"အခွင့်အရေး ရပြီ..."
အစီအစဉ် အချို့ ဆွဲပြီးနောက် နိုင်းယွမ် သူတို့ နှစ်ယောက်ကို တိုက်ခိုက်ခိုင်းလိုက်သည်။ သူတို့ ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို မြင်သောအခါ သူ အသာအယာ ပြုံးလိုက်ပြီး အကြိမ်အနည်းငယ် ခုန်လိုက်ရာ ယခင် ခြံဝင်းသို့ ရောက်ရှိသွား၏။ သူ ပြင်ဆင်ထားသော အပေါက်ထဲသို့ ခုန်ဆင်းပြီး အတွင်းသို့ တိုးဝင်သွားလိုက်သည်။
မကြာမီမှာပင် သူ ရတနာတိုက်ရှေ့သို့ ပြန်ရောက်ရှိသွား၏။
"မင်းတို့ အပေါ်မှာ ဆက်တိုက်နေကြ... ငါ ရတနာတွေကို အရင် ယူလိုက်မယ်..."
ရွှမ်ယုဓားကို ကိုင်ဆောင်ထားလျက် နိုင်းယွမ် ဘာမှ မတွေဝေနေတော့ချေ။ သူ ဓားတစ်ချက်တည်းဖြင့် အပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
ဝုန်း...
ကျိုးပဲ့နေသော ကျောက်တုံးများ လွင့်စင်သွားပြီး မြေအောက်ခန်း တစ်ခုလုံးတွင် ကြီးမားသော အပေါက်ကြီး တစ်ခု ပေါ်လာ၏။
"ဒီမှာက လိပ်ပြာတောင်ပံစံအိမ် ထက် ရတနာတွေ အများကြီး ပိုများတာပဲ... ပြီးတော့ ဒီဘူးသီးခြောက်ကလည်း ပိုကြီးတယ်..."
အပေါက်ထဲမှ ဝင်ရောက်သွားသည်နှင့် နိုင်းယွမ် ရှေ့တည့်တည့်တွင် လူအရပ် တစ်ဝက်ကျော် မြင့်သော ပိုမို ကြီးမားသည့် ဘူးသီးခြောက် တစ်လုံးကို ချက်ချင်း တွေ့လိုက်ရသည်။ ယင်းက ယခင် ဘူးသီးခြောက်ကဲ့သို့ပင် အရှိန်အဝါမျိုးကို ထုတ်လွှတ်နေပြီး သူ၏ ကြွက်သားများ အချိန်မရွေး ခုန်ထွက်လာတော့မည့်အလား လှုပ်ရှားလာပေသည်။
"ကျောက်စိမ်းပြား ဆက်သွယ်မှု... ဖမ်းဆုပ်စမ်း..."
ယခင် လှည့်ကွက်ကိုပင် ထပ်မံ အသုံးပြု၍ နိုင်းယွမ် ကျောက်စိမ်းပြားကို ချက်ခြင်း ထုတ်ယူကာ ဘူးသီးခြောက်နှင့် ဆက်သွယ်လိုက်သည်။ သူ၏ ခွန်အား အားလုံးကို အသုံးပြု၍ ဘူးသီးခြောက်ကြီးကို ကျိဟွာဂူစံအိမ် ထဲသို့ မျက်စိတစ်မှိတ်အတွင်း ထည့်သွင်းလိုက်၏။
"ဒီက ရတနာတွေ အကုန်လုံး လာစမ်း... ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေ၊ ဝိညာဉ်အဆင့် လက်နက်တွေ... ငါတော့ ချမ်းသာပြီကွ..."
