ကျန်းကျောက်ရှား၏ ကြောက်မက်ဖွယ်ကောင်းသော ဓားချီကို ခံစားလိုက်ရသောအခါ စုရှင်းဘိုးဘေးမှာ ထိတ်လန့်သွားသလို စိတ်လှုပ်ရှားသွားလေသည်။
သူသည် ကျောက်ကျိန်းကို လုံးဝ မေ့သွားခဲ့ပြီ ဖြစ်ပြီး ယခုအခါ ကျန်းကျောက်ရှားကို ဝင်ပူးရန် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။
ကျန်းကျောက်ရှား၏ ပါရမီမှာ ကျောက်ကျိန်းထက် မနိမ့်ကျကြောင်း ရှင်းလင်းလှပြီး ကျင့်ကြံမှုအဆင့်မှာ ပို၍ပင် မြင့်မားနေသေး၏!
ကျောက်ကျိန်း၏ မသေမျိုး သိုင်းပညာထက် ကျန်းကျောက်ရှား၏ ဓားချီကို ပို၍ပင် လိုချင်နေသည်။ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံသည့် နည်းလမ်းပေါင်း မရေမတွက်နိုင်အောင် ရှိသော်လည်း သူ အလိုချင်ဆုံး အရာမှာ ဓားကျင့်စဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်လာရန်ပင် ဖြစ်သည်။
"လူငယ်လေး... ဘယ်သူက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေလဲ ဆိုတာ ကြည့်ကြတာပေါ့!"
စုရှင်းဘိုးဘေးက ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး ကျန်းကျောက်ရှား ဖန်တီးလိုက်သော လေပြင်းထဲသို့ ပြေးဝင်သွားလေရာ သူ့လက်ထဲတွင် သံမဏိထီးနက် တစ်ချောင်းက လေထဲမှ ရုတ်တရက် ပေါ်လာပြီး ၎င်းကို ဖွင့်လိုက်သောအခါ မရေမတွက်နိုင်သော အမည်းရောင် အင်းဆက်ပိုးကောင်များ ထွက်ပေါ်လာကာ ကြေမွနေသော တောင်စောင်း တစ်လျှောက် သဲမုန်တိုင်းတစ်ခုကဲ့သို့ တိုက်ခတ်သွားတော့သည်။
ကျန်းကျောက်ရှားက ဓားကို ဆွဲထုတ်၍ ရှေ့သို့ ပြေးနေဆဲပင်….
ဓားက ဖျတ်ခနဲ လင်းလက်သွားပြီး ဓားဝိညာဉ်က ညာဘက် လက်မောင်းနှင့်အတူ လှုပ်ရှားကာ လူရော ဝိညာဉ်ပါ အတူတကွ ခုတ်ပိုင်းလိုက်ကြလေရာ ဓားချီက ထောင်ပေါင်းများစွာသော အမည်းရောင် အင်းဆက်ပိုးကောင်များကို တစ်စစီ တိုက်ရိုက် ခုတ်ပိုင်းပစ်လိုက်၏။
ထိုအခါ စုရှင်းဘိုးဘေး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဓားချီကို ရှောင်တိမ်းရန် ရုတ်တရက် အောက်သို့ ငုံ့လိုက်ရသည်။
သူ ပြန်မတ်မလာနိုင်မီမှာပင် ကျန်းကျောက်ရှားက သူ့အထက်တွင် ပေါ်လာပြီး သူ့ကို ထက်ပိုင်း ပိုင်းပစ်ရန် ရည်ရွယ်ကာ ဓားဖြင့် အလျားလိုက် ခုတ်ပိုင်းလိုက်သဖြင့် အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ့ကိုယ်သူ ကာကွယ်ရန် ထီးကို ချက်ချင်း မြှောက်လိုက်သည်။
ချွင်!
ကျန်းကျောက်ရှား မျက်ခုံးပင့်မိလိုက်သည်။ သူ့ရဲ့ ဓားကို ကောင်းကင်လက်မှုပညာခန်းမက သွန်းလုပ်ထားပြီး စစ်မှန်သော မှော်ပစ္စည်း တစ်ခုအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သော်လည်း ၎င်းတွင် ဓားချီ တွယ်ကပ်နေသည်တောင်မှ ပိတ်ဆို့ ကာကွယ်ခံလိုက်ရသည်။
ဤထီးနက်မှာ သာမန် အရာတစ်ခု မဟုတ်ပေ!
