လော့ချန်သည် တာဝန်ခံမြောင်၏ အာရုံစိုက်မှုကို မခံချင်သည်မှာ အမှန်ပင်။
အကြောင်းမှာ သူ၏ ဆေးဖော်ဆရာ ဖြစ်တည်မှုကြောင့် မဟုတ်ဘဲ မနေ့ညကမှ ချီသန့်စင် အဆင့် ၈ သို့ ခိုးကြောင်ခိုးဝှက် တက်လှမ်းထားသောကြောင့် ဖြစ်သည်။
သူ၏ မယုံနိုင်စရာ ကျင့်ကြံမှုအရှိန်ကို မီရှုဟွာ ရိပ်မိမသွားစေရန် ချီဖုံးကွယ်မှော်အတတ် သုံး၍ အဆင့်မှန်ကို တမင်ဖုံးကွယ်ထားခဲ့သည်။
ပါရမီရှင်အဆင့် ရှိနေသော ဤမှော်အတတ်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအား လှည့်စားနိုင်ပါ့မလား ဆိုသည်မှာ သူ ကိုယ်တိုင်လည်း ရင်တထိတ်ထိတ်နှင့် ဘုရားတနေရသည်။
အမှန်စင်စစ် ဤမှော်အတတ်ကြောင့် ချန်ယင်းတောင်မှ ဒုတိယအဆင့် မိစ္ဆာဝံပုလွေများကိုပင် သူ လှည့်စားနိုင်ခဲ့သည်။
လူသား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် သားရဲများထက် အာရုံခံစားမှု ပိုနိုင်သော်လည်း ထိုဝံပုလွေများ၏ ဝိညာဉ်အာရုံမှာလည်း အဆင့်တူ လူသားများထက် မနိမ့်ကျလှပေ။ သူတို့အား လှည့်စားနိုင်ခဲ့လျှင် လူသားကိုလည်း လှည့်စားနိုင်လိမ့်မည်ဟု လော့ချန် ယူဆခဲ့သည်။
ထို့ကြောင့်ပင် သူ ယနေ့ လင်းစန္ဒာခန်းမ အစည်းအဝေးသို့ ခေါင်းမော့ရင်ကော့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ တပည့်တစ်ဦးဖြစ်သူ တာဝန်ခံမြောင်ရှေ့တွင်မူ သူ၏ ယုံကြည်မှုမှာ အနည်းငယ် ယိုင်နဲ့သွားသည်။ ထိုသို့သောဂိုဏ်းကြီးမျိုးတွင် ထူးခြားသော စစ်ဆေးသည့် ပညာရပ်များ ရှိနိုင်ပေသည်။ ဝမ်ယွမ်၏ ခန္ဓာကိုယ်သန့်စင်မှုအခြေအနေကို တစ်ချက်ကြည့်ရုံနှင့် သူ သိခဲ့သည် မဟုတ်ပါလော။
ကျောက်စိမ်းအိုးဓားဂိုဏ်းမှ တပည့်များသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက် စက္ခုအလင်း အမြုတေဆေးအား သုံးစွဲခွင့်ရကြသည်ဟု ဆိုကြသည်။ ကြာရှည်သုံးစွဲပါက သူတို့၏ မျက်လုံးများသည် ဓားကဲ့သို့ စူးရှလာပြီး အာရုံခံနိုင်စွမ်းကို များစွာ မြင့်တက်စေကာ တိုက်ပွဲများတွင်လည်း အားသာချက်များ ရရှိစေသည်။
သို့သော် အံ့သြစရာကောင်းသည်မှာ တာဝန်ခံမြောင်သည် လော့ချန်၏ ဖုံးကွယ်မှုကို မြင်ဟန်မတူပေ။ သို့မဟုတ် ဂရုမစိုက်ခြင်းလည်း ဖြစ်နိုင်သည်။
သူ့အတွက်မူ ချီသန့်စင် အဆင့် ၇ နှင့် ၈ ကြားတွင် ဘာမျှ ခြားနားမှု ရှိမည်မဟုတ်ပေ။
အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် နီးစပ်နေသော ဝမ်ယွမ်သာလျှင် သူ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။
လော့ချန်က နှိမ့်ချစွာ ပြုံးရင်း ဆိုသည်။