ဘူးသီးခြောက်ကို ယူပြီးနောက် သူ ပတ်ဝန်းကျင်ကို ပေါ့ပေါ့ပါးပါး ဝေ့ကြည့်လိုက်ရာ ထိုနေရာတွင် အဆင့်မြင့် အင်ပါယာ လက်နက် တစ်ခုမှ မရှိကြောင်း တွေ့လိုက်ရ၏။ ယင်းတို့ အားလုံးမှာ ဝိညာဉ်အဆင့် လက်နက်များ ဖြစ်ကြပြီး ရာနှင့်ချီ၍ ရှိပေသည်။ ဝိညာဉ်ကျောက်တုံးများလည်း ရှိပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သောင်းချီနှင့် အလယ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ရာ၊ သုံးရာခန့် ရှိနေ၏။ နိုင်းယွမ် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း အခန်းထဲရှိ အရာအားလုံးကို ပြောင်သလင်းခါအောင် ရှင်းလင်းပစ်လိုက်တော့သည်။
"မြန်မြန် သွားမှ... အဲဒီ အဘိုးကြီး မူတင်း ရူးတော့မယ်..."
ပစ္စည်းများ အားလုံးကို ယူပြီးနောက် နိုင်းယွမ်၏ ကောင်းကင်မျက်လုံးက မြေကြီးကို ဖောက်ထွင်း၍ အပေါ်သို့ ကြည့်လိုက်ရာ လျှို့ဝှက်ခန်း ပျက်စီးသွားမှုက မူတင်းကို သတိပေးလိုက်ပြီမှန်း တွေ့လိုက်ရသည်။ ထိုအချိန်တွင် မူတင်းက မူချီ နှင့် တိုက်ခိုက်နေသည်ကို ဂရုမစိုက်တော့ဘဲ ဤနေရာသို့ အလျင်အမြန် ပြေးလာနေပေသည်။
သို့သော် မူတင်း ထွက်သွားချင်တိုင်း မူချီက မည်သို့များ ခွင့်ပြုမည်နည်း။ သူ အလျှော့မပေးဘဲ လိုက်လံ ဖမ်းဆီးကာ အသဲအသန် တိုက်ခိုက်နေ၏။
"မူချီ... ခွေးအိုကြီး... မင်းက ငါ့ရတနာတိုက်ကို ခိုးဖို့ တမင်တကာ ရန်စပြီး တိုက်ခိုက်တာကိုး... ဒီနေ့ မင်းနဲ့ ငါ အသေအလဲ တိုက်ကြတာပေါ့..."
"သူခိုးက လူဟစ်နေတာပဲ... မင်းက ငါ့မြေးကို သတ်ပြီးတော့ အခု ငါက မင်းရဲ့ ရတနာတိုက်ကို ခိုးတယ်လို့ ပြောနေတာလား... မင်း သေလမ်းရှာနေတာပဲ... ငါက ဘယ်အချိန်က မင်းရဲ့ ရတနာတိုက်ကို ခိုးလို့လဲ... ငါ မင်းရဲ့ ရတနာ တစ်ခုခုကို ခိုးခဲ့လို့လား..."
စံအိမ်သခင် နှစ်ယောက် တိုက်ပွဲတွင် နစ်မြုပ်နေကြပြီး သူတို့၏ ကျုံးဝါးသံများ ဒီရေလှိုင်းများကဲ့သို့ ဖြစ်နေကာ သိုင်းကွက် အမျိုးမျိုးနှင့် မှော်စွမ်းအင်များ ရိုက်ခတ်နေကြသည်။ လေထုမှာ ခမ်းနားသော မီးရှူးမီးပန်းများ ဖောက်နေသကဲ့သို့ ဖြစ်နေပြီး ရှေးဟောင်းမြို့တော်တစ်ခုလုံး လင်းထိန်လာ၏။