ပို၍ မှတ်သားဖွယ် ကောင်းသည်မှာ ဤသူသည် အလွန်အမင်း အားနည်းနေပုံ ရသော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအားကို ထိန်းသိမ်းထားနိုင်ခြင်းပင် ဖြစ်သည်။
ဒီလူက မူလအားဖြည့်နယ်ပယ် နဝမအဆင့်ထက် ကျော်လွန်နေတဲ့ တည်ရှိမှု တစ်ခုများ ဖြစ်နေမလား။
ကျန်းကျောက်ရှား၏ စိတ်အစဉ်မှာ အလျင်အမြန် အလုပ်လုပ်နေပြီး လက်များမှာ တစ်ချက်မျှ မတုံ့ဆိုင်းသွားခဲ့ပေ။ သူသည် ပြင်းထန်ပြီး လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်ကာ စုရှင်းဘိုးဘေးကို တစ်ဆင့်ပြီး တစ်ဆင့် နောက်ဆုတ်သွားအောင် အတင်းအကျပ် ပြုလုပ်နေ၏။
အဝေးမှနေ၍ ကျောက်ကျိန်းက ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး တိတ်တဆိတ် ချီးကျူးနေမိသည်။
ကျန်းကျောက်ရှားမှာ အလွန် အစွမ်းထက်ပြီး ဂိုဏ်းရှိ ထိပ်တန်း အရှင်သခင်များထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သူ အမြဲတမ်း သိထားသော်လည်း ကျန်းကျောက်ရှားက ရန်သူ တစ်ဦးနှင့် တစ်ဦးချင်း အသေအကြေ တိုက်ပွဲတွင် ပါဝင်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
ကျန်းကျောက်ရှားသည် ဓားကျင့်စဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း ခန္ဓာကိုယ်မှာလည်း အလားတူပင် ကောင်းမွန်ကြောင်း ကျောက်ကျိန်း ထင်မြင်မိသည်။
ကျင့်ကြံမှု နယ်ပယ် တစ်ဆင့်စီ တိုးတက်လာသည်နှင့်အမျှ ကြွက်သားများနှင့် အရိုးများ ကြံ့ခိုင်လာရာ ၎င်းက ကျန်းကျောက်ရှား၏ ကျင့်ကြံမှုအဆင့်မှာ အလွန်အမင်း မြင့်မားကြောင်း ပြသနေသည်။
သတ္တမအဆင့်မှ နဝမအဆင့်အထိ နှစ်ဆင့်သာ ကွာဟသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့မှာ လုံးဝ ကွာခြားလှသည်။
ဤအခိုက်အတန့်တွင် တိုက်ပွဲကို စောင့်ကြည့်နေသူ တစ်ဦး ရှိသေးသည်။ ၎င်းမှာ ထိန်းချုပ်ရေးခန်းမမှ တပည့်ဖြစ်သော ချောင်တင်းပေပင် ဖြစ်၏။
တိမ်ဖောက်မိုးကြိုးကို လွှတ်တင်ခဲ့သူမှာလည်း သူပင် ဖြစ်သည်။
သူသည် တိုက်ပွဲကို ကြည့်ရှုရန် ခိုးနားထောင်ခြင်းအဆောင် စက္ကူအရုပ်ကို အသုံးပြုခဲ့သည်။ ကျန်းကျောက်ရှား ပေါ်လာခြင်းက သူ့ကို သက်ပြင်းချနိုင်စေခဲ့သည်။ ဂိုဏ်းမှာ နေရာတိုင်းတွင် လူများ ရှိနေပြီး မည်မျှ အစွမ်းထက်ကြောင်းကို သူ မအံ့သြဘဲ မနေနိုင်ခဲ့ချေ။
ကျန်းကျောက်ရှား၏ ခွန်အားကလည်း သူ့ကို အံ့အားသင့်စေခဲ့သည်၊ အကြောင်းမှာ သူသည် ကြောက်မက်ဖွယ်ကောင်းသော အဘိုးကြီးကို လုံးဝ လွှမ်းမိုးထားနိုင်သောကြောင့်ပင်။
"အကြီးအကဲကျန်းတောင် ဒီကို ရောက်နေပြီဆိုတော့ ဒီလူ သေချာပေါက် သေရတော့မှာပဲ မဟုတ်လား..."
ချောင်တင်းပေ စိတ်ထဲကနေ တိတ်တဆိတ် တွေးလိုက်၏။ စိတ်အေးသွားပြီးနောက် အခြား ပြဿနာများကို သူ စတင် စဉ်းစားနေမိတော့သည်။
ဤအဘိုးကြီးမှာ ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း ရှင်းလင်းလှပြီး ကျင့်ကြံမှုကလည်း အလွန်အမင်း မြင့်မားလှသည်။ ထိုမှော်ပညာရပ်များကို ကြည့်ရင်း သူ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့ရသည်။
ဒီလူက ဘယ်သူလဲ…..
