“ဟေး ဟေး ရပ်လိုက်လို့ရပြီ….”
မီရှုဟွာ လက်ကိုယမ်းကာ ကမန်းကတန်း ငြင်းလိုက်သည်။
“မြေအောက်မီးရှိတဲ့ မြေကြောတွေ အကုန်နီးပါးက ဂိုဏ်းကြီးတွေရယ် ကျင့်ကြံသူမိသားစုကြီးတွေရယ် အပိုင်စီးပြီးသားတွေ၊ ငါတစ်ယောက်ထဲ လုပ်ပေးလို့ရတဲ့ဟာမျိုး မဟုတ်ဘူး”
သာမန်တောင်းဆိုမှုမျိုး ဆိုလျှင် ဖြစ်နိုင်သေးသော်လည်း မြေအောက်မီးမှာမူ မီရှုဟွာ၏ အစွမ်းအစထက် ကျော်လွန်နေပေသည်။
လော့ချန် စိတ်ညစ်သွားသည်ကို မြင်သောအခါ မီရှုဟွာ ရယ်မောလိုက်သည်။
“မင်းကလည်းကွာ ဘာတွေ တွေးပူနေတာလဲ၊ အဆင့်မြင့် ဆေးလုံးဆိုတာ အတင်းကြီး မြန်မြန်ဖော်စရာမှမလိုတာကွာ၊ မင်းအနေနဲ့ အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို ပုံမှန်လေးဖော်စပ်နေသမျှ ဖြည်းဖြည်းချင်း ငွေရွှင်လာမှာပဲ၊ နောက်ကျရင် မင်းအတွက် အဆင့်လတ် ဒါမှမဟုတ် အဆင့်မြင့် ဆေးအိုးတစ်အိုး ငါ ဖန်တီးပေးမယ်၊ စိတ်ချ”
အဆင့်မြင့်နည်းစနစ်များကို မတတ်ရင်နေ၊ အဆင့်နိမ့်နည်းစနစ်များကိုသာ သေချာကျွမ်းအောင်လုပ် ဆိုသည့်သဘောပင်….။
‘ဒီအဘိုးကြီး တော်တော် ပါးနပ်တာပဲ’ ဟု တွေးကာ လော့ချန် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
မီရှုဟွာ၏ မျက်နှာမှာ တည်သွားပြီး လော့ချန်အား သတိပေးလိုက်သည်။
“ဒါနဲ့၊ ငါ မီးသားရဲချီအကြောင်း ပြောရတဲ့ အဓိကအကြောင်းက မင်းကို သတိပေးချင်လို့၊ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်သေးတဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ အဲဒါကို သွားမလုပ်တာ ကောင်းတယ်၊ မဟုတ်ရင် ထိန်းရခက်တယ်….”
“ဗျာ.... ထိန်းရခက်တယ် ဟုတ်လား၊ ဘယ်လိုမျိုးလဲ”
“မိစ္ဆာချီက ဖျက်ဆီးအားပြင်းတယ်ကွ၊ ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်သွားရင် အရိုး၊ အကြောတွေ၊ ဒန်တျန်တွေ နောက်ပြီး မင်းခက်ခက်ခဲခဲ ကျင့်ကြံထားတဲ့ ချီစွမ်းအားတွေကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်၊ အသက်ရှည်ရှည် နေချင်သေးတယ်ဆိုရင် အဲဒီအရာတွေနဲ့ ဝေးဝေးမှာနေ….”
လော့ချန်သည် မျက်တောင်လေး ပုတ်ခက်ပုတ်ခက် လုပ်ရင်း စိတ်ထဲမှ ‘တကယ် အဲဒီလို အဆိုရှိတာလား’ ဟု ဝေခွဲမရဖြစ်နေသည်။
သူ တကယ် မသိခဲ့ပေ။ ထို့အပြင် သူ ဆေးဖော်စပ်စဉ်က မိစ္ဆာချီအား ထိန်းချုပ်ပြီး သုံးခဲ့သော်လည်း မည်သည့် မသက်မသာဖြစ်မှုကိုမျှ မခံစားခဲ့ရချေ။
….
