[သို့သော် နတ်တောင်ပံမင်းဆက်၏ ဧကရာဇ် မျှော်လင့်မထားခဲ့သောအရာမှာ မဟာဝေမင်းဆက်၏ စစ်တပ်ကို မူလဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးက ဦးဆောင်လာခြင်းပင်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူဆယ်ဦးကျော်နှင့် အခြေတည်အဆင့်ကျင့်ကြံသူ တစ်ထောင်ကျော်လည်း ပါဝင်လာခဲ့သည်။]
[ဤသည်မှာ ကြီးမားသော မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းကြီးတစ်ခုနှင့် ရင်ပေါင်တန်းနိုင်သည့် တိုက်ခိုက်ရေးစွမ်းအားရှိသော စစ်တပ်ကြီးတစ်ခု ဖြစ်လေသည်။]
[နတ်တောင်ပံမင်းဆက်၏ ဧကရာဇ် စေလွှတ်လိုက်သော စစ်တပ်မှာ မဟာဝေမင်းဆက်၏ ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် မဟာဝေမင်းဆက်၏ အနိုင်ယူချေမှုန်းခြင်းကို ခံလိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် မြို့အနည်းငယ်မှာ မဟာဝေမင်းဆက်၏ လက်အောက်သို့ ကျရောက်သွားခဲ့ရသည်။]
[မင်းဆက်နှစ်ခုကြားရှိ ပိုမိုပြင်းထန်လာသော ပွတ်တိုက်မှုများက အိမ်နီးချင်း နိုင်ငံပေါင်းဒါဇင်နှင့်ချီ၍ အာရုံစိုက်လာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။]
[အသက် ၁၃၉ နှစ်၊ မဟာဝေမင်းဆက်၏ ရွှေအမြုတေအဆင့် သံတမန်တစ်ဦးသည် နတ်တောင်ပံမင်းဆက်၏ နန်းတော်မြို့တော်အတွင်းသို့ တစ်ကိုယ်တော်ဝင်ရောက်လာခဲ့ပြီး နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်နှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့လေသည်။]
"သူက ငါ့နယ်မြေကို ကျူးကျော်ပြီး ငါ့မြို့ကို သိမ်းပိုက်ထားတာတောင်မှ ငါနဲ့ တွေ့ဖို့ တောင်းဆိုရဲတဲ့ သတ္တိ ရှိနေသေးတယ်ပေါ့။ သူက ဘယ်လို ရည်ရွယ်ချက်မျိုး ရှိနေတာလဲ။ ဒီကောင်က သူ့ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်ဖို့ လူတွေကို ငါ အမိန့်ပေးလိုက်မှာ မကြောက်ဘူးလား"
နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်သည် မယုံကြည်နိုင်ဖြစ်နေစဉ်မှာပင် သူ၏နှလုံးသားထဲရှိ ဒေါသများကလည်း မြင့်တက်လာခဲ့ပေသည်။
သူ၏ နတ်တောင်ပံမင်းဆက်မှာ မဟာဝေမင်းဆက်ထက် နိမ့်ကျနေမည် မဟုတ်ချေ။ ထို့အပြင် လက်ရှိ မဟာဝေဧကရာဇ်မှာ တစ်နေရာရာတွင် တံခါးပိတ် ကျင့်ကြံနေဆဲဖြစ်ကြောင်း မဆိုထားနှင့်ဦး။ ယခုအခါတွင် မိန်းကလေးတစ်ဦးက ဤမင်းဆက်ကို တာဝန်ယူ အုပ်ချုပ်နေခြင်းဖြစ်လေသည်။
'သူက မိန်းကလေး တစ်ယောက်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ဆိုလိုချင်တာလား။'
'ရယ်စရာကောင်းလိုက်တာ..'