ကိုးပြည်ထောင်နယ်မြေမှာ တခြား ကျင့်ကြံရေးဂိုဏ်းတွေ ရှိနေပြီး ချင်းရှောင်ဂိုဏ်းကို ရန်လိုနေတာ ဖြစ်နိုင်မလား……
ဝုန်း! ဝုန်း! ဝုန်း...
စုရှင်းဘိုးဘေး၏ အလံများက နောက်ထပ် တိုက်ပွဲဝင် ကြယ်စင်တန်းတစ်ခုကို ထပ်မံ ဖွဲ့စည်းလိုက်ပြီး မိုးကြိုးများ အလျင်အမြန် ပစ်ချလာကာ ကျန်းကျောက်ရှားကို အနားမပေးဘဲ လိုက်လံ တိုက်ခိုက်နေ၏။
သို့သော်လည်း ကျန်းကျောက်ရှားက အရာအားလုံးကို လျစ်လျူရှုကာ စုရှင်းဘိုးဘေးအပေါ် တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်နေသည်။ သူ့ပတ်ဝန်းကျင်တွင် ဓားအရိပ် တစ်ဆယ့်ရှစ်ခု စုရုံးလာပြီး စုရှင်းဘိုးဘေးကို အတူတကွ တိုက်ခိုက်လိုက်ကြသည်။
ဤဓားအရိပ်များမှာ ကြယ်တံခွန်များကဲ့သို့ မြန်ဆန်လှသဖြင့် စုရှင်းဘိုးဘေးကို ပို၍ပို၍ ထိတ်လန့်လာစေသည်။
"အမြင့်ဆုံး ဓားထိန်းချုပ်မှုပညာ! မင်းက ထိုက်ကျွယ်မဟာမိတ်အဖွဲ့ရဲ့ အမွေအနှစ်ကို တကယ်ပဲ ရထားတာကိုး!"
စုရှင်းဘိုးဘေးက အံကြိတ်၍ ထိုသို့ ပြောလိုက်ရာ သူ့ စကားများတွင် မနာလိုမှုများ ပြည့်နှက်နေသည်။
ချင်းရှောင်ဂိုဏ်း အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ထွန်းကားလာခဲ့ကြောင်းကို သူ နောက်ဆုံးတွင် နားလည်သွားပြီ ဖြစ်သည်။
ကျန်းကျောက်ရှားက သူ့ကို လျစ်လျူရှုကာ ဓားကို ရှေ့သို့ ထိုးစိုက်လိုက်တော့ ဓားက လေထဲသို့ သက်တံတစ်ခုကဲ့သို့ ဖောက်ထွင်းသွားပြီး ထီးနက်ကို သွားမှန်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားချီက စုရှင်းဘိုးဘေးအပေါ် ဖိချလာသဖြင့် သည်းခံရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ သူ့ လက်မောင်းများ ကွဲအက်သွားပြီး အမည်းရောင် သွေးများ ယိုစိမ့်ထွက်လာကာ အံကြိတ်၍ တောင့်ခံနေရသည်။
ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
အကယ်၍ ဤတိုက်ပွဲ ဆက်ဖြစ်နေမည်ဆိုလျှင် ဤကောင်လေး၏ လက်ချက်ဖြင့် သူ တကယ် သေသွားနိုင်ပေသည်။
အကယ်၍ သူသာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ပြင်းထန်စွာ ဒဏ်ရာ မရခဲ့လျှင် ကျန်းကျောက်ရှားကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ ကြိတ်ချေပစ်နိုင်ပေလိမ့်မည်။
ကျန်းကျောက်ရှား၏ ခန္ဓာကိုယ် အကောင်းပကတိအတိုင်း ကျန်ရှိနေစေရန် သူ ဂရုမစိုက်တော့ပေ။ မျက်နှာထားတင်းမာသွားပြီး အတွင်းအား သွေးများ ပွက်ပွက်ဆူနေသည်ကို သည်းခံကာ လေထဲသို့ မြင့်မြင့် ခုန်တက်လိုက်တော့ကျန်းကျောက်ရှား၏ ဓားချီမှာ လွဲချော်သွားပြီး တောင်စောင်းတစ်လျှောက် အလျားလိုက် ပေရာချီ ဖြတ်သန်းသွားရာ ပတ်ဝန်းကျင်ရှိ တောင်များကို တုန်လှုပ်သွားစေသည်။
သူ မော့ကြည့်လိုက်တော့ စုရှင်းဘိုးဘေးက မကျေမချမ်း ဖြစ်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ ကောင်းကင်ယံတွင် ပေါလောပေါ်နေသည်ကို မြင်လိုက်ရပြီး ကြီးမားသော အလံများက သူ့ ပတ်ဝန်းကျင်တွင် အလျင်အမြန် လှုပ်ရှားနေကာ ကြယ်စင် ဧရိယာကို ကျယ်ပြန့်လာစေ၏။
ဝုန်း…….
