ကောင်းကင်ယံမှာ မြင့်မားပြီး မြေပြင်မှာ ကျယ်ပြောလှသည်။ တောရိုင်းထဲတွင် မြင့်မားသော တောင်ကြီးတစ်လုံး တည်ရှိနေပြီး ၎င်းအပေါ်တွင် ပန်းများနှင့် မြက်ပင်များ နည်းပါးလှသည်။ ၎င်းမှာ ကမ္ဘာမြေပေါ်တွင် ရပ်နေသော ဘီလူးကြီး တစ်ကောင်ကဲ့သို့ ခမ်းနားထည်ဝါလှသည်။
မြင့်မားသော တောင်ချောက်ကမ်းပါး တစ်ခုပေါ်တွင် ဆံပင်အဖြူရောင်နှင့် အဘိုးကြီး တစ်ဦး ချောက်ကမ်းပါး အစွန်း၌ တင်ပျဉ်ခွေ ထိုင်နေသည်။ သူသည် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြေဗလာဖြစ်ကာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး မျက်လုံးများကို မှိတ်ထား၏။
သူ့ရှေ့ရှိ လောကကြီးမှာ အလွန် ကျယ်ပြောလှပြီး ကောင်းကင်ယံတွင် လင်းယုန်များက ဝဲပျံကာ အော်ဟစ်နေကြသည်။
ထိုစဉ် သူ့နောက်မှ လူရိပ်တစ်ခု လမ်းလျှောက်လာပြီး နောက်တွင် ရပ်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
ဤသူမှာ အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားပြီး ကျားရိုး ခေါင်းဆောင်းကို ဆောင်းထားကာ ကျောတွင် ဓားတို တစ်လက်၊ ဓားရှည် တစ်လက်စီ လွယ်ထားပြီး ဓားရိုးတဝိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင် ချီ များ လှည့်ပတ်နေသည့် အမျိုးသား တစ်ဦး ဖြစ်သည်။
"ဂိုဏ်းချုပ်... တောင်ပိုင်း အစီအစဉ်ကတော့ ကျရှုံးသွားပါပြီ... ကျန်ကျီဂိုဏ်းကို ချင်းရှောင်ဂိုဏ်းက ဖျက်ဆီးပစ်လိုက်ပြီး ကျွန်တော်တို့ လူတွေလည်း ချင်းရှောင်ဂိုဏ်းရဲ့ လိုက်လံ သတ်ဖြတ်ခြင်းကို ခံနေရလို့ ချန်းကျိုးမှာ ထပ်ပြီး ခြေမချရဲတော့ဘူး... မြောက်ပိုင်းနန်းတွင်းစစ်တပ်လည်း မောင်းထုတ်ခံနေရတယ်... အဓိကကတော့ ချင်းရှောင်ဂိုဏ်းက လီစစ်ဖုန်းရဲ့ လက်ချက်နဲ့ ရှုံးနိမ့်သွားတာပဲ... လီစစ်ဖုန်းက စစ်မြေပြင်မှာ တိုက်ခိုက်နေတာ ချင်းရှောင်ဂိုဏ်းက ကိုးပြည်ထောင်နယ်မြေကို သိမ်းပိုက်ဖို့ဆိုတာ ရှင်းနေပါတယ်..."
အနီရောင်ဝတ်ရုံနှင့် အဘိုးကြီးမှာ အခြားသူ မဟုတ်ဘဲ ရွှမ်ကျီဂိုဏ်း၏ ဂိုဏ်းချုပ် ကွေ့ဝူချုံးပင် ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ကွေ့ဝူချုံးမှာ အံ့အားမသင့်ခဲ့ပေ။ သူက
"ဒါဆို ကိုးပြည်ထောင်နယ်မြေကို အောင်နိုင်ချင်ရင် စစ်မြေပြင်မှာပဲ ဖြစ်ဖြစ်၊ သိုင်းလောကမှာပဲ ဖြစ်ဖြစ် ချင်းရှောင်ဂိုဏ်းကို ရှောင်ကွင်းသွားလို့ မရဘူးပေါ့..."
ကျောတွင် ဓားလွယ်ထားသော အမျိုးသားက လေးနက်သော အသံဖြင့်….
