လောလောဆယ်တွင် လော့ချန်အား ခြောက်လှန့်နေသည့် ထိုစိုးရိမ်စိတ်များသည် အဘယ်မှ မြစ်ဖျားခံလာသနည်း။
အဖြေမှာ ရှင်းသည်။ အဆင့်မြင့်ကျင့်ကြံသူများကြားမှ ပဋိပက္ခများသည် လော့ချန်ကဲ့သို့ ချီသန့်စင်အဆင့်ရှိသူများ တောင့်ခံနိုင်သည့်အရာ မဟုတ်ခြင်းကြောင့်ပင်။
ထိုကဲ့သို့သော တိုက်ပွဲများမှ ထွက်ပေါ်လာသော အသေးငယ်ဆုံး နောက်ဆက်တွဲ ရိုက်ခတ်မှုမှာပင် ဘေးမှကြည့်နေသူများအတွက် ဘေးဒုက္ခဆိုးကြီး ဖြစ်စေနိုင်သည်။ လော့ချန်သည် ထိုတိုက်ပွဲများကို ကျော်ဖြတ်နိုင်လောက်အောင် မသန်မာသေးသည်ကို သူ့ကိုယ်သူ ကောင်းကောင်းသိသည်။
သူစိုးရိမ်ရသည့် အဓိက အချက်မှာ ယခုအချိန်တွင် သူအင်အား နည်းနေသောကြောင့်ဖြစ်သည်။
ဤသို့ဆိုသဖြင့် တခဏချင်းအတွင်း အသေအလဲ ဖိအားပေးကာ ကျင့်ကြံမှုအဆင့်ကို အတင်းတွန်းတင်၍လည်း မရပေ။
ထို့ကြောင့် အပြင်ပန်းတွင် လော့ချန်သည် သူ၏ ပုံမှန် အသွားအလာကိုသာ ထိန်းသိမ်းထားသည်။ နေ့ဘက်တွင် ဆေးလုံးဖော်စပ်ပြီး ညဘက်တွင် ကျင့်ကြံသည်။ သူ့အလုပ်သည် တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော ပုံမှန်အလုပ်ဖြစ်သဖြင့် မည်သူမျှလည်း သံသယမဝင်နိုင်ပေ။
ဤအတောအတွင်း၌ သူသည် ချန်ယင်းတောင် တစ်ဝိုက် လေ့လာစူးစမ်းမှုကို အရှိန်မြှင့်တင်ခဲ့သည်။ အစပိုင်းတွင် မိုင်အနည်းငယ်အတွင်းသာ ဂရုတစိုက် လေ့လာခဲ့သော်လည်း ရက်အနည်းငယ်အတွင်း မိုင်တစ်ရာ ပတ်လည်အထိ ချဲ့ထွင်ခဲ့သည်။
သူ၏ လေ့လာမှုများအရ ချန်ယင်းတောင်အတွင်း ဝိညာဉ်ဝံပုလွေများ သိသိသာသာ လျော့နည်းသွားပြီး ဒုတိယအဆင့် မိစ္ဆာသားရဲတစ်ကောင်မျှပင် မကျန်တော့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူတို့ အခြားနေရာသို့ ပြောင်းရွှေ့သွားပုံရသည်။
ကျန်ရှိနေသည်မှာ မီးခိုးသစ်ရွက်ဝံပုလွေ၊ နှင်းခဲဝံပုလွေ နှင့် အားနည်းသော ပထမအဆင့် မိစ္ဆာသားရဲ အချို့သာ ဖြစ်သည်။
ထိုသားရဲများသည် ချီဖုံးကွယ်မှော်အတတ်ကြောင့် လော့ချန်အား မရိပ်မိနိုင်ကြပေ။ အကယ်၍ ပါရမီရှိသော ပထမအဆင့်သားရဲတစ်ကောင် မြင်သွားလျှင်ပင် သူ၏ ပြိုင်ဘက် မဟုတ်ချေ။
ဤအားသာချက်ကို အသုံးပြုပြီး လော့ချန်သည် လျှို့ဝှက်ထွက်ပြေးရန် နေရာအချို့ကို ကြိုတင်ပြင်ဆင်ထားလိုက်သည်။ တာဟဲစျေးမြို့တော်တွင် မမျှော်လင့်ဘဲ တစ်ခုခုဖြစ်လာခဲ့လျှင် ပြဿနာစတက်သည်နှင့် သူ ရှောင်တိမ်းနိုင်မည်ဖြစ်သည်။
စိုးရိမ်မှုများ ပြေပျောက်သွားပြီးနောက် လော့ချန်သည် ကျင့်ကြံခြင်းတွင်သာ အပြည့်အဝ အာရုံစိုက်လိုက်သည်။
….