ကောင်းကင်ယံရှိ တိမ်မည်းများမှ နားကန်းလောက်သော မိုးခြိမ်းသံကြီး တစ်သံ ထွက်ပေါ်လာပြီး မိုးကြိုးတစ်ချက် ပစ်ချလာကာ ၎င်း၏ အလင်းတန်းများက အလံများနှင့် ယှက်နွယ်သွားလေ၏။
ထိုအခိုက်အတန့်တွင် ကျန်းကျောက်ရှားမှာ လီချင်းချိုး ဘေးဒုက္ခရင်ဆိုင်ရာ မြင်ကွင်းကို ပြန်လည် မြင်တွေ့နေရသကဲ့သို့ ဖြစ်သွားသည်။
မိုးကြိုးများ ဝိုင်းရံထားသော စုရှင်းဘိုးဘေး၏ အရှိန်အဝါမှာ သိသိသာသာ အသွင်ပြောင်းသွားပြီး နတ်ဘုရား အာဏာစက်ကို ကိုင်စွဲထားသော ကောင်းကင်ဘုံ ကိုးခုမှ မသေမျိုး အရှင်သခင်နှင့် တူလာကာ သူ့ မျက်လုံးများတွင် မိုးကြိုးများ ဖျတ်ခနဲ လင်းလက်နေပြီး စုတ်ပြတ်နေသော ဝတ်ရုံများကလည်း မီးတောက်များကဲ့သို့ လွင့်ဝဲနေသည်။
ထိုအခါ လောကကြီးမှာ မှောင်မိုက်သွားပြီး စုရှင်းဘိုးဘေး၏ အရှိန်အဝါကလည်း တည်ငြိမ်စွာ မြင့်တက်လာသည်။
ကျန်းကျောက်ရှားက ဓားကို ရုတ်တရက် ပစ်လွှတ်လိုက်ရာ ၎င်းမှာ အေးစက်သော အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားအရိပ် တစ်ဆယ့်ရှစ်ခုကို သယ်ဆောင်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဓားအလင်းတန်းများ စုဆုံသွားကာ မယုံနိုင်လောက်အောင် မျက်စိကျိန်းစရာ ကောင်းလာသည်။
ဤတစ်ကြိမ်တွင် စုရှင်းဘိုးဘေးက မရှောင်တိမ်းတော့ပေ။ ထီးနက်ကို ဝှေ့ယမ်းလိုက်ရာ ထောင်ပေါင်းများစွာသော မိုးကြိုးများ စုဆုံသွားပြီး ကျန်းကျောက်ရှား၏ ဓားကို လမ်းကြောင်းလွှဲသွားစေကာ ထိုဓားအရိပ်ကိုပါ တစ်ပြိုင်နက်တည်း ကြေမွသွားစေသော မိုးကြိုးလှံတစ်ချောင်းကဲ့သို့ ၎င်းထံသို့ ပစ်လွှတ်လိုက်လေ၏။
ထိုအခါ ကျန်းကျောက်ရှား၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်း ခုန်ရှောင်လိုက်ရသည်။ ကြီးမားသော မိုးကြိုးကြီး တစ်ချက် ပစ်ချလာပြီး တောင်တန်းများနှင့် ကွင်းပြင်များကို ဗုံးကြဲလိုက်သလိုပင်…
သူ ခုန်ရှောင်လိုက်သော်လည်း မိုးကြိုးက သူ့ကို ပွတ်တိုက်သွားဆဲ ဖြစ်ပြီး အင်္ကျီလက်စ ချက်ချင်း ပြာကျသွားကာ လက်မောင်းတခုလုံး မည်းတူးသွားတော့သည်။
ကျန်းကျောက်ရှားမှာ မိုးကြိုးဒဏ်ကြောင့် ပေပေါင်းများစွာ အကွာသို့ ခုန်ထွက်သွားပြီး တောင်စောင်းပေါ်တွင် ရှည်လျားသော လမ်းကြောင်း နှစ်ခု ချန်ထားခဲ့၏။
သူ ခြေပြန်မချနိုင်မီမှာပင် မော့ကြည့်လိုက်လေရာ မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်နေသည်။
စုရှင်းဘိုးဘေးက ဤကဲ့သို့သော မှော်ပညာရပ်ကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။ နှစ်ဖက်ကြားရှိ မူလချီ ကွာခြားချက်မှာ သိသိသာသာ ကြီးမားလာပြီး သူသည် ကောင်းကင်ဘုံ၏ အာဏာစက်ကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေ၏။
"လူငယ်လေး... ဒီလွှမ်းမိုးနိုင်တဲ့ နတ်ဘုရားစွမ်းအားကို မင်း ဘယ်လို ရင်ဆိုင်မလဲ!"