"မှန်ပါတယ်... ချင်းရှောင်ဂိုဏ်းက အတိတ်က သိုင်းလောကရဲ့ သူတော်စင် နှစ်ပါးနဲ့ တည်ထောင်သူဂိုဏ်းသုံးခုနဲ့ မတူပါဘူး... သူတို့က အရမ်း အစွမ်းထက်တယ်... အခုအချိန်က ကျွန်တော်တို့ ရွှမ်ကျီဂိုဏ်းအတွက် အချိန်အခါ မဟုတ်သေးဘူးလို့ ထင်တယ်... အစီအစဉ်ကို ယာယီ စွန့်လွှတ်ထားလို့ ရပါတယ်..."
"မင်းကိုယ်တိုင် ပြောခဲ့တာပဲ... ချင်းရှောင်ဂိုဏ်းက မတူဘူးလို့... အချိန်က ငါတို့အတွက် အားသာချက် တစ်ခုလို့ မင်း ထင်နေလား..."
ကွေ့ဝူချုံး၏ မေးခွန်းနှင့်ရင်ဆိုင် ရသောအခါ ဓားလွယ်ထားသော အမျိုးသား နှုတ်ဆိတ်သွားသည်။
ကွေ့ဝူချုံးက မျက်လုံးများ ဖွင့်လိုက်ပြီး မိုးကုတ်စက်ဝိုင်းကို ကြည့်ပြီး….
"နောင်ကျရင် ချင်းရှောင်ဂိုဏ်းက မြောက်ဘက်ကို ရွှေ့လာပြီး မြောက်ဘက်က ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကလည်း တောင်ဘက်ကို ရွှေ့လာမှာကို ငါ စိုးရိမ်တယ်... အဲဒါက ငါတို့ကို နှစ်ဖက်စလုံးကနေ တိုက်ခိုက်ခံရဖို့ အားနည်းသွားစေလိမ့်မယ်..."
ဓားလွယ်ထားသော အမျိုးသားက ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောခဲ့ချေ။
ချောက်ကမ်းပါးပေါ်တွင် တိတ်ဆိတ်သွားပြီးလေပြေလေညင်းထဲတွင် သွေးနံ့ သဲ့သဲ့လေး ပါလာသည်။
အချိန်အတန်ကြာပြီးနောက်...
ကွေ့ဝူချုံးက … "သွားပြီး တစ္ဆေအကြီးအကဲကို ရှာလိုက်... ငါ အရင်က သူနဲ့ သဘောတူထားတဲ့ အစီအစဉ်ကို သူ့ကို အကောင်အထည်ဖော်ခိုင်းလိုက်..."
ဓားလွယ်ထားသော အမျိုးသား မျက်မှောင်ကြုတ်သွားပြီး အစီအစဉ်က ဘာလဲဟု မေးချင်သော်လည်း ကွေ့ဝူချုံး ဒေါသထွက်မည်ကို စိုးရိမ်သဖြင့် သဘောတူလိုက်ပြီးနောက် လှည့်ထွက်သွားရုံသာ တတ်နိုင်တော့သည်။
သူ ထွက်သွားပြီးနောက် ကွေ့ဝူချုံးက ကောင်းကင်ယံကို မော့ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။
"လောကကြီးက ဒီလောက် ကျယ်ပြောတာကို ငါတို့ မြောက်ပိုင်းနန်းတွင်းစစ်တပ်အတွက် နေရာလေး တစ်နေရာတောင် ဘာလို့ မရှိရတာလဲ..."
...