“ကျင့်ကြံသူမြောင်၊ ကျွန်တော့်ကို လော့လေး လို့ပဲ ခေါ်ပါ၊ ဒီအငယ်တန်းက ဆေးဖော်ဆရာကြီးဆိုတဲ့ ဘွဲ့နဲ့ မထိုက်တန်သေးပါဘူး"
“မဟုတ်တာ၊ မဟုတ်တာ…. အခု မထိုက်တန်သေးပေမဲ့ နောင်မှာ ဘယ်သူပြောနိုင်မလဲ"
မြောင်ကျန်းက လော့ချန်အား ချီးကျူးသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
“မင်းဆီက ထွက်နေတဲ့ ဆေးလုံးအနံ့အသက်က ဆေးအညစ်အကြေးတွေ ဒါမှမဟုတ် မီးဓာတ်အညစ်အကြေးတွေ လုံးဝမပါဘူး၊ ဒါဟာ ဆေးဖော်ဆရာကြီးတစ်ယောက်ရဲ့ အရှိန်အဝါပဲ”
လော့ချန် ဆွံ့အသွားသည်။
ဆေးပညာအရည်အချင်းအား အနံ့နှင့်ပင် သိနိုင်သလော။
သူသည် သန့်စင်ခြင်းမှော်အတတ်ဖြင့် ဆေးနံ့များကို ပုံမှန် ဖယ်ရှားလေ့ရှိသော်လည်း ဆေးလုံးများ၏ သန့်စင်သော စွမ်းအင်အငွေ့အသက်ကိုမူ တမင် ချန်ထားခဲ့ခြင်း ဖြစ်သည်။
မြောင်ကျန်း၏ အာရုံငါးပါးမှာ အမှန်ပင် ထက်မြက်လှသည်။
“တကယ့်ကို ချီးကျူးစရာကောင်းတဲ့ လူငယ်တွေပဲ”
မြောင်ကျန်းက မီရှုဟွာဘက် လှည့်ကာ ပြောလိုက်သည်။
“မိတ်ဆွေမီ မင်းရဲ့ ဖိုရှန်းဂိုဏ်းက တကယ့်ကို ပါရမီရှင်တွေနဲ့ စည်ကားနေတာပဲ၊ မင်းတို့ရဲ့ အနာဂတ်က တောက်ပလာမှာ သေချာတယ်"
မီရှုဟွာက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ဒါက မိတ်ဆွေမြောင်ရဲ့ ကူညီစောင့်ရှောက်မှုပေါ်မှာလည်း မူတည်တာပေါ့"
“ဒါပေါ့.... ဒါပေါ့၊ ဒါနဲ့ ငါအကူအညီတောင်းထားတဲ့ ကိစ္စကိုလည်း အထူးဂရုစိုက်ပေးပါဦး"
“ကျုပ် အစွမ်းကုန် ကြိုးစားပေးပါ့မယ်” ဟု မီရှုဟွာက ပြန်ဖြေသည်။
ထို့နောက် မြောင်ကျန်းသည် သူ၏ ပါးစပ်မှ ဓားအမြုတေကို ထွေးထုတ်လိုက်ရာ ၎င်းမှာ ချက်ချင်းပင် ဓားတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ သူ ဓားပေါ်သို့ ခုန်တက်ကာ ချက်ချင်းပင် လေဟုန်စီး၍ ပျံသန်းထွက်ခွာသွားတော့သည်။
ဒါက တကယ့် ဓားစီးခြင်းပဲ….။
လော့ချန် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်တောင် ခတ်လိုက်မိသည်။
နေပါဦး၊ ဒါကြီးက နည်းနည်းတော့ ရွံစရာမကောင်းဘူးလား၊ ခြေထောက်နဲ့ နင်းထားတဲ့ ဓားကို ပြန်မျိုချပြီး ဒန်တျန်ထဲမှာ သိမ်းထားရတယ်ဆိုတော့….။
မြောင်ကျန်း ထွက်သွားပြီးနောက် လေထုမှာ ထူးဆန်းသွားသည်။ မီရှုဟွာ၏ စူးရှသော အကြည့်များမှာ ဝမ်ယွမ်အပေါ်သို့ ကျရောက်နေသည်။
ဝမ်ယွမ် အစပိုင်းတွင် ခေါင်းငုံ့ထားသော်လည်း နောက်ပိုင်းတွင် မီရှုဟွာ၏ မျက်လုံးများကို တည့်တည့် ပြန်ကြည့်လိုက်သည်။
လော့ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားသည်။ မီရှုဟွာ၏ အကြည့်များမှာ ကျောက်သားလို မာကျောပြီး ဝမ်ယွမ်အား စစ်ဆေးနေသကဲ့သို့ ရှိသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်….။
