ဂျင်ချန်က တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုကို လက်သီးဆုပ်ကာ လက်ဝါးပြင် ထိကပ်၍ ဂါရဝပြုလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ဂျင်ချန်ကို ကြင်နာမှု ပြည့်ဝသော အကြည့်မျိုးဖြင့် ကြည့်သည်။ ဂျင်ချန်ကလည်း ထိုမိန်းမပျိုကို ကြည့်ရင်း အကြည့်များ စူးရှသွားကာ ဖျတ်လတ်စွာ ပြုံးရင်း ပြောလိုက်သည်။
" ငါက ဂျင်ချန်ပါ။ မိစ္ဆာနက် နန်းတော်က စီနီယာကို နှုတ်ဆက်ပါတယ်။ စီနီယာကို ဘယ်လိုများ ရည်ညွှန်းရမလဲဆိုတာ သိပါရစေ။ "
" မင်း ငါ့ကို စီနီယာရွှယ်လို့ ခေါ်လို့ရပါတယ်။ " အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ခံစားချက်ကင်းမဲ့စွာ ပြောသည်။ သူမက ဖော်ရွေခြင်း မရှိပေ။
" ဆိုတော့ စီနီယာရွှယ်ပေါ့။ ဝင်လာပြီး ထိုင်ပါဦး စီနီယာ ရွှယ်။ "
ဂျင်ချန်က မိန်းမပျို၏ အပြုအမူကို အရေးမစိုက်ဘဲ စားပွဲထိုင်ခုံသို့ ဖိတ်ခေါ်လိုက်သည်။ လက်ကို တစ်ဖက် ယမ်းလိုက်ရုံဖြင့် အဓိက ခန်းမ၏ အလယ်တွင် အဖြူရောင်ကျောက်စိမ်းသားဖြင့် လုပ်ထားသော အဖိုးတန် စားပွဲတစ်ဝိုင်း ပေါ်လာသည်။ သူက အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုကို ကြိုဆိုကာ ဝင်ထိုင်ခိုင်းလိုက်သည်။
မိစ္ဆာနက် နန်းတော်ဟာ ခရမ်းကောင်းကင် ဓားဂိုဏ်းကို နှစ် သိန်းပေါင်းများစွာ ကြာသည်အထိ ကြင်နာမှု ပြသခဲ့သည်။ သူတို့ဟာ ခရမ်းကောင်းကင် ဓားဂိုဏ်းကို အမှန်တကယ် ကူညီပေးခဲ့သော အဖွဲ့အစည်းဟု ပြောရမည်။ ထို့ကြောင့် ဂျင်ချန်ကလည်း မိစ္ဆာနက်နန်းတော်မှ လူများကို စေတနာထက်သန်စွာ ဆက်ဆံခြင်းဖြစ်သည်။ သို့သော် သူမက ဂျင်ချန်နှင့် အတူထိုင်ရန် ပြင်ဆင်မထားပေ။
" ထိုင်ဖို့ မလိုပါဘူး။ ငါ ဒီတစ်ခေါက် နင့်ကြောင့် အထူးတလည် လာခဲ့တာ။ "
ထိုသို့ပြောပြီးနောက် အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုဟာ သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ခန်းမထဲတွင် အေးစက်နေသော အကြည့်က ဓားကဲ့သို့ စူးရှနေသည်။ ပို၍ဆိုးသည်မှာ သူမ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော အေးစက်သော အငွေ့အသက်က ဂျင်ချန်ကို လွှမ်းခြုံကာ ဖိအားပေးနေခြင်းဖြစ်သည်။
ဂျင်ချန်က ခရမ်းကောင်းကင် ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော်လည်း သူမ၏ နောက်ခံအဆင့်အတန်းက မရိုသေ၍ မရလောက်အောင် မြင့်မားလှသည်။ ချင်းယောင်ကလည်း သူမ၏ ဆရာဖြစ်သူဟာ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် လာခြင်း မဟုတ်မှန်း သိနေသဖြင့် မသာမယာဖြစ်စွာ ကြည့်နေသည်။
