သူခိုးနတ်ဘုရားက ယခင်ဘဝက မျောလွင့်ကောင်းကင်ကုန်းမြေကြီးတွင် နိုင်းယွမ်၏ အကောင်းဆုံး ညီအစ်ကို ဖြစ်ပြီး သူ၏ တစ်ဦးတည်းသော ညီအစ်ကိုလည်း ဖြစ်ခဲ့ပေသည်။ သူသာ မရှိခဲ့ပါက ကောင်းကင်ကိုးပါးပြောင်းလဲခြင်း ကျင့်စဥ် ရှိနေသည့်တိုင်အောင် နိုင်းယွမ် ဒန်တျန်သခင် အဆင့်ထိ ကျင့်ကြံနိုင်ခဲ့မည် မဟုတ်ချေ။
သူခိုးနတ်ဘုရား တစ်ယောက်အနေဖြင့် သူက မည်သည့်အရာကိုမဆို ခိုးယူနိုင်ပြီး သူ့ထံရှိ ရတနာများမှာ မရေမတွက်နိုင်အောင် များပြားလှပေသည်။ ယခင်ဘဝက နိုင်းယွမ်ပင် သေလုမတတ် အားကျခဲ့ရ၏။ ပြန်လည် မွေးဖွားလာပြီးနောက် သူသည်လည်း တစ်ဖက်လူ၏ လမ်းဟောင်းကို လိုက်လျှောက်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
‘တကယ်ကို ပေါင်းသင်းတဲ့ လူတွေရဲ့ လွှမ်းမိုးမှုကို ခံရတာပဲ...’
"စံအိမ်သခင်ရဲ့ အခန်း ဟုတ်လား... အဲဒီကို ဘယ်လို သွားရမလဲ..."
သူ၏ စိတ်ထဲရှိ တွေးချင်ရာ တွေးနေသော အတွေးများကို ဖယ်ရှားရန် ခေါင်းခါလိုက်ပြီးနောက် နိုင်းယွမ် ဆက်လက် စောင့်ကြည့်လိုက်သည်။ ရတနာတိုက်၏ တည်နေရာကို သူ မြင်တွေ့ခဲ့ရသော်လည်း ထိုနေရာသို့ သွားရန်မှာ အလွန် ခက်ခဲမည် ဖြစ်၏။ မည်သို့ပင်ဆိုစေ စံအိမ်သခင်၏ အခန်းကို တင်းကျပ်စွာ ကာကွယ်ထားပြီး စည်းတံဆိပ် အများအပြား ရှိနေပေသည်။ သူ အားကောင်းနေလျှင်ပင် အသံမထွက်ဘဲ ခိုးဝင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
သူ့ထံတွင် သူခိုးနတ်ဘုရား၏ ပုံရိပ်ယောင်ခိုးယူခြင်း စွမ်းရည်သာ တကယ် ရှိမနေခဲ့လျှင် မဖြစ်နိုင်ပေ။
"အပေါ်ကနေ သွားလို့ မရရင်... မြေအောက်ကနေ တိုက်ရိုက် ဥမင်လိုဏ်ခေါင်း တူးသွားလို့ ရတာပဲ..."
ခေတ္တမျှ ဆက်လက် စောင့်ကြည့်ပြီးနောက် နိုင်းယွမ်၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။
တစ်ဖက်လူ၏ ရတနာတိုက်က မြေအောက်တွင် ရှိနေခြင်း ဖြစ်ပေသည်။ သူ အပေါ်ကနေ သွား၍ မရပေရာ မြေအောက် ဥမင်လိုဏ်ခေါင်း စတူးသွားလိုက်ရုံပင်။
လိပ်ပြာတောင်ပံစံအိမ်၏ မြေအောက်တွင် ကာကွယ်ရေးအတွက် အစီအရင် အချို့ ရှိသော်လည်း အနည်းငယ်သာ ရှိပေသည်။ ကောင်းကင်မျက်လုံးကို ပိုင်ဆိုင်ထားသော နိုင်းယွမ် အတွက်မူ ယင်းမှာ ပြဿနာ လုံးဝ မဟုတ်ချေ။
သို့သော် ထိုနေရာမှာ စံအိမ်သခင် နေထိုင်ရာ နေရာနှင့် ငါးကီလိုမီတာ၊ ခြောက်ကီလိုမီတာခန့် ကွာဝေးပြီး ဥမင်လိုဏ်ခေါင်း တူးရန် အတော် အားစိုက်ထုတ်ရမည် ဖြစ်ပေသည်။
"စံအိမ်သခင်ရဲ့ ခြံဝင်းနဲ့ ပိုနီးတဲ့ စွန့်ပစ်ရေတွင်း ဒါမှမဟုတ် အဲဒီလို နေရာမျိုးတွေ ရှိမရှိ ကြည့်ရအောင်... အဲဒီလို နေရာမျိုးကနေ သွားရင် အကွာအဝေး အများကြီး သက်သာသွားမှာပဲ..."