တစ်ချက် ကြည့်လိုက်ပြီးနောက် နှစ်ဖက်စလုံး၏ တိုက်ပွဲမှာ အနိုင်အရှုံး ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်နေသော်လည်း မူတင်းသာ တကယ် ထွက်သွားရန် ဆုံးဖြတ်ထားပါက ထိုနေရာသို့ အလွန် လျင်မြန်စွာ ရောက်ရှိလာနိုင်ကြောင်း နိုင်းယွမ် သိလိုက်သည်။ သူ တွေဝေမနေဘဲ ဖျက်ဆီးထားသော လမ်းကြောင်းအတိုင်း ပြေးထွက်လာလိုက်၏။
သူ လမ်းလျှောက်သွားသည်နှင့် လမ်းကြောင်းကိုလည်း ဖြိုချပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရွှမ်ယုဓားမှ ဓားချီများ ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး အရပ်မျက်နှာ အနှံ့သို့ လမ်းကြောင်းသစ်များ ထွက်ပေါ်သွားကာ အားလုံး ပြိုကျသွားကြသည်။
သို့နှင့် လမ်းကြောင်း ရှုပ်ထွေးသွားမည် ဖြစ်ပြီး လမ်းခွဲပေါင်း မရေမတွက်နိုင်အောင် ဖြစ်ပေါ်သွားပေသည်။ တစ်ဖက်လူက ရှာတွေ့လျှင်ပင် သူ့ကို လိုက်ဖမ်းရန် ထာဝရ အချိန်ယူရတော့မည် ဖြစ်၏။
ခြေရာလက်ရာ အားလုံးကို ရှင်းလင်းပြီးနောက် နိုင်းယွမ် ခြံဝင်းငယ်လေးမှ ထွက်ခွာလာပြီး လီရွမ်စံအိမ် သို့ ပြန်လာလိုက်သည်။
"ဟဲဟဲ... မူကျဲကို ဒီမှာ ငါ့နေရာ ဆက်ပြီး ဟန်ဆောင်ခိုင်းထားလိုက်မယ်... ငါ အရင် ပြန်သွားပြီး လင်ရှီးစမ်းရေကို ဆန်းစစ်ကြည့်ဦးမယ်..."
မူကျဲ၏ ခန္ဓာကိုယ်ထဲသို့ ရုပ်လွဲချီနောက်တစ်ကြိမ် ထည့်သွင်းပေးပြီးနောက် နိုင်းယွမ် ခန္ဓာကိုယ် လက်ခနဲ ဖြစ်သွားပြီး ကျိဟွာဂူစံအိမ် ထဲသို့ ဝင်ရောက်သွား၏။
ကျိဟွာဂူစံအိမ်က အရွယ်အစားကို လွတ်လပ်စွာ ပြောင်းလဲနိုင်သော မှော်ရတနာ တစ်ခု ဖြစ်၏။ နိုင်းယွမ် ဝင်ရောက်သွားပြီးနောက် ယင်းကို သေးငယ်သော ဖုန်မှုန့်လေး တစ်ခုအဖြစ် လုံးဝ ကျုံ့ပစ်နိုင်ပေသည်။ ယွမ်ရှန်းအဆင့် ပညာရှင် တစ်ယောက်က သူတို့၏ ဝိညာဉ်ဖြင့် သေချာစွာ ဆန်းစစ်ရှာဖွေလျှင်ပင် ယင်းကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
....
ကျိဟွာဂူစံအိမ် အထဲတွင်....
နိုင်းယွမ် ဘူးသီးခြောက် နှစ်လုံးရှေ့တွင် ရပ်နေသည်။
"ဟင်... တစ်ခုခု မှားနေသလိုပဲ... ဒီဘူးသီးခြောက်ထဲက အရှိန်အဝါက ဘာလို့ ဒီလောက် အားနည်းသွားရတာလဲ..."
