“ရော့.... မနက်စာ”
ကူချိုင်ယီသည် လော့ချန်၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်း ဖက်ဖြင့်ထုပ်ထားသော အငွေ့တထောင်းထောင်း ထနေသည့် ဆန်မုန့်ပူပူလေးကို ကမ်းပေးလိုက်သည်။
လော့ချန်သည် ဆန်မုန့်ကို လှမ်းယူကာ မြိန်ရည်ယှက်ရည် တစ်ကိုက်ကိုက်လိုက်သည်။
“အရသာကတော့ ရှယ်ပဲဗျာ၊ ဝိညာဉ်ဆန်နဲ့ လုပ်တဲ့ ဆန်မုန့်က ဒီလောက် ထိမိလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး”
လော့ချန် မြိန်ရည်ယှက်ရည် စားနေသည်ကို ကြည့်ကာ ကူချိုင်ယီ သဘောတကျ ရယ်မောလိုက်သည်။
“ဒါတွေအားလုံးက ရှင်ထွင်တဲ့ ပြောင်းဖူးပေါက်ပေါက်ကနေ အစပြုတာလေ၊ အခုဆို အတုခိုးတဲ့သူတွေက ဒီလို ရိုးရှင်းတဲ့ ဝိညာဉ်ဆန်ကိုတောင် ဆန်းသစ်တဲ့ အရသာမျိုး ထွက်အောင် ဘယ်လိုထွင်ရမလဲဆိုတာ တကူးတက ရှာဖွေနေကြပြီ”
လော့ချန် အားပါးတရ ရယ်မောရင်း ချီစွမ်းအင်များ ကိန်းဝပ်နေသော မနက်စာကို အရသာခံ စားသုံးနေတော့သည်။
လူတစ်ယောက်သည် ချီသန့်စင် အဆင့်သို့ ရောက်သည်နှင့် ခန္ဓာကိုယ်သည် အလိုအလျောက် ပြောင်းလဲခြင်း အခြေအနေသို့ ရောက်ရှိသွားသည်။
ထိုဖြစ်စဉ်တွင် ကျင့်ကြံခြင်းအပြင် အစားအသောက် ဖြည့်စွက်မှုမှာလည်း အလွန်အရေးကြီးလာသည်။ ကျင့်ကြံသူများ အစားအသောက် ဖြတ်ခြင်း ဆိုသည်မှာ များသောအားဖြင့် အဆင့်မြင့်ကျင့်ကြံသူများ တံခါးပိတ်ကျင့်ကြံချိန်တွင်သာ ပြုလုပ်လေ့ရှိသည့် အရာဖြစ်သည်။
အမှန်စင်စစ် အဆင့်နိမ့်ကျင့်ကြံသူများသည် အစားအသောက်ဖြတ်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြသည်။ အကြောင်းမှာ ချီသန့်စင်အဆင့်တွင် ပြင်ပချီစွမ်းအားကို သန့်စင်ရုံသာမက ခန္ဓာကိုယ်၏ ဇီဝစွမ်းအင်ကိုပါ သန့်စင်ရသောကြောင့် ဖြစ်သည်။
အကယ်၍ ဇီဝစွမ်းအင် မလုံလောက်ပါက ကျင့်ကြံသူ၏ အနှစ်သာရကို ထိခိုက်စေနိုင်သည်။
ချီသန့်စင်ခြင်းကြောင့် ခန္ဓာကိုယ်တွင် ပြင်းထန်သော ဒဏ်ရာများ ရသွားခြင်းမှာ မဆန်းပေ။
သို့သော် စားသောက်ရာတွင်လည်း စည်းကမ်းရှိရသည်။ သာမန်ကောက်ပဲသီးနှံများသည် ကျင့်ကြံသူများအတွက် ပထမဦးစားပေး မဟုတ်ပေ။
ထိုအရာများကို အလွန်အကျွံ စားသုံးခြင်းက ခန္ဓာကိုယ်ထဲတွင် အညစ်အကြေးများကို ပြည့်နှက်စေပြီး အနှစ်သာရကို ချီ အဖြစ် ပြောင်းလဲသည့် ဖြစ်စဉ်ကို နှောင့်နှေးစေသည်။