မြေအောက် ငါးကီလိုမီတာ၊ ခြောက်ကီလိုမီတာ တူးရမည်ကို နိုင်းယွမ် မကြောက်ချေ။ သူ၏ လျှို့ဝှက်ချီဖြင့် မီတာ အနည်းငယ်ရှိသော ဥမင်လိုဏ်ခေါင်းကို မျက်စိတစ်မှိတ်အတွင်း အသံမထွက်ဘဲ ထိုးဖောက်သွားနိုင်ပေသည်။ သို့သော် ဥမင်လိုဏ်ခေါင်း ရှည်လေလေ အန္တရာယ် ပိုများလေလေ ဖြစ်၏။ အကယ်၍ သူ့ကို ရှာတွေ့သွားပြီး ကာကွယ်ရေးတွေ တိုးမြှင့်လိုက်ပါက တစ်ဖက်လူ၏ ရတနာတိုက်ကို ပစ်မှတ်ထားရန် များစွာ ပိုမို ခက်ခဲသွားမည် ဖြစ်ပေသည်။
"ဟင်... ဒီနေရာ ကောင်းတယ်... စွန့်ပစ်ရေတွင်း မရှိပေမယ့် ခြံဝင်းက အလွတ်ဖြစ်နေတယ်... ပြီးတော့ စံအိမ်သခင် နေတဲ့ နေရာနဲ့လည်း အရမ်း နီးတယ်... မီတာနည်းနည်းပဲ ဝေးတာ..."
ပတ်ဝန်းကျင်ကို ဆန်းစစ်ကြည့်ပြီးနောက် နိုင်းယွမ် နောက်ဆုံးတွင် အလွတ်ဖြစ်နေသော ခြံဝင်း တစ်ခုကို ရှာတွေ့သွားသည်။ သူ မူကျဲကို အခန်းထဲတွင် ထားခဲ့ပြီး ကျင့်ကြံနေသည့် ပုံစံ ဖန်တီးထားခဲ့ကာ သူ၏ ခန္ဓာကိုယ် လက်ခနဲ ဖြစ်သွားပြီး လီရွမ်စံအိမ်မှ ထွက်ခွာကာ ထိုခြံဝင်းဆီသို့ ပျံသန်းသွားလိုက်၏။
တကယ်တမ်းတွင် ထိုခြံဝင်းက အလွတ်မဟုတ်ချေ။ ယင်းမှာ မူရန်၏ နေအိမ် ဖြစ်ပေသည်။ လိပ်ပြာတောင်ပံစံအိမ်၏ ဘဏ္ဍာထိန်း အနေဖြင့် မူရန်က စံအိမ်သခင်နှင့် နီးကပ်စွာ နေထိုင်ရန် လိုအပ်သည်။ ယခု သူ သေဆုံးသွားပြီ ဖြစ်ရာ ခြံဝင်းမှာ အလွတ် ဖြစ်သွားခြင်းပင်။
သူ တိတ်တဆိတ် လှုပ်ရှားသွားပြီး ထိုခြံဝင်းသို့ အလျင်အမြန် ရောက်ရှိသွားသည်။
လိပ်ပြာတောင်ပံစံအိမ် အတွင်း လှုပ်ရှားနေစဉ် နိုင်းယွမ်ကို မည်သူမျှ မတွေ့ကြသည်မှာ သူ၏ ပုန်းကွယ်ခြင်း နည်းလမ်းများက အပြစ်အနာအဆာ ကင်းသည့် အခြေအနေသို့ ရောက်ရှိနေသောကြောင့် မဟုတ်ဘဲ... စံအိမ် တစ်ခုလုံးတွင် မည်သူကမှ သူ့ထက် ပိုမို အားကောင်းသော ဝိညာဥ် မရှိသောကြောင့် ဖြစ်ပေသည်။ သူ၏ ကောင်းကင်မျက်လုံး နှင့် ပေါင်းစပ်လိုက်သောအခါ အခြားသူများ၏ ဦးတည်ချက်များကို ကြိုတင် သိမြင်နိုင်ပြီး စည်းတံဆိပ်များနှင့် ဖိနှိပ်မှု များကို အာရုံခံနိုင်သဖြင့် အခြားသူများ သူ့ကို ရှာတွေ့ရန် ခက်ခဲခြင်း ဖြစ်၏။