ဘူးသီးခြောက် နှစ်လုံးရှေ့သို့ ရောက်သောအခါ နိုင်းယွမ် တစ်ခုခု မှားယွင်းနေမှန်း ချက်ချင်း သတိပြုမိလိုက်၏။
ထိုဘူးသီးခြောက် နှစ်လုံးက ကြွက်သားများကို လှုံ့ဆော်ပေးသော စိတ်လှုပ်ရှားဖွယ်ရာ အရှိန်အဝါ တစ်ခုကို အဆက်မပြတ် ထုတ်လွှတ်နေပြီး လှုံ့ဆော်ဆေး တစ်ခုကဲ့သို့ လူများကို လန်းဆန်းသွားစေကာ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီ လည်ပတ်မှုကို မြန်ဆန်စေပေသည်။
သို့သော် ယခုအခါ ဘာကြောင့်မှန်းမသိ ထိုစိတ်လှုပ်ရှားဖွယ်ရာ အရှိန်အဝါသည် အပြင်ဘက်တွင် ရှိစဉ်ကနှင့် နှိုင်းယှဉ်ပါက အားနည်းသွားပေသည်။
တကယ်တမ်း သိပ်မကွာခြားသော်လည်း နိုင်းယွမ်၏ ဝိညာဥ်က စိတ်ဝိညာဥ်အလယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဆံပင် နှစ်ပင်ကြားက ကွာခြားချက်ကိုပင် သူ ခွဲခြားနိုင်ရာ ထိုကဲ့သို့သော အရှိန်အဝါမျိုးကို ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
သူ ဘူးသီးခြောက်များကို ကျိဟွာဂူစံအိမ်ထဲသို့ ထည့်ထားသည်မှာ ခဏလေးသာ ရှိသေးသော်လည်း အရှိန်အဝါမှာ အတော်လေး အားနည်းသွားပြီ ဖြစ်၏။ ထိုအတိုင်းသာ ဆက်သွားနေပါက ဘူးသီးခြောက်ထဲရှိ လင်ရှီးစမ်းရေ၏ အာနိသင်များ လျင်မြန်စွာ ပျောက်ကွယ်သွားမည် မဟုတ်ပါလော။
"မူရှာ... ထူးခြားတာ တစ်ခုခု သတိထားမိလား..."
သူ မှားယွင်းနေမည်ကို စိုးရိမ်သဖြင့် နိုင်းယွမ် မူရှာကို အလျင်အမြန် ခေါ်လိုက်သည်။
"ဘူးသီးခြောက်ထဲက အရှိန်အဝါက တဖြည်းဖြည်း အားနည်းလာသလိုပဲ..." မူရှာ အာရုံခံကြည့်ပြီးနောက် တစ်ခုခု မှားယွင်းနေမှန်း သိသွား၏။
"တကယ်ပဲ အားနည်းလာတာပဲ..." သူမလည်း အာရုံခံမိကြောင်း မြင်သောအခါ နိုင်းယွမ် ဇဝေဇဝါ ဖြစ်သွားရသည်။
တစ်ဖက်လူ၏ ရတနာတိုက်ထဲ ဝင်ပြီးနောက် သူ ဘူးသီးခြောက်ကို ချက်ခြင်း ယူလာခဲ့ခြင်း ဖြစ်၏။ ယင်းတွင် ထူးခြားမှု ဘာမှ မရှိပါဘဲ ဘာကြောင့် ထိုသို့ ဖြစ်ရပါသနည်း။
"လင်ရှီးစမ်းရေက လေနဲ့ ထိတွေ့ရင် အငွေ့ပျံသွားတတ်လို့ အထူး ခွက်တစ်ခုထဲမှာ သိမ်းထားရတယ်လို့ ကြားဖူးတယ်... ဒါပေမယ့် အဲဒီခွက်က ဘာလဲဆိုတာတော့ ကျွန်မ မသိဘူး..." မူရှာ သူမ သိထားသော အချက်အလက်များကို ပြန်တွေးမိကာ ပြောလိုက်သည်။
"အထူး ခွက်တစ်ခုထဲမှာ သိမ်းထားရမယ် ဟုတ်လား... အဲဒါ ဒီဘူးသီးခြောက် နှစ်လုံးပဲ ဖြစ်ရမယ်... ပြီးတော့ ကျုပ် တခြား ဘာမှ မသုံးခဲ့ဘူးလေ... နေဦး... အဲဒီ မည်းနက်နေတဲ့ ကျောက်တုံးတွေများ ဖြစ်နေမလား..."
စကားတစ်ဝက်တွင် နိုင်းယွမ်၏ စိတ်ထဲ၌ ဉာဏ်အလင်း တစ်ချက် လက်သွားပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။
လိပ်ပြာတောင်ပံစံအိမ် နှင့် ထိုဘူးသီးခြောက်ကို သိမ်းဆည်းထားသော လျှို့ဝှက်ခန်း နှစ်ခုလုံးကို သူ၏ ကောင်းကင်မျက်လုံး ဖြင့် ဖောက်ထွင်း မမြင်နိုင်သော ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။
‘အဲတာက သော့ချက် ဖြစ်နိုင်မလား...'