ထို့ကြောင့် ဝိညာဉ်ဆန်၊ ဝိညာဉ်ဟင်းသီးဟင်းရွက်၊ မိစ္ဆာသားရဲအသား၊ ဝိညာဉ်အရက်နှင့် ဝိညာဉ်လက်ဖက်ရည်တို့မှာ ကျင့်ကြံသူတို့ကြား ရေပန်းစားလာခဲ့သည်။ လော့ချန်သည် သူ အဆင်းရဲဆုံး အချိန်များတွင်ပင် သူ၏ ကျင့်ကြံခြင်းအခြေခံ မပျက်စီးစေရန် ဝိညာဉ်ဆန်ကို မရရအောင် ဝယ်ယူခဲ့သည်။
လက်ရှိ တာဟဲဈေးမြို့တော်၏ ဝိညာဉ်အစားအစာကဏ္ဍမှာ သိသိသာသာ တိုးတက်ထွန်းကားလာခဲ့ပြီ ဖြစ်သည်။ ယခင်ကမူ လင်ယွမ်နန်းဆောင် နှင့် ခေါင်းလောင်းရွှေအိုးရိပ်မြုံ ကဲ့သို့သော စားသောက်ဆိုင်ကြီးများသာ ရှိခဲ့သည်။
နောက်ပိုင်းတွင် လော့ချန်စရောင်းသော သရေစာမုန့်ဆိုင်လေးကို လူကြိုက်များသွားခဲ့သည်။ ၎င်းကို အားကျ၍ တစ်ကိုယ်တော် ကျင့်ကြံသူများကလည်း ချီစွမ်းအင် ပါဝင်သော မုန့်အမျိုးမျိုးကို ထွင်ကာ ရောင်းချလာကြသည်။
ဤသည်မှာ ဈေးကွက်တစ်ခု ဖြစ်လာသည်ဟု ဆိုရမည်။
နေ့စဉ် ဝိညာဉ်ဆန်ကိုသာ စားရ၍ ငြီးငွေ့နေသော ကျင့်ကြံသူများသည် အစားအသောက် ကောင်းကောင်းအတွက် ဝိညာဉ်ကျောက်တုံး အနည်းငယ် သုံးရန် လက်မတွန့်တတ်ကြပေ။
လော့ချန်လည်း ထိုနည်းတူပင်။ သူသည် ကျောက်ဖြူရင်ပြင်တွင် ရောင်းသော မုန့်အချို့ကို အတော်နှစ်သက်လေရာ ကူချိုင်ယီအား မနက်တိုင်း ဝယ်ခိုင်းလေ့ရှိသည်။
ထိုသို့ဝယ်လာသည့်အခါတွင်လည်း ဝိညာဉ်ကျောက်များဖြင့် အမြဲ တိတိကျကျ ပေးချေလေ့ရှိပြီး ဘယ်သောအခါမျှ အလကား မစားပေ။ ထို့မျှသာမက အလွန် ရက်ရောသူတစ်ဦးလည်း ဖြစ်ရာ သူ့အတွက် မနက်စာ ဝယ်ပေးသူများကိုလည်း မုန့်များ ဝေမျှပေးလေ့ရှိသည်။
ကူချိုင်ယီသည် ကျင့်ကြံသူ အများစုကဲ့သို့ပင် တစ်နေ့လျှင် ဝိညာဉ်ဆန် တစ်ခွက်တည်းဖြင့် ရှင်သန်ရခြင်းကို ကျင့်သားရနေသူ ဖြစ်သော်လည်း လော့ချန်နှင့် ပေါင်းပြီးနောက် မနက်စာ စားတတ်သော အလေ့အထကို ရရှိသွားခဲ့သည်။
သူမသည် စားပွဲကို မှီရင်း ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စအချို့ကို တွေးတောနေစဉ် ရုတ်တရက် ထူးခြားသော မွှေးရနံ့တစ်ခုကို ရလိုက်သည်။
“ဟင်.... လော့ချန်၊ ရှင် မွှေးရနံ့ရည်တွေ စွတ်ထားတာလား၊ ဘာလို့ ဒီလောက်တောင် မွှေးနေတာလဲ”
လော့ချန်သည် ဆန်မုန့်စားနေရာမှ ခေါင်းမော့ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
