နတ်သက်ကြွေအိမ်ရာမှ ထွက်လာချိန်တွင် လော့ချန်သည် စိတ်ထဲမှနေ၍ ကုန်ကျစရိတ်များကို တွက်ချက်နေမိရာ ခြေလှမ်းတိုင်းတွင် သူ၏မျက်မှောင်မှာ ပို၍ကြုတ်လာသည်။
မီးသားရဲချီ ဆယ်မျှင်လျှင် ဝိညာဉ်ကျောက်တုံး ၅၀ ပေးရသည်။ နတ်သစ်တော်သီး များမှာမူ ထို့ထက် ဈေးသက်သာပြီး မိစ္ဆာချီနှင့် တွဲဖက်ရန်အတွက် ဝိညာဉ်ကျောက်တုံး ၁၀ တုံးခန့်သာ ကုန်ကျမည်။
သို့သော် သွေးအဆီအနှစ်ဆေးလုံး၏ အဓိကပါဝင်ပစ္စည်း သုံးမျိုးထဲမှ တစ်ခုဖြစ်သည့် မျောက်ဝံသွေးမှာ ဈေးမချိုပေ။
သူ မဝယ်ရသေးခင် စျေးကို တီးခေါက်ထားသည်။ ၁၀ သုတ်စာအတွက် အနည်းဆုံး ဝိညာဉ်ကျောက် ၃၀ ခန့် ကျသင့်မည်။ အခြားသော အရန်ပစ္စည်းများ၏ ကုန်ကျစရိတ်ကို ပေါင်းထည့်လိုက်ပါက နောက်ထပ် ၂၀ ခန့် ကုန်ဦးမည်။
အားလုံးကို ခြုံငုံတွက်ချက်လိုက်လျှင် ဆေးဖော်စပ်မှု ၁၀ သုတ်စာ အတွက် အနည်းဆုံး ဝိညာဉ်ကျောက် ၁၁၀ ခန့် ကုန်ကျမည် ဖြစ်သည်။
သေချာ တွက်ကြည့်လိုက်ရာ ကုန်ကျစရိတ်မှာ အတော်များနေသည်။ လူအင်အား၊ ပစ္စည်းကိရိယာ သို့မဟုတ် ဆေးဖော်ရန် လိုအပ်သည့် ထင်းမီးစရိတ်များကိုပင် လော့ချန် ထည့်မတွက်ရသေးပေ။
အံ့ဖွယ်တစ်သောင်းဆေးလုံးနဲ့ ကျောက်စိမ်းအမြုတေဆေးလုံးတွေက တစ်သုတ်ကို ကုန်ကျစရိတ် ဝိညာဉ်ကျောက်တုံး ၅ တုံးစီပဲ ရှိတာ၊ ဘာလို့ သွေးအဆီအနှစ် ဆေးလုံးက ဒီလောက် ဈေးကြီးနေရတာလဲ၊ ငါကိုယ်တိုင် တီထွင်ထားတဲ့ ဆေးနည်းဖြစ်လို့လား….။
လော့ချန် ဆေးနည်းအကြောင်းကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။
ပုံမှန်အားဖြင့် လူသုံးများသော ဆေးလုံးများမှာ ဆေးဖော်ဆရာကြီးများက အကြိမ်ပေါင်း ထောင်သောင်းချီ၍ စမ်းသပ်ကာ အဓိကနှင့် အရန်ပစ္စည်းများကို အချိုးအစားကျနစွာ ရွေးချယ်ထားခြင်း ဖြစ်သည်။ ဤဖြစ်စဉ်မှာ ဆယ်စုနှစ်များ၊ ရာစုနှစ်များ သို့မဟုတ် ထောင်စုနှစ်ချီ၍ အဆင့်ဆင့် ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုဆေးနည်းများ၏ ကုန်ကျစရိတ်မှာ အနည်းဆုံးအဆင့်သို့ လျော့ကျသွားလေ့ရှိသည်။
