နွေဦး၏ ပထမဆုံး မိုးကြိုးသံနှင့်အတူ လန်းဆန်းသော နွေဦးမိုးလေး ရွာသွန်းလာသည်။
ထိုမိုးရေစက်များက တောင်ကမ်းပါးယံပေါ်ရှိ နှင်းများကို တိုက်စားသွားပြီး စမ်းချောင်းငယ်များအဖြစ် စီးဆင်းသွားတော့သည်။
လခြမ်းတောင်ကြား အတွင်းရှိ ဆေးဝါးဆောင်မှ ကျင့်ကြံသူများသည် အားတက်သရော အပြင်သို့ ထွက်လာကြသည်။
သူတို့သည် ရယ်မောပျော်ရွှင်စွာဖြင့် ဆောင်းရာသီတစ်လျှောက်လုံး အနွေးဓာတ်ပေးခဲ့သော အစီအရင်များကို ဖြုတ်သိမ်းလိုက်ကြသည်။ နောက်ဆုံးတွင်မူ ကြမ်းတမ်းလှသော ဆောင်းရာသီ ကုန်ဆုံးသွားပြီး နွေဦး ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယခုနှစ် ဆောင်းရာသီသည် ဆေးဝါးဆောင်အတွက် အထူးပင် သက်တောင့်သက်သာ ရှိခဲ့သည်။ အကြောင်းမှာ သူတို့၏ အိမ်နီးချင်း ဆေးဖော်ဆောင် ကြောင့်ပင် ဖြစ်သည်။
ဆေးဖော်ဆောင်မှ ထုတ်လုပ်သော ဆေးလုံးများသည် ဝင်ငွေကောင်းရုံသာမက လိုအပ်သော ကုန်ကြမ်းပစ္စည်း အများစုကို မိမိတို့ ဆေးဝါးဆောင်မှ တိုက်ရိုက် ဝယ်ယူခဲ့သောကြောင့် ဖြစ်သည်။
လော့ချန် တစ်ခါက ပြောဖူးသကဲ့သို့ စက်မှုကွင်းဆက် တစ်ခု ဖြစ်ပေါ်လာခြင်းပင်။
အဆင့်မြင့်လုပ်ငန်းဖြစ်သော ဆေးဖော်ဆောင်သည် အခြေခံလုပ်ငန်းဖြစ်သော ဆေးဝါးဆောင်အား တွန်းအားပေးလိုက်သဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ကွင်းဆက်တစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ဤကွင်းဆက်မှာ ပြည့်စုံရန် လိုအပ်နေသေးသည်။ ဥပမာအားဖြင့် အဓိက ကုန်ကြမ်းများနှင့် အခြားပစ္စည်းများကို ပြင်ပမှ ဝယ်ယူနေရဆဲ ဖြစ်သည်။
ဆေးဘုရင်ဂိုဏ်း ကဲ့သို့သော ဂိုဏ်းကြီးများတွင်မူ အစအဆုံး ပြည့်စုံသော ထောက်ပံ့ရေးကွင်းဆက် ရှိပေလိမ့်မည်။ ကုန်ကြမ်းစိုက်ပျိုးခြင်းမှသည် ဆေးဖော်စပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ရောင်းပြီး ဝန်ဆောင်မှုများအထိ အဆင့်ဆင့် ရှိနေမည် ဖြစ်သည်။
လော့ချန်သည် ဆေးဖော်ဆောင်၏ ကမ်းပါးယံတွင် ရပ်ရင်း နွေဦးလေညင်းကို ခံစားကာ အတွေးနယ်ချဲ့နေမိသည်။
“တစ်နေ့မှာ ငါသာ ဒီလို ခိုင်မာတဲ့ အင်အားစုကြီးကို အုပ်ချုပ်နိုင်ရင် ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်မလဲ”
သူ အတွေးလွန်နေစဉ် စီကုန်းရှို့ကျား ရောက်လာသည်။ သူ့ လက်ထဲတွင် ရေခဲဖြင့် ထုပ်ထားသော ထူးဆန်းသည့် အရာတစ်ခုကို ရိုရိုသေသေ ကိုင်ဆောင်လာသည်။
“ဘယ်သူ့လက်လဲ” ဟု လော့ချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
စီကုန်းက ပြုံးစစဖြင့် ဖြေသည်။ ““လက်ဆောင်တစ်ခုပါ၊ ရှန်းရှု ရဲ့ လက်ပေါ့”
လော့ချန် မျက်တောင်ခတ်လိုက်မိသည်။
“ကျွန်တော့်ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူလား"
