲ စည်းမျဉ်းများကို ဆွေးနွေးပြီးနောက် စံအိမ်သခင် ပြန်လာခြင်း ဖြစ်ရမည်ဟု နိုင်းယွမ် သိလိုက်ပေသည်။
"ဝှစ်..."
ထင်ထားသည့်အတိုင်းပင် ထွက်သက်ဝင်သက် နှစ်ကြိမ်အတွင်း လူရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး ခြံဝင်းထဲသို့ ဝင်ရောက်လာသည်။
"မူကျဲ..."
"စံအိမ်သခင်..."
မူကျဲ အဖြစ် ရုပ်ဖျက်ထားသော နိုင်းယွမ် လေးစားမှုနှင့် အနည်းငယ် ထိတ်လန့်မှုတို့ ရောယှက်နေသော မျက်နှာထားဖြင့် လျှောက်သွားလိုက်သည်။
နိုင်းယွမ်၏ ဝိညာဉ်က မူလကတည်းက စံအိမ်သခင်ထက် ပိုမို အားကောင်းပြီး သူ၏ ရုပ်လွဲစွမ်းရည်မှာ အလွန် ပြောင်မြောက်လှသဖြင့် စံအိမ်သခင် လုံးဝ ဖောက်ထွင်း မမြင်နိုင်ချေ။
"ဒီ တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲက သေမင်းတမန် စမ်းသပ်မှု ဖြစ်လိမ့်မယ်... ဒါကို ယူထားလိုက်..."
စံအိမ်သခင်က အရှေ့မှ "မူကျဲ"ကို ကြည့်ကာ စိတ်အေးသွားသည့် အပြုံးဖြင့် သူ၏ ရင်ခွင်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး ပစ်ပေးလိုက်သည်။
ယင်းမှာ မြို့သခင် ထုတ်ပေးခဲ့သော ကျောက်စိမ်းပြား ငါးခုအနက် တစ်ခု ဖြစ်ပေသည်။
"ဒါက ဘာလဲဟင်..." နိုင်းယွမ် နားမလည်သော မျက်နှာထားဖြင့် ဟန်ဆောင် မေးလိုက်၏။
သူက ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ဖူးသော မကောင်းဆိုးဝါးအိုကြီး တစ်ယောက် ဖြစ်ပြီး မသိဟန်ဆောင်သည့် နေရာတွင် အလွန် ကျွမ်းကျင်နေပြီ ဖြစ်ပေသည်။ သူ့ရှေ့ရှိ မူကျဲက အခြား တစ်ယောက်ဖြင့် အစားထိုးခံထားရကြောင်း မြို့သခင် လုံးဝ ခန့်မှန်းမိမည် မဟုတ်ချေ။
"ဒါက လင်းရှီကောင်းကင်နန်းတော်ထဲ ဝင်ဖို့ အဆောင်တစ်ခုပဲ... မင်း ဒါကို ကိုင်ထားသ၍ ကောင်းကင်နန်းတော်ထဲက စည်းတံဆိပ်က မင်းကို တိုက်ခိုက်မှာ မဟုတ်တဲ့အပြင် သူ့ရဲ့ စွမ်းအားတွေကိုပါ မင်းဆီ ပေါင်းထည့်ပေးလိမ့်မယ်... မင်း ဒါကို သေချာ သိမ်းထားရမယ်..." သူက ရှင်းပြပြီးနောက် အခြား ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။
စံအိမ်သခင်၏ မျက်နှာထား လေးနက်သွားပြီး ညွှန်ကြားလိုက်၏။ "ဒါက ကောင်းကင်နန်းတော် ရဲ့ မြေပုံပဲ... ငါ တိတ်တဆိတ် ဆွဲထားတာ... ကောင်းကင်နန်းတော်ထဲ ဝင်သွားပြီးရင် မြေပုံပေါ်က လမ်းကြောင်းအတိုင်း သွားလိုက်... လင်ရှီးစမ်းရေကို မင်း တွေ့လိမ့်မယ်... အသိအမှတ်ပြုမှုကို ရယူပြီး ချန်ပီယံ ဖြစ်အောင်လုပ်... ဒီတစ်ခေါက် ငါတို့ လိပ်ပြာတောင်ပံစံအိမ်က လင်ရှီးစမ်းရေကို ထိန်းချုပ်ခွင့် ရမရ ဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်..."