စီနီယာ ရွှယ်က မိန့်ကြားလိုက်သည်။
" ငါ့တပည့်... မင်းမှာ ပြောစရာရှိတာ ပြောပြီးရင် အရင် ထွက်သွားတော့။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက လက်ကို ရမ်းလိုက်ရာ အင်အားကြီးမားသော စွမ်းအင်က ချင်းယောင်ကို ချက်ချင်း လွှမ်းခြုံသွားပြီးနောက် ခရမ်းကောင်းကင် နတ်ဘုရားခန်းမ အပြင်ဘက်သို့ အင်အားသုံးကာ ဆွဲထုတ်သွားသည်။ ချင်းယောင်သည် ခရမ်းကောင်းကင် နတ်ဘုရားခန်းမ၏ အပြင်ဘက်သို့ လွင့်ထွက်သွားလေသည်။
သူမ (ချင်းယောင်) သည် အထဲသို့ ထပ် ဝင်ရန် ကြိုးစားသော်လည်း အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက သူမ၏ အင်အားကို ခန်းမတစ်ခုလုံး လွှမ်းခြုံထားသည့်အတွက် ဝင်ခွင့်မရအောင် ပိတ်ဆို့ထားသည်။ ထိုအရာက ဂျင်ချန်အား မကောင်းသော ခံစားချက် ပေးစွမ်းနေသည်။
သိပ်မကြာခင်မှာပင် ချင်းယောင်က အံကိုကြိတ်ကာ အကြီးအကဲ နုန် ရှိသော နေရာသို့ သွားလိုက်တော့သည်။
ခရမ်းကောင်းကင် နတ်ဘုရားခန်းမအတွင်းတွင် အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ဂျင်ချန်ကို တည့်တည့် စိုက်ကြည့်နေသည်။ သူမ၏ စူးရှသော အကြည့်က ဂျင်ချန်၏ ဝိညာဉ်ကို ထိုးဖောက်ပြီး လျှို့ဝှက်ချက်များအားလုံးကို ကြည့်ရှုချင်ပုံ ရသည်။ ဂျင်ချန်ကမူ မတုန်လှုပ်ဘဲ စားပွဲတွင် အေးအေးဆေးဆေး ထိုင်ကာ လက်ဖက်ရည် သောက်နေသည်။
" နင်က တကယ်ပဲ ဘယ်သူလဲ။ "
အချိန်အတန်ကြာပြီးမှ အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ပြောလာသည်။
" ဂျင်ချန်၊ ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်။ အဲ့ဒါက ငါပဲ။ "
ဂျင်ချန်က တည်ငြိမ်စွာ ပြန်ပြောသည်။ ပြင်းထန်လွန်းသော ဖိအားကြောင့် ဂျင်ချန်၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေရသော်လည်း သူက အမှန်တကယ် ကြောက်ရွံ့ခြင်း မရှိပေ။ သူဟာ ထာဝရ ရှင်သန်ခြင်း ဧကရာဇ် တစ်ယောက်၏ ဖိအားကို တွန်းလှန်ရင်း ခက်ခက်ခဲခဲ ပြောလိုက်ရသည့် ပုံစံမျိုးဖြင့် ဆက်ပြောသည်။
" စီနီယာ ရွှယ်၊ ငါ ဒါပဲ ပြောနိုင်မယ်။ အခြားကိစ္စတွေအတွက်ကတော့ ဒဏ္ဍာရီ ဓား အမတ ဂိုဏ်း ရဲ့ မဟာ အကြီးအကဲက စုံစမ်းပြီးသွားပြီ။ ငါ ဒါတောင် သူ သိချင်တဲ့ မေးခွန်းတွေကို မဖြေပေးခဲ့ဘူး။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ဘာမှမပြောဘဲ သက်ပြင်းချကာ ဂျင်ချန်ကို စိုက်ကြည့်ရင်း စက္ကန့်အနည်းငယ် ကြာပြီးနောက် မေးလိုက်သည်။
" နင်က ဘယ်လို ရည်ရွယ်ချက်နဲ့ ခရမ်းကောင်းကင် ဓားဂိုဏ်းကို လာတာလဲ။ "