“ဟုတ်တယ်၊ ဘယ်လိုလဲ…. အံ့ဩသွားတယ်မလား"
လော့ချန် ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး အံ့ဩဟန် မပြပေ။
“ခေါင်း ယူလာရင်တောင် ကျွန်တော် ပျော်ဦးမယ်၊ အခုတော့ လက်တစ်ဖက်တည်း၊ အဲဒါလည်း တစ်တောင်ဆစ်အထိတောင် မပါဘူး၊ ကျွန်တော်ကို ဒါကြီး ဘာကိစ္စလာပေးတာတုန်း"
စီကုန်းရှို့ကျား ပြန်ပြောလိုက်သည်။
“ချီသန့်စင် အဆင့် ၉ ကျင့်ကြံသူ၊ အဲဒါတောင် တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့သူကို သတ်ဖို့ဆိုတာ မလွယ်ဘူး၊ ဒီလက်ကလည်း ဂိုဏ်းချုပ်က နှင်းကြာပန်းဈေးမြို့တော်မှာ ဆုငွေအများကြီးပေးပြီး ကြေညာထားလို့ ရလာတာ”
လော့ချန် စိတ်ပျက်လက်ပျက်ဖြင့် ဗျစ်တောက်ဗျစ်တောက် ပြောနေတော့သည်။
“သူ ဘယ်မှာရှိမှန်း သိရင် လူအင်အားအများကြီးလွှတ်ပြီး ဘာလို့ အပြတ်မရှင်းလိုက်တာလဲ"
“နှင်းကြာပန်းဈေးမြို့တော်က ငါတို့ နယ်မြေ မဟုတ်ဘူးလေ၊ အဲဒီကို လူလွှတ်ဖို့ဆိုတာ မလွယ်ဘူး”
“ဟာဗျာ….”
လော့ချန် အသက် ပြင်းပြင်းရှူကာ လက်ဝှေ့ယမ်းလိုက်သည်။
“ကဲ.... အဲဒါကြီး မြန်မြန် ပြန်သာယူသွားတော့၊ ကြည့်ရတာ ကျောချမ်းစရာကြီး"
ကောင်းကင်နှင့် ဆန့်ကျင်ပြီး ကျင့်ကြံနေသူတစ်ဦးက ဖြတ်ထားသော လက်တစ်ဖက်အား ကြည့်ကာ ကျောချမ်းသည်ဟု ပြောသဖြင့် စီကုန်းရှို့ကျား အံ့ဩသွားရပြန်သည်။ လော့ချန် အလွန်ဝမ်းသာသွားမည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
နွေဦးကျင့်စဉ် အထွတ်အထိပ်သို့ ရောက်သွားသဖြင့် ချီစွမ်းအားကို သန့်စင်ပေးသည့် အကျိုးကျေးဇူး ရှိသော်လည်း အားနည်းချက်တစ်ခု ရှိလာသည်။ ၎င်းမှာ ချီစွမ်းအား စုဆောင်းမှုကို လျှော့ချပစ်သဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းရန် အချိန် ပိုကြာသွားခြင်းပင်။
လော့ချန် ထိုသို့ အချိန်ဆွဲခံရခြင်းကို လက်မခံနိုင်ပေ။
ထို့ကြောင့် သူ ဆေးလုံးများ ပိုမို လိုအပ်လာသည်။ သူသည် ယခင်ကကဲ့သို့ တစ်လလျှင် ဆေးလုံး ၃၀၊ ၄၀ ခန့် လျှို့ဝှက်ယူနေရုံနှင့် မကျေနပ်တော့ပေ။ မီရှုဟွာ မရှိသည့်အချိန်တိုင်း ဆေးလုံးများကို အခွင့်အရေးရလျှင် ရသလို ယူရန် ဆုံးဖြတ်လိုက်သည်။
သူ လက်ဆေးနေစဉ် အပြင်ဘက်မှ အုန်းခနဲ မြည်ဟည်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
“မိုးထပ်ချိန်းတာလား၊ အခုက နွေဦးပဲ ရှိသေးတာလေ၊ ဘာလို့ ခဏခဏ ချိန်းနေရတာလဲ” ဟု လော့ချန် ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ဆေးဖော်ဆောင် အပြင်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“တောင်ပြိုကုန်ပြီ၊ တောင်ပြိုကုန်ပြီ….”
“နန်ဝါး နှင်းတောင်ကြီး ပြိုကျနေပြီ….”
