ညနေခင်း ရောက်လာသောအခါ ခန်းမသခင်များ အားလုံး ဤနေရာတွင် စုရုံးလာကြပြီး ယန်တောက်ကျုံးလည်း ရောက်ရှိလာသည်။
လီချင်းချိုး ခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် လေးနက်သော အမူအရာကြောင့် လူတိုင်းက နောက်ပြောင်နေခြင်းကို ရပ်တန့်ကာ သူ့ကို ကြည့်လိုက်ကြသည်။
သူက ကုလားထိုင်ပေါ်တွင် ဝင်ထိုင်ပြီး လူတိုင်းကို တစ်ချက် ကြည့်လိုက်ရာ ယန်တောက်ကျုံးအပေါ်တွင် တစ်ခဏမျှ အကြည့်ရပ်သွားသဖြင့် ယန်တောက်ကျုံး နေရခက်သွားသည်။
"လူကြီးမင်းတို့... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ခဲ့ပါတယ်... တစ်ချိန်တည်းမှာပဲ ကျုပ်တို့ရဲ့ ချင်းရှောင်ဂိုဏ်းနဲ့ လောကကြီး ရင်ဆိုင်ရနိုင်တဲ့ အလားအလာရှိတဲ့ အကျပ်အတည်း အကြောင်းကိုလည်း သိလိုက်ရတယ်... ဒါက ကျူပ်တို့ အရင်က ကြုံတွေ့ခဲ့ရဖူးတဲ့ ဘေးဒုက္ခတွေနဲ့ လုံးဝ မတူပါဘူး..."
လီချင်းချိုး၏ ပထမဆုံး စကားများက လူတိုင်း၏ နှလုံးသားပေါ်တွင် အလေးအပင်ကြီးတစ်ခု ကျရောက်သွားစေသည်။
ထို့နောက် ဟွာတောက်ကျန့်က ကျောက်ကျိန်းကို မည်သို့ ကြံစည်ခဲ့ကြောင်း စတင် ပြောပြလိုက်သည်။ ထိုစကားကို ကြားသောအခါ ယန်တောက်ကျုံး၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး အခြားသူများကလည်း သူ့ကို လှမ်းကြည့်လိုက်ကြသည်။
ထျန်းရွှမ်တောင်က ဘေးဒုက္ခကို ဖိတ်ခေါ်နေခြင်း ဖြစ်ကြောင်း ပေါ်လွင်လာသည်။
လူတိုင်း တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။ ၎င်းတို့သည် ထျန်းရွှမ်တောင်ကို အလေးအနက် မထားခဲ့ကြချေ။ သို့သော်လည်း လီချင်းချိုးက စုရှင်းဘိုးဘေးအကြောင်း ပြောပြလိုက်သောအခါ လူတိုင်း ဂနာမငြိမ် ဖြစ်လာကြတော့သည်။
လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူ... ပြီးတော့ ကျောက်ကျိန်းကို ဝင်ပူးတာလား….
ဒါက ကြီးမားတဲ့ ကိစ္စပဲ… အခု ကျောက်ကျိန်းက ဝင်ပူးခြင်း ခံရမယ့် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီဆိုတော့ သူတို့လည်း နောင်ကျရင် ဒီလို ပြဿနာမျိုးနဲ့ ကြုံတွေ့ရနိုင်သလား….
အရေးအကြီးဆုံးက ဒီကျင့်ကြံသူရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ ကျောထောက်နောက်ခံ ရှိနေသလား….
