"ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အစောပိုင်း... တက်လှမ်းခြင်းအဆင့် နဲ့လည်း သိပ်မဝေးတော့ဘူး။ နောက်ထပ် လုပ်ရမယ့် အရေးကြီးတဲ့ အလုပ်တစ်ခုရှိသေးတယ်... ဘယ်လို မသေမျိုးလမ်းစဉ်မျိုးကို ရွေးချယ်ရမလဲဆိုတာ ထည့်သွင်းစဉ်းစားရတော့မယ်"
ဖန့်ချန်သည် မိမိစိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။
ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းအပေါ် သူက အခြားသူများကဲ့သို့ အလွန်အမင်း ဝမ်းသာပီတိဖြစ်မနေဘဲ ရှေ့ဆက်ရမည့် မသေမျိုးလမ်းစဉ် အတွက်သာ စတင်စီမံကိန်း ချနေလေပြီ။
လောကတွင် မသေမျိုးလမ်းစဉ် အမျိုးမျိုးရှိရာ အခြားသူများ၏ အမြင်တွင် မပြည့်စုံသော လမ်းစဉ်များဖြစ်နေပါစေ၊ သူ၏ ထံတွင် မှန်လေး ရှိနေသရွေ့ လိုအပ်သော နတ်ဆေးပင် များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် လမ်းစဉ်တစ်ခုသည် ပြည့်စုံခြင်း ရှိ၊ မရှိကို သူ သိပ်ဂရုစိုက်နေစရာ မလိုဘဲ မိမိနှင့် အသင့်တော်ဆုံး လမ်းစဉ်ကိုသာ ရှာဖွေရန် လိုအပ်သည်။
၎င်းတို့အနက် စစ်မှန်သော မသေမျိုးလမ်းစဉ် မှာ နှစ်ပေါင်းများစွာ စမ်းသပ်ပြီးသားဖြစ်၍ အကောင်းဆုံးဖြစ်သော်လည်း၊ ပို၍ ကောင်းမွန်သော လမ်းစဉ်မရှိလျှင်သာ ထိုလမ်းကို ရွေးချယ်မည်ဖြစ်သည်။
သို့သော် နတ်ဆေးပင် များကို ရှာဖွေရာတွင် မသေမျိုးလောကငယ် မှ ရိပ်မိမသွားစေရန် အလွန်ပင် သတိကြီးစွာ ထားရပေမည်။
အကယ်၍ အောက်ခြေခြောက်နယ်မြေတွင်သာ ဆိုပါက သူ ဤမျှ စိုးရိမ်မည်မဟုတ်သော်လည်း၊ ယခု အထက်သုံးနယ်မြေတွင်မူ သူ၏ အကြီးမားဆုံးသော ဖဲချပ်ဖြစ်သည့် ယင်လောကသို့ ကူးပြောင်းခြင်း ကို အသုံးမပြုနိုင်သေးသဖြင့် မိမိကိုယ်မိမိ အကာအကွယ်ပေးရန် ခက်ခဲနေဆဲဖြစ်သည်။
အကယ်၍ အဆင့် ၅ သို့မဟုတ် အဆင့် ၆ မသေမျိုးများ၏ အကြည့်အောက်သို့ ရောက်သွားပါက သူ၏ လက်အောက်ရှိ ဟွမ်ဝူကျိ ၊ ဖန့်ထျန်းဇွန်၊ ဖန့်ရွှမ်ယန် နှင့် ဖန့်လူသား တို့ ရှိနေလျှင်ပင် အင်အားချင်း ယှဉ်နိုင်ရန် ခဲယဉ်းလှသည်။
"ဂုဏ်ယူပါတယ် အဖွဲ့ခေါင်းဆောင် "
မုံချင့်လင်သည် ဦးစွာ လက်အုပ်ချီ၍ ဝမ်းသာအားရ ဆိုလိုက်သည်
"အဖွဲ့ခေါင်းဆောင်က ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဆိုတော့ နောင်ကျရင် ကျမတို့အဖွဲ့ရဲ့ ပင်မအင်အားက ပိုပြီးတော့ တောင့်တင်းလာမှာ သေချာပါတယ်"