သူ၏ သွေးအဆီအနှစ်ဆေးလုံး ဆေးနည်းမှာမူ ဒုတိယအဆင့် သွေးမိစ္ဆာဆေးလုံးမှ နေ၍ စနစ်အကူအညီဖြင့် အတင်းအဓမ္မ ထုတ်ယူထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဤဆေးနည်းမှာ ကုန်ကျစရိတ် သက်သာစေရန် သို့မဟုတ် ရိုးရှင်းစေရန်အတွက် မည်သည့် ပြုပြင်မွမ်းမံမှုမှ မပြုလုပ်ရသေးပေ။
“ဒါဆိုရင် ဒီဆေးနည်းက တိုးတက်ဖို့ နေရာတွေ အများကြီး ကျန်သေးတာပေါ့၊ ဒါပေမဲ့ ငါ့ရဲ့ အခုလက်ရှိ ဆေးပညာနဲ့ဆိုရင် အခြေခံအဆင့် ဆေးနည်းတစ်ခု တီထွင်နိုင်တာတင် ငါ့ရဲ့ အစွမ်းအစ ကုန်နေပြီ၊ ငါ ဘယ်လိုလုပ်ပြီး ထပ်ပြီး အဆင့်မြှင့်နိုင်မှာလဲ"
ကုန်ကျစရိတ် မလျှော့နိုင်ပါက အမြတ်နည်းနည်းသာ ထွက်ပေလိမ့်မည်။ အစွမ်းထက်လျှင်ပင် ပထမအဆင့် ဆေးလုံးသာ ဖြစ်သည်။ အဆင့်မြင့်ကျင့်ကြံသူများအတွက် အသုံးမဝင်သလို၊ အဆင့်နိမ့်ကျင့်ကြံသူများမှာလည်း ဈေးကြီးပေး၍ ဝယ်နိုင်မည် မဟုတ်ပေ။ သဘာဝကျကျပင် အမြတ်မှာ နည်းပါးနေမည်သာ ဖြစ်သည်။
“ထားလိုက်ပါတော့.... အရင်ဆုံး ဖော်စပ်ကြည့်လိုက်ဦးမယ်”
“တကယ်လို့ အာနိသင်က သာမန်ပဲ ဖြစ်နေပြီး ရောင်းလို့မရရင်လည်း ငါကိုယ်တိုင်ပဲ သုံးလိုက်မယ်”
လော့ချန် သက်ပြင်းချကာ ဆုံးဖြတ်လိုက်သည်။
သူသည် သွေးအဆီအနှစ်ဆေးလုံးကို လက်လျှော့ရန် စိတ်ကူးမရှိပေ။ ပထမအဆင့် ဆေးလုံးဖြစ်သော်လည်း ရေပန်းစားသွားနိုင်သည်။
ထို့အပြင် ဤဆေးကို ဖော်စပ်ခြင်းက သူ၏ ကျွမ်းကျင်မှုကို တိုးတက်စေပြီး နောင်တွင် သွေးမိစ္ဆာဆေးလုံး ဖော်စပ်ရာ၌လည်း အထောက်အကူ ဖြစ်စေနိုင်သည်။
ရက်အတန်ကြာအောင် လော့ချန်သည် လိုအပ်မည်ထင်ရသော အရန်ဆေးကုန်ကြမ်းများကို တဖြည်းဖြည်းချင်း ဝယ်စုနေခဲ့သည်။
မျောက်ဝံသွေးကိုမူ သူကိုယ်တိုင် မဝယ်ဘဲ တွမ်ဖုန်းအား ဝယ်ခိုင်းလိုက်သည်။
တွမ်ဖုန်းကဲ့သို့ ကျင့်ကြံသူတစ်ဦးက ဤပစ္စည်းကို ဝယ်ယူခြင်းမှာ သဘာဝကျလှသည်။ မျောက်ဝံသွေးမှာ သွေးချီအားနည်းသူများအတွက် အာဟာရဖြစ်စေသော ဆေးစွပ်ပြုတ်ချက်ရာတွင် အလွန်ကောင်းမွန်သည်။ တိုက်ပွဲစင်မြင့်ထက်တွင် မကြာခဏ တိုက်ခိုက်လေ့ရှိသော ကျင့်ကြံသူများသည် ခန္ဓာကိုယ် ပြန်လည်အားဖြည့်ရန်အတွက် ဝယ်ယူလေ့ရှိကြသည်။