မီရှုဟွာ သူ့အား ဖြဲခြောက်နေသလား အထင်နှင့် ခဏအကြာ ဝမ်ယွမ်နှင့် ထမင်းအတူစားနေစဉ် ထိုအကြောင်းကို စပ်စုကြည့်လိုက်သည်။
ဝမ်ယွမ်ပြန်ဖြေပုံက လော့ချန်အား အံ့အားသင့်သွားစေသည်။
“မိစ္ဆာချီက ချီသန့်စင်အဆင့် ကျင့်ကြံသူတွေအတွက် ဆိုးကျိုးဖြစ်စေတာ အမှန်ပဲကွ၊ ဒါပေမဲ့ ပုံသေကြီး သွားသတ်မှတ်လို့မရဘူး၊ အဲဒါက လူအပေါ်မှာလည်း မူတည်သေးတယ်”
ထို့နောက် အသားဟင်းကို ဖြည်းဖြည်းချင်း ဝါးရင်း ဆက်ပြောသည်။
“ချီသန့်စင်ခြင်းကိုပဲ ဇောက်ချကျင့်မယ်ဆို မိစ္ဆာချီနဲ့ မထိတာ အကောင်းဆုံးပဲ၊ တစ်ခုရှိတာက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေတဲ့သူဆိုရင်တော့ သူ့ကိုယ်ထဲ ဒီမိစ္ဆာချီ မတော်တဆ ဝင်လာတာနဲ့ တန်းအာရုံခံနိုင်စွမ်းရှိတော့ ကိစ္စမရှိလောက်ဘူးလို့ ထင်ရတာပဲကွ....”
“ဒါပေမဲ့ ကျွန်တော်တို့လို ချီသန့်စင်အဆင့် ကျင့်ကြံသူတွေမှာ အနည်းဆုံးတော့ အခြေခံအာရုံနဲ့ နတ်မျက်စိအတတ် ရှိတယ်လေဗျာ၊ အဲဒီအစွမ်းနဲ့ရော ဝင်လာရင် မသိနိုင်ဘူးလား....” ဟု လော့ချန် စိတ်ဝင်တစား မေးလိုက်သည်။
ဝမ်ယွမ်က လော့ချန်အား မျက်မှောင်ကြုတ် ကြည့်လိုက်သည်။
“မင်း လူသတ်ဖူးလား”
လော့ချန် ခဏမျှ ကြောင်သွားသည်။ ပြီးမှ ကြားဖူးနားဝစကားတစ်ခုကို သတိရသွားသည်။
မှန်ပေသည်။ လူသတ်ခြင်းမှလည်း မိစ္ဆာချီများ ရလာနိုင်ပေသည်။ ထိုသို့ ဇီဝိန်ခြွေပေးခြင်းကြောင့် ရလာပါက နတ်ဘုရားမိစ္ဆာချီ ဟုလည်း ခေါ်လေ့ရှိသည်။
“ပြောရရင်ကွာ အခု မင်းကိုယ်ထဲမှာ မိစ္ဆာချီရှိ၊ မရှိ မင်းနိုင်သိလား” ဟု ဝမ်ယွမ်က မေးလိုက်သည်။
လော့ချန် အကျပ်ရိုက်သွားသည်။ ယခုချိန်ထိတော့ သူကိုယ်ထဲတွင် မည်သည့် မိစ္ဆာချီကိုမျှ သတိမထားမိခဲ့ပေ။ သို့သော် ဝမ်ယွမ်ပြောသည်မှာ သူ့အတွက် ယုတ္တိရှိနေသည်။ သူ့တွင်လည်း မိစ္ဆာချီ ရှိနေနိုင်သည် မဟုတ်ပါလော။
မည်သူမဆို လူခဏခဏသတ်နေပါက မိစ္ဆာချီများ အလိုလို စုဆောင်းမိသလို ဖြစ်နေပေလိမ့်မည်။ အခြားမဆိုထားနှင့် သားသတ်သမားတစ်ဦးပင် သာမာန်လူနှင့်မတူပေ။