"ဂုဏ်ယူပါတယ် ဖန့်မိတ်ဆွေ "
ယွီဝူရှီးနှင့် အခြားသူများလည်း သတိဝင်လာကာ တစ်ယောက်တစ်ပေါက် ဂုဏ်ပြုလိုက်ကြသည်။
သူတို့ စိတ်ထဲတွင် မနာလိုမှုနှင့် ဝန်တိုမှုများ ရှိနေသော်လည်း၊ ယခု ဂုဏ်ပြုစကားမှာ စိတ်ရင်းအမှန်ပင်ဖြစ်သည်။
သူတို့သည် အဖွဲ့တစ်ခုတည်းဖြစ်နေပြီဖြစ်ရာ အဖွဲ့၏ အင်အားကြီးမားခြင်းသည် သူတို့အတွက်လည်း အကျိုးရှိပေမည်။
"အဖွဲ့ခေါင်းဆောင်က အခု အဆင့်တက်တဲ့ ပီတိထဲမှာ နစ်မျောနေတာဆိုတော့ သိပ်ပြီး မနှောင့်ယှက်ကြနဲ့ဦး"
"ဟုတ်တယ်... အခုလေးတင် တက်ထားတာဆိုတော့ အရှိန်အဝါကို တည်ငြိမ်အောင် အရင်လုပ်ရဦးမယ်"
ဟု တစ်စုံတစ်ယောက်က သတိပေးလိုက်သဖြင့် လူတိုင်း ဘေးသို့ ဖယ်ပေးလိုက်ကြသည်။
လက်ဖက်ရည်တစ်ခွက်စာ ခန့်ကြာသောအခါ ဖန့်ချန်သည် မိမိ၏ အရှိန်အဝါကို ပြန်လည် ထိန်းချုပ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းလေးတစ်ခု လက်ခနဲ ဖြတ်ပြေးသွားပြီးနောက် လင်းတုန်းအား လက်အုပ်ချီ၍
"ကျေးဇူးတင်ပါတယ် ဆရာ... စောင့်ရှောက်ပေးလို့"
"အင်း..."
လင်းတုန်းက ပြုံးလျက်
"မင်းက အခုမှ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို ရောက်တာဆိုတော့ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် အချိန်တစ်ခုယူရဦးမယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက်မှ စစ်ဆေးပွဲတွေက ပြီးဆုံးမှာဆိုတော့ လှေပေါ်မှာပဲ အေးဆေး ကျင့်ကြံနေလိုက်ပါ"
"ဟုတ်ကဲ့ပါ ဆရာ"
နှစ်အနည်းငယ် ကြာပြီးနောက်တွင် ထိုက်ရွှီမသေမျိုး တို့အဖွဲ့သည် အကြီးစား စစ်ဆေးပွဲ တာဝန်ကြီးကို အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့ကြသည်။
ကြယ်တာရာနယ်မြေ ရှစ်ခုလုံးကို နှံ့နှံ့စပ်စပ် သွားရောက်ခဲ့ရုံသာမက၊ ထိုနယ်မြေများရှိ နာမည်ကျော် ဒေသများသို့လည်း သွားရောက်ခဲ့ကြသဖြင့် ကျွယ်မင်နန်းတော်အတွက် ထောင်နှင့်ချီသော အပြင်စည်းကျင့်ကြံသူများကို စုဆောင်းနိုင်ခဲ့သည်။
ထိုကဲ့သို့သော လူရည်ချွန် စုဆောင်းနိုင်စွမ်းမျိုးမှာ သာမန်ဂိုဏ်းများ လုံးဝ မလုပ်နိုင်သည့် အရာပင်ဖြစ်သည်။