သေချာသည်မှာ အကယ်၍ လိပ်ပြာတောင်ပံစံအိမ် တွင် ဝိညာဉ်အဆင့် စိတ်ဝိညာဥ်နှောင်းပိုင်းအဆင့် သို့ ရောက်ရှိနေသူ တစ်ယောက်သာ ရှိပါက... သူ အရှိန်အဝါသိုဝှက်သခင် (ပုန်းကွယ်ခြင်း ပါရမီရှင်) သို့မဟုတ် လုပ်ကြံသတ်ဖြတ်သူ မဟုတ်လျှင် ထိုသို့ လုပ်ရဲမည် မဟုတ်ချေ။
ထိုပါရမီ စွမ်းရည် နှစ်ခုတို့က ပြီးပြည့်စုံအောင် ကိုယ်ယောင်ဖျောက်နိုင်ပေသည်။ ဝိညာဉ်အဆင့် တစ်ဆင့် ပိုမြင့်နေသူကို မဆိုထားနှင့်... နှစ်ဆင့်၊ သုံးဆင့် ပိုမြင့်နေလျှင်ပင် ကောင်းကင်မျက်လုံး မရှိပါက သူတို့ကို ရှာတွေ့ရန် အလွန် ခက်ခဲမည် ဖြစ်၏။ ထိုပါရမီ နှစ်ခုက တကယ့်ကို အသံမထွက်သော ကိုယ်ပျောက်ခြင်းပင်။
"ဒီနေရာပဲ..."
အိပ်ခန်း၏ တည်နေရာကို ရှာတွေ့ပြီးနောက် နိုင်းယွမ် မှန်ကန်သော ဦးတည်ချက်ကို ချိန်ရွယ်လိုက်သည်။ လက်ကောက်ဝတ်ကို လှန်လိုက်ရာ ရွှမ်ယုဓားက လက်ထဲသို့ ရောက်ရှိလာ၏။ ယင်းကို ညင်သာစွာ ခါယမ်းလိုက်ရာ အတွင်းအား အလွှာအထပ်ထပ်က မြေကြီးထဲသို့ အသံမထွက်ဘဲ ဝင်ရောက်သွားသည်။
ဝှစ်...
ဓားသွား ကျရောက်ရာ နေရာကို သူ၏ လက်ညှိုးဖြင့် ညင်သာစွာ ဖိလိုက်ရာ မြေကြီး ပြိုကျသွားပြီး မီတာ တစ်ရာကျော် နက်သော အပေါက်ကြီး တစ်ခု ပေါ်လာ၏။
"တွင်းတူးဖို့ အတွင်းအားကို သုံးရတာ တကယ်ကို ကျေနပ်စရာ ကောင်းတာပဲ... သေချာတာပေါ့... ငါ့မှာသာ မြေဝိညာဥ် ဒန်တျန် ရှိရင် တွင်းတူးနေစရာတောင် မလိုဘူး... မြေကြီးထဲကနေ တိုက်ရိုက် သွားလို့ရပြီး ဘယ်သူမှ ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး..."