“ဒါက တောင်ပြိုတာ မဟုတ်ဘူး၊ ဆီးနှင်းထု ပြိုကျတာကွ….”
လော့ချန် ကမ်းပါးအစွန်းသို့ သွားကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။
နန်ဝါးနှင်းတောင်မှာ တာဟဲစျေးမြို့တော်နှင့် ထိုက်ရှန်းဈေးမြို့တော်အား ပိုင်းခြားထားသော တောင်ကြီး ဖြစ်သည်။ လော့ချန် နတ်မျက်စိ မှော်အတတ်ဖြင့် ကြည့်လိုက်သောအခါ ထိုတောင်ကြီးမှာ လက်မအနည်းငယ်ခန့် နိမ့်ဆင်းသွားသကဲ့သို့ တဖြည်းဖြည်း ပြိုကျနေသည်ကို မြင်လိုက်ရသည်။
“မဟုတ်ဘူး၊ ဒါ သဘာဝအတိုင်း ပြိုတာ မဟုတ်ဘူး”
လော့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ကောင်းကင်ယံတွင် ရွှေရောင် အလင်းတန်းတစ်ခုကို သူ မြင်လိုက်ရသည်။ ၎င်းမှာ တိမ်တိုက်များကို ဖောက်ထွက်ကာ တာဟဲစျေးမြို့တော်ဘက်သို့ ဦးတည် ပျံသန်းလာနေသည်။
ထိုအလင်းတန်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် တိမ်မည်းများ ကွဲအက်သွားပြီး မိုးသည်းထန်စွာ ရွာသွန်းလာသည်။ အနီးနားရှိ နှင်းဖုံးတောင်များမှာလည်း ထိုအရှိန်ကြောင့် ဆီးနှင်းထုများ ပြိုကျကုန်ကြသည်။
လော့ချန် တံတွေး တစ်ချက် မျိုချလိုက်မိသည်။ သူ ဤရွှေရောင်အလင်းကို မြင်ဖူးသည်။
“ဓားကျင့်ကြံသူ”
သူ့ဘေးတွင် ရှိနေသော စီကုန်းရှို့ကျားနှင့် ကူချိုင်ယီတို့လည်း တုန်လှုပ်သွားကြသည်။
“ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူပဲ”
မှားစရာ မရှိပေ။ ဤကဲ့သို့ အရာအားလုံးကို ဖောက်ထွက်နိုင်သော စွမ်းအားမှာ ဓားအမြုတေအား စီးနင်းလာသည့် အဆင့်မြင့် ဓားကျင့်ကြံသူတစ်ဦးသာ ဖြစ်နိုင်သည်။
ကူချိုင်ယီက မသေချာသလို ပြောလိုက်သည်။
“ကျွန်မ ထင်တာ မမှားဘူးဆိုရင် အဲဒါ ဓားဂိုဏ်းက ဖန်ရင်ရှုံပဲ ဖြစ်ရမယ်၊ ပြီးခဲ့တဲ့ အကြိမ်က တိုက်ခိုက်ရေးစင်မြင့် ဖွင့်ပွဲကို ဦးဆောင်ခဲ့တဲ့ ရွှေအမြုတေ အဆင့်ရှိသူပဲ”
သူ ဘာလို့ တာဟဲစျေးမြို့တော်ကို ရုတ်တရက် ပြန်လာရတာလဲ….။
ဤနေရာသည် ရွှေအမြုတေ အဆင့်ရှိသူတစ်ဦးအတွက် ကျင့်ကြံရန် မလုံလောက်ပေ။ လော့ချန်၏ စိတ်ထဲတွင် တစ်ခုခုကို စိုးရိမ်နေမိသည်။
အိုင်းလောင်တောင်က အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖေးပေါ်ဝမ် သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်နေမလား၊ ကျောက်စိမ်းအိုးဓားဂိုဏ်းက အဖြစ်မှန်ကို စုံစမ်းဖို့ ဖန်ရင်ရှုံကို လွှတ်လိုက်တာလား….။
ဤဖြစ်ရပ်မှာ သွေးချောင်းစီးမည့် မုန်တိုင်းတစ်ခုကို သယ်ဆောင်လာနိုင်သည်ဟု လော့ချန် ခံစားနေရသည်။
ငါ့ရဲ့ အေးအေးချမ်းချမ်း ကျင့်ကြံနေတဲ့ ဖိုရှန်းဂိုဏ်းက ဘဝလေးကိုတော့ မထိခိုက်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ….။
***