မယုံလျှင် သားသတ်သမားတစ်ဦးနှင့် ကြာကြာစကားပြောကြည့်ပါက အမျိုးအမည်မသိသော တစ်စုံတစ်ရာ ခံစားမှုမျိုးရပေလိမ့်မည်။ စဉ်းစားကြည့်လျှင် ထိုကဲ့သို့သော မိစ္ဆာချီဟု ခေါ်ရပေမည့်အရာမှာ နေ့ချင်းညချင်း သိသာလာခြင်းမျိုး မဟုတ်ဘဲ အသားကျနေသော ပုံမှန် သတ်ဖြတ်မှုများမှတစ်ဆင့် စုဆောင်းမိလာခြင်းမျိုး ဖြစ်ပေလိမ့်မည်။
လော့ချန်သည်လည်း သူတစ်ပါးအသက်ကို သတ်ခဲ့ဖူးပေသည်။ လာနှောင့်ယှက်သော ဓားပြအနည်းငယ်နှင့် တိုက်ခိုက်မှုလေ့ကျင့်သည့်အခိုက် တိရစ္ဆာန်အချို့အား သူမလွှဲမရှောင်သာ လက်စတုံးခဲ့ရဖူးသည်။
ထိုအချက်များကြောင့် သူ့တွင် မိစ္ဆာချီ မရှိပါဟု ကျိန်းသေပြောမရပေ။ သူ သတိမထားမိပဲ ရှိနေခြင်းလည်း ဖြစ်နိုင်သည်။
လော့ချန် ဆက်မေးလိုက်သည်။
“ချီကျင့်ကြံသူတွေက မိစ္ဆာချီကြောင့် ထိခိုက်ရတယ်ဆိုရင် တခြား ကျင့်ကြံသူတွေကရော မထိခိုက်ဘူးလား”
“ခန္ဓာကိုယ်ကျင့်ကြံသူ တွေကတော့ အဲဒါမျိုး ပူစရာမလိုဘူးကွ၊ အေးဆေးပဲ”
ဝမ်ယွမ် ပြောပြောဆိုဆို အသားတစ်ဖတ်ကို ပါးစပ်ထဲထည့်ကာ သူ့ကိုယ်သူ လက်ညိုးပြန်ထိုးရင်း အမွှန်းတင်နေပြန်သည်။
“ဥပမာပြရရင်တော့ ဝေးဝေးမကြည့်နဲ့ ငါ့လိုပေါ့”
လော့ချန် အံ့အားသင့်သွားသည်။
“ငါ့ရဲ့ ကျင့်ကြံမှုက ဘာလို့ ဒီလောက် မြန်မြန်တိုးတက်နေလဲ သိလား”
ဝမ်ယွမ်က တည်ငြိမ်စွာ မေးရင်း တစ်ဆက်တည်း သူ့ဘာသူ ဖြေလိုက်သည်။
“အဲဒါက ငါ့ရဲ့ ချီစွမ်းအားကို သန့်စင်ဖို့နဲ့ ငါ့ခန္ဓာကိုယ်ကို ကျောက်သားလို မာကျောအောင်လုပ်ဖို့ မိစ္ဆာချီကို သုံးနေလို့ပဲ”
“မိစ္ဆာချီကို ချီစွမ်းအား သန့်စင်ဖို့ သုံးလို့ရတာလား”
လော့ချန် သိချင်စိတ်များကာ ဂဏာမငြိမ်တော့ပေ။
“ရတာပေါ့ကွ…. မိစ္ဆာချီ ရဲ့ ပင်ကိုသဘာဝကိုက ဖျက်အားပြင်းတယ်၊ အဲ့တာကို ခုခံတဲ့နေရာမှာ သုံးလိုက်ရင် နေရာကျတာပေါ့ကွာ၊ ကိုယ့်ကိုယ်ထဲကို အပြင်ကနေ ဘာပဲဝင်လာဖို့လုပ်လုပ် ကိုယ်တိုင်က လက်မခံချင်ရင် အဲဒီ မိစ္ဆာချီမျှင်တွေက ဖယ်ပေးတယ်၊ တစ်ခုရှိတာက စနစ်တကျ ထိန်းချုပ်တတ်ဖို့တော့ လိုတာပေါ့၊ မဟုတ်ရင် သူက ပြန်ပြီးထိန်းချုပ်သွားလိမ့်မယ်....”