"ဟုတ်ကဲ့ပါ စံအိမ်သခင်... စိတ်ချပါ... ကျွန်တော် စံအိမ်သခင်ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး..." နိုင်းယွမ် စိတ်လှုပ်ရှားနေပုံ ဟန်ဆောင်လိုက်သည်။
"ကောင်းတယ်..." မူကျဲ ထိုသို့ ဖြစ်နေသည်ကို မြင်သောအခါ စံအိမ်သခင် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ "ဒီမြေပုံကို စံအိမ်ကြီးငါးခုက သူတို့ရဲ့ တပည့်တွေကို ပေးဖို့ တားမြစ်ထားတယ်... ပြီးတာနဲ့ ချက်ချင်း ဖျက်ဆီးပစ်ဖို့ မမေ့နဲ့... ဘာခြေရာမှ မကျန်စေနဲ့... ပြီးတော့ တခြား စံအိမ်သခင်တွေလည်း သူတို့ရဲ့ ယုံကြည်ရတဲ့ တပည့်တွေအတွက် ကြိုတင် ကာကွယ်မှုတွေ လုပ်ထားလောက်တယ်... ဒါပေမယ့် မင်းရဲ့ ခွန်အားနဲ့ဆိုရင် ဘာပြဿနာမှ မရှိလောက်ပါဘူး... မှတ်ထား... သေမင်းတမန် စမ်းသပ်မှုမှာ မင်း လုံးဝ စိတ်ပျော့လို့ မရဘူး... မင်းအတွက် အကျိုးမရှိဘူး ဆိုရင် သူတို့ကို သတ်ပစ်လိုက်... လုံးဝ သနားညှာတာမှု မပြနဲ့... မဟုတ်ရင် သေရမယ့်သူက မင်း ဖြစ်သွားလိမ့်မယ်..."
"ဟုတ်ကဲ့... မူကျဲ နားလည်ပါပြီ..." နိုင်းယွမ် စိတ်ထဲမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း နှုတ်မှ အလျင်အမြန် သဘောတူလိုက်သည်။
"မူယွမ်ဆိုတဲ့ အပြင်စည်းတပည့်ကို မင်း တွေ့ခဲ့တယ် မဟုတ်လား... ငါ အခု သူ့ဆီမှာ အမှတ်အသား တစ်ခု ချန်ထားခဲ့မယ်... လင်းရှီကောင်းကင်နန်းတော်ထဲ ဝင်သွားပြီးရင် အဲဒီ အမှတ်အသားက ကောင်းကင်နန်းတော် ရဲ့ စည်းတံဆိပ်ကို အသက်သွင်းလိုက်လိမ့်မယ်... အဲဒီအချိန်ကျရင် သူ့ကို သတ်ဖို့ အခွင့်အရေး ရှာလိုက်... ပြီးရင် သူ့ရဲ့ အလားအလာတွေက မင်းဆီ ရောက်လာလိမ့်မယ်..."
စံအိမ်သခင်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ စံအိမ်သခင်... အဲဒီ မူယွမ်ကို ညှာတာမှု မရှိဘဲ သေချာပေါက် သတ်ပစ်ပါ့မယ်..." နိုင်းယွမ် အလွန် သတ်ဖြတ်ချင်နေသလို ဟန်ဆောင်ကာ ပြောလိုက်သည်။
"သိပ်ကောင်းတယ်... မင်းသာ ဒီတစ်ခေါက် ချန်ပီယံ ဖြစ်ပြီး ငါတို့ လိပ်ပြာတောင်ပံစံအိမ်ကို လင်းရှီကောင်းကင်နန်းတော် ရဲ့ ထိန်းချုပ်မှု ရအောင် လုပ်ပေးနိုင်ရင်... ငါ့ရဲ့ စံအိမ်သခင် နေရာက နောက်ဆုံးမှာ မင်းအတွက် ဖြစ်လာလိမ့်မယ်... မင်းသာ ကျရှုံးခဲ့ရင် အပြင်းထန်ဆုံး အပြစ်ဒဏ်ကို ခံရမယ်... သေချာတာပေါ့... စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတော့ မထားပါနဲ့... မင်း သေချာ ကြိုးစားသ၍ ချန်ပီယံက သေချာပေါက် မင်းအတွက်ပဲ... ကောင်းပြီ... စကားတွေ အများကြီး မပြောတော့ဘူး... အဲဒီ မူယွမ်ကို ငါ သွားရှင်းလိုက်ဦးမယ်... လာမယ့် နှစ်ရက်အတွင်း မင်းရဲ့ ကျင့်ကြံခြင်းကို ခိုင်မာအောင် လုပ်ထားပြီး အကောင်းဆုံး အခြေအနေနဲ့ စမ်းသပ်မှုမှာ ပါဝင်နိုင်အောင် ကြိုးစား..."