" ငါ့ရဲ့ ရည်ရွယ်ချက်က အရမ်းရိုးရှင်းတယ်။ ခရမ်းကောင်းကင် ဓားဂိုဏ်းကို ကယ်ဆယ်ပြီး အမှန်တကယ် ရပ်တည်နိုင်အောင် လုပ်ပေးဖို့ပဲ။ ငါက သူတို့ကို ပျက်စီးမှုနဲ့ ရင်မဆိုင်ရအောင် သေချာစေရမယ်။ "
ဂျင်ချန်က ပြောသည်။
" ငါတော့ မမြင်ပါဘူး။ နင် မလာခင်က ခရမ်းကောင်းကင် ဓားဂိုဏ်းက နည်းနည်းလေး တောင့်ခံနိုင်သေးတယ်။ ဘာမှ ဆိုးဆိုးရွားရွား မကြုံတွေ့ရရင်တောင်မှ အခြားတစ်နေရာကို ရွှေ့ပြောင်းပြီး ဆက်လက် တည်ရှိလို့ ရသေးတယ်။ ဒါပေမဲ့ နင်ရောက်လာပြီးကတည်းက ထာဝရ ဝါးမြိုခြင်း သစ်ခွပန်းက အေးစက် ကောင်းကင် မင်သက် မိုးကြိုး ဓားဂိုဏ်းကို သွားပြီး ဖျက်ဆီးတယ်။ အဲ့ဒီနောက် ထွားကြိုင်း ဆင် အမတ ဂိုဏ်း ကိုပါ ရန်စလိုက်သေးတယ်။ ထွားကြိုင်း ဆင် အမတ ဂိုဏ်း က ဘယ်လို တည်ရှိမှုလဲဆိုတာ နင်သိလား။ နင် သူတို့ကို သွားပြီး ရန်စလို့ မရဘူး။ နင် လုပ်ခဲ့တဲ့ ကိစ္စတွေနဲ့သာဆိုရင် ခရမ်းကောင်းကင် ဓားဂိုဏ်းက အမှန်တကယ် ဖျက်ဆီးခံရဖို့ မဝေးတော့ဘူး။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျို၏ အသံက အေးစက်နေသည်။ သူမ၏ အကြည့်ဟာ အမှန်ပင် အရိုးကိုပင် အေးစိမ့်စေလောက်သည်။
" စီနီယာ ရွှယ်ရဲ့ ပြောစကားအရဆိုရင် ခရမ်းကောင်းကင် ဓားဂိုဏ်းက အင်အားနည်းပါးနေဦးမယ်ဆိုရင်တောင်မှ ဆက်လက်ပြီး အနှိမ်ခံရမယ်၊ အရှက်မဲ့တဲ့ အဆင့်မျိုးကို ဆက်ထိန်းထားရမယ်ပေါ့ ဟုတ်လား။ "
ဂျင်ချန်က မေးသည်။ ထိုမိန်းမပျိုက ပြန်မဖြေဘဲ နှုတ်ဆိတ်နေသည်။
" နောက်ပြီး ကိစ္စတစ်ခု ရှိသေးတယ်။ စီနီယာရွှယ်က ခရမ်းကောင်းကင် ဓားဂိုဏ်းက ပိုင်နက်ကို စွန့်လွှတ်ရရင်တောင်မှ ဂိုဏ်းကို စောင့်ရှောက်နိုင်မယ်လို့ ထင်နေတာလား။ အခြားအဖွဲ့အစည်းတွေ အားလုံးက ဝိုင်းဝန်း သုတ်သင်မှာ မဟုတ်ဘူးဆိုတာ ဘယ်လို သေချာနေတာလဲ။ ခရမ်းကောင်းကင် ဓားဂိုဏ်းက တပည့်ဂိုဏ်းသားတွေအားလုံးကို အခြားအဖွဲ့အစည်းတွေက သုတ်သင်လို့ ကုန်သွားပြီး ခရမ်းကောင်းကင် ဓားဂိုဏ်းဆိုတဲ့ နာမည် အကာအကွယ် မရှိတော့တဲ့အချိန်မှာ ခရမ်းကောင်းကင် ဓားဂိုဏ်းကို ချောင်းမြောင်းနေတဲ့ အမျိုးမျိုးသော အဖွဲ့အစည်းတွေက ငြိမ်နေကြတော့မှာလား။ အဆုံးသတ်မှာတော့ ခရမ်းကောင်းကင် ဓားဂိုဏ်းက အမှန်တကယ် ပျက်စီးသွားမှာပဲ။ အခုတော့ ကောင်းကင်လွှာ အဆင့် ကိုး ထာဝရ ရှင်သန်ခြင်း ဧကရာဇ်ဖြစ်တဲ့ ထာဝရ ဝါးမြိုခြင်း သစ်ခွပန်း ရဲ့ အကာအကွယ်နဲ့ ခရမ်းကောင်းကင် ဓားဂိုဏ်းက ဆက်ပြီး ရပ်တည်နိုင်ပြီ။ "