“မင်း တစ်ခုခု လိုအပ်ရင်…. ငါ့ဆီကို လာခဲ့လို့ ရတယ်” ဟု မီရှုဟွာ တိုးတိုးလေး ပြောကာ လှည့်ထွက်သွားတော့သည်။
လော့ချန် မျက်တောင်ခတ်လိုက်မိသည်။
ဒါပဲလား….။
သူ ထင်ထားသကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်း သို့မဟုတ် ပြဿနာရှာခြင်းများ လုံးဝ ဖြစ်မလာခဲ့ပေ။
ဖြောင်း….။
လော့ချန်၏ ပုခုံးအား ဝမ်ယွမ် အားကိုးတကြီး လာကိုင်လိုက်သည်။ သူ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေပြီး အသက်ကို ပြင်းပြင်းရှူနေရသည်။
“အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဝိညာဉ်အသိစိတ်က တကယ့်ကို နတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါလိုပဲ” ဟု ဝမ်ယွမ် မောပန်းစွာ ပြောလိုက်သည်။
လော့ချန် ချက်ချင်း သဘောပေါက်သွားသည်။
“အစ်ကိုဝမ်…. အစ်ကိုက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူရဲ့ ဝိညာဉ်အသိစိတ်ကို ကိုယ့်ရဲ့ စိတ်ဆန္ဒနဲ့ တိုက်ရိုက် ခုခံခဲ့တာလား”
ချီသန့်စင်သူများက စိတ်ဝိညာဉ်ကို လေ့ကျင့်ကြပြီး၊ ခန္ဓာကိုယ်သန့်စင်သူများကမူ စိတ်ဆန္ဒကို လေ့ကျင့်ကြသည်။ ဝမ်ယွမ်သည် သူ၏ ကျောက်သားအလား မာကျောသော စိတ်ဆန္ဒဖြင့် မီရှုဟွာ၏ ဝိညာဉ်ဖိအားကို တောင့်ခံခဲ့ခြင်း ဖြစ်သည်။
ရလဒ်ကမူ ရှင်းသည်။ မီရှုဟွာ အနိုင်ရခဲ့သည်။ သို့သော် ဝမ်ယွမ်သည် အဆင့် ၈ သာ ရှိသေးပြီး မီရှုဟွာမှာ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ဖြစ်သဖြင့် ဤသို့ တောင့်ခံနိုင်ခြင်းမှာပင် အံ့ဩစရာ ဖြစ်သည်။
….
တိတ်ဆိတ်သော အခန်းအတွင်း ဝမ်ယွမ်သည် ကျင့်ကြံရင်း အမောဖြေနေသည်။ လော့ချန်က ဘေးမှ ငြိမ်သက်စွာ စောင့်ဆိုင်းပေးနေသည်။
အချိန်အတော်ကြာမှ ဝမ်ယွမ် မျက်လုံးဖွင့်လာသည်။
“အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက တကယ့်ကို မလွယ်ဘူး၊ မီရှုဟွာရဲ့ အကြည့်တစ်ချက်က ငါ့ရဲ့ စိတ်ကို သိမ်းပိုက်လုနီးပါး ဖြစ်သွားခဲ့တယ်၊ အဲဒီအချိန်မှာ ငါသာ ခေါင်းငုံ့ပြီး အရှုံးပေးလိုက်ရင် ငါ့ဘဝမှာ ဘယ်တော့မှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်တော့မှာ မဟုတ်ဘူး"
“တကယ်ပဲ အဲဒီလောက်အထိ အရေးကြီးတာလားဗျ”
“ယောက်ျားတစ်ယောက်ဟာ လိုအပ်ရင် ဦးညွှတ်ရမှာမှန်ပေမဲ့ သိက္ခာကိုတော့ အကျမခံရဘူး၊ မင်းရဲ့ စိတ်ဆန္ဒ ကျိုးပျက်သွားရင် အဲဒီလို ငုံ့ထားတဲ့ခေါင်းက ဘယ်တော့မှ ပြန်မော့လာမှာ မဟုတ်တော့ဘူး"