အပေါက်ထဲသို့ ခုန်ဆင်းလိုက်ရင်း နိုင်းယွမ် သက်ပြင်းချလိုက်မိသည်။
မြေဝိညာဥ် ၊ ရေဝိညာဥ် နှင့် ကောင်းကင်ဝိညာဥ် ပါရမီစွမ်းရည်တို့ကို ထွက်ပြေးရန်အတွက် အကောင်းဆုံး ပါရမီ သုံးခုဟု လူသိများကြပေသည်။ ထိုပါရမီက မြေအောက်တွင် မြေပြင်ပေါ် လမ်းလျှောက်နေသကဲ့သို့ သွားလာနိုင်ပြီး မည်သည့် ခြေရာမျှ မကျန်ရစ်နိုင်ချေ။ ယင်း၏ စွမ်းရည်က ရေထဲရှိ ရေဝိညာဥ်သခင် နှင့် ယှဉ်နိုင်ပေသည်။ အကယ်၍ သူသာ ထိုပါရမီကို ပိုင်ဆိုင်ထားပါက တွင်းတူးနေရန်ပင် လိုအပ်မည် မဟုတ်ချေ။ တစ်ဖက်လူက သူတို့၏ မြေအောက်ခန်း ဖောက်ထွင်းခံလိုက်ရကြောင်း သိသွားလျှင်ပင် မည်သည့် ခြေရာလက်ရာမျှ မတွေ့ရဘဲ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရုံသာ ရှိမည် ဖြစ်၏။
သူ အတွေးနက်နေသော်လည်း လက်များကတော့ မရပ်တန့်ချေ။ မကြာမီမှာပင် သူ စံအိမ်သခင်၏ နေအိမ်အောက်ရှိ ရတနာတိုက်ဆီသို့ တည့်တည့် သွားသော အလျားလိုက် လမ်းကြောင်း တစ်ခုကို ဖောက်လုပ်ပြီးသွား၏။
"ဒါက အဲဒီ ရတနာတိုက် ဖြစ်ရမယ်... ဒါ ဘယ်လို သတ္တုရိုင်း မျိုးလဲ... ကောင်းကင်မျက်လုံးကိုတောင် ပိတ်ဆို့ထားနိုင်တယ်..."
မကြာမီမှာပင် သူသည် လိပ်ပြာတောင်ပံစံအိမ်၏ ရတနာတိုက် တည်နေရာသို့ ရောက်ရှိလာသည်။ နိုင်းယွမ် မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် မည်းနက်သော ကျောက်တုံး တစ်တုံးတည်းဖြင့် ထွင်းထုထားသည့် ကျောက်ဂူ တစ်ခုကို တွေ့လိုက်ရ၏။ လင်းရှီကောင်းကင်နန်းတော် ကဲ့သို့ပင် ထိုကျောက်တုံးကို ကောင်းကင်မျက်လုံးဖြင့် ဖောက်ထွင်း မမြင်နိုင်ချေ။
"ဟင်... အပေါ်မှာ စည်းတံဆိပ် တစ်ခု ရှိနေပါလား... ပျက်စီးသွားတာနဲ့ အသက်ဝင်လာမှာလား..."
သူ ကျောက်ဂူတွင် အပေါက် တစ်ပေါက် ဖောက်ပြီး အခိုးဝင်တော့မည် ပြင်လိုက်ချိန်မှာပင် ထိုကျောက်ဂူက တစ်ဆက်တည်း ဖြစ်နေပြီး အထူး စည်းတံဆိပ်တစ်ခုဖြင့် ဖုံးအုပ်ထားကြောင်း သိလိုက်ရသည်။ လူတစ်ယောက် ဝင်နိုင်လောက်အောင် ကြီးမားသော အပေါက် ဖောက်ရန် မဆိုထားနှင့် လက်ညှိုး အရွယ်အစားခန့် အက်ကွဲကြောင်းလေး တစ်ခုကပင် စည်းတံဆိပ်ကို အသက်ဝင်စေမည် ဖြစ်ပြီး စံအိမ်သခင် သိသွားမည် ဖြစ်ပေသည်။
စံအိမ်သခင်က သူ့ကို ရှာတွေ့သွားလျှင်လည်း ကြီးမားသော ပြဿနာတော့ မဟုတ်ချေ။ သူ၏ လက်ရှိ ခွန်အားဖြင့် အလစ်အငိုက် ဖမ်းနိုင်ပါက တစ်ဖက်လူကို သတ်ပစ်နိုင်ပေသည်။ သို့သော် တစ်ဖက်လူကို သတ်လိုက်သည်နှင့် ကိစ္စများ တကယ် ကြီးထွားသွားမည် ဖြစ်ပြီး လင်ရှီးစမ်းရေကို ရယူရန်မှာ ပို၍ပင် ခက်ခဲသွားနိုင်၏။
"ရတနာတိုက် အများစုမှာ ကာကွယ်ရေးနဲ့ တိုက်ခိုက်ရေး စည်းတံဆိပ်အစီအရင်တွေ ရှိတတ်ကြတယ်... ဒါကကျတော့ သတိပေး အစီအရင် တစ်ခု ဖြစ်နေပြီး တော်တော်လေး တင်းကျပ်တာပဲ... အထဲမှာ ဘာတွေများ သိမ်းထားလို့လဲ..."