ဆောင်းဦးရာသီ ပိုမို နက်ရှိုင်းလာသည်နှင့်အမျှ ချင်းရှောင်တောင်မှာ ယခင်နှင့် မတူဘဲ ပြောင်းလဲလာပြီး အကြီးမားဆုံး အပြောင်းအလဲမှာ ကောင်းကင်ယံတွင် ဓားပျံစီးကာ ပျံသန်းနေသော လူရိပ်များ ပေါ်လာခြင်းပင် ဖြစ်သည်။
ချင်းရှောင်ဓားက တပည့်များအား ဓားပျံစီးရာတွင် မူလချီကို ချွေတာနိုင်စေသဖြင့် ပိုမိုများပြားသော တပည့်များမှာ ဓားပျံစီးရသည်ကို နှစ်သက်လာကြသည်။ဤမြင်ကွင်းက လာရောက်လည်ပတ်သော ဘုရားဖူးများနှင့် သိုင်းလောကသားများကို အလွန် အံ့အားသင့်သွားစေခဲ့သည်။
ချင်းရှောင်ဂိုဏ်းက ကျင့်ကြံရေးဂိုဏ်း တစ်ခု ဖြစ်ကြောင်း အချက်ကို လူများ ပိုမို အသိအမှတ်ပြုလာကြပြီ။
ချင်းရှောင်ဂိုဏ်းအတွက် ချင်းရှောင်ဓား၏ အကြီးမားဆုံး အခန်းကဏ္ဍမှာ ၎င်းတို့၏ ဂိုဏ်းကို အလျင်အမြန် တိုးချဲ့ရန် ကူညီပေးခြင်း ဖြစ်ပြီး ထိုက်ခွန်းတောင်တန်းမှာ ချင်းရှောင်ဂိုဏ်း၏ တရားစီရင်ပိုင်ခွင့်အောက်သို့ အမှန်တကယ် ရောက်ရှိလာတော့သည်။
ထိုက်ခွန်းတောင်တန်းမှာ အမှန်ပင် ကျယ်ပြောလှသည်။ ယခင်က နာမည်ခံမျှသာ ချင်းရှောင်ဂိုဏ်းနှင့် သက်ဆိုင်ခဲ့သော်လည်း ယခုအခါ တပည့်များ၏ တည်ရှိမှုက ထိုက်ခွန်းတောင်တန်း တစ်ခွင်လုံး လွှမ်းခြုံသွားပြီ ဖြစ်ရာ အမှန်တကယ်ပင် ချင်းရှောင်ဂိုဏ်း၏ နယ်မြေ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
တပည့်များ ပိုမိုများပြားလာကာ ကျင့်ကြံခြင်းဂူများကို စတင် စူးစမ်းရှာဖွေလာသည်နှင့်အမျှ ကောင်းကင်လက်မှုပညာခန်းမက တပည့်များအား ကျင့်ကြံခြင်းဂူများကို ရွေးချယ်ခွင့်ပြုသည့် မူဝါဒ တစ်ခုကို ကြေညာခဲ့ပြီးနောက် ကောင်းကင်လက်မှုပညာခန်းမက ကျင့်ကြံခြင်းဂူများကို ပြုပြင်ရန် တပည့်များကို စေလွှတ်ပေးမည် ဖြစ်သည်။
ထိုက်ခွန်းတောင်တန်းမှာ ကျယ်ပြောသော်လည်း တပည့်များက စိတ်တိုင်းကျ တောင်းဆိုနိုင်သော နေရာတစ်ခု မဟုတ်ပေ။ နေရာတစ်ခုကို ရွေးချယ်ပြီးနောက် ၎င်းကို ထိန်းချုပ်ရေးခန်းမက ပြန်လည် စစ်ဆေးရမည် ဖြစ်ပြီး ညီမျှသော တာအိုကံကြမ္မာကို ပေးအပ်ရမည် ဖြစ်သည်။
ထို့အပြင် တပည့်များက ထိုက်ခွန်းတောင်တန်း၏ နေရာအသီးသီးတွင် ဆေးဖက်ဝင် အပင် စိုက်ခင်းများကို စတင် စိုက်ပျိုးလာကြသည်။