စုရှင်းဘိုးဘေး၏ အသံ ထွက်ပေါ်လာပြီး သူက လက်ထဲရှိ ထီးနက်ကို မြှောက်ကာ အောက်သို့ ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။ထိုအခါ ထောင်ပေါင်းများစွာသော မိုးကြိုးများက တိမ်ပင်လယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ကြယ်စင်များက မိုးကြိုးများကို သယ်ဆောင်ကာ အောက်သို့ ပစ်ချလာသဖြင့် တောင်ထိပ်များ ကြေမွသွားပြီး ဖုန်မှုန့်များ လွင့်ပျံသွားလေသည်။
ကျန်းကျောက်ရှားမှာ အကာအကွယ် ယူရန် အတင်းအကျပ် ပြုလုပ်ခံရသော်လည်း သူ မည်မျှ ထွက်ပြေးရန် ကြိုးစားပါစေ ဒဏ်ရာများမှာ ပိုဆိုးလာနေသည်။
မိုးကြိုးများက သူ့ထံမှ အတန်အသင့် ဝေးကွာနေသည်မှာ ရှင်းလင်းလှသော်လည်း ၎င်းတို့က သူ့ကို ဒဏ်ရာရစေနိုင်စွမ်း ရှိနေသေးသည်။
ထိုစဉ် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားဝိညာဉ်က လိမ်ကောက်သွားပြီး ဓားကို ဝှေ့ယမ်းလိုက်ရာ ငါးကျန်းရှည်သော ဓားချီက ကောင်းကင်ယံသို့ ပျံတက်သွားပြီး စုရှင်းဘိုးဘေးကို ခုတ်ပိုင်းရန် ရည်ရွယ်သော်လည်း စုရှင်းဘိုးဘေး အနားသို့ပင် မရောက်နိုင်မီ မိုးကြိုးများကြောင့် ပေါက်ကွဲထွက်သွားတော့သည်။
"အဟွတ် အဟွတ်—"
စုရှင်းဘိုးဘေးက ပြင်းထန်စွာ ချောင်းဆိုးလိုက်ပြီး မျက်လုံး၊နား၊နှာခေါင်း၊ပါးစပ်အစရှိသည့် အပေါက် ခုနစ်ခုမှ အမည်းရောင် သွေးများ အဆက်မပြတ် ထွက်ကျလာလေသည်။
ထိုအခါ စုရှင်းဘိုးဘေး ရူးသွပ်သွားပြီး ရုတ်တရက် အောက်သို့ ထိုးဆင်းလာတော့သည်။
ကျန်းကျောက်ရှားကမိုးကြိုးများကို ရှောင်တိမ်းနေစဉ် လမ်းတစ်လျှောက်တွင် ဓားပျံတစ်လက်ကို ကောက်ယူလိုက်၏၊ ၎င်းမှာ သူ အစောပိုင်းက ရောက်လာစဉ် ပစ်လွှတ်ခဲ့သော ဓားပင် ဖြစ်သည်။
သူ၏ နောက်မှ လေပြင်းကို ခံစားလိုက်ရသဖြင့် သူ ချက်ချင်း လှည့်ကြည့်လိုက်ပြီး ဓားကို ပြောင်းပြန် ကိုင်ကာ ဝှေ့ယမ်းလိုက်တော့ ဓားက ငွေရောင် မီးတောက်များဖြင့် တောက်လောင်သွားပြီး ခမ်းနားသော မှင်ရေးပန်းချီကား တစ်ချပ်ကဲ့သို့သော မြင်ကွင်းကို ဖန်တီးလိုက်သည်။ သို့သော်လည်း သူ၏ နောက်တွင် မည်သူမျှ မရှိချေ။
ထို့ကြောင့် သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ရာ စုရှင်းဘိုးဘေး နောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရပြီး ထက်မြက်သော လက်သည်းများက ကျန်းကျောက်ရှား၏ နဖူးကို ဖိကပ်သွားပြီး ချက်ချင်းဆိုသလိုပင် အေးစက်သော မူလချီ တစ်ခု သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ သူ့ကို ရုတ်တရက် ရပ်တန့်သွားစေသည်။
စုရှင်းဘိုးဘေး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ရုတ်တရက် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ သူ့ ဝိညာဉ်က ခန္ဓာကိုယ်မှ ခွဲထွက်သွားပြီး ကျန်းကျောက်ရှား၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားတော့သည်။