“ကျွန်တော်က ယောက်ျားကြီးပါဗျာ၊ ဘာလို့ မွှေးရနံ့ သုံးရမှာလဲ”
ကူချိုင်ယီသည် လော့ချန်၏ အနားသို့ တိုးကပ်လာကာ အနံ့ခံကြည့်လိုက်သည်။
လော့ချန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော ရနံ့မှာ အလွန်ပင် သိမ်မွေ့နက်ရှိုင်းလှသည်။ ၎င်းမှာ မီးလျှံကဲ့သို့ ပူပြင်းသယောင် ရှိသော်လည်း ကျောက်စိမ်းကဲ့သို့ နူးညံ့အေးမြနေသည်။ ထိုဆန့်ကျင်ဘက် ခံစားချက်နှစ်ခုမှာ သူမ၏ အာရုံခံစားမှုကို ထူးထူးခြားခြား ဆွဲဆောင်နေသည်။
လော့ချန် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ပြောလိုက်သည်။
“ဒါက နှစ်ပေါင်းများစွာ ဆေးဖော်စပ်ခဲ့လို့ ကိုယ်ပေါ်မှာ စွဲနေတဲ့ ဆေးနံ့တွေ ဖြစ်မှာပါ၊ အနံ့က အရမ်းပြင်းနေလို့လား”
“မပြင်းပါဘူး၊ အရမ်းနီးနီးကပ်ကပ် အနံ့ခံကြည့်မှ သိသာတာပါ”
ကူချိုင်ယီ နောက်တစ်ကြိမ် ထပ်မံ ရှူရှိုက်ကြည့်လိုက်ရာ မမျှော်လင့်ဘဲ လန်းဆန်းကြည်လင်မှုကို ခံစားလိုက်ရသည်။
‘ငါ ဘာလို့ အရင်က လော့ချန်ကိုယ်ပေါ်က ဆေးနံ့ကို သတိမထားမိခဲ့တာလဲ’ ဟု လည်း ဇဝေဇဝါဖြစ်သွားသည်။
သူမ ပြောစကားကြောင့် လော့ချန် စိတ်သက်သာရာ ရသွားသည်။
ဆေးဖော်ဆရာတစ်ဦး၏ ကိုယ်ပေါ်တွင် ဆေးနံ့အနည်းငယ် စွဲကျန်နေခြင်းမှာ သဘာဝကျသော ကိစ္စသာ ဖြစ်သည်။ သို့သော် အကယ်၍ တစ်စုံတစ်ရာကို လျှို့ဝှက်လုပ်ဆောင်ရန် လိုအပ်လာပါက ထိုအနံ့ကို ဖုံးကွယ်ရန် သို့မဟုတ် လုံးဝဖယ်ရှားရန် လိုအပ်ပေလိမ့်မည်။
မနက်စာစားပြီးနောက် ဂိုဏ်းတွင်းကျင့်ကြံသူများ ဆေးဖော်ဆောင်သို့ စတင်ရောက်ရှိလာကြပြီး တစ်နေ့တာ အလုပ်များ စတင်တော့သည်။
ကူချိုင်ယီ၏ ဦးဆောင်မှုအောက်တွင် ဆေးဖော်ဆောင်မှာ ချောမွေ့စွာ လည်ပတ်နေပြီး မည်သူမှ ကန့်ကွက်သူ မရှိပေ။
ဤလမှစ၍ လော့ချန် တောင်းဆိုပေးထားသော ဆေးဖော်ဆောင်အတွက် ခံစားခွင့်များမှာ ဂိုဏ်း၏ အတည်ပြုချက် ရရှိသွားပြီဖြစ်သည်။ လူတိုင်းမှာ သူတို့၏ ရာထူးအလိုက် ခံစားခွင့် အမျိုးမျိုး ရရှိကြသည်။
ထို့အပြင် ဖိုရှန်းဂိုဏ်းတွင် ကြာကြာ အလုပ်လုပ်လေလေ၊ ကုသိုလ်အမှတ်များ ပိုမိုရရှိလေလေ ဖြစ်သည်။ ထိုမှတ်များကို သုံး၍ ဂိုဏ်း၏ ကုသိုလ်ခန်းမတွင် အဆင့်နိမ့် မှော်အတတ်များဖြင့် လဲလှယ်နိုင်သည်။