“အင်း….စိတ်ဝင်စားစရာပဲ၊ ဒါနဲ့ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို မထိခိုက်ဘူးလား" ဟု လော့ချန် အလွန်စိတ်ဝင်စားကာ မေးလိုက်သည်။
“ငါ့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ကြည့်လေ၊ ဘယ်လိုထင်လဲ….”
ဝမ်ယွမ်က ခပ်မှိန်မှိန် အပြုံးဖြင့် ပြန်မေးလိုက်သည်။
လော့ချန် ချက်ချင်း သဘောပေါက်သွားသည်။ ဝမ်ယွမ်၏ ခန္ဓာကိုယ်မှာ ကျင့်ကြံခြင်း မစတင်မီကပင် သာမန်ထက် သန်မာခဲ့သည်။ သူသည် ကိုယ်ခံပညာရှင်ကြီး ဖြစ်ခဲ့သူ မဟုတ်ပါလော။ ကျင့်ကြံခြင်းကို စတင်ပြီးနောက် ချီစွမ်းအင်နှင့်အတူ သူ၏ ခွန်အားမှာ ပို၍ပင် တိုးတက်လာပေလိမ့်မည်။
ဝမ်ယွမ် စကားဆက်သည်။
“ဒါပေမဲ့ ခန္ဓာကိုယ်ထဲကို မိစ္ဆာချီ အဝင်ခံနိုင်ဖို့ဆိုတာ သန်မာတဲ့ ခန္ဓာကိုယ်ရှိရုံနဲ့ မရဘူး၊ အဲဒါကို ခုခံနိုင်ဖို့ မယိုင်လဲတဲ့ စိတ်ဓာတ်ခိုင်မာမှုလည်း လိုအပ်တယ်”
"ချီသန့်စင်သူတွေက ချီ ကို အဓိကထားပြီး စိတ်ကို အရန်ထားတယ်၊ ဒါပေမဲ့ ခန္ဓာကိုယ် သန့်စင်သူတွေကတော့ ခန္ဓာကို အဓိကထားပြီး စိတ်ဆန္ဒကို အရန်ထားတယ်"
“တကယ်လို့ စိတ်ဆန္ဒ မခိုင်မာဘူးဆိုရင် ခန္ဓာကိုယ်သန့်စင်မှုကနေ ပေးတဲ့ နာကျင်မှုကို သာမန်လူတွေက လုံးဝ သည်းမခံနိုင်ဘူး”
ဝမ်ယွမ် စကားအရှည်ကြီးပြောခြင်းမှာ ရှားပါးလှသည်။ သူသည် ကြွားဝါနေခြင်း မဟုတ်ဘဲ အမှန်တရားကိုသာ ရိုးရိုးသားသား ပြောပြနေခြင်း ဖြစ်သည်။
ထို့နောက် အနည်းငယ် စိတ်ဓာတ်ကျပုံပေါ်နေသော လော့ချန်ကို ကြည့်ကာ ခေါင်းခါလိုက်ရင်း ဆိုသည်။
"ငါ မင်းကို မိစ္ဆာချီ သုံးပြီး ခန္ဓာကိုယ်နဲ့ ချီစွမ်းအား သန့်စင်တဲ့နည်း သင်ပေးလို့ရပါတယ်၊ ဒါပေမဲ့ ငါ အကြံမပေးချင်ဘူး၊ အဲဒါက တကယ့်ကို သည်းမခံနိုင်စရာ နာကျင်မှုမို့လို့ပဲ"
လော့ချန်သည် သူ၏ ခန္ဓာကိုယ်မှာ အတော်အသင့် ကြံ့ခိုင်သည်ဟု ထင်ထားခဲ့သည်။ သူသည် ဝိညာဉ်ဆန်နှင့် မိစ္ဆာသားရဲအသားများကို ပုံမှန်စားသဖြင့် သွေးချီအား ကောင်းမွန်သည်။ သို့သော် ဝမ်ယွမ်နှင့် ယှဉ်လျှင်မူ အဝေးကြီး လိုနေသေးသည်။
ဤအချက်များကြောင့် သူသည် လေလွင့်ခြေလှမ်းနှင့် တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း ကဲ့သို့သော ပညာရပ်များအား လျင်မြန်စွာ တတ်မြောက်ခဲ့သည်။ သို့သော် ဝမ်ယွမ်နှင့် နှိုင်းယှဉ်ပါက သူ၏ စွမ်းရည်များမှာ သိသိသာသာ နိမ့်ကျနေသေးသည်။