လူနှစ်ဦးမှာ လွင့်ပျံနေသော ဖုန်မှုန့်များကြားတွင် တောင်စောင်းပေါ်၌ မလှုပ်မယှက် ရပ်နေကြပြီး ကောင်းကင်ယံရှိ မိုးကြိုးများ ရုတ်တရက် ရပ်တန့်သွားကာ ကြီးမားသော အလံများ ကောင်းကင်မှ ပြုတ်ကျလာကြသည်။
၎င်းကို မြင်သောအခါ ကျောက်ကျိန်း၏ သူငယ်အိမ်များ ပြူးကျယ်လာတော့သည်။
အံကြိတ်၍ ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို ထပ်မံ အသက်သွင်းလိုက်တော့ ဤတစ်ကြိမ်တွင် သူ့ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး သူ့ကို သွေးလွှမ်းနေသော လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားစေ၏။ သူက ယိမ်းယိုင်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး သူ၏ ခြေလှမ်းများမှာ ပိုမို မြန်ဆန်လာသည်။
သူက သဲမုန်တိုင်းကို ဖြတ်သန်းသွားပြီး စုရှင်းဘိုးဘေး၏ နောက်သို့ အလျင်အမြန် ရောက်ရှိလာပြီး စုရှင်းဘိုးဘေး၏ ကျောကို ဖောက်ဝင်သွားအောင် လက်သီးဖြင့် ထိုးလိုက်ရာ အမည်းရောင် သွေးများ တစ်ကိုယ်လုံး လွင့်စင်သွားတော့သည်။
သို့သော် စုရှင်းဘိုးဘေးမှာ အသံတစ်ချက်မျှ မထွက်ဘဲ သူ့ လက်မောင်းပေါ်တွင် တောင့်တင်းစွာ တွဲလောင်းကျနေသဖြင့် ကျောက်ကျိန်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
စုရှင်းဘိုးဘေး သေဆုံးသွားပြီ ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရပြီ….
သူက စုရှင်းဘိုးဘေးကို အလျင်အမြန် တွန်းဖယ်လိုက်ပြီး ကျန်းကျောက်ရှားကို ကြည့်လိုက်တော့ ကျန်းကျောက်ရှားက ထိုနေရာတွင် ရပ်နေပြီး အမူအရာမှာ ဗလာကျင်းနေကာ ညာဘက် လက်မောင်းမှာ မည်းတူးနေပြီး အခိုးအငွေ့များ ထွက်နေဆဲ ဖြစ်သော်လည်း မည်သည့် နာကျင်မှုကိုမျှ မခံစားရပုံ ပေါ်သည်။
ကျောက်ကျိန်း ရုတ်တရက် ဘာလုပ်ရမှန်း မသိတော့ပေ။ သူသည် ဝင်ပူးခြင်းကို တစ်ခါမျှ မကြုံတွေ့ဖူးသလို ဝိညာဉ် နည်းလမ်းများကိုလည်း နားမလည်ချေ။ ထို့ကြောင့် ကျန်းကျောက်ရှားကို သတိပြန်ရလာစေရန် မျှော်လင့်ချက်ဖြင့် သူ့နာမည်ကိုသာ ခေါ်ရုံသာ တတ်နိုင်တော့သည်။
"ကျွီး—"
ထိုစဉ် ကျယ်လောင်သော အော်ဟစ်သံ တစ်သံက ကောင်းကင်ယံ တစ်ခွင် ပဲ့တင်ထပ်သွားသဖြင့် ကျောက်ကျိန်း လန့်ဖျပ်သွားပြီး မော့ကြည့်လိုက်ရာ မိုးကုတ်စက်ဝိုင်းမှ ပျံသန်းလာသော အမည်းရောင် လင်းယုန်ကြီး တစ်ကောင်ကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားလေသည်။
ချက်ချင်းဆိုသလိုပင် သူ့ထံသို့ လာနေသော အေးစက်စက် အလင်းတန်း တစ်ခုကိုလည်း သူ မြင်လိုက်ရသည်။
ကောင်းကင်ယံမှ ဓားတစ်လက် ဆင်းသက်လာပြီး ကျောက်ကျိန်းနှင့် သူ၏ အဖော်ဘေးတွင် ကျရောက်လာသည်။ သေချာ ကြည့်လိုက်သောအခါ ၎င်းမှာ အခြားမဟုတ်ဘဲ ဆရာသခင်၏ ကောင်းကင်သက်တံဓားပင် ဖြစ်ကြောင်း သူ သိလိုက်ရသည်။
ဆရာသခင် ရောက်နေတာလား….
သူ မော့ကြည့်လိုက်သော်လည်း လီချင်းချိုးကို မမြင်ရချေ။
တစ်ချိန်တည်းမှာပင်...