လော့ချန်လည်း ယခင်က မြင်ဖူးသည်။
ကျင့်ကြံသူ ၁၈ ဦး တိုက်ပွဲအတွင်း မုရုံချင်းလျန်သည် ချင်လျန်ချန်းအတွက် ကျားအရိုးစွပ်ပြုတ် ချက်ပေးခဲ့ဖူးသည်။ ထိုကျားအရိုးစွပ်ပြုတ်မှာလည်း ယခုကဲ့သို့ပင် ခန္ဓာကိုယ်အားဖြည့်ပေးသည့် ဆေးစွပ်ပြုတ်မျိုး ဖြစ်သည်။ အဓိကပါဝင်ပစ္စည်း ကွဲပြားသော်လည်း သဘောတရားမှာ အတူတူပင်။
ပစ္စည်းအားလုံး စုံလင်သွားသောအခါ လော့ချန်သည် ဆေးဖော်စပ်ရန် အသင့်ဖြစ်နေလေပြီ။
ယခုတစ်ခါတွင်မူ သူ ဆေးဖော်ဆောင်သို့ မသွားတော့ပေ။ ထိုအစား သူ၏ အိမ်ဘေးရှိ သီးသန့် ဆေးဖော်ခန်းလေးကိုသာ ရွေးချယ်လိုက်သည်။
….
ဒုန်း….
သံနှင့် ကျောက်သား ရိုက်ခတ်သံမှာ အခန်းငယ်လေးအတွင်း ပဲ့တင်ထပ်သွားပြီး လေးရောင်ခြယ်ဆေးအိုးမှာ မီးဖိုပေါ်သို့ ကျရောက်သွားသည်။
လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အိမ်ရှိ ဆေးဖော်ခန်းမှာ ကျဥ်းလှသည်။ ၃ မီတာခန့် မြင့်သော ဆေးအိုးကြီး ရှိနေသဖြင့် အဝင်အထွက်မှာ ကျပ်ညပ်နေသည်။ သို့သော်လည်း သူ့တွင် အခြား ရွေးချယ်စရာကလည်း ရှိမနေပေ။
လခြမ်းတောင်ကြားတွင် သွားဖော်ရန်မှာလည်း စွန့်စားလွန်းရာကျသည်။ ညဉ့်နက်ပိုင်းတွင်ပင် ဖိုရှန်းဂိုဏ်း၏ ကင်းပုန်းတပ်သားများ ရှိနေသဖြင့် အမြန်ပေါ်သွားနိုင်သည်။ ထို့ကြောင့် စိတ်ဒုန်းဒုန်းချပြီး အိမ်တွင်သာ ဖော်စပ်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဤသို့နှင့် ဖိုးရှန်းဂိုဏ်းတွင် လူလည်ကျချင်တိုင်း ကျနေခဲ့သည့် ဆေးဖော်ခန်းမခေါင်းဆောင် လော့ချန်သည် ယခုမူ အကူမပါ၊ တပည့်မရှိ၊ မီးထိန်းသူမရှိဖြင့် ပင်ပင်ပန်းပန်း ဆေးဖော်စပ်ရသည့် အခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။
သူ မီးဖိုထဲသို့ ထင်းများထည့်ကာ မီးစတင် မွှေးလိုက်သည်။ သို့သော် ထင်းမီးတစ်ခုတည်းနှင့် မလုံလောက်ပေ။ ဤဆေးအိုးကြီး ပူလာရန် တော်တော်စောင့်ရမည်။
သူ ရံဖန်ရံခါ လက်ကိုမြှောက်ကာ မီးလုံးမှော်အတတ်ကို သုံး၍ ချီစွမ်းအားဖြင့် အပူရှိန်ကို ထိန်းညှိပေးရသည်။ မီးလုံးများ အရှိန်ပြင်းလွန်းမသွားစေရန်လည်း သတိထားရသည်။