ဝမ်ယွမ်ပင် သည်းမခံနိုင်လောက်အောင် နာကျင်သည်ဟု ဆိုပါက မိစ္ဆာချီအား ခန္ဓာကိုယ်ထဲ အဝင်ခံရန် မည်မျှ ကြောက်စရာကောင်းမည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။
သို့သော် လော့ချန် လက်မလျှော့လိုပေ။ ယခု မသုံးနိုင်သေးသော်လည်း အနာဂတ်တွင် သုံးနိုင်ကောင်း သုံးနိုင်လာလိမ့်မည်ဖြစ်သည်။
သူသည် ချီသန့်စင် အဆင့် ၉ သို့ ရောက်သည်နှင့် သူ၏ ခန္ဓာကိုယ်ကို ပိုမိုသန်မာအောင် လုပ်နိုင်ပြီးနောက် မိစ္ဆာချီကို စမ်းသပ်လမ်းညွှန်ကြည့်နိုင်သည်။
ဝမ်ယွမ်မှာ ဖုံးကွယ်ထားခြင်းမရှိဘဲ သူ တတ်မြောက်ထားသော နည်းစနစ်ကို လော့ချန်အား စကားလုံးတစ်လုံးချင်းစီ ရှင်းပြပေးလိုက်သည်။
“နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းလား” လော့ချန် မေးလိုက်သည်။
“ဟုတ်တယ်” ဟု ဝမ်ယွမ် ပြန်ဖြေသည်။
“ငါ ကိုယ်ခံပညာရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အချိန်မှာ မိစ္ဆာတစ်ကောင်ကို သတ်ခဲ့တယ်၊ အဲဒီကနေ ရခဲ့တဲ့ ပညာပဲ၊ အဲဒီလူက မိစ္ဆာချီ ရှိတဲ့နေရာကို ရှာပြီး သူ့ရဲ့ နှစ်ပေါင်း ၁၂၀ စာ ကိုယ်ခံပညာ ဗဟုသုတတွေနဲ့ ဒီပညာကို တီထွင်ခဲ့တာ၊ မိစ္ဆာချီကို သုံးပြီး ခန္ဓာကိုယ်ကို သန့်စင်၊ အနှစ်သာရကို စွမ်းအင်အဖြစ် ပြောင်းလဲပြီး ကိုယ်ခံပညာကနေ မသေမျိုးလမ်းစဉ်ကို အတင်းအကျပ် ကူးပြောင်းခဲ့တာ"
“ဒါပေမဲ့ ခန္ဓာကိုယ်ထဲကို မိစ္ဆာချီဝင်လာတာရယ်၊ သူကလည်း အသက်ကြီးပြီး အားနည်းနေတာရယ်ကြောင့် နှစ်တွေကြာလာတဲ့အခါ သူ စိတ်ဖောက်ပြန်လာပြီး မိစ္ဆာလမ်းစဉ်ထဲ လုံးလုံး ကျရောက်သွားခဲ့တာ၊ နောက်ပိုင်း ငါ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို လျှောက်လှမ်းနိုင်ခဲ့တာက သူ့ ကျေးဇူးလည်းပါတယ် ပြောရမယ်”
ဤအကြောင်းအရာများမှတစ်ဆင့် ဝမ်ယွမ်တစ်ယောက် လောကီကိုယ်ခံပညာလောကတွင် မည်သို့ လှည့်လည်သွားလာရင်း တရားမျှတမှုကို ဖော်ဆောင်ကာ ကလဲ့စားချေခဲ့မည်ကို လော့ချန် အလွယ်တကူ စိတ်ကူးကြည့်နိုင်သည်။
ခေါင်းကို ခါယမ်းရင်း လော့ချန် သေရည် တစ်ငုံသောက်လိုက်သည်။ သူ အစားတစ်လုပ် စားရန် ပြင်လိုက်စဉ် စားပွဲပေါ်ရှိ အသားအားလုံး ကုန်သွားသည်ကို သတိထားမိလိုက်သည်။
ဝမ်ယွမ်တစ်ယောက် စကားများစွာ ပြောနေရင်း တစ်ဖက်မှလည်း အသားများအား အကုန်အပြတ် ရှင်းနေခဲ့ခြင်း ဖြစ်သည်။