ချင်းရှောင်ဂိုဏ်းသည် ဤအဆင့်အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် ဤမျှ ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ရခြင်းမှာ ဤနယ်မြေတွင် အခြား ကျင့်ကြံရေးဂိုဏ်းများ မရှိသောကြောင့် ဖြစ်ကြောင်း လူတိုင်း သိရှိထားကြသည်။
ယန်တောက်ကျုံးမှာလည်း အလားတူပင် အံ့အားသင့်သွားခဲ့သည်။ ဟွာတောက်ကျန့်က ကျင့်ကြံသူ တစ်ဦးနှင့် ပူးပေါင်းကြံစည်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ဟွာတောက်ကျန့်က ကျောက်ကျိန်းအပေါ် အဘယ်ကြောင့် ဤမျှ စွဲလန်းနေခဲ့ကြောင်း အံ့သြစရာ မဟုတ်တော့ပေ။ ဟွာတောက်ကျန့်သည် ကျောက်ကျိန်းကို သိမ်းသွင်းပြီး ထျန်းရွှမ်တောင်၏ အနာဂတ်ကို ထောက်ပံ့စေချင်ရုံသာ ဖြစ်မည်ဟု သူ ယခင်က ထင်ခဲ့ပေသည်။
လီချင်းချိုး၏ စကားများကို သူ သံသယမဝင်ခဲ့ပေ။ အချိန်ကြာမြင့်စွာ သိကျွမ်းလာခဲ့ပြီးနောက် လီချင်းချိုး၏ စရိုက်လက္ခဏာကို သူ နားလည်ထားပြီး ချင်းရှောင်ဂိုဏ်း၏ ခွန်အားအရ လီချင်းချိုးအနေဖြင့် ဤသို့သော အကြောင်းပြချက်ကို လုပ်ကြံဖန်တီးစရာ အကြောင်းမရှိချေ။
ကျောက်ကျိန်း၏ မိခင်၊ အစေခံ နှစ်ဦးနှင့် ဟွာတောက်ကျန့်တို့ သေဆုံးသွားကြောင်း သိလိုက်ရသောအခါ ယန်တောက်ကျုံး မျက်လုံးများ မှိတ်လိုက်ပြီး နှလုံးသား လေးလံသွားသည်။
သူသည် ဟွာတောက်ကျန့်နှင့် မကြာခဏ အချေအတင် ဖြစ်လေ့ရှိသော်လည်း ဟွာတောက်ကျန့်မှာ သူ့အတွက် အလွန် အရေးကြီးသူ ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူသည် ကျောက်ကျိန်းကဲ့သို့ပင် တူညီသော ခံစားချက်များကို မျှဝေခံစားနေရရှာသည်။
ဒီနေ့ကစပြီး ဒီလောကကြီးမှာ သူ့အတွက် မိသားစုဆိုတာ မရှိတော့ဘူး….
လီချင်းချိုးက ဆက်လက်၍ ပြောပြလိုက်ရာ ကျန်းကျောက်ရှားမှာ စုရှင်းဘိုးဘေး၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ပြီး ဝင်ပူးခြင်း ခံရလုနီးပါး ဖြစ်ခဲ့ကြောင်း ကြားသိရသောအခါ အခြားသူများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။
ကျန်းကျောက်ရှားက မူလအားဖြည့်နယ်ပယ် နဝမအဆင့်တွင် ရှိပြီး ၎င်းတို့ အားကျရသော ကျင့်ကြံမှုအဆင့်တွင် ရှိနေသည်။
အဲဒီစုရှင်းဘိုးဘေးက ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ….
လီတုန်းယွဲ့နှင့် လီစစ်ကျင်တို့မှာ မျက်မှောင်ကြုတ်သွားကြပြီး ကျန်းကျောက်ရှား၏ ဘေးကင်းရေးအတွက် ပို၍ စိုးရိမ်နေကြသည်။
ကံကောင်းထောက်မစွာဖြင့် လူနှစ်ဦးစလုံး အန္တရာယ်ကင်းသွားပြီဟု လီချင်းချိုးက ပြောလိုက်သဖြင့် စိတ်သက်သာရာ ရသွားကြသည်။
လီချင်းချိုးက လက်ကို မြှောက်ကာ ဝိညာဉ်သန့်စင်အလံကို ထုတ်ယူလိုက်ပြီးနောက် စုရှင်းဘိုးဘေး၏ ဝိညာဉ်ကို လွှတ်ပေးလိုက်သည်။ စုရှင်းဘိုးဘေး အလံထဲမှ ပျံထွက်လာပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကိုသာ ပြသနေ၏။ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များနှင့်အတူ သူသည် လက်စားချေလိုသော တစ္ဆေတစ်ကောင်နှင့် တူနေပြီး ဤအခိုက်အတန့်တွင် သူ့မျက်နှာမှာ အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။
"မိစ္ဆာ... မိစ္ဆာ..."