"အရှင်မင်းမြတ်..." ဤအချိန်တွင် မှူးမတ်တစ်ဦးက ရုတ်တရက် လေးလေးနက်နက် လျှောက်တင်လိုက်၏။ "မဟာဝေမင်းဆက်က အခြေခံအားဖြင့် ရိုးရှင်းမနေဘူးလို့ ကျွန်တော်မျိုး ရဲရဲကြီး ပြောဝံ့ပါတယ်။ တစ်ဖက်လူမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ သူတို့ဆီမှာ တွေးကြည့်လို့တောင် မရနိုင်တဲ့ အခြေခံအုတ်မြစ်တစ်ခု ရှိနေရပါမယ်။"
"အကယ်၍ မင်းဆက်နှစ်ခုကြားက ဒေါသတွေသာ ပိုပိုပြီး ကြီးမားလာမယ်ဆိုရင်၊ မကြာခင် ရောက်လာမယ့် အကျိုးဆက်တွေက ပြောင်းလဲလို့မရနိုင်လောက်အောင် ဆိုးရွားသွားပါလိမ့်မယ်။"
နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ "အမတ်မင်း၊ မင်းက ငါ့ကို ဒီကိစ္စအတွက် သည်းခံခိုင်းနေတာလား"
"ဟွန့်" သူက ပြတ်သားစွာ ငြင်းဆန်လိုက်၏။ "ငါက နတ်တောင်ပံမင်းဆက်ရဲ့ ဧကရာဇ်ပဲ။ ချန်နင်လို့ခေါ်တဲ့ မဟာဝေမင်းဆက်ရဲ့ အဲဒီအိမ်ရှေ့မင်းသမီးက ဘယ်သူမို့လို့လဲ။ သူမကို သည်းခံပေးဖို့ တောင်းဆိုရအောင် သူမက ဘယ်သူမို့လို့လဲ။ ငါ့ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုရအောင် သူမက ဘယ်သူမို့လို့လဲ"
"အကယ်၍ သူမက တိုက်ခိုက်ချင်တယ်ဆိုရင်လည်း တိုက်ကြတာပေါ့"
"သူမက စစ်သည်တစ်သိန်း စေလွှတ်လိုက်တာ မဟုတ်လား။ အဲ့ဒါဆိုရင် သူမရဲ့တပ်တွေကို ချေမှုန်းဖို့ ငါက စစ်သည်နှစ်သိန်း စေလွှတ်ပေးမယ်။ သူမဆီမှာ မူလဝိညာဉ်အဆင့်တစ်ယောက်ပါလာရင် ငါကလည်း မူလဝိညာဉ်အဆင့်တစ်ယောက် စေလွှတ်မယ်... ပြီးတော့ သူမထက် ပိုများတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေနဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေကိုပါ ငါ စေလွှတ်မယ်"
"တစ်သိန်းကိုနှစ်သိန်းနဲ့ တိုက်မှာ... သူမ တားဆီးနိုင်ပါ့မလား"
"အသာစီးရနေတာက ငါပဲ"
[အသက် ၁၄၀ နှစ်၊ မဟာဝေမင်းဆက်နှင့် နတ်တောင်ပံမင်းဆက်တို့ကြားရှိ စစ်ပွဲများမှာ ပို၍ပို၍ မကြာခဏ ဖြစ်ပွားလာခဲ့သည်။ ချန်ချန်ရွှယ်သည် စစ်သည်အင်အား တစ်သိန်းမကကိုပင် စုဆောင်းခဲ့ပြီး ပထမစစ်ကူတပ်ဖွဲ့ကို ထောက်ပံ့ရန်အတွက် နတ်တောင်ပံမင်းဆက်အတွင်းသို့ ဝင်ရောက်ရန် အမိန့်ပေးခဲ့သည်။]
[ထိုနှစ်တွင်ပင်၊ နတ်တောင်ပံမင်းဆက်အတွင်းရှိ မိစ္ဆာကျင့်ကြံသူများသည် အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဤအရေးကြီးသောအချိန်တွင် ကမောက်ကမများ ဖန်တီးရန် ထွက်ပေါ်လာခဲ့ကြသည်။ မိစ္ဆာကျင့်ကြံသူ အမြောက်အမြားက ကမောက်ကမဖြစ်အောင် ဖန်တီးနေကြသဖြင့် နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်အတွက် ၎င်းတို့ကို ဖြေရှင်းရန် ခက်ခဲသွားစေခဲ့သည်။]
[နတ်တောင်ပံမင်းဆက်သည် မင်းဆက်အတွင်းရှိ ကမောက်ကမများကို အတင်းအဓမ္မ နှိမ်နင်းရန် စစ်သည်အင်အားအမြောက်အမြားကို စုဆောင်းရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။]
[ဤကာလအတွင်း ၎င်းက မဟာဝေမင်းဆက်အား ပို၍ ကြီးမားသောအခွင့်အရေးကို ပေးအပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပေသည်]