ယခု ဖွင့်၍ မရနိုင်သဖြင့် နိုင်းယွမ် ဆက်မလုပ်တော့ပေ။ သူ နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။
ခုခံခြင်းနှင့် တိုက်ခိုက်ခြင်း အစီအရင်များက သေးငယ်သော ခိုးယူမှုများကို တားဆီးရန် ဖြစ်၏။ သတိပေး အစီအရင် တစ်ခု ဆိုသည်မှာ အတော် တင်းကျပ်သော အစီအရင် တစ်ခု ဖြစ်ပေသည်။ ယင်းကို ထားရှိသည်မှာ တကယ်ကို နားလည်ရ ခက်လှ၏။
"ဟင်... သြော်... ဟုတ်သားပဲ... လိပ်ပြာတောင်ပံစံအိမ် နဲ့ မူအန်းစံအိမ် တို့က မသင့်မြတ်ကြဘူးလေ... ရှေ့က တစ်ခုကို ခိုးလို့ မရရင် နောက်တစ်ခုကို ခိုးလို့ ရမရ သွားကြည့်ရမယ်... ခိုးလို့ ရရင် အဲဒီ မိသားစု နှစ်ခုကို အချင်းချင်း တိုက်ခိုက်အောင် လုံးဝ လုပ်လို့ ရပြီ... ပြီးရင် ငါက အကျိုးအမြတ်တွေကို ခံစားရုံပဲ..."
သူ၏ စိတ်ထဲတွင် နောက်ထပ် အစီအစဉ် တစ်ခု ပေါ်လာသည်။
ယင်းကို တွေးမိပြီး နိုင်းယွမ် အစီအစဉ်ကို သေချာစွာ စဉ်းစားသုံးသပ်လိုက်ကာ ဖြစ်နိုင်ခြေ ရှိသည်ဟု ဆုံးဖြတ်လိုက်သည်။ သူ မြေအောက် ဥမင်လိုဏ်ခေါင်းထဲမှ တိတ်တဆိတ် ဆုတ်ခွာလိုက်ပြီး ညအမှောင်ကို အကာအကွယ်ယူကာ မူအန်းစံအိမ်ဆီသို့ ပျံသန်းသွား၏။
တကယ်တမ်းတွင် ထိုနေရာက မူအန်းစံအိမ်၏ ပင်မ အခြေစိုက် စခန်း မဟုတ်ချေ။ မူအန်းစံအိမ်က လင်ရှီးစမ်းရေကို ထိန်းချုပ်ထားသဖြင့် အဆင်ပြေစေရန် ထိုနေရာတွင် တည်ဆောက်ထားသော နေအိမ် တစ်ခုမျှသာ ဖြစ်ပေသည်။
"သူတို့ရဲ့ ရတနာတိုက်က ဘယ်မှာလဲ ကြည့်ရအောင်..."
ကောင်းကင်မျက်လုံးကို အသက်သွင်းလိုက်ပြီးနောက် နိုင်းယွမ် ခေတ္တမျှ ဆန်းစစ်ကြည့်လိုက်ရာ လျှို့ဝှက် နေရာတစ်ခုကို တကယ်ပင် တွေ့လိုက်ရသည်။ ယင်းကိုလည်း ထိုးဖောက်၍ မရနိုင်သော ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့်တိုင် လိပ်ပြာတောင်ပံစံအိမ် နှင့် မတူဘဲ မြေအောက်တွင် မဟုတ်ချေ။ ယင်းအစား ယင်းက စံအိမ်သခင် အခန်း၏ ဘေးရှိ လျှို့ဝှက် အခန်းတစ်ခုထဲတွင် ရှိနေပေသည်။
သာမန်လူ တစ်ယောက် ဝင်ရောက်ရန်အတွက် စံအိမ်သခင်၏ အခန်းကို ဖြတ်သန်းပြီး စက်ယန္တရား တစ်ခုကို အသက်သွင်းရမည် ဖြစ်၏။
"မူအန်းစံအိမ် ရဲ့ စံအိမ်သခင်ကလည်း လိပ်ပြာတောင်ပံစံအိမ် ရဲ့ စံအိမ်သခင်လိုပဲ သူ့အခန်းထဲမှာ ရှိနေပြီး ထွက်မလာဘူး... ဒီရတနာတိုက်ထဲက အားလုံးကို ခိုးယူနိုင်ဖို့ သူ့ကို အပြင်ထွက်လာအောင် ဘယ်လို လှည့်စားရမလဲ..."