လော့ချန် စားပွဲထိုးကို ခေါ်ကာ အသားအချို့ ထပ်မှာလိုက်သည်။ သူ၏ ဝေစုကို ရရှိထားကာစ ဖြစ်သဖြင့် အတော်လေး ချမ်းသာနေသည်။
ဤစားသောက်ဆိုင်မှာ တာဟဲစျေးမြို့တော်တွင် အသစ်ဖွင့်လှစ်ထားသော ဆိုင်ဖြစ်ပြီး ဈေးလျှော့ပေးနေသဖြင့် ယနေ့ သူ စိတ်ကြိုက် သုံးဖြုန်းနိုင်သည်။
အစားအစာများကို စောင့်နေစဉ် လော့ချန် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ကာ ဝမ်ယွမ်အား ပေးလိုက်သည်။
“ဒါက ကျွန်တော် မကြာသေးခင်က ဖော်စပ်ထားတဲ့ ကျောက်စိမ်းအမြုတေဆေးလုံးပါ၊ အဆင့်လတ် ဆေးလုံးတွေထဲမှာတောင် ဒါက အရည်အသွေးနဲ့ အာနိသင်မှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ”
“အစ်ကို၊ ဒါကို ယူထားပြီး စမ်းကြည့်လိုက်ဦး”
ဝမ်ယွမ် ပြုံးလိုက်ပြီး သူ ထိုကဲ့သို့သော ဆေးလုံးများကို မလိုအပ်ကြောင်း ပြောရန် ပြင်လိုက်သည်။
သို့သော် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားပြီး တိတ်တဆိတ်ပင် လက်ခံလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးမှာ ညနေစောင်းအထိ အသားနှင့် သေရည်များကို သောက်စားရင်း ပျော်ရွှင်စွာ စကားပြောဆိုကာ လမ်းခွဲခဲ့ကြသည်။
“သွေးအဆီအနှစ်ဆေးလုံး၊ သွေးမိစ္ဆာဆေးလုံးကနေ ဆင်းသက်လာတဲ့ အဆင့်တစ် ဆေးလုံးပေါ့"
လျှို့ဝှက်ခန်းအတွင်း ဝမ်ယွမ်သည် နီရဲသော ဆေးလုံးနှစ်လုံးကို ကြည့်ရင်း စိတ်လှုပ်ရှားသွားသည်။ သတင်းအစအနမရဘဲ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့သဖြင့် လော့ချန် ဤဆေးနည်းကို မေ့သွားပြီဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် လော့ချန် အမြဲ စိတ်ထဲထားနေခဲ့သည်မှာ ထင်ရှားသည်။ သွေးမိစ္ဆာဆေးလုံးအား မဖော်စပ်နိုင်သေးသော်လည်း ၎င်းနှင့် ပတ်သက်သည့် ပထမအဆင့်ဆေးလုံးကိုမူ သူ ပင်ပင်ပန်းပန်း ဖော်စပ်နိုင်ခဲ့သည်။
“ဆေးကို စမ်းသပ်ကြည့်ရမလား"
ဝမ်ယွမ် ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။
ရေနဂါးခန်းမသို့ ရောက်သောအခါ သူ၏ လက်အောက်ငယ်သားများကို စုဝေးလိုက်သည်။
“ဒီနေ့ ဂိုဏ်းချုပ်မီက ထိုက်ရှန်းဈေးမြို့တော်မှာ အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီ”
“ငါ အချိန်မဆွဲချင်ဘူး၊ မနက်ဖြန် မနက်မှာ မင်းတို့အားလုံး ငါနဲ့အတူ ထိုက်ရှန်းဈေးမြို့တော်ကို လိုက်ခဲ့ရမယ်၊ ချန် မိသားစုက သူတို့ရဲ့ ဘိုးဘွားပိုင်မြေကို ဖယ်ပေးမလားဆိုတာ သွားကြည့်ရအောင်”