ယွီဝူရှီးတို့အဖွဲ့သည် ကျွယ်မင်နန်းတော်သို့ တိုက်ရိုက် သွားရမည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ လင်းတုန်းသည် သူတို့ကို လင်းကွေ့ကြယ်တာရာနယ်မြေမှ အလွန်ဝေးကွာလှသော ဂြိုဟ်တစ်လုံးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုခရီးစဉ်အတွက်ပင် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီး အချိန်အတော်များများကို ဟင်းလင်းပြင် ထဲ၌သာ ဖြတ်သန်းခဲ့ရသည်။
"ဒီဂြိုဟ်က ကျုပ် နယ်မြေချဲ့ထွင်ရင်းနဲ့ ရှာတွေ့ထားတာ။ ဒီမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ အဆင့်အတန်းက နိမ့်သလို၊ အရင်းအမြစ်လည်း မပေါများဘူး။ ဒါပေမဲ့ အားသာချက်တစ်ခုကတော့ နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေ နဲ့ အနီးဆုံးမှာ ရှိနေတာပဲ"
လင်းတုန်းသည် လူတိုင်းကို ထိုဂြိုဟ်၏ ပြင်ပတွင် သီးသန့်တည်ရှိသော သူ၏ ကျင့်ကြံခြင်းဂူဗိမာန် သို့ ခေါ်သွားသည်။
ထိုနေရာတွင် ကျင့်ကြံသူ အတော်များများကို တွေ့ရပြီး အချို့မှာ တာအိုပေါင်းစပ်ခြင်းအဆင့်၊ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်၊ တက်လှမ်းခြင်းအဆင့်များ ဖြစ်ကြသလို အဆင့် ၁ နှင့် အဆင့် ၂ မသေမျိုးများပင် ပါဝင်နေသည်။
သူတို့အားလုံးမှာ လင်းတုန်းအပေါ် အလွန် ရိုသေကိုင်းရှိုင်းကြသည်။
ထိုကျင့်ကြံသူများသည် အခါအားလျော်စွာ အဖွဲ့လိုက် လှေကြီးများကို စီးနင်းကာ ဟင်းလင်းပြင်ထဲသို့ ပျံသန်းထွက်ခွာသွားကြသည်။
"မင်းတို့တွေ မသေမျိုး အဆင့် မရောက်မချင်း ဒီနေရာမှာ အချိန်အတော်ကြာ နေထိုင်ရလိမ့်မယ်"
လင်းတုန်းက တည်ငြိမ်စွာ ပြောလိုက်သည်
"ဒီအချိန်အတွင်းမှာ မင်းတို့ သီးသန့်ကျင့်ကြံတာပဲဖြစ်ဖြစ်၊ နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေထဲကို သွားရောက် စူးစမ်းတာပဲဖြစ်ဖြစ် ရွေးချယ်နိုင်တယ်။ အပြင်စည်းကျင့်ကြံသူတွေရဲ့ အနိမ့်ဆုံး စံနှုန်းအရ ကျွယ်မင်နန်းတော်က မင်းတို့ကို တစ်နှစ်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၂၀ စီ ပေးလိမ့်မယ်"
" အဲဒါထက် ပိုလိုချင်ရင်တော့ တားမြစ်နယ်မြေထဲကနေ ကိုယ်တိုင် ရှာဖွေရလိမ့်မယ်။ ရလာတဲ့ အရာတွေထဲက သုံးပုံတစ်ပုံကို မင်းတို့ယူ၊ ကျန်တဲ့ ခုနစ်ပုံကိုတော့ အထက်ကို ပေးသွင်းရမယ်"