စံအိမ်သခင် သူ့ရှေ့မှ လူငယ်လေးကို ကြည့်လေ ပိုသဘောကျလေ ဖြစ်နေ၏။ သူ ညွှန်ကြားချက် အနည်းငယ် ထပ်ပေးပြီးနောက် မူကျဲ၏ ပခုံးကို ပုတ်ကာ ကောင်းကင်သို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ညအမှောင်ထဲသို့ ပျောက်ကွယ်သွားသည်။ ကြည့်ရသည်မှာ သူ လီရွမ်စံအိမ် ဘက်သို့ ဦးတည်သွားပုံ ရပေသည်။
လီရွမ်စံအိမ်က နိုင်းယွမ် နေထိုင်ရာ နေရာ ဖြစ်၏။
"ဒီကောင်က တကယ်ကို တက်ကြွတာပဲ... ငါ မြန်မြန် ပြန်မသွားရင် ပေါ်သွားလိမ့်မယ်..."
စကားပြောပြီးနောက် စံအိမ်သခင် ထွက်သွားသည်ကို မြင်သောအခါ နိုင်းယွမ်လည်း ဆက်မနေတော့ချေ။ သူ၏ ခန္ဓာကိုယ်က အမှောင်ထုထဲသို့ ပေါင်းစပ်သွားပြီး အလင်းတန်း အနည်းငယ် လက်သွားပြီးနောက် သူ၏ နေအိမ်သို့ တိတ်တဆိတ် ပြန်ရောက်သွား၏။
ခြံဝင်းထဲသို့ ဝင်ဝင်ချင်းမှာပင် မူရှာက စံအိမ်သခင်နှင့် စကားပြောနေသည်ကို သူ တွေ့လိုက်ရ၏။ သူ သတိလစ်အောင် လုပ်ထားခဲ့သော လူရိပ်ထံသို့ သွားကာ သူ့ကို တိတ်တဆိတ် နှိုးလိုက်ပြီးနောက် သူ၏ အခန်းထဲသို့ ခြေဖွဖွ လျှောက်သွားပြီး သူ ထိန်းချုပ်ထားသော မူကျဲကို လွှတ်ပေးလိုက်သည်။
လက်ရှိ မူကျဲက သူနှင့် တစ်ပုံစံတည်း တူနေပေသည်။ တစ်ဖက်လူ၏ အမှတ်အသားကို သူခံစားရမည် ဖြစ်၏။
"စံအိမ်သခင် ရောက်နေတယ်... မြန်မြန် သွားနှုတ်ဆက်လိုက်... မင်းရဲ့ ကျင့်ကြံခြင်းကို ပါရဂွန် အထွတ်အထိပ်အဆင့်အထိ ငါ ဖိနှိပ်ထားတယ်... သူ သိမှာ မဟုတ်ဘူး... မင်းနာမည် မူယွမ် ဆိုတာကို မှတ်ထား..." နိုင်းယွမ် မူကျဲ၏ နားထဲသို့ ထပ်မံ တီးတိုးပြောလိုက်ပြီး ဝိညာဉ် အိပ်မွေ့ချခြင်းကို သုံးကာ ထိုရုပ်သေးရုပ်ကို တံခါးဖွင့်ပြီး အပြင်သို့ ထွက်သွားခိုင်းလိုက်သည်။
"စံအိမ်သခင်... ဘာလို့ အကြောင်းမကြားဘဲ ရောက်လာရတာလဲ..."