“နောက်ဆုံးတော့ ချီသန့်စင် အဆင့် ၈ ကို ရောက်ပြီ”
ဝိညာဉ်ကြောဂူအတွင်း၌ လော့ချန် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ မျက်လုံးဖွင့်လိုက်သည့် ခဏတွင် မှောင်မိုက်နေသော ဂူအတွင်း၌ ဖြူဆွတ်သော အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားသည်။ ၎င်းမှာ သူ၏ နတ်မျက်စိမှော်အတတ် ပိုမိုနက်ရှိုင်းလာသည့် လက္ခဏာပင်။
အဆင့်အသစ်သို့ ယခုလေးတင် တက်လှမ်းနိုင်ခဲ့သဖြင့် သူ၏ ချီစွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသောကြောင့် နတ်မျက်စိများ အလိုအလျောက် ပွင့်လာခြင်းဖြစ်သည်။
လော့ချန် မျက်တောင်ကို ဖြည်းဖြည်းချင်း ခတ်လိုက်ပြီး စိတ်ကို တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။
ဤအဆင့်တက်မှုမှာ သူခန့်မှန်းထားသည်ထက် နှစ်ရက်ခန့် နောက်ကျခဲ့သည်။ သို့သော် မကောင်းသောအချက် မဟုတ်ပေ။
သူ၏ ချီစွမ်းအားမှာ ယခင်ကထက် ပိုမိုသန့်စင်လာပြီး အရောင်မှာလည်း အစိမ်းဖျော့ရောင်သို့ ပြောင်းလဲသွားသည်။ ဤသန့်စင်မှု လုပ်ငန်းစဉ်ကြောင့်သာ အချိန်အနည်းငယ် ပိုကြာသွားခြင်း ဖြစ်သည်။
“အခုမှ အဆင့် ၈ ကို ရောက်တာဆိုပေမဲ့ ငါ့ရဲ့ ချီစွမ်းအား သန့်စင်မှုက သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတွေထက် အများကြီး သာနေပြီ၊ ပြီးတော့ ငါ့ရဲ့ ချီစွမ်းအား ပမာဏကလည်း တခြားသူတွေထက် ပိုများတယ်၊ အဆင့်တူချင်း တိုက်ခိုက်ရင် ငါ့အတွက် အသာစီးရမှာပဲ”
ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်များဖြစ်သော အဆင့် ၇ မှ ၉ တွင် ကျင့်ကြံခြင်းသည် အစောပိုင်းအဆင့်များနှင့် မတူတော့ပေ။
အစောပိုင်းတွင် ဒန်တျန်ကို ချဲ့ထွင်ရန် အဓိကထားသော်လည်း ယခုအခါ ချီစွမ်းအား သန့်စင်ခြင်းမှာ အဓိက ဖြစ်လာသည်။
အဆင့် ၈ မှ ၉ သို့ တက်ရန်မှာ ချီစွမ်းအား အားလုံးကို အပြည့်အဝ သန့်စင်ရန် လိုအပ်သည်။
ကြားရသည်မှာ လွယ်ကူသော်လည်း လက်တွေ့တွင် အလွန်ခက်ခဲသည်။
တစ်ကိုယ်တော်ကျင့်ကြံသူ အများစုမှာ သန့်စင်သည့် နည်းစနစ်များ မရှိကြသလို၊ သန့်စင်ပြီးနောက် လျော့နည်းသွားသည့် စွမ်းအားကို ပြန်ဖြည့်ရန်အတွက်လည်း ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်သည်။
ထို့ကြောင့် တာဟဲစျေးမြို့တော်တွင် ကျင့်ကြံသူ သောင်းချီရှိသော်လည်း အဆင့် ၉ သို့ ရောက်သူမှာ လက်ချိုးရေတွက်၍ ရသည်။
စီကုန်းရှို့ကျားကဲ့သို့သော သူများသည် ဘဝတစ်လျှောက်လုံး ကြိုးစားမှသာ အဆင့် ၉ သို့ ရောက်ကြသည်။ သို့သော် ထိုအချိန်ရောက်သောအခါ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် အင်အား မရှိကြတော့ပေ။
သို့သော် လော့ချန်မှာမူ ထိုကဲ့သို့ မျက်စိမှိတ် လျှောက်နေရသူ မဟုတ်တော့ပေ။
သူ၏ နွေဦးကျင့်စဉ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် ချီစွမ်းအားကို သန့်စင်ပေးမည့် နည်းစနစ်ကို သူ ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။
“လာပြန်ပြီလား၊ နောက်ထပ် ဂိုဏ်းအစည်းအဝေး”
လော့ချန် စိတ်ပျက်စွာ နှုတ်ခမ်းဆူလိုက်သည်။ ကမ္ဘာကူးပြောင်းလာသော်လည်း လစဉ်အစည်းအဝေးများ တက်နေရခြင်းကို သူ ငြီးငွေ့လှပြီ။