ကျန်းကျောက်ရှား၏ ခန္ဓာကိုယ်အတွင်းရှိ အကြွင်းမဲ့ အမှောင်ထုထဲတွင် ကျန်းကျောက်ရှား၏ အသိစိတ်က စုရှင်းဘိုးဘေး၏ ဖိနှိပ်မှုကို ခုခံနေသည်။
စုရှင်းဘိုးဘေးက သူ့ရှေ့တွင် တောင်တန်း ဘီလူးကြီး တစ်ကောင်ကဲ့သို့ ရပ်နေပြီး လွှမ်းမိုးနိုင်သော ဖိနှိပ်မှု ခံစားချက်ကို ထုတ်လွှတ်နေသည်။
"လူငယ်လေး... မင်း ခုခံနိုင်မှာ မဟုတ်တော့ဘူး... ရုန်းကန်နေတာ ရပ်လိုက်တော့!"
စုရှင်းဘိုးဘေး၏ မျက်နှာတွင် လောဘကြီးသော အမူအရာတစ်ခု ပေါ်လွင်နေပြီး အလွန်အမင်း စိတ်လှုပ်ရှားလာသည်။ နောက်ဆုံးတော့ သူ ဝင်ပူးနိုင်ပြီ ဖြစ်ပြီး ဝင်ပူးရမည့်သူမှာ လောကတွင် ရှားပါးလှသော ပါရမီရှင် တစ်ဦး ဖြစ်နေသည်။
အကယ်၍ ဝင်ပူးခြင်း အောင်မြင်ခဲ့လျှင် သူ့အနာဂတ် တောက်ပလာမည် ဖြစ်ပြီး သူ အမြဲတမ်း အိပ်မက်မက်ခဲ့သော ဓားကျင့်စဉ် ကျင့်ကြံသူ တစ်ဦးပင် ဖြစ်လာနိုင်ပေသည်။
ကျန်းကျောက်ရှားက အံကြိတ်၍ ခုခံနေသော်လည်း တစ်ကိုယ်လုံး အားနည်းနေသည်ကို ခံစားနေရပြီး ဖော်ပြ၍ မရနိုင်သော ထုံကျင်မှု ခံစားချက်တစ်ခုက အသိစိတ်ကို ဆွဲထုတ်နေပြီး မည်သည့် ခွန်အားကိုမျှ မသုံးနိုင်တော့သည့် ခံစားချက်က သူ့ကို အိပ်မက်မက်နေသကဲ့သို့ ခံစားရစေသည်။
"ကျစ်... ဒီနေရာမှာပဲ အဆုံးသတ်ရတော့မှာလား..."
အကယ်၍ သူ သေဆုံးသွားပါက ထိုသတင်းက စီနီယာ ညီအစ်ကိုများ၊ ဂျူနီယာ ညီမများနှင့် ဂျူနီယာ ညီအစ်ကိုများကို သေချာပေါက် ဝမ်းနည်းစေမည် ဖြစ်ပြီး ဂိုဏ်းရှိ တပည့်များက သူ့ကို လှောင်ပြောင်ကြလိမ့်မည်ဟု ကျန်းကျောက်ရှား တွေးလိုက်မိသည်။
မဖြစ်ဘူး!
သူ ဒီနေရာမှာ လုံးဝ ကျရှုံးသွားလို့ မဖြစ်ဘူး….
ထိုသို့တွေးမိသည်နှင့် သူ့ ပတ်ဝန်းကျင်တွင် မှိန်ဖျော့ဖျော့ နဂါး တစ်ကောင် ပေါ်လာကာ စုရှင်းဘိုးဘေးကို ဟိန်းဟောက်လိုက်သဖြင့် စုရှင်းဘိုးဘေးမှာ အံ့အားသင့်သွားပြီး ဤနဂါးက ဘာလဲဆိုတာ နားမလည်နိုင်ဖြစ်သွားသည်။
ထိုစဉ်မှာပင် လက်တစ်ဖက်က သူ့ ပခုံးပေါ်သို့ ကျရောက်လာရာ သူ့ကို အလွန် လန့်ဖျပ်သွားစေသဖြင့် အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်မိလေသည်။
……….