ခေတ္တမျှ စောင့်ကြည့်ပြီးနောက် မူအန်းစံအိမ်၏ စံအိမ်သခင် မူချီက အခန်းထဲတွင် ကျင့်ကြံနေပြီး ထွက်လာမည့် အရိပ်အယောင် မရှိမှန်း နိုင်းယွမ် တွေ့ရှိလိုက်သည်။ နိုင်းယွမ် တိတ်တဆိတ် တွေးတောနေမိ၏။
"ကြည့်ရတာ ရုပ်လွဲစွမ်းရည်ကို အသုံးချရမယ့် အချိန် ရောက်ပြီ ထင်တယ်..."
နိုင်းယွမ်၏ နှုတ်ခမ်းများ ဖြည်းညှင်းစွာ ကွေးတက်သွားပြီး အပြုံးတစ်ခု ပေါ်လာသည်။
"မိစ္ဆာသူတော်စင် ရှေးဦးအလောင်း ... ထွက်လာခဲ့..."
အတွေးတစ်ခုနှင့်အတူ သူ သိုလှောင်ဒန်တျန်ထဲမှ မိစ္ဆာသူတော်စင် ရှေးဦးအလောင်းကို ထုတ်ယူလိုက်သည်။
"ရုပ်လွဲချီ... ထိုက်ရီစံအိမ်သခင် အဖြစ် ပြောင်းလဲစမ်း..."
အသာအယာ ပြုံးလိုက်ပြီးနောက် နိုင်းယွမ်၏ ရုပ်လွဲချီများ ထွက်ပေါ်လာပြီး ရှေးဦးအလောင်း၏ ရုပ်သွင်ကို ချက်ချင်း ပြောင်းလဲပစ်လိုက်ကာ ထိုက်ရီစံအိမ်သခင်နှင့် တူသွားအောင် လုပ်လိုက်သည်။ တစ်ဖက်လူ၏ ရုပ်သွင် ပြောင်းလဲသွားသော်လည်း တစ်ဖက်လူ၏ ဝိညာဥ် အရှိန်အဝါမှာ လုံးဝ ကွဲပြားသွားပြီး ထိုက်ရီစံအိမ်သခင်နှင့် မတူတော့ချေ။
ရုပ်ဖျက်သောအခါ တစ်ဖက်လူ၏ နေရာတွင် ဝင်ရောက် စဉ်းစားပြီး အသေးစိတ် အချက်အလက်တိုင်းကို ထည့်သွင်း စဉ်းစားရမည် ဖြစ်၏။ အကယ်၍ ထိုက်ရီစံအိမ်သခင်သာ တကယ်ပဲ မကောင်းမှု တစ်ခုခု လုပ်နေမည် ဆိုပါက သူ၏ ဝိညာဥ် အရှိန်အဝါကို ပြောင်းလဲရန် သေချာပေါက် ကြိုးစားမည် ဖြစ်ပေသည်။ သို့မဟုတ်ပါက လူတိုင်း၏ အရှိန်အဝါမှာ ကွဲပြားသဖြင့် ညဘက်တွင် နေမင်းကြီး ရုတ်တရက် ပေါ်လာသကဲ့သို့ ဖြစ်နေမည် ဖြစ်၏။ အခြားသူများ မျက်လုံးမကန်းသ၍ သတိမထားမိဘူး ဆိုလျှင်သာ ထူးဆန်းနေလိမ့်မည် ဖြစ်သည်။
ဝိညာဥ် အရှိန်အဝါကို ပြောင်းလဲလိုက်ပြီး တစ်ဖက်လူကို ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်အရ ခန့်မှန်းခိုင်းမှသာ လိမ်ညာမှုက ပိုပြီးပြည့်စုံပြီး လက်တွေ့ကျမည် ဖြစ်ပေသည်။
"ငါ့ဝိညာဉ် တစ်ဝက်... ရှေးဦးအလောင်းထဲ ဝင်စမ်း..."