သို့သော် စီကုန်းရှို့ကျားက အရေးကြီးသည်ဟု ဆိုသဖြင့် သူ ဖိုရှန်းဂိုဏ်း ဌာနချုပ်သို့ သွားလိုက်သည်။
သို့သော် ဌာနချုပ်တွင် ဂိုဏ်းချုပ် မီရှုဟွာကို မတွေ့ရဘဲ မီကျွင်းဖျင်ကသာ ဦးဆောင်နေသည်ကို တွေ့ရသည်။ ဆွေးနွေးသည့် အကြောင်းအရာများမှာလည်း သိပ်အရေးမကြီးလှပေ။
‘ဒီလူတွေ ငါ့များ လာနောက်နေတာလား၊ အဆင့်တက်ထားလို့ လုပ်စရာတွေ အများကြီး ရှိနေတာကို’ ဟု စိတ်ထဲမှ မေတ္တာပို့ပေးနေလိုက်သည်။
လော့ချန်သည် ဝေစုများနှင့် ဆေးလုံးများကို ယူပြီးနောက် သူ့အစ်ကိုကြီးဝမ်ယွမ်ထံ ခြေလှည့်လိုက်သည်။
နှစ်ဦးသား ဝမ်ယွမ်၏ အိမ်သို့ အတူတူ လမ်းလျှောက်လာစဉ် သွေးအဆီအနှစ်ဆေးလုံး အကြောင်း ဆွေးနွေးရန် ပြင်လိုက်ကြသည်။
သို့သော် ခြံဝင်းတစ်ခုအရောက်တွင် သူတို့၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
ရှေ့တွင် လူအုပ်တစ်စု ရှိနေပြီး အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒါ ခန္ဓာကိုယ် သန့်စင်ခြင်းလမ်းစဉ်ကို လိုက်နေတဲ့ ကျင့်ကြံသူလား”
လော့ချန်နှင့် ဝမ်ယွမ်တို့ ချက်ချင်း ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်ကြသည်။ ရှေ့တွင် ရပ်နေသူမှာ မီရှုဟွာနှင့် သူနှင့်အတူ ပါလာသော အစွမ်းထက်သည့် လူစိမ်းတစ်ယောက် ဖြစ်သည်။
မီရှုဟွာက ပြုံးရင်း ဝမ်ယွမ်အား ညွှန်ပြလိုက်သည်။
“ဟုတ်ပါတယ်၊ သူပါပဲ၊ ဝမ်ယွမ်…. လာခဲ့၊ တာဝန်ခံမြောင်ကို နှုတ်ဆက်လိုက်ဦး”
ဝမ်ယွမ် တည်ငြိမ်စွာပင် နှုတ်ဆက်လိုက်သည်။
“တာဝန်ခံမြောင်ကို နှုတ်ခွန်းဆက်ပါတယ်”
“ဟားဟား.... တာဝန်ခံမြောင်လို့ ခေါ်တာထက် ကျင့်ကြံသူမြောင်လို့ ခေါ်တာကို ငါ ပိုသဘောကျတယ်"
ဤသည်မှာ ကျင့်ကြံခြင်းလောက၏ အဆင့်အတန်း ခေါ်ဝေါ်မှုတစ်ခု ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်သူကို ကျင့်ကြံသူ၊ ရွှေအမြုတေအဆင့်ကို စီရင်စုသခင်နှင့် ဝိညာဉ်သန္ဓေတည်အဆင့်ကို သူတော်စင်ဟု ခေါ်ဝေါ်ကြသည်။
မြောင်ကျန်းသည် ဝမ်ယွမ်အား သေချာကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“တကယ့်ကို ပါရမီရှိတဲ့သူပဲ၊ မင်းရဲ့ ခန္ဓာကိုယ်က.... သံမဏိကနေ ကျောက်စိမ်းဖြူအဖြစ် ပြောင်းလဲနေပြီပဲ၊ မင်း အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ဖို့ နီးစပ်နေပြီ၊ နှမြောစရာပဲ….”
သူ စကားကို အဆုံးမသတ်ခဲ့ပေ။ သို့သော် ‘အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ဖို့ နီးစပ်နေပြီ’ ဆိုသည့် စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ မီရှုဟွာ၏ မျက်လုံးများမှာလည်း စူးရှသွားသည်။
ဤ တာဝန်ခံမြောင်သည် အလွန် အမြင်စူးရှသူ ဖြစ်သည်။ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ လာသူ ဖြစ်သဖြင့် သူ၏ အသိပညာမှာ သာမန်ထက် သာလွန်နေသည်မှာ သေချာသည်။
အခြေအနေ ထူးဆန်းသွားသည်ကို မြောင်ကျန်း သိလိုက်ပုံရသဖြင့် သူ ရယ်မောရင်း လော့ချန်ဘက်သို့ လှည့်လိုက်သည်။
“ဒါဆို ဒါက မင်းတို့ဂိုဏ်းက ဆေးဖော်ဆရာကြီး တန်ချန်ဇီပေါ့"
သွားပြီ ငါ့ကို လာမကြည့်ပါနဲ့….။
လော့ချန် အောင့်သက်သက်ပြုံးရင်း “လော့ချန်က ကျင့်ကြံသူမြောင်ကို နှုတ်ခွန်းဆက်ပါတယ်" ဟု ဆိုလိုက်လေသည်။
***