လူလည်းမဟုတ်၊ တစ္ဆေလည်းမဟုတ် ဖြစ်နေသော စုရှင်းဘိုးဘေးကို မြင်သောအခါ လူတိုင်း လန့်ဖျပ်သွားကြသည်။
ယန်တောက်ကျုံးလည်းအများနည်းတူ မျက်လုံး ပြူးကျယ်သွားသည်။ သူ တစ္ဆေတစ်ကောင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး လောကကြီးအပေါ် နားလည်မှုများ ပြောင်းပြန်လှန်ခံလိုက်ရသည့် အချက်ကြောင့် သူ အံ့အားသင့်နေရသည်။
ထို့နောက် လီချင်းချိုးက စုရှင်းဘိုးဘေးကို ဝိညာဉ်သန့်စင်အလံထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ဝိညာဉ်သန့်စင်အလံကို သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။
သူ ဤသို့ လုပ်ဆောင်ရခြင်းမှာ ယန်တောက်ကျုံးကို သူ့အား ယုံကြည်စေရန်နှင့် ဤကိစ္စ၏ ကြီးလေးမှုကို ခန်းမအကြီးအကဲများ သိရှိစေရန် သက်သက်သာ ဖြစ်သည်။
"စုရှင်းဘိုးဘေးဆီကနေတစ်ဆင့် မြောက်ဘက်မှာ မိစ္ဆာနယ်မြေ ရှိတယ်ဆိုတာ သိလိုက်ရတယ်... အဲဒီမိစ္ဆာတွေက အချိန်မရွေး တောင်ဘက်ကို ဆင်းလာနိုင်တယ်... ဒါကြောင့် ဂိုဏ်း တည်ဆောက်ရေးကို ပြန်ပြောရလိမ့်မယ်... အထူးသဖြင့် ကောင်းကင်လက်မှုပညာခန်းမရဲ့ တာဝန်ပဲ... ခန်းမတွေ အားလုံးက အပြည့်အဝ ပံ့ပိုးကူညီပေးကြဖို့နဲ့ ဘာအဟန့်အတားမှ မဖြစ်စေဖို့ မျှော်လင့်ပါတယ်..."
ယန်ကျွယ်တိန်က…
"ဒီစုရှင်းဘိုးဘေးရဲ့ နောက်ကွယ်မှာ ကျင့်ကြံရေးဂိုဏ်း ရှိနေသလား..."
သူက ရောက်ရှိနေသူ အားလုံး စိုးရိမ်နေကြသည့် မေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
"မရှိပါဘူး... သူက ရတနာရှာဖို့ ကိုးပြည်ထောင်နယ်မြေကို သူငယ်ချင်း တစ်ယောက်နဲ့ လာခဲ့တဲ့ လွတ်လပ်တဲ့ ကျင့်ကြံသူ တစ်ယောက်ပါ... ဒါပေမဲ့ သူ့သူငယ်ချင်းက သူ့ကို သစ္စာဖောက်လို့ ထျန်းရွှမ်တောင်မှာ ပုန်းအောင်းပြီး နာလန်ထူဖို့ ကြိုးစားနေတာပါ... ဒါပေမဲ့ သူတောင် ကိုးပြည်ထောင်နယ်မြေကို လာနိုင်တယ်ဆိုတာက တခြား ကျင့်ကြံသူတွေလည်း လာနိုင်မယ်ဆိုတဲ့ သဘောပါပဲ..."
လီချင်းချိုး၏ အဖြေက လူတိုင်းကို စိတ်သက်သာရာ ရသွားစေပြန်သည်။
ရောက်ရှိနေသူများအနက် မည်သူမျှ ကျင့်ကြံသူ တစ်ဦးနှင့် အသေအကြေ တိုက်ပွဲဝင်ဖူးသည့် အတွေ့အကြုံ မရှိကြချေ။ ထို့အပြင် ချင်းရှောင်ဂိုဏ်းမှာ ဘာမှမရှိရာမှ ဖန်တီးခဲ့ရခြင်း ဖြစ်ရာ အခြား ကျင့်ကြံရေးဂိုဏ်းများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၏ အလိုအလျောက် သိစိတ်အရ သတိထားနေကြပြီး စိုးရိမ်နေကြခြင်း ဖြစ်သည်။
လီချင်းချိုးက ကျူးယန်ကို ကြည့်၍…
"ချင်းရှောင်ဓား ပြီးပြီလား..."