[ပြည်တွင်းပြည်ပ ဖိအားများကြောင့် နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်သည် နောက်ဆုံးတွင် မတတ်သာဘဲ မဟာဝေမင်းဆက်၏ သံတမန်နှင့် တွေ့ဆုံခဲ့ရလေသည်။]
[နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်နှင့် မဟာဝေ မင်းဆက်၏ သံတမန်တို့သည် အမွှေးတိုင်နှစ်တိုင်စာ အချိန်မျှပင် မကြာလိုက်ဘဲ စကားပြောဆိုပြီးနောက် မဟာဝေမင်းဆက်၏ သံတမန်မှာ နန်းတော်ထဲမှ မောင်းထုတ်ခံလိုက်ရသည်။ နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်မှာ ပို၍ပင် ဒေါသထွက်သွားခဲ့ပေသည်။]
"ခွေးကောင်...ခွေးကောင်.." နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်သည် မဟာဝေမင်းဆက်၏ သံတမန်ကို အသားစဉ်းကော ဖြစ်သွားသည်အထိ ရိုက်ပုတ်ချင်နေခဲ့လေသည်။ သူ၏ ကျင့်ကြံခြင်းမှာ ချန်ဖုန်းရင်လောက် မမြင့်မားသော်လည်း သူသည် အနည်းဆုံး မူလဝိညာဉ်အဆင့်ပထမအလွှာရှိ စွမ်းအားရှင်တစ်ဦး ဖြစ်ပေသည်။
အကယ်၍ ဤရိုက်ချက်သာ သူ့ကို ထိမှန်သွားမည်ဆိုပါက ရွှေအမြုတေအဆင့်တွင်သာ ရှိသေးသော သံတမန်တစ်ဦးအနေဖြင့် သေချာပေါက် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
"ဒီလို အရေးကြီးတဲ့ အချိန်ကျမှ နတ်တောင်ပံမင်းဆက်ထဲမှာ မိစ္ဆာကျင့်ကြံသူအများအပြား ပြဿနာလာရှာနေကြတဲ့ အကြောင်းရင်းက သေချာပေါက် မဟာဝေက ဖန်တီးထားတဲ့ ထောင်ချောက်ပဲ။ တစ်ဖက်လူက အရာအားလုံးကို ကြိုတင် စီစဉ်ထားပြီးသားပဲ။ သူတို့ရဲ့ ထောင်ချောက်ထဲကို ငါကျဆင်းသွားမယ့်အချိန်ကို သူတို့ စောင့်နေကြတာ"
"ငါက အခြေအနေကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ဖို့ ရွေးချယ်မယ်ဆိုတာကို သူတို့ ကြိုတင်မျှော်လင့်ထားခဲ့တာပဲ။ ဒါကြောင့်မလို့ အခုလေးတင်က အဲဒီ ကျိန်စာသင့်နေတဲ့ ခွေးကောင်က ငါ့ရှေ့မှာ အရိုအသေ မပေးတာ၊ ပြီးတော့ တောင်းဆိုမှုတွေ အများကြီး လုပ်ရဲတာပေါ့"
"အဲဒီခွေးကောင်က မဟာဝေမင်းဆက်ရဲ့ ဆုံးရှုံးမှုတွေအတွက် နတ်တောင်ပံမင်းဆက်က လျော်ကြေးပေးဖို့ အမှန်တကယ် တောင်းဆိုနေတယ်ပေါ့"
"ငါ့မင်းဆက်ထဲက မြို့ရှစ်မြို့ ကိုးမြို့လောက်ကို သိမ်းပိုက်ထားတာ သူတို့လူတွေပဲ။ မိစ္ဆာကျင့်ကြံသူတွေနဲ့ လျှို့ဝှက်ပူးပေါင်းပြီး နတ်တောင်ပံမင်းဆက်ကို ဒုက္ခပေးနေတာလည်း သူတို့လူတွေပဲ။ ငါ စေလွှတ်လိုက်တဲ့ တပ်တွေကို ထပ်ခါတလဲလဲ ချေမှုန်းပစ်ခဲ့တာလည်း သူတို့ပဲ"
"ဒါတောင် အခုတော့... သူတို့ကို ငါက လျော်ကြေးပေးရမယ်လို့ သူတို့က တောင်းဆိုနေတာလား။ တကယ်တော့ ဘယ်သူက ဘယ်သူ့ကို လျော်ကြေးပေးသင့်တာလဲကွ"
သူ၌ နှစ်တစ်ထောင်စာ ဉာဏ်နီဉာဏ်နက်များ ရှိနေသော်ငြားလည်း သူ၏စိတ်တည်ငြိမ်မှုများမှာ မျက်စိတစ်မှိတ်အတွင်း ပြိုကျပျက်စီးသွားခဲ့ရလေသည်။
ဘယ်သူကမှ သူ့ကို ဒီလိုမျိုး လာရောက်ညှိနှိုင်းရဲခြင်း မရှိခဲ့ဖူးချေ။
'မဟုတ်ဘူး... ဒါက ညှိနှိုင်းတာ မဟုတ်တော့ဘူး။ ဒါက ခြိမ်းခြောက် ငွေညှစ်နေတာပဲ....'