မီးလျှံထိန်းချုပ်ခြင်းတွင် ကျွမ်းကျင်သူ ဖြစ်နေသဖြင့် တော်သေးသည်ဟု ဆိုရမည်။ ဆေးအိုးရှေ့တွင် အချိန်များစွာ ကုန်လွန်ခဲ့ရသဖြင့် သူ၏ မီးထိန်းချုပ်မှုမှာ အလွန် တိကျလှသည်။
နဖူးပေါ်မှ ချွေးများကို သုတ်ရင်း ဖိုရှန်းဂိုဏ်းထဲကို မဝင်မိဘဲ တစ်ယောက်တည်း နေ့စဉ် ဤကဲ့သို့ ဆေးဖော်ရပါက သေရချည်ရဲ့ဟု တွေးမိလိုက်သည်။
လက်ရှိတွင် သူ၏ ဆေးဖော်ဆောင်မှ တစ်နေ့လျှင် နှစ်ကြိမ်၊ ဆေးအိုး သုံးအိုးကို တစ်ပြိုင်တည်း ဖော်စပ်နိုင်သည်။ အလုပ်တာဝန်မှာ ယခင်ကထက် ပိုလေးလံသော်လည်း တပည့်များ၊ အကူများနှင့် မီးထိန်းများ ရှိနေသဖြင့် သူ ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။
“ကဲ.... အခုတော့ အရန်ပစ္စည်းတွေ ထည့်ဖို့ အချိန်ရောက်ပြီ"
လော့ချန် ခပ်တိုးတိုး ရေရွတ်ကာ ပြင်ဆင်ထားသော ဆေးဖက်ဝင် ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဆေးအိုးထဲသို့ ထည့်လိုက်သည်။ ချက်ချင်း ကိုင်တွယ်ရမည့် ပစ္စည်းများအတွက်မူ သူ၏ အထူးကျွမ်းကျင်မှု ဖြစ်သော သစ္စာနှလုံးသားကို သုံး၍ ကိုင်တွယ်လိုက်သည်။
ထို့နောက် နတ်သစ်တော်သီးကို ထည့်လိုက်သည်။ ဤအသီးမှာ နူးညံ့သော ဆေးဖက်ဝင် အာနိသင် ရှိပြီး ဇီဝစွမ်းအား အနည်းငယ် ပါဝင်သည်။ အလွန်တန်ဖိုးရှိသဖြင့် ဆေးပေါင်းတစ်ထောင်ခန်းမတွင်ပင် ရောင်းချနေခြင်း ဖြစ်သည်။
နတ်သစ်တော်သီးပြီးနောက် မျောက်ဝံသွေး အလှည့်ရောက်လာသည်။
လော့ချန်သည် သမုဒ္ဒရာမြှုပ်အိုး ဟုခေါ်သော မှော်လက်နက်ကို ထုတ်လိုက်သည်။ ထိုအိုးအား သူ မကြာသေးမီကမှ ဝယ်ထားခြင်း ဖြစ်သည်။ ယခင်အိုးကိုမူ ဖုန်းရှအား သားရဲနို့များ ထည့်ရန် ပေးလိုက်ပြီ ဖြစ်သည်။
ထူးခြားသည်မှာ ယခုတစ်ခါ ဤမှော်လက်နက်ကို ဝယ်ယူရာတွင် ဝိညာဉ်ကျောက်တုံး ၂၀၀ သာ ကုန်ကျခြင်း ဖြစ်သည်။ ယခင်က ရတနာနန်းဆောင်တွင် ၂၃၀ ပေးခဲ့ရသည်ကို သူ မှတ်မိနေသည်။
“စီကုန်းရှို့ကျားပြောတာ မမှားဘူး၊ မှော်လက်နက် ဈေးတွေ တကယ် ကျနေတာပဲ….”
အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် ပြင်းထန်သော ညှီစို့စို့ အနံ့တစ်ခု ထွက်လာသည်။ ဤပစ္စည်းမှာ မည်သည့် ပြုပြင်မှုမှ မလိုဘဲ တိုက်ရိုက် သုံးရုံသာ ဖြစ်သည်။ လော့ချန်သည် ဆေး တစ်သုတ်စာအတွက် လိုအပ်သော သွေးပမာဏကို ဂရုတစိုက် တိုင်းတာပြီးနောက် အိုးကို ပြန်သိမ်းလိုက်သည်။
မျောက်ဝံသွေး ထည့်ပြီးနောက် လော့ချန် ခေတ္တရပ်ကာ အပူရှိန်ကို ထိန်းညှိရန် အာရုံစိုက်လိုက်သည်။ ရံဖန်ရံခါတွင် ဆွဲငင်မှော်အတတ်ကို သုံး၍ အိုးဖုံးကို ဖွင့်ကာ အထဲမှ အရည်များကို အထူးပြုလုပ်ထားသော ယောက်မဖြင့် မွှေပေးသည်။
သူ တီထွင်ထားသော ဆေးနည်းအရ သွေးအဆီအနှစ် ဆေးလုံးသည် ဖော်စပ်နေစဉ်အတွင်း ဆေးဖော်ဆရာ၏ ချီစွမ်းအားနှင့် အလွန်အကျွံ ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမည်။ မဟုတ်ပါက ဆေးလုံး၏ စင်ကြယ်မှုကို ထိခိုက်စေနိုင်သည်။
ချီစွမ်းအားနှင့် ထိတွေ့ရမည့် တစ်ခုတည်းသော အချိန်မှာ နောက်ဆုံးအဆင့်တွင် ဆေးရည်များကို ဆေးလုံးအဖြစ် ပုံဖော်သည့် အချိန်သာ ဖြစ်သည်။
အချိန်အတော်ကြာ အိုးကိုမွှေပေးလိုက် မီးထိန်းလိုက်နှင့် သူ ပင်ပန်းလာကာ ငိုက်ချင်လာသည်။
သို့သော် သူ အိပ်ပျော်မသွားအောင် ထိန်းထားသည်။ တစ်ဆက်တည်း ဤဆေးလုံးကို အမြောက်အမြား ထုတ်လုပ်မည်ဆိုပါက မည်သို့ စီစဉ်ရမည်ကိုပါ ကြိုတင် တွက်ချက်နေမိသည်။
‘မီးထိန်းမယ့်သူတွေ၊ ဆေးကိုထိုင်ကြည့်ပီး မွှေပေးမယ့် သူတွေ ထားမှရမယ်’ ဟု လော့ချန် တွေးလိုက်သည်။ ခဏအကြာတွင် အချိန်တန်ပြီဟု သူ ယူဆလိုက်သည်။
လော့ချန်သည် ပျားအုံနှင့်တူသော လွင့်မျောကျောက်ကို ထုတ်လိုက်သည်။ ကျောက်တုံး ဆေးအိုးအထက်တွင် လွင့်မျောနေစဉ် လော့ချန် သူ၏ လက်မှ ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
သူ လက်ဟန်များ ပြုလုပ်လိုက်ရာ ချီစွမ်းအင်များသည် ပျားအုပ်များကဲ့သို့ ကျောက်တုံးပေါ်ရှိ အပေါက်လေးများထဲသို့ တိုးဝင်သွားကြသည်။