မူကျဲ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာပြီး နိုင်းယွမ် ပြင်ဆင်ပေးထားသော စကားလုံးများအတိုင်း အမှားအယွင်း မရှိဘဲ ပြုံးကာ ပြောလိုက်သည်။
"ဟားဟား... မင်း ဒီမှာ နေရတာ အသားကျရဲ့လား လာကြည့်တာပါ... အသစ်ရောက်လာတဲ့ အပြင်စည်းတပည့် တချို့က ရှေးဟောင်းမြို့တော်ရဲ့ ပတ်ဝန်းကျင်နဲ့ သိပ်အသားမကျတတ်ကြလို့လေ..." စံအိမ်သခင်က ကြင်နာစွာ ပြောလိုက်သည်။
သူ၏ အကြံအစည်ကို ကြိုတင် မသိထားပါက သူ၏ အပြုံးက နိုင်းယွမ်ကိုပင် လှည့်စားနိုင်လောက်ပေသည်။
'တကယ့် မြေခွေးအိုကြီးပဲ...’
"စံအိမ်သခင်ရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် အရမ်း အသားကျနေပါပြီ..." မူကျဲ ခေါင်းညိတ်လိုက်ပြီး မျက်လုံးများတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ပေါ်လာ၏။
နိုင်းယွမ်၏ ဝိညာဉ်က အလွန် အားကောင်းပြီး မူကျဲကို ထိန်းချုပ်ရာတွင် မျက်နှာအမူအရာများကိုပါ ပြောင်းလဲရန် လှုံ့ဆော်ပေးနိုင်သဖြင့် စံအိမ်သခင် လုံးဝ သတိမထားမိနိုင်ချေ။
"ဒါဆို ကောင်းတာပေါ့... အပြင်စည်းတပည့်တွေထဲမှာ မင်းလို ပါရမီရှင် တစ်ယောက် ရှိနေတာ သိပ်ကောင်းတယ်..." စံအိမ်သခင်က သက်ပြင်းချလိုက်ပြီးနောက် လက်လှမ်းကာ မူကျဲ၏ ပခုံးကို ပုတ်လိုက်သည်။ ယင်းက အားပေးမှု တစ်ခုနှင့် တူသော်လည်း တကယ်တမ်းတွင် သူ၏ လက်ဝါးမှ လျှို့ဝှက်ခွန်အား တစ်ခုက မူကျဲ၏ ခန္ဓာကိုယ်ထဲသို့ အမှတ်အသား တစ်ခုကို သိမ်မွေ့စွာ ထိုးသွင်းလိုက်ခြင်း ဖြစ်ပေသည်။
"စံအိမ်သခင် အထင်ကြီးတာ ကျေးဇူးတင်ပါတယ်... ကျွန်တော် မထိုက်တန်ပါဘူး..." မူကျဲ စံအိမ်သခင်၏ ကြီးမားသော မျက်နှာသာပေးမှုကြောင့် စိတ်လှုပ်ရှားနေပုံဖြင့် ကတုန်ကယင် ဖြစ်သွားသည်။
"မင်း ဒီမှာ နေရတာ အသားကျနေပြီ ဆိုတော့ ငါ ဆက်မနှောင့်ယှက်တော့ပါဘူး... သေချာ ကျင့်ကြံပြီး သုံးရက်နေရင် ကျင်းပမယ့် တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲမှာ နာမည်ကောင်း ရအောင် ကြိုးစား..."
စံအိမ်သခင်က သူ့ကို ထပ်မံ အားပေးစကား ပြောလိုက်ပြီး သူ၏ မျက်လုံးများတွင် ကျေနပ်သော အပြုံးတစ်ခုနှင့်အတူ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။
"ကျွန်တော် ကြိုးစားပါ့မယ်..." မူကျဲကလည်း ခေါင်းညိတ်လိုက်၏။
နှစ်ယောက်လုံး၏ မျက်လုံးများတွင် အလွန် ကျေနပ်နေကြပြီး သူတို့ ဘာကို ကျေနပ်နေကြမှန်း သူတို့ ကိုယ်တိုင် ကောင်းကောင်း သိနေကြပေသည်။
"နိုင်းယွမ်... ဘာတွေ ဖြစ်နေတာလဲ... စံအိမ်သခင်က ဒီအချိန်ကြီး ရောက်လာတာ စကားနည်းနည်း ပြောဖို့ သက်သက်ပဲလား..." မလှမ်းမကမ်းတွင် ရှိနေသော မူရှာ ထူးဆန်းနေသော နှစ်ယောက်ကို ကြည့်ကာ ဘာတွေ ဖြစ်နေမှန်း နားမလည်နိုင်အောင် ဖြစ်နေ၏။
‘စံအိမ်သခင်က ညသန်းခေါင်ကြီး မအိပ်ဘဲ နိုင်းယွမ် ဒီမှာ နေရတာ အသားကျရဲ့လား လာမေးတယ် ဟုတ်လား…'
‘တကယ်ပဲ အဲဒီလိုဆိုရင် သူ အရမ်း ပျင်းနေလို့ပဲ ဖြစ်ရမယ်...’