အကယ်၍ ယင်းသာ မှန်ကန်ပါက လိပ်ပြာတောင်ပံစံအိမ်၏ မြေအောက်ခန်းတွင် သတိပေးချက်ကို အသက်ဝင်စေသော စည်းတံဆိပ်က ယုတ္တိရှိသွားမည် ဖြစ်၏။
မည်းနက်နေသော ကျောက်တုံးများက လင်ရှီးစမ်းရေ အငွေ့ပျံခြင်းကို တားဆီးပေးနိုင်ပေသည်။ အက်ကွဲကြောင်း သေးသေးလေး တစ်ခု ပေါ်လာသည်နှင့် ထိုအဖိုးတန် ရတနာက လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်၏။ ပေါက်ကြားမှု မရှိစေရန်အတွက် ထိုကဲ့သို့ တင်းကျပ်သော သတိပေးချက် အသက်ဝင်စေသည့် ဖိနှိပ်မှုများကို သတ်မှတ်ထားသည်ဆိုလျှင် မထူးဆန်းချေ။
ယင်းက ရေကန် တစ်ခုနှင့် တူ၏။ ပေါက်ကြားသွားသည်နှင့် ပုရွက်ဆိတ်များက တာတမံကို ဖျက်ဆီးသကဲ့သို့ အသေးငယ်ဆုံး အက်ကွဲကြောင်းလေးကပင် ပြန်လည် ကုစား၍ မရနိုင်သော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်ပေသည်။
"အစတုန်းက အဲဒီ မည်းနက်နေတဲ့ ကျောက်တုံးတွေက ပစ္စည်းကောင်းတွေ မဟုတ်ဘူး ထင်လို့ ငါ မယူခဲ့တာ... အခု မူတင်း နဲ့ မူချီ တို့ရဲ့ တိုက်ပွဲက ပြီးလုနီးပါး ဖြစ်နေပြီ... ငါ သွားပြီး ထပ်ခိုးသင့်လား... ဒါပေမယ့် ငါ မခိုးရင် ဒီလင်ရှီးစမ်းရေတွေက နောက်ဆုံးမှာ အငွေ့ပျံသွားမှာပဲ... ငါ ဘာလုပ်ရမလဲ..."
ဘာတွေ ဖြစ်နေမှန်း နားလည်သွားပြီး နိုင်းယွမ် ဘာလုပ်ရမှန်း မသိဘဲ စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
စံအိမ်သခင် နှစ်ယောက်ကို အကြီးအကျယ် တိုက်ခိုက်လာအောင် သူ ထိုအကြံအစည်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ယခုအခါ သူတို့၏ တိုက်ပွဲ ပြီးဆုံးသွားလောက်ပြီ ဖြစ်ပေသည်။ အလျင်စလို ပြေးသွားခြင်းက သူ့ကိုယ်သူ ဖွင့်ချလိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။ ထိုမည်းနက်နေသော ကျောက်တုံးများကို ခိုးယူရန် မဆိုထားနှင့်... သူ ပေါ်လာသည်နှင့် လူတိုင်း၏ လိုက်လံ တိုက်ခိုက်ခြင်းကို ခံရလောက်ပေသည်။
လင်ရှီးစမ်းရေက မြင့်မိုရ်တောင်ကြီးကဲ့သို့ လေးလံလှ၏။ ယင်း၏ နက်နဲမှုများကို နားမလည်ဘဲ ဝိညာဥ် ချိတ်ဆက်မှု မရရှိပါက အခြားသူများကို အသုံးပြုခွင့် ပေးရန် မဆိုထားနှင့်၊ သူကိုယ်တိုင်ပင် တစ်စက်တည်းဖြင့် ပိသေသွားရမည် ဖြစ်၏။ ထိုအခါ ယင်း၏ အာနိသင်များက ဘာအကျိုးရှိတော့မည်နည်း။
အကယ်၍ သူ မသွားပါက ညီဖြစ်သူ၏ ကြွက်သား အသက်စွမ်းအင်ကို တိုးမြှင့်ပေးရန် ရည်ရွယ်၍ သူ အပင်ပန်းခံ ခိုးယူလာခဲ့သော လင်ရှီးစမ်းရေ အားလုံးမှာ သူ စမ်းသပ်ရန် အခွင့်အရေးပင် မရမီ အငွေ့ပျံသွားလောက်ပေသည်။
ခေတ္တမျှ နိုင်းယွမ် အကြပ်ရိုက်သွားရသည်။
"အင်း... ဟုတ်သားပဲ... မူရန်ကို ငါ ခုနလေးတင် သတ်ထားတာပဲ... ငါ မူရန် အဖြစ် ရုပ်ဖျက်ပြီး အဲဒီ မည်းနက်နေတဲ့ ကျောက်တုံး တချို့ကို ခိုးလို့ ရမရ သွားကြည့်ရမယ်..."