ဝမ်ယွမ်၏ စကားများတွင် လေးနက်သော အဓိပ္ပာယ်များ ပါဝင်နေသည်။ လော့ချန်သည် လိုအပ်လျှင် လိုက်လျောတတ်သူ ဖြစ်သော်လည်း သူ၏ ဘဝတွင် ယခုကဲ့သို့ ပြတ်သားရမည့် အခိုက်အတန့်မျိုး မကြုံဖူးသေးပေ။
ဝမ်ယွမ် အကြောင်းအရာကို ပြောင်းလိုက်သည်။
“သွေးအဆီအနှစ် ဆေးလုံးရဲ့ စမ်းသပ်ချက် ရလဒ်တွေ ထွက်ပြီ"
“လူသားတွေအတွက်တော့ အသိစိတ် ပျောက်မသွားဘူး၊ ဒါပေမဲ့ စိတ်တိုလွယ်လာတယ်။ တခြား အာနိသင်တွေကတော့ မိစ္ဆာသားရဲတွေမှာ စမ်းသပ်တုန်းကအတိုင်းပဲ"
၎င်းမှာ သွေးအနှစ်သာရအား လောင်ကျွမ်းစေပြီး ခွန်အား ၃၀ ရာခိုင်နှုန်း တိုးစေသည်။ အချိန်မှာ မိနစ်အနည်းငယ်မျှသာ ခံသည်။
“ဒီဆေးကို အမြောက်အမြား ဖော်စပ်လို့ ရမလား" ဟု ဝမ်ယွမ် မေးလိုက်သည်။
လော့ချန် ထိုစကားကြောင့် အံ့ဩသွားသည်။
“အရေးပေါ်သုံးဖို့ အနည်းအကျဉ်းဆို ရပြီ မဟုတ်လား၊ ဘာလို့ အများကြီး လိုချင်ရတာလဲ”
“ငါ အရေးကြီးတဲ့ အချိန်ကျရင် ဒီဆေးကို သုံးပြီး အဟန့်အတားတစ်ခုကို ချိုးဖျက်နိုင်မလားလို့ပါ” ဟု ဝမ်ယွမ်က ဖြေသည်။
“မလုပ်နဲ့ အစ်ကိုဝမ်”
လော့ချန် အမြန် တားလိုက်သည်။
“ဒါက တိုက်ခိုက်ရေးအတွက်ပဲ သုံးရတဲ့ ဆေး၊ ကျင့်ကြံဖို့ မဟုတ်ဘူး၊ ကျွန်တော် နောက်ကျရင် အစ်ကို ကျင့်ကြံတဲ့နေရာမှာ သုံးလို့ရမယ့် သွေးမိစ္ဆာဆေးလုံးကို ထပ်ပြီး ဖန်တီးပေးမယ်"
လော့ချန်သည် ဝမ်ယွမ်၏ အပြုအမူများကို ကြည့်ပြီး တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသည်။
“အစ်ကိုဝမ်…. အစ်ကို ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေတာလဲ”
ဝမ်ယွမ်သည် ပြီးခဲ့သည့် တစ်နှစ်အတွင်း အလွန် ပြောင်းလဲသွားခဲ့သည်။ သူ နာမည်ကြီးအောင် လုပ်သည်၊ အဆုံးအဖြတ်စင်မြင့်တွင် ယှဉ်ပြိုင်သည်၊ ခန်းမခေါင်းဆောင်ရာထူးကို လက်ခံသည်။ ယခုမူ ခန္ဓာကိုယ် ထိခိုက်စေမည့် ဆေးကိုပင် သုံးချင်နေသည်။
ဝမ်ယွမ် တိုးတိုးလေး ပြောလိုက်သည်။
“ငါ ဘယ်လိုလုပ် မလောဘဲ နေနိုင်မှာလဲ၊ စောစောက တာဝန်ခံမြောင် စကားပြောနေရင်း ဆက်မပြောဘဲ တန်းလန်းရပ်သွားတာမှတ်မိလား....”
လော့ချန် ပြန်စဉ်းစားလိုက်သည်။ စကားပြောဆိုမှု အများကြီး မရှိခဲ့သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးထံမှ ထွက်ပေါ်လာသော ဖိအားမှာ သူ့အပေါ် စွဲကျန်နေဆဲ ဖြစ်သည်။
သေချာစဉ်းစားကြည့်သောအခါ ထိုစကားလုံးကို သူ မှတ်မိသွားသည်။
“နှမြောစရာပဲ....”
နေပါဦး၊ ဘာကို နှမြောတာလဲ….။
“မင်းမှာ ထာဝရအသက်ရှည်ခြင်းကို ရနိုင်ဖို့ အခွင့်အရေး မရှိတော့တာ နှမြောစရာပဲလို့ သူ ပြောချင်တာပေါ့”