"ဟားဟား... အဲဒီအချိန်ကျရင် ပွဲကောင်း တစ်ပွဲ ရှိလိမ့်မယ်... စောင့်ကြည့်နေလိုက်..."
"ကျွီ..."
ထိုစဉ် အခန်းထဲမှ အသံတစ်သံ ထွက်ပေါ်လာပြီးနောက် တံခါးပွင့်သွားကာ "မူကျဲ" ထွက်လာသည်။
"ဟင်..." ထိုမူကျဲက နိုင်းယွမ်၏ အသံဖြင့် စကားပြောနေသည်ကို မြင်သောအခါ မူရှာ လန့်သွားမိသော်လည်း အလင်းမြို့တော်တွင် သူမ၏ မောင်လေးကို ကယ်တင်စဉ်က နိုင်းယွမ်၏ အံ့ဖွယ် လုပ်ရပ်များကို ပြန်လည် သတိရသွားပြီး ရုတ်တရက် နားလည်သွားသည်။ "ရှင်က မူကျဲအဖြစ် ပြောင်းထားတာလား... ဒါဆိုရင် ဒီလူက..."
"ဒီလူက သေချာပေါက် မူကျဲပေါ့... ကျုပ်တို့ နေရာချင်း လဲလိုက်တာလေ..." နိုင်းယွမ်က ရှင်းပြလိုက်ပြီး "ဒီ တော်ဝင်ဝိညာဥ် တပည့် စမ်းသပ်မှုက အရမ်း အန္တရာယ်များတယ်... မင်း မသွားတာ ပိုကောင်းမယ် ထင်တယ်... ကျိဟွာဂူစံအိမ်ထဲကို အရင် ပြန်ဝင်နေလိုက်... မင်း ထွက်သွားပြီလို့ စံအိမ်သခင်ကို ငါ ပြောလိုက်မယ်..."
"ကောင်းပြီ..." သူမ၏ ခွန်အား သိသိသာသာ တိုးတက်လာသော်လည်း ကိစ္စတော်တော်များများတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသေးကြောင်း မူရှာ သိပေသည်။ သူမက ခေါင်းညိတ်လိုက်ပြီး... "ရှင်လည်း သတိထားဦးနော်..."
နိုင်းယွမ် ပြန်မဖြေဘဲ အတွေးတစ်ချက်နှင့် မူရှာကို ကျိဟွာဂူစံအိမ် ထဲသို့ ခေါ်ဆောင်သွားလိုက်သည်။
ကျိဟွာဂူစံအိမ်က အလွန် ကျယ်ဝန်းလှပေသည်။ လူတစ်ရာ ထပ်ထည့်လျှင်ပင် ကျပ်တည်းနေမည် မဟုတ်ချေ။
"အဲဒီကောင်က ခုနက ဖြစ်သွားတာတွေကို တကယ် မေ့သွားတာပဲ..."