အတွေးတစ်ခုနှင့်အတူ နိုင်းယွမ် အစီအစဉ် တစ်ခု ရလာသည်။ သူ၏ ရုပ်လွဲချီများ လည်ပတ်သွားပြီး ရုပ်သွင် ထပ်မံ ပြောင်းလဲသွားကာ မူရန် အဖြစ် ပြောင်းလဲသွား၏။
ဤနေရာတွင် ဝိညာဉ် ကျောက်စိမ်းပြားများ သို့မဟုတ် ယင်းနှင့် ဆင်တူသော အရာများ မရှိသဖြင့် မူရန် သေဆုံးသွားသော်လည်း မည်သူမျှ မသိကြချေ။ သူ ယင်းကို အခွင့်ကောင်းယူကာ မူရန်၏ ခန္ဓာကိုယ်ဖြင့် ထိုကိစ္စကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပေသည်။
ကျိဟွာဂူစံအိမ်မှ ထွက်လာပြီးနောက် နိုင်းယွမ် လီရွမ်စံအိမ်မှ တိတ်တဆိတ် ထွက်ခွာလာပြီး စံအိမ်သခင်၏ ခြံဝင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
ထိုတစ်ကြိမ်တွင် သူ အရှိန်အဝါကို မဖုံးကွယ်ထားချေ။ မည်သို့ပင် ဆိုစေ မူရန်က လိပ်ပြာတောင်ပံစံအိမ်၏ ဘဏ္ဍာထိန်း ဖြစ်၏။ မိသားစုတွင် ထိုမျှ ကြီးမားသော အဖြစ်အပျက်ကြီး ဖြစ်ပွားနေချိန်တွင် သူ ပေါ်မလာပါက အံ့သြစရာ ဖြစ်ပေလိမ့်မည်။
သူ ပေါ်ပေါ်တင်တင်ပင် လျှောက်သွားလိုက်ပြီး လူအများအပြားနှင့် ဆုံတွေ့ခဲ့သော်လည်း နိုင်းယွမ် စကားမပြောဘဲ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြရုံသာ ပြုလုပ်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။
မူတင်း နှင့် မူချီ တို့၏ တိုက်ပွဲက တကယ်ပင် ပြီးဆုံးသွားပြီ ဖြစ်၏။ စံအိမ်သခင် နေထိုင်ရာ ခြံဝင်းမှာ ယခုအခါ အပျက်အစီး တစ်ခု ဖြစ်နေချေပြီ။ လေထုထဲတွင် တိုက်ပွဲ၏ အနံ့အသက်များ ပြည့်နှက်နေပြီး ယွမ်ရှန်းအဆင့်၏ ထူးခြားသော စွမ်းအားများ လေထဲတွင် ကျန်ရစ်နေဆဲဖြစ်ကာ အချိန်မရွေး မီးတောက်လောင်တော့မည့်အလား ဖြစ်နေပေသည်။
"မင်းတို့ မိသားစုရဲ့ ရတနာတိုက် အခိုးခံရတာ... ငါနဲ့ ဘာဆိုင်လို့လဲ... မင်းက ငါ့ကို အပြစ်တင်ချင်တယ် ဆိုရင် မင်းရဲ့ လက်သီးတွေ လုံလုံလောက်လောက် မာကျောရဲ့လား ဆိုတာ အရင် ကြည့်ရလိမ့်မယ်..."