ဤမှော်အတတ်များသည် သာမန်ကာလျှံကာများ ဖြစ်သော်လည်း အပြင်တွင် ဝယ်မည်ဆိုပါက ဝိညာဉ်ကျောက်တုံး အမြောက်အမြား ပေးရမည်ဖြစ်သည်။ ဂိုဏ်းတွင်း လဲလှယ်မှုမှာ များစွာ သက်သာသည်။ ထိုခံစားခွင့်များကြောင့် ဂိုဏ်းသားများမှာ ယခင်ကထက် ပိုမို တက်ကြွစွာဖြင့် လော့ချန်အား ကူညီလာကြသည်။
နောက်တစ်ချက်မှာမူ လော့ချန်သည် တပည့်များနှင့် ဆေးထိန်းသိမ်းသူများထဲမှ ထူးချွန်သူ နှစ်ဦးကို ချွီဟန်ချန်းကဲ့သို့ အဖွဲ့ခေါင်းဆောင် ရာထူးသို့ တိုးမြှင့်ပေးရန် ရည်ရွယ်ထားကြောင်း ကောလဟာလ လိုလို အတည်ပေါက်သတင်း လိုလို ထွက်နေသောကြောင့်ပင်ဖြစ်သည်။
နောက်တစ်ရက်တွင် ဆေးဖော်စပ်မှု အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ယနေ့ ဆေးလုံးအောင်မြင်မှုနှုန်းမှာ သိပ်မမြင့်လှဘဲ (၄၀) ရာခိုင်နှုန်းခန့်သာ ရှိသည်။ အမှန်စင်စစ် ဤနှုန်းမှာ ဂိုဏ်းသားများ မြင်တွေ့ရသည့် နှုန်းထားသာ ဖြစ်သည်။
တကယ့် အောင်မြင်မှုနှုန်းမှာ (၅၀) ရာခိုင်နှုန်းနီးပါး ရှိသည်။ ပိုနေသော (၁၀) ရာခိုင်နှုန်းကိုမူ ထုံးစံအတိုင်း လူလည် လော့ချန် တိတ်တိတ်လေး သိမ်းဆည်းထားခြင်း ဖြစ်သည်။
ထိုအရာများမှာ သူ တမင်တကာ ဖော်စပ်ထားသော၊ အစွမ်းထက်သည့် ကျောက်စိမ်းအမြုတေဆေးလုံး အလုံး ၂၀ ဖြစ်သည်။
လော့ချန်သည် ထိုဆေးလုံးများကို ချက်ချင်း မသောက်သေးဘဲ သူ လိုအပ်သည့်အချိန်မှသာ သုံးစွဲလေ့ရှိသည်။ ထို့ကြောင့် သူ ဆေးဖော်နေချိန် သို့မဟုတ် မှော်အတတ်များ သုံးနေချိန်တွင် သူ၏ ချီစွမ်းအားမှာ အမြဲ ပြည့်ဝနေတတ်သည်။ ထို့အပြင် နွေဦး ကျင့်စဉ်၏ အလိုအလျောက် စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသော စွမ်းရည်မှာလည်း အဆက်မပြတ် အလုပ်လုပ်နေသည်။
တစ်ခါတစ်ရံတွင် သူ ဤကဲ့သို့ ခဏခဏ ညာတာပါတေး အလစ်သုတ်နေသည်ကို ဂိုဏ်းမှ သိသွားပါက ဟူသော အတွေး ဝင်လာတတ်သည်။
သို့သော် သေချာ စဉ်းစားကြည့်ပြီးနောက် အဆိုးဆုံးအနေဖြင့် နာမည်နည်းနည်းပျက်သည်မှ လွဲ၍ ဘာမှ ဖြစ်မည်မဟုတ်ကြောင်း သဘောပေါက်သွားသည်။ အလွန်အကျွံ မဟုတ်သရွေ့ မီရှုဟွာ မသိချင်ယောင်ဆောင်နေလိမ့်မည်သာ ဖြစ်သည်။