ဆုံးဖြတ်ချက် ချပြီးနောက် နိုင်းယွမ်၏ ဝိညာဉ် လှုပ်ရှားသွားပြီး သူ၏ ဝိညာဉ် တစ်ဝက်ကို ခွဲထုတ်ကာ ရှေးဦးအလောင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေလိုက်သည်။
ယခင်က သူ၏ ဝိညာဉ်မှာ ထိုသို့ ခွဲထုတ်ရန် အလွန် အားနည်းလွန်းလှ၏။ ယခု စိတ်ဝိညာဥ်အလယ်အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ ဝိညာဉ်မှာ အားကောင်းနေပြီ ဖြစ်ပေသည်။ နှစ်ပိုင်း ခွဲလိုက်လျှင်ပင် သိုင်းစွမ်းရည် လျော့ကျသွားမည် မဟုတ်ချေ။ အလုပ်နှစ်ခု တစ်ပြိုင်နက်တည်း လုပ်ရသကဲ့သို့ ဖြစ်နေပြီး သူ နှစ်ယောက် ရှိနေသလို ခံစားရသဖြင့် အနည်းငယ် အသားမကျ ဖြစ်နေရုံသာ ရှိပေသည်။
"သူ့မျက်နှာကို ဖုံးထားလိုက်... ရှေးဦးအလောင်းက အလယ်အဆင့် ဝိညာဥ်ကျောက်တုံး နဲ့ပဲ အသက်ဆက်ထားရပေမယ့် သူ့ရဲ့ သိုင်းစွမ်းရည်က ယွမ်ရှန်းအဆင့် ပညာရှင် တစ်ယောက်ထက် မလျော့နည်းတော့ဘူး... ဘာအားနည်းချက်မှ ပေါ်နေမှာ မဟုတ်ဘူး..."
နိုင်းယွမ် အသာအယာ ပြုံးလိုက်ပြီး ရှေးဦးအလောင်း၏ မျက်နှာပေါ်တွင် ထိုက်ရီစံအိမ်သခင်၏ မျက်နှာနှင့် အတိအကျ တူညီသော မျက်နှာဖုံး တစ်ခုကို တပ်ဆင်ပေးလိုက်သည်။
"အစီအစဉ် စပြီ... ငါ ကျိဟွာဂူစံအိမ်ထဲ ဝင်ပြီး သတင်း စောင့်နေမယ်..."
အတွေးတစ်ခုနှင့်အတူ သူ၏ ပင်မ ခန္ဓာကိုယ်က ကျိဟွာဂူစံအိမ် ထဲသို့ ဝင်ရောက်သွားပြီး မူလနေရာမှ လုံးဝ ပျောက်ကွယ်သွားသည်။
သူ့ကိုယ်ပွားတဖြစ်လဲ မိစ္ဆာသူတော်စင် ရှေးဦးအလောင်း ခုန်ထွက်သွားပြီး ခြံဝင်း၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လျှောက်လှမ်းသွား၏။
ဒုန်း ဒုန်း ဒုန်း ဒုန်း....