"အလက် သုံးထောင် လုပ်ပြီးပါပြီ..."
"ဒီလကုန်ကစပြီး ချင်းရှောင်ဓားတွေကို အတွင်းစည်း တပည့်တွေကို အရင် ထုတ်ပေးလိုက်ပါ... ပြီးရင် ဆောင်းဦးရာသီ နောက်ပိုင်းကျမှ အပြင်စည်း တပည့်တွေကို ထုတ်ပေးလိုက်ပါ..."
မူလချီကို မကျွမ်းကျင်သေးသော သာမန် တပည့်များ ရှိနေသေးသဖြင့် ၎င်းတို့ကို ချင်းရှောင်ဓား ပေးခြင်းက အလဟဿ ဖြစ်သွားပေလိမ့်မည်။
မည်သူမျှ ကန့်ကွက်ခြင်း မရှိကြသလို မှော်ပစ္စည်းများကို ကုသိုလ်အရ ခွဲဝေပေးရန်လည်း မတောင်းဆိုရဲကြချေ၊ အကြောင်းမှာ ၎င်းတို့အားလုံး အကျပ်အတည်း ခံစားချက်ကို ခံစားနေရသောကြောင့်ပင်။
ထို့နောက် လီချင်းချိုးက တာဝန်များကို တစ်ခုပြီးတစ်ခု စတင် ခွဲဝေချထားပေးရာ လူတိုင်းက သေချာ အာရုံစိုက် နားထောင်ကြပြီး ပေါ့ပေါ့တန်တန် မနေရဲကြချေ။
နာရီဝက် အကြာတွင်...
လီချင်းချိုးက လူတိုင်းကို ကြည့်၍…
"အားလုံးပဲ... မိစ္ဆာနယ်မြေ အကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့... မင်းတို့ လုပ်နေတဲ့ အလုပ်ကိုပဲ အာရုံစိုက်ဖို့ လိုပါတယ်... ချင်းရှောင်ဂိုဏ်းက လုံလောက်အောင် အစွမ်းထက်နေသရွေ့ ပြဿနာ အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်..."
ထိုစကားကို လူတိုင်းက တစ်ပြိုင်နက်တည်း သဘောတူလိုက်ကြသဖြင့် လီချင်းချိုးက အင်္ကျီလက်ကို ဝှေ့ယမ်းကာ ၎င်းတို့ကို ထွက်သွားရန် အချက်ပြလိုက်ပြီး ယန်တောက်ကျုံးကိုသာ ချန်ထားခဲ့သည်။
ယန်တောက်ကျုံးကတော့ ခုံတွင် ထိုင်နေပြီး မျက်နှာထား မည်းမှောင်နေ၏။
လီချင်းချိုး၏ အကြည့်ကို သူ မရင်ဆိုင်ရဲပေ။ ပထမဆုံးအကြိမ်အဖြစ် သူ အပြစ်ရှိသလို ခံစားနေရသည်။
လီချင်းချိုးက သူ့အပေါ် အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့သော်လည်း သူ့ရဲ့ဂျူနီယာညီလေးက လီချင်းချိုး၏ တပည့်ကို ကြံစည်ခဲ့ပြီး ဂျူနီယာညီလေးကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သဖြင့် လီချင်းချိုးကို သူ တကယ် မျက်နှာမပြရဲတော့ချေ။
"ခင်ဗျား ပြန်သွားပြီး ရှင်းပြဖို့ လိုသေးလား..."ဟု လီချင်းချိုးက မေးလိုက်တော့ ယန်တောက်ကျုံးက သူ့ကို မော့ကြည့်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။
"ရှင်းပြရမယ်... ခင်ဗျားက ကျွန်တော့်ကို တောင်အောက် ဆင်းခိုင်းချင်လို့လား..."
လီချင်းချိုးက သူ့ကို စူးရဲစွာ ကြည့်လိုက်ပြီး….