" ဒါပေမဲ့ သတိထားရမှာက ဒီတားမြစ်နယ်မြေက ပိုင်ရှင်မဲ့ ဖြစ်နေသေးတယ်၊ ဆိုလိုတာက မင်းတို့ဟာ တခြား အင်အားကြီးအဖွဲ့တွေရဲ့ ရှေ့ပြေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့နိုင်တယ်။ အပေးအယူ စာချုပ်တွေ ရှိပေမဲ့ အန္တရာယ်ကတော့ အမြဲရှိနေသလို၊ တားမြစ်နယ်မြေရဲ့ ကိုယ်ပိုင်အန္တရာယ်တွေကိုလည်း ရင်ဆိုင်ရလိမ့်မယ်"
လူတိုင်း၏ မျက်နှာများ တင်းမာသွားသည်ကို မြင်သောအခါ လင်းတုန်းက ပြုံးလျက်
"အနည်းဆုံးတော့ မင်းတို့မှာ ရှေးဟောင်းတားမြစ်နယ်မြေကို စူးစမ်းခွင့် ရသွားပြီလေ။ အထက်သုံးနယ်မြေက ကျင့်ကြံသူ အတော်များများဟာ ဒီလို အခွင့်အရေးမျိုးကို စိတ်ကူးနဲ့တောင် မမှန်းနိုင်ကြဘူး"
စကားအဆုံးတွင် လင်းတုန်းသည် လူတိုင်းကို ဂူဗိမာန်များစွာ ရှိသော တောင်တန်းတစ်ခုသို့ ခေါ်သွားပြီး ဖန့်ချန်တို့အတွက် လူမရှိသော ဂူဗိမာန် ၂၀ ကို ရွေးချယ်ပေးလိုက်သည်။
"ငါ မင်းကို တပည့်အဖြစ် လက်ခံတယ်ဆိုပေမဲ့ ပွဲကြီးလမ်းကြီးနဲ့ လုပ်တာမဟုတ်ဘူး။ နောင်ကျရင် မင်း တက်လှမ်းခြင်းအဆင့် ရောက်မှပဲ တရားဝင် တပည့်အဖြစ် ပွဲလုပ်ပြီး လက်ခံမယ်။ အခုတော့ မင်းက အစမ်းသင်တပည့် ပဲ ရှိသေးတယ်။ ငါ့ဘက်ကနေ မင်းကို တစ်နှစ်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး အပိုပေးမယ်"
"ပြီးတော့ မင်းက စစ်ဆေးပွဲမှာ ကြေးနီရောင် ရထားတဲ့အတွက် နောက်ထပ် ၁၀ တုံး ထပ်တိုးရဦးမယ်။ ဆိုတော့ စုစုပေါင်း တစ်နှစ်ကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၄၀ ရမယ်။ အချိန်တန်ရင် ဂုဏ်ပြုနန်းတော် မှာ ကိုယ်တိုင်သွားထုတ်ချေ"
လင်းတုန်းက ဖန့်ချန်ကို မှာကြားပြီးနောက် လူတိုင်းကို ကြည့်ကာ
"နောက် လအနည်းငယ်လောက် အနားယူရင်း ဒီနေရာရဲ့ အလုပ်လုပ်ပုံတွေကို လေ့လာကြ။ ပြီးရင်တော့ မင်းတို့အဖွဲ့အတွက် သီးသန့်လှေကို သွားထုတ်ကြ။ ကျွယ်မင်နန်းတော်ရဲ့ လှေတွေက တားမြစ်နယ်မြေထဲမှာ မင်းတို့အတွက် အသက်ရှင်ဖို့ အဓိက သော့ချက်ပဲ"
လင်းတုန်း ထွက်သွားပြီးနောက် လူတိုင်း ခဏတာ စကားစမြည် ပြောကြပြီးနောက် မိမိတို့ ဂူဗိမာန်များသို့ ပြန်သွားကြသည်။
ဖန့်ချန်သည် သူ၏ နယ်နိမိတ်ဘူးသီး ထဲမှ ဟွမ်ဝူကျိ ကို ထုတ်လိုက်ပြီး သက်ပြင်းချကာ