အကျဉ်းထောင်ထဲ ထည့်ရန်မှာ သာ၍ မဖြစ်နိုင်ပေ။ အလွန်ဆုံးရှိလှ သတိပေးခံရရုံသာ ဖြစ်ပြီး သူ့အနေနှင့် ခဏတာ ငြိမ်နေရုံသာ ဖြစ်သည်။ ဤသို့ တွေးမိသည်နှင့် လော့ချန်၏ စိတ်ထဲတွင် အပြစ်ရှိသကဲ့သို့ ထိတ်လန့်နေသော ခံစားချက်မှာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။
အလုပ်ပြီးနောက် ကူချိုင်ယီအား ခေါ်ကာ မြို့တွင်းပိုင်းသို့ ဦးတည်လိုက်သည်။
လမ်းတွင် ကျိုးယွမ်လီနှင့် အခြား အစောင့်အရှောက်များမှာ နောက်မှနေ၍ အရိပ်ပမာ တိတ်တဆိတ် လိုက်ပါ စောင့်ရှောက်ပေးနေကြသည်။ မြို့တံခါးကို ကျော်ဖြတ်ပြီး ဘေးကင်းစွာ ရောက်ရှိသွားမှသာ အရိပ်များအတွင်းသို့ ပြန်လည် ပျောက်ကွယ်သွားကြသည်။
ကူချိုင်ယီအား နှုတ်ဆက်ပြီးနောက် လော့ချန်သည် မြို့တွင်းပိုင်းတွင် တစ်ဦးတည်း လှည့်လည်နေခဲ့သည်။ သူ ပထမဆုံး သွားသည့်နေရာမှ ဆေးပေါင်းတစ်ထောင်ခန်းမ ဖြစ်သည်။
ပိုင်မေလင်း၏ လမ်းညွှန်မှုဖြင့် လော့ချန်သည် ဆိုင်ရှင်အသစ်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ အံ့ဩစရာမှာ ဆိုင်ရှင်အသစ်သည် လျိုဟယ်ချိုင်ကဲ့သို့ အသက်ကြီးကြီး မဟုတ်ဘဲ လူငယ်လေးတစ်ဦး ဖြစ်နေသည့်အပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလည်း ဖြစ်နေသည်။
ဤကဲ့သို့သော ပါရမီရှင်မျိုးသည် ဂိုဏ်းအတွင်း၌သာ နေထိုင်ပြီး ရွှေအမြုတေအဆင့်ရောက်ရန် ကြိုးစားသင့်သည် မဟုတ်ပါလော။ ဆေးဘုရင်ဂိုဏ်း တွင် ပါရမီရှင်များ အလွန်ပေါများလွန်းသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကိုပင် စီးပွားရေးလုပ်ရန် စေလွှတ်နေခြင်းလောဟုပင် လော့ချန် တွေးမိသွားလေသည်။
ထိုဆိုင်ရှင်အနေဖြင့် လော့ချန်အား တွေ့ဆုံရန် သဘောတူခဲ့ခြင်းမှာ ဆိုင်ရှင်ဟောင်းလျိုက လော့ချန်အကြောင်း ပြောပြခဲ့ဖူးသောကြောင့် ဖြစ်သည်။
တစ်ကိုယ်တော် ဆေးဖော်ဆရာများမှာ ရှားပါးသဖြင့် သူ စိတ်ဝင်စားခြင်း ဖြစ်သည်။ သို့သော် လော့ချန် ဂိုဏ်းတစ်ခုတွင် အလုပ်လုပ်နေပြီဖြစ်ကြောင်း သိသွားသောအခါ သူ စိတ်ဝင်စားမှု လျော့နည်းသွားသည်။
နှစ်ဦးသား ခေတ္တစကားပြောပြီးနောက် လော့ချန်သည် အနှစ်သာရမွေးမြူရည်အတွက် လိုအပ်သော ပစ္စည်းများနှင့် နတ်သစ်တော်သီး အလုံး အစိတ်ခန့်ကို ဝယ်ယူလိုက်သည်။
ထို့နောက် ပိုင်မေလင်းအား နှုတ်ဆက်ကာ နတ်သက်ကြွေအိမ်ရာသို့ ဦးတည်လိုက်သည်။
….