“တကယ်လို့ သူတို့ ငြင်းမယ်ဆိုရင်တော့ တိုက်ပွဲက ရှောင်လွဲလို့ ရမှာမဟုတ်ဘူး၊ အဲ့တော့ အဆင်သင့်သာ ပြင်ထားကြ”
ဝမ်ယွမ်၏ ဩဇာညောင်းသောအမိန့်သံအောက်တွင် လက်အောက်ငယ်သားများ အားလုံး လိုက်နာရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိသည်မှာ အမှန်ပင်ဖြစ်သည်။
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း….။
၎င်းမှာ မိစ္ဆာချီကို သန့်စင်သည့် နည်းလမ်းထက် စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးသည့် လျှို့ဝှက်နည်းစနစ်တစ်ခုဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။
လော့ချန်သည် မိစ္ဆာချီအား ခန္ဓာကိုယ်ထဲ သွင်းရန် မဝံ့ရဲသေးပေ။ ဝမ်ယွမ် သတိပေးခဲ့သလို သူ၏ ခန္ဓာကိုယ်မှာ အသင့်မဖြစ်သေးပေ။ ထို့ကြောင့် စိတ်ဆန္ဒကို အရင်လေ့ကျင့်ရန် သူ ဆုံးဖြတ်လိုက်သည်။
ပို၍ တိတိကျကျဆိုရသော် သူ၏ စိတ်ဆန္ဒကို နှိပ်စက်ခြင်းဖြင့် စတင်မည်ဖြစ်သည်။
အမှန်စင်စစ် လော့ချန်သည် သူ၏နေ့ရက်များကို ဆေးလုံးများဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ဖြင့်သာ ကုန်ဆုံးစေပြီး မည်သည့် အသက်အန္တရာယ် အကျပ်အတည်းမှ မရှိသလို ပုန်းအောင်းနေရန်လည်း မလိုပေ။ ပျော်ရွှင်စရာကောင်းသော ကျင့်ကြံမှုသာ ဖြစ်သည်။
မကောင်းသော ခံစားချက် သိပ်မရှိသဖြင့် သူကိုယ်တိုင် ဖန်တီးယူရတော့မည်။ အရိုးရှင်းဆုံး နည်းလမ်းမှာ နာကျင်မှု ဖြစ်သည်။
နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းတွင် ဖော်ပြထားသော နည်းလမ်းအတိုင်း လော့ချန်သည် သူ၏ ခြေထောက်ရှိ သီးခြားအပ်စိုက်မှတ်တစ်ခုသို့ ချီစွမ်းအား အစုအဝေးလေးတစ်ခုကို လမ်းကြောင်းပေးလိုက်သည်။
ထိုအပ်စိုက်မှတ်မှာ ခြေထောက်၏ သရက်ရွက် လမ်းကြောင်းတစ်လျှောက်တွင် တည်ရှိသည်။ တစ်နည်းအားဖြင့် သရက်ရွက်လမ်းကြောင်း၏ ချီနှင့် သွေးများ ဆုံစည်းရာနေရာ ဖြစ်သည်။
အကယ်၍ ဤနေရာတွင် စီးဆင်းမှုမှာ အတားအဆီးဖြစ်သွားပါက အနည်းငယ် ထိလိုက်ရုံနှင့်ပင် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေပေလိမ့်မည်။
အသက်ပြင်းပြင်းရှူရင်း လော့ချန်သည် ချီစွမ်းအား အစုအဝေးကို ထိုအမှတ်၌ ပိတ်ဆို့ထားလိုက်သည်။
“ဟဲဟဲ၊ စိုးရိမ်စရာ မရှိပါဘူး….”