ယနေ့တွင် လီချင်းချိုးက တောင်ရွှေ့နတ်ဘုရားဖိနှိပ်ခြင်း နတ်ဘုရားစွမ်းပကားကို လေ့ကျင့်ပြီးစီးသွားပြီး လင်းရှောင်ခြံဝင်းသို့ ပြန်လာခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း သူသည် တောင်ရွှေ့နတ်ဘုရားဖိနှိပ်ခြင်း နတ်ဘုရားစွမ်းပကားကို လေ့လာနေခဲ့ပြီး တောင်ရွှေ့နတ်ဘုရားဖိနှိပ်ခြင်းဖြင့် ဂိုဏ်းရှိ တပည့်များကို အံ့အားသင့်စေမည့် မြင်ကွင်းကို သူ မျှော်လင့်နေပြီ ဖြစ်သည်။
ယနေ့ တောင်ရွှေ့နတ်ဘုရားဖိနှိပ်ခြင်းကို လေ့ကျင့်ရာတွင် အမြင့်ဆုံး အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သဖြင့် သူ့ကို အလွန် ပျော်ရွှင်စေခဲ့သည်။
သူက ရှည်လျားသော စားပွဲတွင် ဝင်ထိုင်လိုက်ရာ ထိုနေရာတွင် ယွမ်ချီက ဝိညာဉ်အရက် တစ်ခွက် ပြင်ဆင်ထားပေးသည်။ ဤဝိညာဉ်အရက်မှာ ကျင့်ကြံရေးခန်းမ၏ နောက်ဆုံးပေါ် အောင်မြင်မှု တစ်ခု ဖြစ်ပြီး ၎င်းကို သောက်သုံးခြင်းက မူလချီကို ပြန်လည် နာလန်ထူလာစေရန် ကူညီပေးနိုင်သည်။ စင်ပေါ်တင်လိုက်သည်နှင့် တစ်ပြိုင်နက် တပည့်များ၏ အလုအယက် ဝယ်ယူခြင်းကို ခံခဲ့ရသည်။
လီချင်းချိုးက တာအိုမျိုးဆက် မျက်နှာပြင်ကို အကျင့်ပါနေသလို ခေါ်ယူလိုက်ပြီး တပည့်သစ်များ၏ အခြေအနေကို အရင် စစ်ဆေးကြည့်လိုက်သည်။
ကောင်းတယ်….
ယနေ့တွင် နောက်ထပ် ကျင့်ကြံမှု ပါရမီ ထူးချွန်သော တပည့်တစ်ဦးကို ထပ်မံ တွေ့ရှိခဲ့ရပြန်ပြီ!
လီချင်းချိုး ဝမ်းသာအားရ ဖြစ်သွားသည်။ ချင်းရှောင်ဂိုဏ်းအတွက် သတ်မှတ်ချက်များမှာ ပိုပိုပြီး မြင့်မားလာနေပြီး အမည်ခံ တပည့်များအဖြစ် တိုက်ရိုက် ဝင်ရောက်နိုင်သူများမှာ အားလုံးက သိသာထင်ရှားသော ပါရမီများ ရှိကြသည်။
နောက်အတန်းတွင် သူ့ကို လက်ခံနိုင်ရန် မျှော်လင့်ချက်ဖြင့် ထိုတပည့်၏ အမည်ကို သူ တိတ်တဆိတ် မှတ်သားထားလိုက်သည်။
သူ့ပတ်ဝန်းကျင်တွင် ပါရမီရှင်များ အလုံအလောက် ရှိနေပြီ ဖြစ်ရာ အခြား ခန်းမများကိုလည်း အခွင့်အရေး ပေးရမည် ဖြစ်သည်။
တပည့်သစ်များကို ကြည့်ပြီးနောက် လီချင်းချိုးက ကံကြမ္မာများက သတ်မှတ်ထားသော ကံတရားတစ်ခုဆီသို့ ဦးတည်နေသော တပည့်များကို ကြည့်ရှုကာ ၎င်းတို့၏ ကံကြမ္မာများ ပြောင်းလဲသွားခြင်း ရှိ၊ မရှိကို ကြည့်လိုက်သည်။
မကြာမီမှာပင် လီချင်းချိုး မျက်ခုံးပင့်သွားသည်။ တကယ်ပဲ တစ်ယောက်ယောက်ရဲ့ ကံကြမ္မာက ပြောင်းလဲသွားခဲ့ပြီ!