"ဒီတစ်ခေါက် ကျွယ်မင်နန်းတော်ကို တိုက်ရိုက် ဝင်ရမယ် ထင်ထားတာ၊ မမျှော်လင့်ဘဲ ဒီလို ဝေးလံတဲ့ နေရာကို ရောက်လာခဲ့ရတယ်"
"သခင်လေး... ကျနော် အခွင့်အရေးရှာပြီး နတ်ရိုသေနန်းတော် နဲ့ ဆက်သွယ်ကြည့်ရမလား၊ သခင်လေး သိချင်တဲ့ သတင်းကို တိုက်ရိုက် ဝယ်လိုက်တာ ပိုမကောင်းဘူးလား"
ဟု ဟွမ်ဝူကျီက အကြံပေးသည်။
ဖန့်ချန် ခဏမျှ စဉ်းစားပြီး ခေါင်းခါလိုက်သည်
"ငါ့မှာ တခြားနည်းလမ်းတစ်ခု ရှိသေးတယ်။ ဒါပေမဲ့ လိုအပ်တဲ့ မသေမျိုးကျောက်တုံး က အတော်လေး များလိမ့်မယ်။ မင်း ဘူးသီး ထဲမှာပဲ ခဏ ပြန်နေဦး၊ ငါ ဒီနေရာက ထွက်သွားတဲ့အခါမှ အခွင့်အရေးကြည့်ပြီး မင်းကို ပြန်ထုတ်ပေးမယ်"
ဟွမ်ဝူကျိ ဘူးထဲသို့ ပြန်ဝင်သွားပြီးနောက် ဖန့်ချန်သည် မှန်လေးကို ထုတ်ယူကာ မေးမြန်းလိုက်သည်
"ငါ ဝမ်ချုံးစန်းရဲ့ တည်နေရာကို သိချင်ရင် မသေမျိုးကျောက်တုံး ဘယ်လောက် လိုမလဲ "
"အစ်ကို... မင်း သူ့ရဲ့ တည်နေရာကို သိချင်ရင်တော့ အတော်များမယ်၊ အနည်းဆုံး နှစ်သောင်း လိုလိမ့်မယ်"
နှစ်သောင်း
တကယ်ကို မနည်းလှချေ။
သူ၏ ကိုယ်ပေါ်တွင် မသေမျိုးကျောက်တုံး ကိုးရာကျော်သာ ရှိသဖြင့် နှစ်သောင်းနှင့် ဆိုလျှင် အလှမ်းဝေးလွန်းနေသေးသည်။
အရင်က အဆင့် ၇ ရှေးဟောင်းမသေမျိုးရဲ့ မသေမျိုးစားရင်းဝင်ခွင့်တောင်မှ မသေမျိုးကျောက်တုံး တစ်သောင်းခြောက်ထောင်နဲ့ မသေမျိုးအရိုးဆီ ခုနစ်ကျပ်သားပဲ ပေးခဲ့ရတာ။
မသေမျိုးအရိုးဆီ တစ်ကျပ်သားကို ကျောက်တုံး ၈၀၀ နဲ့ တွက်ရင်တောင် အဲဒီ စားရင်းဝင်ခွင့်ရဲ့ တန်ဖိုးက ကျောက်တုံး ၂၁,၆၀၀ ပဲ ရှိတာ။
အခု ဝမ်ချုံးစန်းရဲ့ တည်နေရာကို မေးတာတင် အဆင့် ၇ ရှေးဟောင်းမသေမျိုး စားရင်းဝင်ခွင့် တန်ဖိုးလောက် ရှိနေတာလား
"အစ်ကို... မင်း တခြားနည်းလမ်းတစ်ခုနဲ့ ပြောင်းမေးရင်တော့ ကုန်ကျမယ့် ကျောက်တုံးက နည်းသွားနိုင်တယ်..."
ဟု မှန်ချပ်က သတိပေးလိုက်သည်။
"တခြားနည်းလမ်းနဲ့ ပြောင်းမေးရမယ် "
ဖန့်ချန်၏ အမူအရာ လှုပ်ရှားသွားပြီး ခဏမျှ စဉ်းစားကာ ပြန်မေးလိုက်သည်
"ချန်ခုန်းမသေမျိုးအရှင် ရဲ့ တည်နေရာကို သိချင်ရင်ကော ဘယ်လောက် လိုမလဲ "
"သုံးထောင်ဆို ရပြီ သုံးထောင်ပဲ လိုတယ် "
မှန်လေးက အလွန်ပင် ဝမ်းသာအားရ ပြန်ဖြေလိုက်တော့သည်။
၎င်းမှာ အရောင်းအဝယ် မလုပ်ရသည်မှာ ကြာပြီဖြစ်၍ အတော်လေး စိတ်အားထက်သန်နေပုံရသည်။