"ခင်ဗျားရဲ့ ဂျူနီယာညီလေးက ခင်ဗျားရဲ့ ဂျူနီယာညီလေးပဲလေ... ခင်ဗျားက ခင်ဗျားပဲ... ခင်ဗျား ဘယ်လိုလူလဲဆိုတာ ကျွန်တော့်မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိပါတယ်... ထျန်းရွှမ်တောင်က ခေါင်းဆောင် မရှိဘဲ ဖြစ်နေတော့ ခင်ဗျား ပြန်သွားပြီး တာဝန်ယူဖို့ လိုတယ်လို့ ကျွန်တော် ခံစားရလို့ပါ... စီစဉ်ပြီးတာနဲ့ ခင်ဗျား ပြန်လာပြီး ကျွန်တော့်ရဲ့ သိုင်းဘိုးဘေး အကြီးအကဲ အဖြစ် ဆက်လုပ်ရမယ်..."
ယန်တောက်ကျုံးမှာ အလွန် ကြည်နူးသွားပြီး သူငယ်ချင်းတစ်ယောက်အတွက် အသက်ပေးချင်စိတ်ပင် ဖြစ်လာမိတော့သည်။
ထျန်းရွှမ်တောင်တွင် ဤမျှလောက် ယုံကြည်မှုမျိုး တစ်ခါမှ မရရှိခဲ့ဖူးပေ၊ သူ့ရဲ့ ဆရာသခင်ကပင် ထိုသို့ မလုပ်ခဲ့ချေ။
ယန်တောက်ကျုံးက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး …
"ကျွန်တော် မပြန်တော့ဘူး... ကျွန်တော့်ရဲ့ ဂျူနီယာ ဦးလေးတွေ အဲဒီမှာ ရှိနေသေးတယ်... သူတို့တွေ အလုံးစုံ အခြေအနေကို တာဝန်ယူပါလိမ့်မယ်... အခုကစပြီး ချင်းရှောင်ဂိုဏ်းအပေါ် လုံးဝ သစ္စာခံဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ... ဂိုဏ်းချုပ်ကို ကျွန်တော် တောင်းဆိုချင်တာ တစ်ခုကတော့ ထျန်းရွှမ်တောင်ကို ချမ်းသာပေးပြီး သူ့ရဲ့ မျိုးဆက်ကို မဖျက်ဆီးပစ်ဖို့ပါပဲ..."
စကားပြောနေစဉ် သူက မတ်တပ်ရပ်၍ ဘေးသို့ လျှောက်သွားကာ အဝတ်အစားများကို ခေါက်တင်လိုက်ပြီး ဒူးထောက်တော့မည့်ဆဲဆဲတွင် မမြင်ရသော အင်အားတစ်ခုက သူ့ရဲ့ ဒူးများကို ပင့်မလိုက်သဖြင့် သူ ဒူးထောက်၍ မရတော့ပေ။
သူက အံ့အားသင့်စွာ မော့ကြည့်လိုက်ရာ လီချင်းချိုးက ညာဘက်လက်ကို မြှောက်ထားသော်လည်း မူလချီ ကို အသုံးမပြုထားသည်ကို တွေ့လိုက်ရသည်။
ဒါက...
လီချင်းချိုး၏ လုပ်ရပ်ကြောင့် ယန်တောက်ကျုံး အံ့သြသွားရသည်။
လီချင်းချိုးက သူ့ကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်ပြီး…
"ထျန်းရွှမ်တောင်နဲ့ ယန်တောက်ကျုံးကို ဖျက်ဆီးပစ်ချင်တယ်လို့ ကျွန်တော် ဘယ်တုန်းက ပြောဖူးလို့လဲ... ခင်ဗျား မျက်လုံးထဲမှာ ကျွန်တော်က မျက်တောင်မခတ်ဘဲ လူသတ်တတ်တဲ့ အဲဒီလောက် ယုတ်မာပြီး ရက်စက်တဲ့သူလား..."
ထိုအခါ ယန်တောက်ကျုံး အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး…
"မဟုတ်ပါဘူး... ကျွန်တော်က စိုးရိမ်လို့ပါ..."
"ခင်ဗျား ကျွန်တော့်ကို တကယ် စိတ်ပျက်အောင် လုပ်လိုက်တာပဲ..."