【အမည်- ကျန်းဖိန်】
【ကျား/မ-ကျား】
【အသက်-၂၃】
【သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း) - ၈၉/၈၄ (အများဆုံး ၁၀၀)】
【ကျင့်ကြံမှု ပါရမီ - ကောင်းမွန်】
【နားလည်သဘောပေါက်နိုင်စွမ်း - သာမန်】
【ကံကြမ္မာ - သာမန်လူများ၊ ကံကောင်းခြင်းကို ရှာဖွေပြီး ဘေးဒုက္ခကို ရှောင်ရှားခြင်း၊ ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ကို အံတုခြင်း】
【သာမန်လူ တစ်ယောက်-သာမန် မွေးဖွားမှု၊ သာမန် ရုပ်ရည်၊ သာမန် စိတ်နေစိတ်ထား၊ အလွယ်တကူ လျစ်လျူရှုခံရနိုင်သည်】
【ကံကောင်းခြင်းကို ရှာဖွေပြီး ဘေးဒုက္ခကို ရှောင်ရှားခြင်း-ပြဿနာများနှင့် အန္တရာယ်များနှင့် ကြုံတွေ့ရသောအခါ ၎င်းကို ရှောင်ရှားရန် အမြဲတမ်း တွေးတောတတ်ပြီး ကံကောင်းမှု အတိုင်းအတာ တစ်ခုအထိ ပိုင်ဆိုင်ကာ သေချာမှု မရှိဘဲ ကိစ္စများကို မလုပ်ဆောင်တတ်ပေ။】
【ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ကို အံတုခြင်း- သင့်ဘဝတွင် သင့်ကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေး သုံးကြိမ် ရှိမည် ဖြစ်ပြီး သင့်တွင် နှစ်ကြိမ် ကျန်ရှိနေသေးသည်။】
ကံကြမ္မာကို တစ်ကြိမ် ပြောင်းလဲပြီးသွားပြီလား….
ကျန်းဖိန်၏ ကျင့်ကြံမှု ပါရမီမှာ သာမန်သာ ဖြစ်သော်လည်း ၎င်းကို အဆင့်တစ်ဆင့် မြှင့်တင်ပေးလိုက်ကြောင်း လီချင်းချိုး မှတ်မိနေသည်။ ဤသည်မှာ တာအို သို့မဟုတ် အခွင့်အရေး တစ်ခုခုနှင့် သက်ဆိုင်နေသလား။
ဒီကောင်လေးက တကယ်ပဲ တစ်ခုခုတော့ တစ်ခုခုပဲ…
ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ကို အံတုခြင်း ကံကြမ္မာကို သူ ကူးယူသင့်၊ မသင့် လီချင်းချိုး စဉ်းစားနေမိသည်။
သို့သော်လည်း ထိုအကြံအစည်ကို အလျင်အမြန် ပယ်ချလိုက်သည်။ ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ကို အံတုခြင်းကို သူ မလိုအပ်ဘဲ ကိုယ်ပိုင် စွမ်းအားကို မြှင့်တင်ရန်သာ ကံကြမ္မာကို လိုအပ်ခြင်း ဖြစ်သည်။
ကျန်းဖိန် ဂိုဏ်းသို့ ဝင်ရောက်လာကတည်းက လီချင်းချိုး သူ့ကို အာရုံစိုက်နေခဲ့ပြီး သူ့ကို ဂရုစိုက်ပေးရန် ကျန်းယွီချွန်းကို တိတ်တဆိတ် တောင်းဆိုခဲ့သည်။ ပွင့်ပွင့်လင်းလင်း မလုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ ကျန်းဖိန်ကို လန့်ဖြတ်သွားစေမည်ကို စိုးရိမ်သောကြောင့်ပင်။
နှစ်တွေ ကြာပြီးနောက် ကျန်းဖိန်၏ သစ္စာရှိမှု ၉၀ သို့ မရောက်သေးသဖြင့် လီချင်းချိုး လှုပ်ရှားသင့်ပြီဟု ခံစားလိုက်ရသည်။
သူက ခြံဝင်းအပြင်ဘက်ရှိ ယွမ်ချီထံသို့ စိတ်ချင်းဆက်သွယ်ကာ ကျန်းဖိန်ကို သွားရှာရန် ညွှန်ကြားလိုက်သည်။
ထို့နောက် သူ မတ်တပ်ရပ်၍ ယွင်ချိုင်ကို သွားရှာလိုက်သည်။
သူ ယွင်ချိုင်ကို သွားရှာရခြင်းမှာ အဓိကအားဖြင့် လီရှို့ကျန်းနှင့် လီရှို့မင်တို့ကို သူမ၏ ခြံဝင်းအတွင်းတွင် ထားရှိခဲ့ပြီး သူမ၏ ညီအစ်မ ခုနစ်ဦးက ထိုကောင်လေး နှစ်ယောက်ကို အလှည့်ကျ စောင့်ရှောက်ပေးနေသောကြောင့်ပင်။
ဤကောင်လေး နှစ်ယောက်စလုံးမှာ ထူးခြားသော ပါရမီရှင်များ ဖြစ်ကြပြီး ၎င်းတို့အပေါ် သူ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိထားသည်။
နောင်အနှစ်နှစ်ဆယ် ကြာသောအခါ ယွမ်လီ၊ ယွင်ချိုင်၊ ကျောက်ကျိန်းနှင့် ရှောင်ညီနောင်သုံးဖော်တို့ကဲ့သို့ ပါရမီရှင်များ ကြီးပြင်းလာပြီး ဓမ္မ တိုက်ပွဲ ညီလာခံတွင် မပါဝင်တော့သောအခါ လီရှို့ကျန်းနှင့် လီရှို့မင်တို့သည် မျိုးဆက်သစ်များ၏ ဦးဆောင်သူများ သေချာပေါက် ဖြစ်လာပေလိမ့်မည်။
ညနေခင်းတွင် လီချင်းချိုး လင်းရှောင်ခြံဝင်းသို့ ပြန်လာခဲ့ရာ ယွမ်ချီက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။
"အတွေ့အကြုံ ရဖို့ တောင်အောက် ဆင်းသွားတာလား... သူ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ..."