နတ်သက်ကြွေအိမ်ရာမှာ အိုက်လောင်တောင်ဂိုဏ်း၏ လက်အောက်ခံ ဆိုင်တစ်ဆိုင်ဖြစ်ပြီး ဆောက်လုပ်ရေးပစ္စည်းများ၊ သတ္တုရိုင်းများနှင့် အရင်းအမြစ်များ ရောင်းချသည့် နေရာဖြစ်သည်။
လော့ချန်အား မြင်သောအခါ အိုက်လောင်တောင်မှ တပည့်များက နှုတ်ဆက်ရန် စိတ်မဝင်စားကြပေ။ လော့ချန်ကဲ့သို့သော တစ်ကိုယ်တော် ကျင့်ကြံသူ အများစုမှာ ဘာမှမဝယ်ဘဲ တစ်နေကုန် လျှောက်ကြည့်နေတတ်ကြသောကြောင့် ဖြစ်သည်။
"ဘာငြင်းနေစရာ လိုသေးလဲ၊ ဒါ ကျောက်စိမ်းဆေးအိုး ဓားဂိုဏ်း ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"
"ဘယ်သူက ကိုယ့်နယ်မြေထဲမှာ လူသတ်မလဲ၊ အူကြောင်ကြောင် လျှောက်လုပ်ရင်တော့တမျိုးပေါ့”
"ဟဲဟဲ၊ ဒါက အမြဲတမ်း ဖြစ်နေကျပဲ၊ အဲဒီလိုမှ မဟုတ်ရင် ကျောက်စိမ်းဆေးအိုး ဓားဂိုဏ်းက လေလံပွဲတွေမှာ ရောင်းဖို့ မှော်ရတနာတွေ ဒီလောက်အများကြီး ဘယ်ကရမလဲ"
အနီးနားရှိ အိုင်လောင်တောင် တပည့်နှစ်ဦး၏ စကားကို ကြားသောအခါ လော့ချန် စိတ်ဝင်စားသွားသည်။ လွန်ခဲ့သော လေလံပွဲတွင် ဓားဂိုဏ်းမှ မှော်ရတနာ အမြောက်အမြား လာရောင်းခဲ့သည်မှာ အမှန်ပင်။ မီရှုဟွာ ဝယ်ခဲ့သော ကောင်းကင်လမင်းခရမ်းရောင်ရွှေဘီး မှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။
နောက်ဆက်တွဲ လေလံပွဲများတွင်လည်း အနည်းဆုံး မှော်ရတနာ လေးခုခန့် ရောင်းချခဲ့သည်။
ဓားဂိုဏ်းမှာ လက်နက်သွန်းလုပ်ခြင်းတွင် နာမည်ကျော်သည် မဟုတ်ဘဲ အဘယ်ကြောင့် ဤမျှ မှော်ရတနာ ပေါများနေသနည်းဟု လော့ချန် အမြဲ တွေးတောနေခဲ့သည်။
ယခုမှ သူ သဘောပေါက်သွားတော့သည်။
ပြန်တွေးကြည့်လျှင်လည်း အဓိပ္ပာယ်ရှိလှသည်။ ဓားဂိုဏ်းကျင့်ကြံသူများသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပါက ပြင်ပပစ္စည်းများကို စွန့်ပယ်ကာ ဓားအမြုတေကိုသာ အဓိကထား ကျင့်ကြံကြသည်။
တစ်ကိုယ်တော် ကျင့်ကြံသူများ အလွန်တန်ဖိုးထားသော မှော်ရတနာများမှာ “ဓားတစ်လက်တည်းဖြင့် အရာအားလုံးကို ဖျက်ဆီးမည်” ဟူသော ဒဿနကို လက်ကိုင်ထားသည့် ဓားကျင့်ကြံသူများအတွက် တန်ဖိုး မရှိသလောက်ပင် ဖြစ်သည်။
သူတို့အတွက် အစွမ်းထက်သော ဓားတစ်လက် ရှိနေလျှင် လုံလောက်ပြီ မဟုတ်ပါလော။