ကောင်းကင်မျက်လုံးကို အသက်သွင်းထားလျက် နိုင်းယွမ် ပြန်လည် ရောက်ရှိလာသော စံအိမ်သခင်နှင့် လူရိပ်တို့၏ စကားဝိုင်းကို စောင့်ကြည့်နေပြီး သူ၏ နှုတ်ခမ်းများတွင် မဲ့ပြုံး တစ်ခု ပေါ်လာသည်။
စံအိမ်သခင် ထွက်သွားသည်နှင့် ယခင်က သူ သတိလစ်အောင် လုပ်ထားခဲ့သော လူရိပ်က တိတ်တဆိတ် နောက်မှ လိုက်သွားခဲ့၏။ သေချာသည်မှာ ထိုသို့သာ မဟုတ်ခဲ့ပါမူ နိုင်းယွမ်လည်း မူရှာကို ဗြောင်ကျကျ ရှင်းပြနေမည် မဟုတ်ချေ။
ထိူလူရိပ်က စံအိမ်သခင် နောက်မှ အခန်းထဲသို့ လိုက်သွားပြီး စောင့်ကြည့်ရေး အခြေအနေကို သတင်းပို့လိုက်သည်။ သို့သော် သူ၏ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို နိုင်းယွမ်၏ အားကောင်းသော ဝိညာဥ်စွမ်းအားဖြင့် ရှင်းလင်းထားခဲ့သဖြင့် တကယ်တမ်း ဘာတွေ ဖြစ်ခဲ့မှန်း သူ လုံးဝ မသိခဲ့ချေ။ သူ၏ ပြောပြချက်အရ ယနေ့ည အရာအားလုံး အေးချမ်းနေပြီး ဘာမှ မဖြစ်ခဲ့ချေ။
"အားကောင်းတဲ့ ဝိညာဉ် တစ်ခု ရှိတာ ကောင်းလိုက်တာ... သြော်... ဟုတ်သားပဲ... ဒီ လိပ်ပြာတောင်ပံစံအိမ် မှာ ရတနာတိုက်တွေ ရှိမရှိ ကြည့်ရအောင်..."
သူ ခံစားချက် ပြင်းပြစွာ သက်ပြင်းချလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ သူ၏ မျက်လုံးများ တောက်ပလာသည်။
လက်ရှိ နိုင်းယွမ်က သူခိုးနတ်ဘုရား ကဲ့သို့ပင် သူခိုးတို့၏ ဘိုးဘေး တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။ သူ ရောက်သွားသော နေရာတိုင်းတွင် ထိုနေရာရှိ ရတနာတိုက် အားလုံးကို သေချာပေါက် ပြောင်သလင်းခါအောင် လုယူလေ့ ရှိပေသည်။ ယခု သူ လင်းရှီကောင်းကင်နန်းတော် ထဲသို့ မဝင်နိုင်သေးသဖြင့် လိပ်ပြာတောင်ပံစံအိမ်၏ ရတနာတိုက်များကို အရင်ဆုံး စစ်ဆေးပြီး ခိုးယူ၍ ရနိုင်ပေသည်။
(ထိုကျောက်စိမ်းပြားသည် ကောင်းကင်နန်းတော် အတွင်းရှိ ဖိနှိပ်မှု များကိုသာ သက်ရောက်မှု ရှိပြီး အပြင်ဘက်ကို သက်ရောက်မှု မရှိသဖြင့် နိုင်းယွမ် ဝင်၍ မရနိုင်သေးချေ။)
လိပ်ပြာတောင်ပံစံအိမ်ကို တည်ထောင်ထားသည်မှာ မရေမတွက်နိုင်သော နှစ်ကာလများစွာ ကြာနေပြီဖြစ်၏။ ရှေးဟောင်းမြို့တော်က အပြင်ဘက်နှင့် ယှဉ်လျှင် ခြောက်သွေ့နေသော်လည်း ရတနာတိုက်များ သေချာပေါက် ရှိနေမည် ဖြစ်ပြီး လင်ရှီးစမ်းရေ အချို့ကိုပင် သူ ရှာတွေ့လောက်ပေသည်။
ယင်းကို တွေးမိပြီး နိုင်းယွမ်၏ မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ တောက်လောင်လာ၏။ သူ အခန်းထဲသို့ ပြန်ဝင်ပြီး ကောင်းကင်မျက်လုံးစွမ်းရည်ကို အသက်သွင်းလိုက်ရာ မျက်လုံးများတွင် ရွှေရောင် အလင်းတန်းများ ထပ်မံ ပြည့်နှက်လာသည်။
ကောင်းကင်မျက်လုံး၏ အလင်းရောင်အောက်တွင် စံအိမ် တစ်ခုလုံးက မျက်စိရှေ့တွင် အသေးစိတ် ပေါ်လာ၏။
"ဟင်... ဘာလို့ ဘာမှ မရှိရတာလဲ... ဒီလောက် ကြီးတဲ့ စံအိမ်မှာ ရတနာတိုက် မရှိဘူး ဆိုတာ မဖြစ်နိုင်ဘူး..."