ထိုစကားကြားသည့်အခါ အနက်ရောင်ဝတ်စုံနှင့် မိန်းမပျို၏ အမူအရာက အနည်းငယ် ပြေလျော့သွားသည်။ ဂျင်ချန်ဟာ သူမ၏ မျက်လုံးကို စိုက်ကြည့်ပြီး အလေးအနက်ပြောလိုက်သည်။
" စီနီယာရွှယ်၊ ငါ ခန့်မှန်းတာ မှန်မယ်ဆိုရင် မင်းလည်း တစ်ချိန်က ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ တပည့်ဂိုဏ်းသား ဖြစ်ခဲ့လိမ့်မယ်။ ဂိုဏ်းကို ပြန်ဝင်ဖို့ စဉ်းစားမိလား။ ဂိုဏ်းက ခင်ဗျားလို ကျွမ်းကျင်ပညာရှင်မျိုးရဲ့ အကူအညီ မရှိဘဲ မဖြစ်ဘူး။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ကြောင်အသွားပြီးနောက် ခေါင်းခါကာ လှောင်ပြောင်လိုက်သည်။
" ငါက မိစ္ဆာနက် နန်းတော်ရဲ့ မဟာအကြီးအကဲ ဖြစ်နေပြီလေ။ ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ တပည့်မဟုတ်ဘူး။ "
ထိုသို့ ပြောပြီးနောက် သူမက ထွက်ခွာရန် ပြင်သည်။
" သို့သော် ခရမ်းကောင်းကင် ဓားဂိုဏ်း၏ အင်အားသေးငယ်နေသေးသမျှတော့ ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ တပည့်ဂိုဏ်းသားတွေ ရှင်သန်နေခဲ့ရင်တောင်မှ ပြန်လာနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့အကြောင်း ပေါ်သွားရင် သေရမှာပဲလေ။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုဟာ ဒီနေရာတွင် ဆက်နေချင်ပုံ မရတော့ပေ။ သူမက တစ်ဖက်သို့ လှည့်ကာ အပြင်သို့ ထွက်ခွာသွားရင်း ပြောသွားခဲ့သည်။
" ခရမ်းကောင်းကင် ဓားဂိုဏ်းက နင့်ရဲ့လက်ထဲမှာ မပျက်စီးဖို့ မျှော်လင့်ပါတယ်။ "
ဂျင်ချန်ဟာ ထွက်သွားသော မိန်းမပျိုကို ကြည့်ကာ ဘာမှ မပြောဘဲ အတွေးနက်သွားသည်။
" ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ သေးငယ်တဲ့ အင်အားနဲ့ဆိုရင်တော့ တပည့်ဂိုဏ်းသားတွေ ရှင်သန်နေခဲ့ရင်တောင် ပြန်လာမှာ မဟုတ်ဘူး။ တခြားစကားနဲ့ ပြောရရင် ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ အင်အားက အတန်အသင့်တစ်ခုထိ ရောက်သွားရင်တော့ ပုန်းအောင်းနေတဲ့သူတွေ ပြန်လာလောက်တယ်။ "
ဂျင်ချန်က တွေးနေစဉ်မှာပင် အကြီးအကဲနုန်က အပြေးအလွှား ရောက်လာသည်။ သူဟာ ခန်းမထဲမှ ထွက်သွားသော မိန်းမပျိုနှင့် တိုးမိသဖြင့် ချက်ချင်း နှုတ်ဆက်လိုက်သည်။
" နှုတ်ဆက်ပါတယ် စီနီယာရွှယ်။ "
အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ခေါင်းညိတ်ပြပြီး ဘာမှမပြောဘဲ ခန်းမထဲမှ ထွက်ခွာကာ ပျောက်ကွယ်သွားလေသည်။
" သူမက တစ်ချိန်က ခရမ်းကောင်းကင် ဓားဂိုဏ်းရဲ့ တပည့်ဂိုဏ်းသားတစ်ယောက် ဖြစ်ခဲ့ဖူးတာလား။ "
ဂျင်ချန်က မေးလိုက်ရာ အကြီးအကဲနုန်က ဖြေကြားလိုက်သည်။
" ငါ မသိဘူး။ "
အပိုင်း ၃၅၈၈ ပြီး၏။
***