အိုက်လောင်တောင် ကျင့်ကြံသူများ၏ အတားအစီးကို ကျော်ဖြတ်ပြီးနောက် သူ၏ ချီစွမ်းအင်သည် ပျားရည်စုပ်သော ပျားများကဲ့သို့ မီးသားရဲချီတစ်မျှင်ကို အသာအယာ ဆွဲထုတ်ကာ ဆေးအိုးအတွင်းသို့ လမ်းညွှန်လိုက်သည်။
မိစ္ဆာချီ ဆေးအိုးထဲ ရောက်သည်နှင့် လော့ချန် သူ၏ ချီစွမ်းအင်ကို ချက်ချင်း ရုတ်သိမ်းလိုက်သည်။
ဆေးအိုးဖုံးမှာ ချက်ချင်း ပိတ်သွားတော့သည်။ ထိုအချိန်မှာပင် လေးရောင်ခြယ် ဆေးအိုးမှာ တုန်ခါလာတော့သည်။
“ဟုတ်ပြီကွ ထင်တဲ့အတိုင်း အိုးထဲက ဆေးရည်တွေက မိစ္ဆာချီနဲ့ ထိတာနဲ့ ချက်ချင်း ပေါက်ကွဲသွားပြီထင်တယ်၊ မျောက်သွေးနဲ့ နတ်သစ်တော်သီးထဲမှာရှိတဲ့ ချီစွမ်းအင်တွေကလည်း ပေါက်ကွဲထွက်လာပြီး အကုန်ရောသွားမှ ရမယ်”
ဤဆေးနည်းကို သူကိုယ်တိုင် ထွင်ထားခြင်း ဖြစ်ရာ သူသာအသိဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။ ဆေးဖော်ဆရာကြီးများ လာရပ်ကြည့်လျှင်ပင် ‘ဟာ ဘာတွေလဲမသိဘူး’ ဟု ဆိုကာ ခေါင်းကုပ် လစ်သွားပေလိမ့်မည်။
ရုတ်တရက် တုန်ခါနေသော ဆေးအိုးကြီးမှာ ရုတ်ခြည်း ငြိမ်သက်သွားပြီး ယခင်ကထက်ပင် ပို၍ တိတ်ဆိတ်သွားသည်။
ဆေးလုံးပုံစံဖော်ရမည့် နောက်ဆုံးအဆင့်သို့ ရောက်သွားမှန်း လော့ချန် သိလိုက်သည်။
လော့ချန်သည် သူ၏ ချီစွမ်းအင်ကို ဆေးအိုးမျက်နှာပြင်ရှိ အစီအရင်လိုင်းလေးများအတိုင်း စီးဝင်စေလိုက်သည်။
ငါးကြိမ်ခန့် အသက်ရှုပြီးနောက် ဆေးအိုးအဖုံးကို မျှော်လင့်ချက်ကြီးစွာ ဖွင့်လိုက်သည်။
သို့သော် အိုးထဲမှ မီးလောင်နံ့ တူးတူးကြီး ရနေသည်။
“သေစမ်း…. ကုန်ပြီထင်ပါတယ်၊ အေးလေ ခုမှ စစချင်းဆိုတော့လဲ ဖြစ်တတ်ပါတယ်” ဟု ရသေ့စိတ်ဖြေ တွေးလိုက်သည်။
နောက်ဆုံးတွင် တူးနံ့ကြီးကို မခံစားနိုင်တော့သဖြင့် စိတ်ပျက်လက်ပျက် အိုးအဖုံးကို ပြန်အပိတ်….။
ဆေးအိုးအောက်ခြေတွင် မြေပဲလုံးခန့်ရှိသော သွေးရောင်ဆေးလုံး ၅ လုံးကို တွေ့လိုက်ရသည့်အခါ မှင်သက်သွားတော့သည်။
“အဟေး အောင်ပြီဟေ့ ....”
“ဘုရားစူး တကယ့် ဆေးလုံးတွေ ထွက်လာတာဟေ့ ဟားဟား....”
***