လီချင်းချိုးက သက်ပြင်းချလိုက်ပြီး အမူအရာမှာ လေးနက်နေသဖြင့် ယန်တောက်ကျုံးကို ပို၍ပင် နေရခက်သွားစေသည်။
"ဂိုဏ်းချုပ်... ကျွန်တော့်မှာ အဲဒီလို အတွေးမျိုး တကယ် မရှိပါဘူး... ဂိုဏ်းထဲက တခြားလူတွေက တခြား အကြံအစည်တွေ ရှိနေတော့ ခင်ဗျား ကြားထဲက အကြပ်ရိုက်နေမှာကို ကြောက်လို့ပါ... ကျွန်တော်..."
ယန်တောက်ကျုံးမှာ စကားပြောလေလေ ပို၍ စိုးရိမ်လာလေလေ ဖြစ်ပြီး သူသည် လူပင် မဟုတ်တော့သကဲ့သို့ ခံစားလာရသည်။
"ကောင်းပြီ... အချိန်က စကားပြောသွားလိမ့်မယ်... ဆက်စောင့်ကြည့်နေလိုက်ပါ..."
လီချင်းချိုးက သူ့စကားကို ဖြတ်ပြောလိုက်ပြီးနောက် ကျင့်ကြံခြင်းဂူဘက်သို့ လျှောက်သွားတော့သည်။
ယန်တောက်ကျုံးက လီချင်းချိုး၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း စကားပြောရန် ချီတုံချတုံ ဖြစ်နေသည်။
လီချင်းချိုး၏ ကျောပြင်တွင် ပင်ပန်းနွမ်းနယ်မှုကို သတိပြုမိလိုက်ရာ သူ့ကို ရှက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည်။
သူသည် အရိုအသေပေးရန် လက်မြှောက်ရုံသာ တတ်နိုင်တော့ပြီးနောက် လှည့်၍ ထွက်ခွာသွားတော့သည်။
သိုင်းဘိုးဘေးခန်းမသို့ အပြန်လမ်းတွင် ယန်တောက်ကျုံးက လီချင်းချိုးကို ကျေးဇူးဆပ်ရန်အတွက် သိုင်းဘိုးဘေး တပည့်များကို သေချာ သင်ကြားပေးမည်ဟု စိတ်ထဲမှ ကတိပြုလိုက်သည်။
လီချင်းချိုး၏ နေရာတွင် ဝင်တွေးကြည့်မည်ဆိုလျှင် တစ်စုံတစ်ယောက်၏ ဂျူနီယာညီလေးက မိမိ၏ တပည့်ကို ဤကဲ့သို့ ကြံစည်ခဲ့မည်ဆိုပါက ယန်တောက်ကျုံးအနေဖြင့် ဤမျှ သဘောထားကြီးရန် အလွန် ခက်ခဲပေလိမ့်မည်။
ပထမဆုံးအကြိမ်အဖြစ် လီချင်းချိုးထံမှ သူ သင်ယူစရာ တစ်ခုခု ရှိနေကြောင်း ခံစားလိုက်ရသည်။
ထျန်းရွှမ်တောင်ကို သူ ကြီးပွားချမ်းသာအောင် မဦးဆောင်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ ဤအချက်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။
အခြားတစ်ဖက်တွင်မူ လင်းရှောင်ခြံဝင်းမှ ထွက်လာပြီးနောက် ယန်တောက်ကျုံး၏ သစ္စာရှိမှု ထပ်မံ တိုးလာသဖြင့် လီချင်းချိုး ပျော်ရွှင်နေမိသည်။
သူ စောစောက ထိုစကားများကို ပြောနိုင်ခဲ့ခြင်းမှာ ယန်တောက်ကျုံး၏ သစ္စာရှိမှု ကျဆင်းမသွားသောကြောင့် ဖြစ်ပြီး ထို့ကြောင့် ယန်တောက်ကျုံးကို ထပ်မံ သိမ်းသွင်းရန် ဤအခွင့်အရေးကို ယူလိုက်ခြင်း ဖြစ်သည်။
သူ လုပ်ခဲ့သည့် လုပ်ရပ်က ယုတ်မာကြောင်း သူ ဝန်ခံပါသည်။
သို့သော်လည်း ချင်းရှောင်ဂိုဏ်းအတွက်ဆိုလျှင် သူ ယုတ်မာရန် ဆန္ဒရှိပါသည်။
...