အကယ်၍ အခြားသူများထံမှ မှော်ရတနာများ ရရှိလာပါက သိမ်းထားမည့်အစား လေလံတင် ရောင်းချခြင်းမှာ အကျိုးရှိလှသည်။ ဓားဂိုဏ်း၏ နယ်မြေအတွင်းပိုင်းရှိ လေလံပွဲများတွင် ရောင်းချရန် ပြဿနာ ရှိနိုင်သော်လည်း တာဟဲစျေးမြို့တော် ကဲ့သို့သော ဝေးလံသည့် နေရာမျိုးတွင်မူ မည်သည့် ပြဿနာမျှ မရှိပေ။
ဤကဲ့သို့သော နေရာမျိုးတွင် ကျောက်စိမ်းအိုးဓားနန်းဆောင်မှာ မည်သူမျှ မထိရဲသော အရှင်သခင် မဟုတ်ပါလော။
"ဖေးပေါ်ဝမ် ရခဲ့တဲ့ ဒဏ်ရာတွေက ရတနာအဆင့် ဓားအမြုတေရဲ့ လက်ချက်ပဲ၊ ကျောက်စိမ်းအိုး နယ်မြေမှာ ဓားအမြုတေတွေ အများကြီး ရှိပေမဲ့၊ ရတနာအဆင့် ဓားအမြုတေကိုတော့ ဓားဂိုဏ်းရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေပဲ ပိုင်ဆိုင်နိုင်တာ"
“ဒါပေမဲ့ ဓားဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ဘာလို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်ရမှာလဲ”
“ဘယ်သိမလဲကွ…. ဖြစ်နိုင်တာက အဲဒီ လှောင်အိမ်ပုံစံ မှော်ရတနာကို သူတို့ လိုချင်လို့ ဖြစ်မှာပေါ့၊ ဓားကျင့်ကြံသူတွေတောင် ကာကွယ်ရေးအတွက် အဲဒီလို ရတနာတွေကို သုံးနိုင်တာပဲ”
“နေဦး.... အိုက်လောင်တောင်က ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းတစ်ခုကို မပြိုင်ဆိုင်နိုင်ဘူး မဟုတ်လား၊ အကြီးအကဲက ဘာလို့ ဒီလောက် ရဲတင်းနေရတာလဲ”
“ဟဲ.... မင်း မသိသေးလို့ပါ၊ ကျောက်စိမ်းအိုး နယ်မြေကို စတင် ထူထောင်တုန်းက…. ဟေ့ ဟေ့ ကောင်လေး၊ မင်း ဘာဝယ်မှာလဲ၊ မဝယ်ရင်လည်း ဖယ်၊ ငါတို့ ဆိုင်ပိတ်တော့မယ်”
လော့ချန် ခဏမျှ ကြောင်သွားပြီးမှ ပြုံးကာ ပြန်ပြောလိုက်သည်။
"ဝယ်မှာပေါ့၊ ခင်ဗျားတို့ စကားပြောနေတာကို မနှောင့်ယှက်ချင်လို့ စောင့်နေတာပါ"
“ဘာလိုချင်တာလဲ၊ မြန်မြန်ပြော၊ ဆိုင်ပိတ်တော့မယ်”
လော့ချန် ပြုံးရင်း ပြန်ဖြေလိုက်သည်။
“မီးသားရဲချီ ပါ၊ ဒီမှာ ရှိတယ်လို့ ကြားလို့ လာရှာတာ၊ စင်ပေါ်မှာတော့ မတွေ့မိဘူး”
ဆိုင်ဝန်ထမ်းက လော့ချန်အား အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်း တကယ့်လူပဲ၊ မီးသားရဲချီကို ဘယ်သူက စင်ပေါ်မှာ တင်ထားမှာလဲ၊ ဘယ်လောက် လိုချင်တာလဲ”
သားရဲချီ ဆိုသည်မှာ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ စုစည်းနေသော စွမ်းအားတစ်ခုနှင့် တူသည်။ ထိုစွမ်းအားများ ပြည့်နှက်နေသော နေရာတွင် မည်သည့် သက်ရှိမှ မရှင်သန်နိုင်ပေ။
ဥပမာအားဖြင့် ယင်သားရဲချီမှာ ဒုတိယအဆင့် ငရဲရေများ နှစ်ပေါင်းများစွာ စုစည်းနေသော နေရာတွင် ဖြစ်ပေါ်တတ်သည်။
မီးသားရဲချီမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ၎င်းသည် မြေအောက်မီးများ အလွန်အမင်း စုစည်းရာမှ ဖြစ်ပေါ်လာသော မိစ္ဆာချီတစ်မျိုး ဖြစ်သည်။ ပြင်းထန်သော ဖျက်ဆီးအားရှိပြီး ယန်ဓာတ် အဆမတန် ပြင်းထန်လှသည်။
သို့သော် ကျင့်ကြံသူများသည် ထိုဖျက်ဆီးအားရှိသော စွမ်းအင်များကိုပင် အကျိုးရှိအောင် အသုံးချတတ်ကြသည်။ ကျွမ်းကျင်သော ဆေးဖော်ဆရာများနှင့် လက်နက်သွန်းလုပ်သူများသည် ထိုစွမ်းအားကို မှန်ကန်စွာ အသုံးပြုနိုင်ပါက မှော်ရတနာများ၏ စွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်ပေးနိုင်သည်။
အိုက်လောင်တောင်မှ တပည့်၏ လမ်းညွှန်မှုဖြင့် လော့ချန်သည် မီးသားရဲချီအား ထည့်သွင်းထားသော ပစ္စည်းကို တွေ့မြင်ခဲ့ရသည်။ ၎င်းမှာ သာမန် ကျောက်တုံးတစ်တုံးနှင့် တူသော်လည်း သဘာဝ ပျားအုံသဖွယ် အပေါက်လေးများစွာ ပါရှိသည်။ ပြင်းထန်သော မီးသားရဲချီအား တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ရန် အထူး ထွင်ထားခြင်း ဖြစ်သည်။
“ဒါကို လွင့်မျောကျောက်လို့ ခေါ်တယ်၊ မီးသားရဲချီနဲ့ တွဲဝယ်ရတဲ့ ပစ္စည်း၊ မီးသားရဲချီ ၁၀ မျှင်ကို ထိန်းထားနိုင်တယ်….”
“မင်း မီးသားရဲချီ ဝယ်ချင်ရင် ဒီကျောက်တုံးကိုပါဝယ်၊ အားလုံးပေါင်း ဝိညာဉ်ကျောက် ၅၀ ပဲပေး”
လော့ချန်၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားသည်။ မီးသားရဲချီမှာ အနိမ့်ဆုံးအဆင့် မိစ္ဆာချီ ဖြစ်သော်လည်း ဝိညာဉ်ကျောက်တုံး (၅၀) ပေးရမည်ဆိုသည်မှာ များလွန်းသည်။
သူ့ မျက်နှာတွင် နှမြောတသဖြစ်ဟန် ပေါ်လာသည်ကို မြင်သောအခါ ဆိုင်ဝန်ထမ်းက ခပ်တိုးတိုး ရယ်လိုက်သည်။
“စိတ်မပူပါနဲ့၊ မီးသားရဲချီကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ နည်းလမ်းကိုပါ ငါတို့ သင်ပေးမှာပါ၊ ဒါဆို ပိုတန်သွားပြီ မဟုတ်လား”
လော့ချန် ခေါင်းညိတ်ကာ ဝယ်ယူလိုက်ရသော်လည်း စိတ်ထဲတွင်မူ သိပ်မကျေနပ်ချင်ပေ။
အိုက်လောင်တောင်၏ အရောင်းအဝယ်ပုံစံမှာ အလွန်ပင် ကောက်ကျစ်လှသည်ဟု သူ ခံစားရသည်။ ပစ္စည်းတစ်ခုကို သီးသန့်မရောင်းဘဲ မလိုအပ်သည့် ပစ္စည်းများနှင့် တွဲဖက်ကာ ဈေးကြီးပေးဝယ်ခိုင်းခြင်း ဖြစ်သည်။
သို့သော် ရွေးချယ်စရာ မရှိသဖြင့် သူ အားလုံးကို ဝယ်ယူလိုက်ရတော့သည်။
***