ခြံဝင်းထဲသို့ မဝင်မီ ကျယ်လောင်သော ကျုံးဝါးသံ တစ်သံကို သူ ကြားလိုက်ရသည်။ အသံတွင် ဒေါသများ ပါဝင်နေသော်လည်း ယင်းထက် ပိုသည်မှာ စိတ်လှုပ်ရှားမှု ဖြစ်ပြီး လိပ်ပြာတောင်ပံစံအိမ်၏ ရတနာတိုက် အခိုးခံရသည်ကို သူ အလွန် ကျေနပ်နေသကဲ့သို့ ဖြစ်နေပေသည်။
"မင်း... မြို့သခင်... ခင်ဗျား ကျွန်တော့်အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရမယ်... ဒီနေ့ ကိစ္စက သူနဲ့ သေချာပေါက် ပတ်သက်နေတယ်... သူက ကျုပ် လိပ်ပြာတောင်ပံစံအိမ်ရဲ့ အခြေခံ အုတ်မြစ်ကို ဖျက်စီးပစ်လိုက်တာ... သူ မသေမချင်း ကျွန်တော် ဘယ်တော့မှ အနားယူမှာ မဟုတ်ဘူး..."
နောက်ထပ် ရှည်လျားသော အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာပြီး လေသံတွင် ပြင်းထန်သော အမုန်းတရားများ ပြည့်နှက်နေကာ သူခိုးကို အရေခွံခွာပြီး အရိုးနွှာပစ်ချင်နေသကဲ့သို့ ဖြစ်နေပေသည်။
"မြို့သခင် ဟုတ်လား... သူတို့ ရပ်သွားတာ မဆန်းပါဘူး... ကြည့်ရတာ မြို့သခင် ရောက်လာပြီ ထင်တယ်..."
အသံနှစ်ခုကို ကြားသောအခါ သူတို့ ဖန်တီးခဲ့သော ဆူညံသံက ကြီးမားလွန်းသဖြင့် မြို့သခင်ပင် သိသွားပြီမှန်း နိုင်းယွမ် သိလိုက်သည်။
သို့တိုင် မြို့သခင်၏ ဝိညာဥ်အဆင့်က သူနှင့် အတူတူပင် ဖြစ်၏။ သူ၏ ကိုယ်ပွားက ရုပ်ဖျက်ပြီး ပေါ်လာလျှင် တစ်ဖက်လူက သေချာပေါက် သိနိုင်မည် မဟုတ်သဖြင့် ကြောက်ရွံ့နေရန် မလိုအပ်ချေ။
"ကောင်းပြီ... မင်းတို့ နှစ်ယောက်လုံး ငြင်းခုံတာကို ရပ်လိုက်တော့... ငါထင်တာတော့ မင်းတို့ နှစ်ယောက် တခြားလူ တစ်ယောက်ရဲ့ ထောင်ချောက်ထဲ ကျသွားတာ ဖြစ်ရမယ်... ဒီလူက မူတင်း အဖြစ် ဟန်ဆောင်ပြီး မူရှန်းကို သတ်တယ်... ပြီးတော့ ပြဿနာကို လမ်းလွှဲဖို့ ဒီကို ပြေးလာပြီး ရတနာတိုက်ကို ခိုးယူဖို့ အခွင့်အရေး ယူသွားတာပဲ... ဘယ်လောက်တောင် နက်ရှိုင်းတဲ့ အကြံအစည်လဲ... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေလဲ..."
မူချီမှာ စံအိမ်သခင် တစ်ယောက် ပီသပါပေသည်။ သူတို့၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် သူ ခေတ္တမျှ စဉ်းစားကာ ကိစ္စ၏ အဓိက အချက်ကို နားလည်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဒီလူက တကယ်ကို အံ့မခန်းပဲ..." အပြင်ဘက်မှ နိုင်းယွမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
သူ လုပ်ခဲ့သောအရာသည် မရှုပ်ထွေးသော်လည်း ထိုမျှ မြန်မြန်ဆန်ဆန် သိရှိသွားသည်ကို ထောက်လျှင် ထိုမြို့သခင်က တကယ်ကို မရိုးရှင်းမှန်း သိသာလှပေသည်။
"ကျွန်တော်တို့က တခြားလူ တစ်ယောက်ရဲ့ ထောင်ချောက်ထဲ ကျသွားတာ ဟုတ်လား... သောက်ကျိုးနည်း... ဘယ်သူ လုပ်တာလဲ..."