လဝက်ခန့် အလျင်အမြန် ကုန်ဆုံးသွားပြီးနောက် ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် အခြားသူများ ပြန်ရောက်လာကြသည်။
လီချင်းချိုးကို မြင်သည်နှင့် ကျောက်ကျိန်းက ချက်ချင်း ဒူးထောက်ကာ အပြစ်ကို ဝန်ခံလိုက်သည်။
သို့သော်လည်း လီချင်းချိုးက သူ့ကို အပြစ်မတင်ဘဲ လေးနက်သော လေသံဖြင့် …
"ဘယ်သူမှ ပြည့်စုံတယ်ရယ်လို့မရှိပါဘူး…... ဆရာတစ်ယောက်ရဲ့ အခန်းကဏ္ဍက မင်း အမှားလုပ်မိပြီးရင် ပိုကောင်းအောင် လုပ်ဖို့ လမ်းညွှန်ပေးဖို့ပါပဲ... မင်း အရမ်း အစွမ်းထက်လာဖို့ ဒါမှမဟုတ် ဂိုဏ်းအတွက် ကြီးမားတဲ့ စွမ်းဆောင်ရည်တွေ လုပ်ပေးဖို့ ငါ မမျှော်လင့်ပါဘူး... ငါ့ကို နည်းနည်း ပိုယုံကြည်ပေးဖို့ပဲ မျှော်လင့်တာပါ... အဲဒီတုန်းက မင်းရဲ့ ခံစားချက်တွေကို ငါ့ကို ပြောပြခဲ့ရင် ငါ မင်းကို တားခဲ့မှာ မဟုတ်ဘူး..."
"သေချာတာကတော့ ငါလည်း မှားခဲ့ပါတယ်... မင်းကို ဖိနှိပ်ဖို့ ကံကြမ္မာကို အသုံးမပြုခဲ့သင့်ဘူး... နောင်ကျရင် မင်းလည်း ဆရာတစ်ယောက် ဖြစ်လာမှာပဲ... မင်း ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်..."
ထိုစကားများကို ကြားသောအခါ ကျောက်ကျိန်းခင်မျာ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ လီချင်းချိုး၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားပြီး ငိုကြွေးလေတော့သည်။
ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် ရှန်ယွဲ့တို့က သူ့ကို မရယ်မောခဲ့ကြပေ။ ရှန်ယွဲ့က လီချင်းချိုးကို ဦးညွှတ်၍ လှည့်ထွက်သွားသလို ရွှီနင်းကလည်း ထိုအတိုင်းပင် ပြုလုပ်ခဲ့သည်။
လီချင်းချိုးက ကျောက်ကျိန်းကို မတားဘဲ ဒေါသများကို ဖွင့်ထုတ်ခွင့် ပေးလိုက်သည်။
ကျောက်ကျိန်း ငိုပြီးသွားသောအခါ လီချင်းချိုးက သူ့ကျောကို ပုတ်၍….
"ပြန်ပြီး နာလန်ထူအောင် အရင် လုပ်လိုက်ဦး..."
ကျောက်ကျိန်းက သူ့ကို မော့ကြည့်ပြီး…
"ဆရာ... ကျွန်တော် ဆရာ့ကို ဆက်ပြီး စိတ်ပူအောင် မလုပ်တော့ပါဘူး... ပြီးတော့ ထပ်ပြီးလည်း မငိုတော့ပါဘူး..."
လီချင်းချိုးက ပြုံး၍ သူ့ဆံပင်များကို ဖွလိုက်တော့ ကျောက်ကျိန်း မတ်တပ်ရပ်၍ ဦးညွှတ်ကာ လှည့်ထွက်သွားတော့သည်။
ကျန်းကျောက်ရှားက စားပွဲဆီသို့ လျှောက်သွားပြီး ခါးမှ သိုလှောင်အိတ် တစ်လုံးကို လီချင်းချိုးထံပေးလိုက်ပြီး…
"ဒီထဲမှာ အဲဒီလူရဲ့ မှော်ပစ္စည်း ပါပါတယ်..."