'အဲဒီ အသုံးမကျတဲ့ သံတမန်က ဘယ်လိုလုပ် ဒါကို လုပ်ရဲတာလဲ။ မဟာဝေမင်းဆက်က ဘယ်လိုလုပ် ဒီလို လုပ်ရဲတာလဲ။ မဟာဝေကို တာဝန်ယူထားတဲ့ အဲဒီ ကလေးမလေးက ဘယ်လိုလုပ် ဒါကိုလုပ်ရဲတာလဲ။ မဟာဝေမင်းဆက်က သူမရဲ့ လက်ထဲမှာ ဖျက်ဆီးခံလိုက်ရမှာကို သူမ မကြောက်ဘူးလား။'
မင်းဆက်နှစ်ခုကြားတွင် ကြီးမားသော စစ်ပွဲကြီးတစ်ခု စတင်ရန် အမိန့်ကို သူ အမှန်တကယ်ပေးချင်နေခဲ့လေသည်။
စစ်သည် ရာဂဏန်းသို့မဟုတ် သိန်းဂဏန်းမျှလောက်သာ စေလွှတ်မည့်အစား သူတို့သည် တစ်ဖက်နှင့်တစ်ဖက် စစ်သည်သန်းဂဏန်း သို့မဟုတ် ကုဋေဂဏန်းမျှလောက်အထိ စေလွှတ်တိုက်ခိုက်ကြမည် ဖြစ်ပေသည်။
နိုင်ငံတော်၏ကံကြမ္မာအတွက် သူတို့ စစ်ပွဲတစ်ခုကို စတင်ကြမည် ဖြစ်လေသည်။
သို့သော်...
ဤချဲ့ကားထားသောအတွေးများ သူ၏စိတ်ထဲတွင် ပေါ်လာသောအခါ ရုတ်တရက် ပေါ်ထွက်လာသည့် ဆင်ခြင်တုံတရားများက သူ၏နဖူးပေါ်သို့ လောင်းချလိုက်သော ရေအေးတစ်ခွက်ကဲ့သို့ဖြစ်သွားခဲ့ရသည်။
၎င်းက သူ့ကို အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းသွားစေခဲ့သည်။
အကယ်၍ မင်းဆက်နှစ်ခုက အဲဒီအဆင့်အထိ တကယ်ပဲ ရောက်သွားမယ်ဆိုရင် ရိုးရိုးသားသား ပြောရလျှင် မဟာဝေမင်းဆက်ကို အနိုင်ယူနိုင်ဖို့ သူ၏ နှလုံးသားထဲတွင် ရာခိုင်နှုန်းပြည့် ယုံကြည်ချက် ရှိမနေခဲ့ချေ။
သို့သော် မဟာဝေမင်းဆက်၏ သည်းခံနိုင်စွမ်း ကန့်သတ်ချက်ကို နှစ်ကြိမ်ဆက်တိုက် စမ်းသပ်ခံလိုက်ရခြင်းက သူ့ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
၎င်းက သူ့ကို အလွန်အမင်း ကျေနပ်မှုမရှိဖြစ်စေခဲ့ပေသည်။
အထူးသဖြင့် သူနှင့် စစ်တုရင်ကစားနေသူမှာ အသက် ၁၀၀ ကျော်မျှသာ ရှိသေးသော ကလေးမလေးတစ်ဦး ဖြစ်နေကြောင်း သူ သိရှိထားသောအခါတွင် ပို၍ပင် ဆိုးရွားလှပေသည်။
***