ကင်းလှည့်နေသော အစောင့်တစ်ယောက် သူ့ဘေးမှ ဖြတ်လျှောက်သွားသည်။
ကိုယ်ပွား ခုန်အုပ်လိုက်ပြီး အစောင့်၏ လည်ပင်းကို ဖမ်းဆုပ်လိုက်၏။ သွေးမျက်လုံးစွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် သူ၏ သူငယ်အိမ်များ ချက်ချင်း သွေးရောင်အဖြစ် ပြောင်းလဲသွားကြသည်။
"ပြောစမ်း... မင်းတို့ မူအန်းစံအိမ်က ဒီ တော်ဝင်ဝိညာဥ် တပည့် ပြိုင်ပွဲမှာ ပါဝင်မယ့် အစွမ်းအထက်ဆုံး တပည့်က ဘယ်သူလဲ..." ကိုယ်ပွားက အေးစက်စွာ နှာခေါင်းရှုံ့၍ မေးလိုက်သည်။
"မူရှန်းပါ..." သွေးမျက်လုံးစွမ်းရည် ကြောင့် ဇဝေဇဝါ ဖြစ်နေသော အစောင့်လည်း သူသိသမျှ အားလုံးကို ဖြေကြားလိုက်၏။
"သူ ဘယ်မှာ နေလဲ..." ကိုယ်ပွားက ဆက်မေးလိုက်သည်။
"သူ ရွှယ်ယုဥယျာဥ်မှာ နေပါတယ်..." အစောင့်က ဝေဝါးစွာ ပြောလိုက်၏။
"မူရှန်း... ရွှယ်ယုဥယျာဥ် ဟုတ်လား... ဝိညာဉ် တိုက်ခိုက်မှု... မှတ်ဉာဏ် ဖျက်ပစ်စမ်း..." ကိုယ်ပွား အသာအယာ ပြုံးလိုက်သည်။ အတွေးတစ်ချက်နှင့် သူ ထိုအစောင့်၏ ဝိညာဉ်ထဲမှ မှတ်ဉာဏ်ကို ရှင်းလင်းပစ်လိုက်၏။
စိတ်ဝိညာဥ်အဆင့် အစောပိုင်းအဆင့် ပညာရှင် တစ်ယောက်၏ မှတ်ဉာဏ်များကိုပင် သူ ရှင်းလင်းပစ်နိုင်သည် ဖြစ်ရာ သာမန် အစောင့် တစ်ယောက်အတွက်မူ ပြောစရာပင် မလိုတော့ချေ။
ထိုသို့ ပြုလုပ်ပြီးနောက် ကိုယ်ပွား ခုန်တက်ကာ အစောင့် ညွှန်ပြသော လမ်းကြောင်းအတိုင်း ပျံသန်းသွားသည်။ အစောင့် ခေါင်းကို ခါယမ်းကာ မတ်တတ်ရပ်လိုက်ပြီး ဘာတွေ ဖြစ်သွားမှန်း လုံးဝ မသိဘဲ ဇဝေဇဝါ ဖြစ်ကျန်ခဲ့၏။
"ဒါက ရွှယ်ယုဥယျာဥ်လား... ပင်မတပည့်တွေ နေတဲ့ နေရာ ဆိုတဲ့အတိုင်း... တကယ်ကို ခမ်းနားတာပဲ..."
ထိုနေရာ ကိုယ်တိုင်က အနည်းငယ် ရိုးရှင်းသော်လည်း မူရှန်း ဟု အမည်ရသော ထိုတပည့်က ခြံဝင်း တစ်ခုလုံးကို တစ်ယောက်တည်း ယူထားခြင်း ဖြစ်ပေသည်။ အတွင်းရှိ ဥယျာဉ် ရှုခင်းများမှာ သာယာလှပပြီး ယင်းကို အလှဆင်ရန် အတော် အားစိုက်ထားမှန်း သိသာလှ၏။ ကြည့်ရသည်မှာ မူရှန်း ဆိုသော ထိုကောင်လေးက တကယ်ပင် တန်ဖိုးထားခံရသူ ဖြစ်ပုံရပေသည်။
သေချာသည်မှာ နိုင်းယွမ် အတွက်မူ တန်ဖိုးထားခံရလေ ပိုကောင်းလေပင်။
အခန်းထဲတွင် အစွမ်းထက်သော လူငယ် တစ်ယောက်က မြွေတစ်ကောင်ကဲ့သို့ ခါးသွယ်သွယ်နှင့် အမျိုးသမီး တစ်ယောက် အပေါ်တွင် အားရပါးရ လှုပ်ရှားနေသည်။ အခန်း တစ်ခုလုံး နွေဦးရာသီကဲ့သို့ ချီများဖြင့် ပြည့်နှက်နေပြီး အပြည့်အဝ ရမ္မက်ဆန်နေပေသည်။
"သခင်လေး မူရှန်း... ရှင်က သိပ်တော်တာပဲ... ကျွန်မက ရှင့်လူ ဖြစ်သွားပြီ ဆိုတော့... ရှင် ကျွန်မကို တရားဝင် ဂုဏ်ပုဒ် တစ်ခု ပေးရမယ်နော်..."
ထိုအမျိုးသမီး ခါးကို လှုပ်ယမ်းကာ တိုးညင်းစွာ အသက်ရှူရင်း ပြောလိုက်သည်။
အခန်း ၃၇၇ ပြီး