နိုင်းယွမ် စံအိမ် တစ်ခုလုံးကို တစ်ချက် ဆန်းစစ်ကြည့်လိုက်သော်လည်း မည်သည့် ရတနာတိုက်ကိုမျှ မတွေ့ရသဖြင့် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
‘ဒီလောက် ကြီးတဲ့ စံအိမ်မှာ ရတနာတိုက် မရှိရင် သူ့တပည့်တွေရဲ့ ကျင့်ကြံခြင်းကို ဘယ်လို ထောက်ပံ့ပေးမှာလဲ...'
"ဟင်... အဲဒါ ဘာလဲ... ဒါက ရတနာတိုက် ဖြစ်နိုင်မလား... ပြီးတော့ အဲဒါက စံအိမ်သခင်ရဲ့ အခန်းထဲမှာ တကယ် ရှိနေတာလား..."
သူ ထပ်မံ စစ်ဆေးကြည့်လိုက်ရာ ရုတ်တရက် ပိတ်လှောင်ထားသော မြေအောက်ခန်း တစ်ခု သူ၏ မျက်စိရှေ့တွင် ပေါ်လာသည်။
ထိုမြေအောက်ခန်းက စံအိမ်သခင် အခန်း၏ အောက်တည့်တည့်တွင် ရှိပြီး အထူး ကျောက်သားများဖြင့် အပြည့်အဝ တည်ဆောက်ထားပေသည်။ အားကောင်းသော ကောင်းကင်မျက်လုံးဖြင့်ပင် သူ ဖောက်ထွင်း မမြင်နိုင်ဘဲ အတွင်းတွင် ဘာတွေ သိမ်းဆည်းထားမှန်း လုံးဝ မသိရချေ။
သို့သော် ယင်းကို ထိုမျှ တင်းကျပ်စွာ ကာကွယ်ထားသည်ကို ကြည့်ရုံဖြင့် ထိုမြေအောက်ခန်းငယ်လေးတွင် ရတနာတိုက် တစ်ခု သေချာပေါက် ရှိနေရမည်ဟု သူ နားလည်ပေသည်။
"မင်းတို့က လူကောင်းတွေ မဟုတ်မှတော့... ငါလည်း လူကောင်း လုပ်မနေတော့ဘူး..."
ထိုနေရာတွင် ရတနာတိုက် တစ်ခု ရှိနေမည်ဟု ခန့်မှန်းမိသဖြင့် နိုင်းယွမ် အသာအယာ ပြုံးလိုက်သည်။
သူက ယခုအခါ ကပ်ပါးကောင်ကြီး တစ်ကောင် ဖြစ်နေပြီ ဖြစ်၏။ သူ ရောက်သွားသော နေရာတိုင်းတွင် ရတနာတိုက် အားလုံးကို သေချာပေါက် လုယူမည် ဖြစ်ပေသည်။
‘အစောကြီး မဟုတ်ရင်တောင် နောက်ပိုင်း ရန်သူတွေ ဖြစ်လာကြမှာပဲ ဆိုတော့... လူကောင်း ဟန်ဆောင်နေစရာ မလိုတော့ဘူးလေ...’
"အဲဒီ သူခိုးနတ်ဘုရားဆိုတဲ့ ကောင်က ဘာလို့ ဒီလောက် သက်တောင့်သက်သာ နေနိုင်ခဲ့လဲ ဆိုတာ မဆန်းပါဘူး... ရောက်တဲ့ နေရာတိုင်းမှာ ခိုးယူရတဲ့ ဒီလို ဘဝမျိုးက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ..."
ယခင်ဘဝတွင် သူခိုးနတ်ဘုရားက အဖိုးတန်ဆုံး ရတနာများကို မည်သို့ ပေါ့ပေါ့ပါးပါး ထုတ်ယူနိုင်ခဲ့မှန်း ပြန်လည် သတိရသွားပြီး နိုင်းယွမ်၏ မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ မနေနိုင်ဘဲ တောက်လောင်လာ၏။
အခန်း ၃၇၆ ပြီး