လီချင်းချိုးက ပတ်တီးပတ်ထားသော ကျန်းကျောက်ရှား၏ ညာဘက် လက်မောင်းကို ကြည့်ပြီး…
"မင်းရဲ့ လက်မောင်း..."
"ပျက်စီးသွားပါပြီ... ဒါပေမဲ့ ကိစ္စမရှိပါဘူး... နောင်ကျရင် ပြန်ကောင်းလာနိုင်ပါတယ်..."
"အစ်ကိုကြီး... ကျွန်တော် တောင်းပန်ပါတယ်... ဒီတာဝန်မှာ ကျွန်တော် ကောင်းကောင်း မလုပ်နိုင်ခဲ့လို့ အစ်ကိုကြီးကို စိတ်ပျက်စေခဲ့တယ်..."
ထိုစကားများကို ပြောစဉ် ကျန်းကျောက်ရှား၏ အမူအရာမှာ သဘာဝမကျ ဖြစ်သွားသည်။ သူ တကယ် ကောင်းကောင်း မလုပ်ခဲ့ဘူးဟု သူ ရိုးသားစွာ ခံစားနေရသည်။
လီချင်းချိုးက သူ့ကို စူးရဲစွာ ကြည့်၍…
"မင်း ဘယ်နေရာမှာ ကောင်းကောင်း မလုပ်ခဲ့လို့လဲ... ကျောက်ကျိန်းကို အရှင်လတ်လတ် ပြန်ခေါ်လာဖို့ပဲ ငါ တောင်းဆိုခဲ့တာလေ... ပြီးတော့ မင်းက ကြီးမားတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ပြီးပြီ..."
လီချင်းချိုး ဝင်ရောက် မစွက်ဖက်လျှင်ပင် ကျန်းကျောက်ရှားက ကိုယ်ပိုင် စိတ်စွမ်းအားဖြင့် စုရှင်းဘိုးဘေး၏ ဝင်ပူးခြင်းကို ခံနိုင်ရည် ရှိကြောင်း ချူကျင်းက လီချင်းချိုးကို ပြောပြခဲ့ပြီး ဖြစ်သည်။
ကျန်းကျောက်ရှားတွင် ချူကျင်း နားလည်ရန် ခက်ခဲသော အရှိန်အဝါတစ်ခု ရှိနေပြီး ထိုအရှိန်အဝါက နဂါးတစ်ကောင်အဖြစ်ပင် ပေါင်းစပ်သွားရာ ၎င်းမှာ အလွန် ထူးဆန်းလှသည်။
ကျန်းကျောက်ရှားမှာ မည်သည့် နှစ်သိမ့်မှုမျှ မရရှိခဲ့ဘဲ သူ ကောင်းကောင်း မလုပ်ခဲ့ဘူးဟုသာ ခံစားနေရဆဲပင်။
"ကျွန်တော် နတ်ဘုရားစွမ်းပကား တစ်ခုကို အမွေရခဲ့တယ်... ကျွန်တော် သက်သာလာတာနဲ့ အစ်ကိုကြီးကို သင်ပေးပါ့မယ်... ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးရဲ့ ဓားသိုင်းပညာအပေါ် နားလည်သဘောပေါက်နိုင်စွမ်းက ကျွန်တော့်ထက်တောင် ပိုကောင်းသေးတာပဲ... အစ်ကိုကြီး သေချာပေါက် ကျွမ်းကျင်ပိုင်နိုင်သွားမှာပါ…”
ထိုသို့ ပြောပြီးနောက် သူ လှည့် ထွက်သွားတော့သည်။
လီချင်းချိုးက ထွက်ခွာသွားသော ကျန်းကျောက်ရှား၏ ကျောပြင်ကို ကြည့်ရင်း စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။ ထိုအချိန်က သူ့ကို ပြဿနာများစွာ ပေးခဲ့သော ကောင်လေးသည် နောက်ဆုံးတွင် ကြီးပြင်းလာပြီး ယခုအခါ ယုံကြည်စိတ်ချရကာ သူ့ကို လုံခြုံမှု ခံစားရစေသူ တစ်ဦး ဖြစ်လာခဲ့ပြီ….
***