မူတင်း နှင့် မူချီတို့သည်လည်း တုံးအသူများ မဟုတ်ကြချေ။ မြို့သခင်၏ ရှင်းပြချက်ကို ကြားသောအခါ သူတို့ ခေတ္တမျှ စဉ်းစားပြီးနောက် နားလည်သွားကြပြီး သူတို့၏ မျက်လုံးများက ကျန်ရှိနေသော လူအနည်းငယ်ကို ဝေ့ကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။
စံအိမ်ကြီးငါးခုက တစ်ခုချင်းစီ လွတ်လပ်ပြီး အပေါ်ယံတွင် သဟဇာတ ဖြစ်သော်လည်း တိတ်တဆိတ် လှည့်ကွက်များ သုံးနေကြပေသည်။ ထိုတစ်ကြိမ်တွင် ယင်းက နှစ်ချက်ဆင့် ထိုးနှက်ချက် တစ်ခု ဖြစ်ပြီး လိပ်ပြာတောင်ပံစံအိမ် နှင့် မူအန်းစံအိမ်တို့ကို တိုက်ခိုက်စေကာ သူတို့က အကျိုးအမြတ်များကို ခံစားနေကြခြင်း ဖြစ်၏။ တကယ်ကို ရက်စက်လွန်းလှပေသည်။
"ဟဲဟဲ... မင်းတို့ ခွေးနှစ်ကောင် ကိုက်နေတာကို ငါ့ကို လာမဆွဲသွင်းနဲ့... ငါက အိပ်နေတာကို မင်းတို့က လာနှိုးတာလေ..."
"ငါလည်း အတူတူပဲ... အဘိုးကြီး နှစ်ယောက်က ဒီလောက် အသက်ကြီးနေပြီကို ဒီလောက် ရိုးရှင်းတဲ့ အကြံအစည်လေးနဲ့ အလိမ်ခံရတယ်... ငါထင်တာတော့ မင်းတို့ အသက်မရှင်တာပဲ ကောင်းမယ်... မိလ္လာကျင်းထဲ ခုန်ချပြီး နစ်သေလိုက်ကြ..."
“ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လဲ... မင်းတို့က တစ်ယောက်ယောက်ကို စွပ်စွဲချင်ရင် အရင်ဆုံး သက်သေ ရှာရမယ်လေ... သက်သေ မရှိရင် ဘယ်အရာမှ အဓိပ္ပာယ် မရှိဘူး... ငါတို့တွေ မင်းတို့နဲ့ လျှောက်ကစားနေဖို့ အချိန်မရှိဘူး..."
စံအိမ်သခင် သုံးယောက်သည်လည်း အလွယ်တကူ အနိုင်ကျင့်ခံမည့်သူများ မဟုတ်ကြချေ။ မူတင်းနှင့် မူချီတို့၏ ရိုင်းစိုင်းသော စကားများကို မြင်သောအခါ သူတို့ တစ်ယောက်စီတိုင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။
"ဘယ်သူ လုပ်တာလဲ ဆိုတာ ငါ ဂရုမစိုက်ဘူး... ငါသာ ရှာတွေ့ရင် ငါ သေရမယ် ဆိုရင်တောင် မင်းတို့ကို အလွတ်မပေးဘူးလို့ ငါ ကျိန်ဆိုတယ်..."
လမ်းကြောင်းထဲရှိ ပြောင်သလင်းခါနေသော မြေအောက်ခန်းကို ကြည့်ပြီးနောက် မူတင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
‘သောက်ကျိုးနည်း... ဘယ်ခွေးမသား လုပ်တာလဲ...’
အခန်း ၃၇၉ ပြီး