ယွမ်ချီ၏ စကားကို နားထောင်ပြီးနောက် လီချင်းချိုးက မနေနိုင်ဘဲ မေးလိုက်လေသည်။
အဲဒီကောင်လေး အန္တရာယ် ရှိနေမလား။
အကြောင်းပြချက် မရှိဘဲ ဘယ်လိုလုပ် ကိုယ့်ကံကြမ္မာကို ပြောင်းလဲနိုင်မှာလဲ။
"နှစ်လနီးပါး ရှိပါပြီ..." ဟု ယွမ်ချီက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
လီချင်းချိုးက မျက်မှောင်ကြုတ်လျက် ရှည်လျားသော စားပွဲဆီသို့ လျှောက်သွားလိုက်တော့ ယွမ်ချီက သူ့ အမူအရာကို မြင်သောအခါ ချက်ချင်း လိုက်ပါသွားပြီး ညွှန်ကြားချက်များကို စောင့်ဆိုင်းနေသည်။
သေချာ စဉ်းစားပြီးနောက်...
"ကျန်းဖိန်ကို ဘာတာဝန် ပေးထားလဲဆိုတာ သိရအောင် ရှောင်ညီနောင်သုံးဖော်ကို အတွေ့အကြုံရှာဖွေရေးခန်းမဆီ သွားခိုင်းလိုက်... ပြီးရင် ဒီကောင်လေး ပြဿနာ မတက်အောင် ကာကွယ်ဖို့ တောင်အောက်ဆင်းပြီး စုံစမ်းခိုင်းလိုက်ပါ..."
ယွမ်ချီ အံ့အားသင့်သွားခဲ့သည်။ ကျန်းဖိန်အပေါ် သူ အထင်ကြီးမှု သိပ်မရှိလှပေ။ ဤသူက ဂိုဏ်းချုပ်ကို ရှောင်ညီနောင်သုံးဖော်အား သူ့ကို ထောက်ပံ့ရန် စေလွှတ်အောင် မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်း။ ဤသူနှင့် ဂိုဏ်းချုပ်ကြားရှိ ဆက်ဆံရေးက ဘာလဲဆိုတာကို သူ မအံ့သြဘဲ မနေနိုင်တော့ချေ။
"ဟုတ်ကဲ့ပါ!"