“ငါ လော့ချန်က တကယ်ပဲ စိတ်ဆန္ဒ ခိုင်မာတဲ့သူတစ်ယောက် ဖြစ်ပုံရတယ်”
နောက်တစ်နေ့မနက်တွင် ကူချိုင်ယီသည် စောစော နိုးထလာခဲ့သည်။
မျက်နှာသစ်ပြီးနောက် ဆံပင်ကို သေသေသပ်သပ် ထုံးလိုက်ကာ ခြံဝင်းထဲမှ ထွက်လာပြီး လော့ချန်၏ အိမ်သို့ သွားကာ တံခါးခေါက်လိုက်သည်။
“ထွက်လာခဲ့တော့၊ မနက်စာ သွားစားရအောင်”
မကြာမီ လော့ချန် ထွက်လာပြီး နှစ်ဦးသား မြူနှင်းများဖုံးလွှမ်းနေသော လမ်းများတစ်လျှောက် လမ်းလျှောက်ကာ မြို့တွင်းပိုင်းသို့ ထွက်လာခဲ့ကြသည်။ နံနက်စောစော မြူနှင်းများမှာ တဖွဲဖွဲ သည်းထန်စွာ ကျဆင်းလျက်ရှိသည်။
လမ်းလျှောက်နေစဉ် သူတို့သည် ယမန်နေ့က ဖိုရှန်းဂိုဏ်းတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များဖြစ်သည့် ဂိုဏ်းသားအပြောင်းအလဲများ၊ ကင်းလှည့်ချိန် ပြောင်းလဲမှုများနှင့် မြို့ပြင်မှ ကြားရသော အတင်းအဖျင်းများအကြောင်းကို အေးအေးလူလူ စကားပြောနေကြသည်။
ရုတ်တရက် ကူချိုင်ယီက လော့ချန်အား သံသယဖြစ်ဟန် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
“ရှင် ဘာတွေဖြစ်နေတာလဲ၊ ခြေထောက်ကလည်း ထော့နဲ့ထော့နဲ့ နဲ့၊ တစ်ခုခုတော့ တစ်ခုခုပဲ....”
“ဟူး.... ဘာမှမဖြစ်ပါဘူး၊ အကုန်အေးဆေးပဲ....” ဟု လော့ချန် ပြန်ဖြေလိုက်သည်။
လော့ချန်မှာ တည်ငြိမ်ချင်ယောင်ဆောင်ထားသော မျက်နှာပေးဖြင့် ပြန်ပြောနေသော်လည်း နဖူးပေါ်ရှိ သွေးကြောလေးများမှာ တလှုပ်လှုပ်ဖြစ်နေပြီး ဇောချွေးများပြန်နေသည်ကို ကူချိုင်ယီ သတိထားမိလိုက်သည်။
တစ်ခုခု လွဲနေပြီဆိုသော ခံစားချက်ကို သူမ ဖျောက်ဖျက်၍ မရတော့ပေ။
***