ထိုက်ခွန်းတောင်တန်း၏ မြောက်ပိုင်းတစ်နေရာတွင်……
လီချင်းချိုးက နတ်ဘုရားစွမ်းပကားဖြစ်သည့် တောင်ရွှေ့နတ်ဘုရားဖိနှိပ်ခြင်းကို အကြိမ်ကြိမ် လေ့ကျင့်နေပြီး မရေမတွက်နိုင်သော ကျောက်တုံးများက သူ့ လက်ဝါးနှင့်အတူ အလျင်အမြန် လှုပ်ရှားနေပြီး သူ့အမူအရာ လေးနက်နေကာ အနည်းငယ် စိတ်လွင့်နေသည်မှာ ရှင်းလင်းလှသည်။
ကျန်းကျောက်ရှားနှင့် အတွင်းစည်း တပည့် တစ်စုကို စေလွှတ်ထားပြီး ဖြစ်ကာ ကျင့်ကြံသူများကို ဝင်ပူးခြင်းမှ ကာကွယ်ရန် ကောင်းကင်သက်တံဓားနှင့်အတူ ရှောင်ပါးကိုပင် စေလွှတ်ထားသော်လည်း သူ စိတ်အေးချမ်းမှု မရနိုင်သေးချေ။
ထိုစဉ်မှာပင် သူ့ရှေ့တွင် အသိပေးချက် တစ်ခု ပေါ်လာခဲ့သည်။
【ချင်းရှောင်ဂိုဏ်းတွင် တပည့်တစ်ဦးက ကံကြမ္မာကို အံတုပြီး ပထမဆုံးအကြိမ်အဖြစ် ကံကြမ္မာပါ ဘေးဒုက္ခကို ဖြတ်ကျော်နိုင်ခဲ့သောကြောင့် သင့်အား ကံကောင်းခြင်း အခွင့်အရေး တစ်ခု ပေးအပ်လိုက်သည်။】
ကံကြမ္မာကို အံတုပြီး ကံတရားကို ကျော်လွှားနိုင်ခဲ့တယ်!
လီချင်းချိုး၏ မျက်နှာမှာ ဝင်းလက်သွားပြီး သူ ချက်ချင်း ဝမ်းသာသွားကာ တာအိုမျိုးဆက် မျက်နှာပြင်ကို ခေါ်ယူလိုက်ပြီး ကျောက်ကျိန်း၏ ကိုယ်ရေးအကျဉ်းကို ရှာဖွေလိုက်သည်။
သို့သော်လည်း ကျောက်ကျိန်း၏ ကံကြမ္မာ ပြောင်းလဲမှု မရှိသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားလေသည်။
ကံကြမ္မာကို အံတုခဲ့တာက ကျောက်ကျိန်း မဟုတ်ဘူးလား….
ဒါဆို ဘယ်သူလဲ….
လီချင်းချိုး တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိသွားပြီး ကျန်းကျောက်ရှား၏ ကိုယ်ရေးအကျဉ်းကို ချက်ချင်း ရှာဖွေလိုက်တော့…
ကျန်းကျောက်ရှားတွင် မွေးရာပါ ဓားအပေါ် စွဲလန်းမှု နှင့်လောကီနယ်ပယ်မှ ပုန်းကွယ်နေသော နဂါး ဟူသော အထူး ကံကြမ္မာ နှစ်ခု ရှိသည်။
သူသည် လောကီနယ်ပယ်မှ ပုန်းကွယ်နေသော နဂါးကံကြမ္မာကို အမြဲတမ်း မှတ်မိနေသေးသည်။ အကြောင်းမှာ ဤကံကြမ္မာက ကျန်းကျောက်ရှားတွင် ခက်ခဲသော ဘဝတစ်ခု ရှိကြောင်းနှင့် သူသည် ကံကြမ္မာကို ကျော်လွှားရန်နှင့် တားဆီးမရနိုင်သူ ဖြစ်လာရန် ပျံသန်းနေသော နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းနိုင်ကြောင်း ပြသနေသောကြောင့်ပင်။
ကျန်းကျောက်ရှားမှာ သူ၏ ဂျူနီယာညီလေး ဖြစ်ရာ သဘာဝကျစွာပင် သူ့ကို သတိရနေမည် ဖြစ်သည်။
ကျန်းကျောက်ရှား၏ ကံကြမ္မာပါ ဘေးဒုက္ခက ဤပြဿနာကာလအတွင်း ဖြစ်ပေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ကျန်းကျောက်ရှား၏ ကိုယ်ရေးအကျဉ်းကို နှိပ်လိုက်ရာ အံ့အားသင့်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
တကယ်ပဲ ပြောင်းလဲသွားပြီ!
【လောကီရေးရာ စစ်မှန်သောနဂါး -လောကီနယ်ပယ်မှ ပုန်းကွယ်နေသော နဂါးသည် အခက်အခဲများကို ခံစားပြီး ၎င်း၏ ကံကြမ္မာပါ ဘေးဒုက္ခများကို ဖြတ်ကျော်နိုင်ခဲ့သည်။ ကံကြမ္မာ အထွတ်အထိပ်သို့ တက်လှမ်းခြင်း၊ ယခုမှစ၍ ကံကြမ္မာမှာ နဂါးတစ်ကောင်ကဲ့သို့ ဖြစ်လာမည်။】
***