ယွမ်ချီက ထပ်မံ မေးခွန်းများ မမေးတော့ဘဲ အမိန့်ကို ချက်ချင်း လက်ခံ၍ ထွက်သွားတော့သည်။
လီချင်းချိုးကတော့ ကျန်းဖိန် ဒုက္ခရောက်လိမ့်မည်ဟု မထင်ထားပေ၊ မည်သို့ပင်ဆိုစေ ကောင်လေးက ကံကြမ္မာကို ပြောင်းလဲပြီးပြီ ဖြစ်ရာ သူက ကျန်းဖိန် ဒုက္ခရောက်နေချိန်တွင် ကူညီပေးနိုင်ခြင်း ရှိ၊ မရှိကိုသာ မြင်တွေ့လိုခြင်း ဖြစ်သည်။
ချောက်ကမ်းပါးမှ လရောင် ဖြာကျနေပြီး ပေနှစ်ရာ နက်သော တွင်းကြီးတစ်ခုထဲသို့ ကျရောက်နေ၏။
တွင်းကြီး၏ အနက်ရှိုင်းဆုံး နေရာတွင် ရေကန်တစ်ခု ရှိနေပြီး ၎င်း၏ အောက်ခြေကို မမြင်ရဘဲ ညအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေသည်။
ကျန်းဖိန်က ရေကန်ဘေးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လျက် အထက်ရှိ ဂူပေါက်ဝအပြင်ဘက်မှ လမင်းကြီးကို မော့ကြည့်နေပြီး သူ၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်နေ၏။
အနီးကပ် သေချာကြည့်မည်ဆိုလျှင် သူ့ ခြေထောက်များမှာ အလွန် သဘာဝမကျသော အနေအထားတွင် ရှိနေပြီး ကျိုးနေကြောင်း ရှင်းလင်းစွာ ပြသနေသည်။
ဆံပင်များမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး သူ၏ ဝတ်ရုံများမှာ တစ်စိတ်တစ်ပိုင်း စုတ်ပြတ်နေကာ သူ့ကို အတော်လေး ဖရိုဖရဲ ဖြစ်နေပုံ ပေါက်စေသည်။
"ငါ တကယ်ပဲ ဒီမှာ သေရတော့မှာလား..."
ကျန်းဖိန်မှာ လုံးဝ ဆန္ဒမရှိပေ။ သူ့ရဲ့ အခြေခံ ဆေးပညာ စွမ်းရည်များမှာ ကျိုးနေသော ခြေထောက်ကို ကုသရန် လုံးဝ မလုံလောက်ဘဲ ဤနေရာမှ လွတ်မြောက်ရန်ဆိုသည်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ဒီလို ဖြစ်လာမယ်မှန်း သိရင် သူ တောင်အောက် မဆင်းခဲ့သင့်ဘူး…..
ဂိုဏ်းအတွင်းရှိ အာဏာလုပွဲများက သူ့အတွက် ခေါင်းကိုက်စရာ ဖြစ်ခဲ့သော်လည်း ၎င်းတို့က သူ့ကို ဤမျှ မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေမျိုးအထိ ရောက်အောင် မတွန်းပို့သင့်ပေ။
ဤအခိုက်အတန့်တွင် အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး တစ်ဦး အမှောင်ထဲမှ ထွက်လာသည်။ သူမ၏ ဝတ်ရုံများမှာ ရေစိုနေပြီး ကျော့ရှင်းသော ကိုယ်ဟန်ကို ပေါ်လွင်နေစေသည်။ သူမ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေသော်လည်း လှပသော မျက်နှာမှာ တောက်ပပြီး ဆွဲဆောင်မှု ရှိနေဆဲပင်။
သူမ၏ လက်ထဲတွင် လက်သီးဆုပ်ခန့် ရှိသော တောက်ပသော အနီရောင် သစ်သီး အချို့ကို ကိုင်ထားသည်။
သူမက ကျန်းဖိန်အနားသို့ သွားကာ သစ်သီးများကို ခြေထောက်ပေါ် တင်ပေးလိုက်ပြီး သစ်သီးများ ကျောက်တုံးများပေါ်မှ လိမ့်မကျသွားစေရန် ကျန်းဖိနိ၏ ကျိုးနေသော ခြေထောက်ကို ဟပေးလိုက်သည်။
ကျန်းဖိန်သည် နာကျင်မှုကို မခံစားရတော့သော်လည်း တစ်ဖက်လူ၏ အပြုအမူကြောင့် နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။
"အနည်းဆုံးတော့ ငါ့ရဲ့ ဒဏ်ရာတွေကို လေးစားလို့ မရဘူးလား... ငါက မင်းကို ကယ်ရင်း ဒဏ်ရာရခဲ့တာလေ..."
မုရုံရှီးက …
"အကယ်၍ ရှင်ကို မလေးစားရင် ရှင်ကို ပြုစုပေးပြီး ဒီသစ်သီးတွေကို ရှင့်အတွက် ရှာပေးမှာ မဟုတ်ဘူး..."
"ဒီမှာ ဘာမှမလုပ်ဘဲ ရပ်နေမယ့်အစား အဲဒီနံရံပေါ်က နတ်ဘုရားစွမ်းပကားကို လေ့ကျင့်ကြည့်ပါလား... အဲဒါက ရှင့်ရဲ့ ကျိုးနေတဲ့ ခြေထောက်ကို ကုသပေးနိုင်ကောင်း ကုသပေးနိုင်လိမ့်မယ်..."
ထိုစကားကို ကြားသောအခါ ကျန်းဖိန် နှုတ်ဆိတ်သွားကာ သစ်သီးတစ်လုံးကို ကောက်ယူပြီး စတင် စားလိုက်သည်။
ထိုအမူအရာကို မြင်သောအခါ မုရုံရှီးက ဒေါသတကြီးဖြင့်….
"ရှင့်ရဲ့ သိုင်းပညာက အတော်လေး ကောင်းတာပဲ... နံရံပေါ်က လျှို့ဝှက်သိုင်းပညာရဲ့ ထူးခြားတဲ့ သဘာဝကို ရှင် ဘယ်လိုလုပ် မမြင်နိုင်ရတာလဲ..."
ကျန်းဖိန်က ချင်းရှောင်ဂိုဏ်း တပည့်တစ်ဦး ဖြစ်ကြောင်း သူမ မသိချေ။
ကျောက်ကျိန်းသည်လည်း ထိုအမြင့်ဆုံး သိုင်းပညာဟု ခေါ်သော အရာကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သိုင်းလောကတွင် ၎င်းမှာ အမှန်တကယ်ပင် နတ်ဘုရားစွမ်းပကား တစ်ခု ဖြစ်သော်လည်း ဟွမ်ယွမ်ကျမ်းစာနှင့် ယှဉ်လျှင် ၎င်းမှာ လုံးဝ အပြောခံရလောက်အောင် တန်ဖိုးမရှိချေ။
သူ့လို ကျင့်ကြံသူ တစ်ဦးကို သိုင်းပညာ၊ အထူးသဖြင့် အတွင်းအား ကျင့်စဉ်များကို သင်ယူခိုင်းခြင်းက အချိန်ဖြုန်းရုံ သက်သက်သာ ဖြစ်ပေလိမ့်မည်။
သူက ဤအကြောင်းကို မုရုံရှီးအား မရှင်းပြနိုင်ခဲ့ပေ။
"မင်း သင်ချင်တယ်ဆိုရင် ကိုယ့်ဘာသာ သွားသင်လေ... ဘယ်သူသိမှာလဲ... မင်းရဲ့ ရန်သူက တစ်နေ့ကျရင် မင်းရဲ့ တံခါးကို လာခေါက်ပြီး မင်းကို ပြဿနာ လာရှာနိုင်တယ်..."
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမ ပေးခဲ့သော ပြုစုစောင့်ရှောက်မှုများကို တွေးမိသောအခါ ကျန်းဖိန်၏ နှလုံးသားမှာ နူးညံ့သွားပြန်သည်။
"ဒီလောက် မြင့်တာကို သူတို့က ဘယ်လို အောက်ဆင်းလာမှာလဲ..."
"မင်းကို ငါ မေးချင်နေတာ ကြာပြီ... မင်း ဘယ်သူလဲ၊ ပြီးတော့ အဲဒီ အရှင်သခင်တွေက မင်းကို ဘာလို့ ပြဿနာ လာရှာနေကြတာလဲ..."
သူ ယခင်က မေးချင်ခဲ့သော်လည်း ပိုကြီးမားသော ပြဿနာများတွင် ပါဝင်ပတ်သက်မိမည်ကို စိုးရိမ်ခဲ့သည်။ ယခု သူ လွတ်မြောက်ရန် မျှော်လင့်ချက် မမြင်ရတော့သဖြင့် ဘာပဲဖြစ်ဖြစ် မေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။
"ကျွန်မက မုရုံအိမ်တော်က လာတာပါ... ရှင် ကြားဖူးလား... အဲဒီလူတွေက ကျွန်မတို့လူမျိုးတွေပဲ... သူတို့က ကျွန်မဆီကနေ ရတနာ တစ်ခုကို ခိုးချင်နေကြတာ..."
အကယ်၍ သူမ ပြုတ်ကျစဉ်က ကျန်းဖိန်သာ သူမကို မဖမ်းပေးခဲ့လျှင် အခုနေလောက်ဆို တစ်စစီ ကြေမွသွားမည် ဖြစ်ရာ ထို့ကြောင့်ပင် ကျန်းဖိန်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။
***