သူသည် ပို၍ပင် မကျေမနပ် ဖြစ်နေခဲ့သည်။
ဧကရာဇ်၏စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြတ်ပြေးသွားပြီး အံကြိတ်ကာ ပြောလိုက်၏။ "လာကြစမ်း၊ အဲဒီကောင်ကို ငါ့ဆီ ပြန်ခေါ်ခဲ့.... ပြီးတော့ ဝန်ကြီးချုပ်ကို လာခဲ့ဖို့ အမိန့်ပေးလိုက်။ အဲဒီကောင်နဲ့ သေသေချာချာ ဆွေးနွေးခိုင်းလိုက်"
သို့သော် ဤတစ်ကြိမ်တွင်မူ တစ်ဖက်လူနှင့် သူကိုယ်တိုင် စကားပြောဆိုနိုင်မည် မဟုတ်ချေ။ တစ်ဖက်လူကို မောင်းထုတ်ပြီးမှ ပြန်ခေါ်ရသည်မှာပင် လုံလောက်အောင် ရှက်စရာကောင်းနေခဲ့ပြီဖြစ်သည်။
အကယ်၍ မဟာဝေသံတမန်ကို သူသာ ထပ်ပြီး ရင်ဆိုင်ရမည်ဆိုပါက... သူ တကယ်ပဲ ရူးသွပ်သွားမည်ကို နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်က စိုးရိမ်နေခဲ့လေသည်။
[နတ်တောင်ပံမင်းဆက်၏ ဝန်ကြီးချုပ်နှင့် မဟာဝေ မင်းဆက်၏ သံတမန်တို့သည် ခုနစ်ရက်တိတိ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ နောက်ဆုံးတွင် နတ်တောင်ပံမင်းဆက်၏ ဝန်ကြီးချုပ်မှာ ဤပွတ်တိုက်မှု၌ အလျှော့ပေးရန် လုံလောက်သော ဆင်ခြင်တုံတရား ရှိနေခဲ့သည်။]
[နှစ်ဖက်စလုံး၏ သဘောတူညီချက်မှာ မဟာဝေ မင်းဆက်၏ တပ်ဖွဲ့များအားလုံး တစ်လအတွင်း နတ်တောင်ပံမင်းဆက်၏ နယ်စပ်များမှ ဆုတ်ခွာပေးရန်ပင် ဖြစ်လေသည်။]
[နတ်တောင်ပံမင်းဆက်ကလည်း မဟာဝေမင်းဆက်အား ကြီးမားသော လျော်ကြေးငွေပမာဏတစ်ခုကို ပေးအပ်ရန် လိုအပ်ပေသည်။]
ဤသည်မှာ မဟာဝေမင်းဆက်၏ သံတမန် ရရှိနိုင်သော အကောင်းဆုံး သဘောတူညီချက်ပင် ဖြစ်၏။ ဤကြီးမားသော လျော်ကြေးငွေပမာဏမှာ နတ်တောင်ပံမင်းဆက်ကို အချိန်ကာလတစ်ခုအထိ ရင်နာသွားစေရန် လုံလောက်နေခဲ့သည်။
မူလက မဟာဝေမင်းဆက်၏ သံတမန်သည် နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်အား မိမိကိုယ်ကိုယ် အပြစ်တင်သည့် အမိန့်ပြန်တမ်းကို ကြေညာရန်နှင့် မဟာဝေမင်းဆက်အား ရန်စမိခြင်းမှာ အမှားတစ်ခုဖြစ်ကြောင်း ဝန်ခံရန် တောင်းဆိုခဲ့သည်။
နောက်ဆုံးတွင် နတ်တောင်ပံမင်းဆက်၏ ဝန်ကြီးချုပ်သည် မည်သို့ပင်ဖြစ်စေ ဤကိစ္စနှင့်ပတ်သက်၍ နောက်ဆုတ်ပေးရန် ငြင်းဆန်ခဲ့ရာ မဟာဝေ၏ သံတမန်ကို အလွန် နောင်တရသွားစေခဲ့ပေသည်။
ရွှေအမြုတေအဆင့်ရှိ သံတမန်တစ်ဦးအနေဖြင့် သူသည် သူ၏ဘဝတွင် ဂုဏ်အယူရဆုံးအချိန်ကာလကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုနိုင်ပေသည်။
သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် နတ်တောင်ပံမင်းဆက် တစ်ခုလုံးကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့သည်။ သူတို့သည် သူ့ကို မည်သို့မျှ မလုပ်နိုင်ခဲ့ကြချေ။ သူသည် တောက်ပသော ဘဝတစ်ခုကို အမှန်တကယ် ဖြတ်သန်းခဲ့ရပြီ ဖြစ်သည်။
တစ်လအကြာတွင်။
မဟာဝေမင်းဆက်၏ တပ်ဖွဲ့များအားလုံးသည် နတ်တောင်ပံမင်းဆက်မှ ဆုတ်ခွာသွားခဲ့ကြသည်။
နတ်တောင်ပံမင်းဆက်၏ သိုလှောင်အိတ်ရာပေါင်းများစွာကိုလည်း မဟာဝေမင်းဆက်၏ သံတမန်က ယူဆောင်သွားခဲ့လေသည်။
နတ်တောင်ပံမင်းဆက်နှင့် မဟာဝေမင်းဆက်တို့ကြားရှိ ညှိနှိုင်းမှုများမှာ နတ်တောင်ပံမင်းဆက်အတွင်း၌ သိပ်ပြီး လူသိမများခဲ့ချေ။
မည်သို့ပင်ဆိုစေ သူတို့၏မင်းဆက်ကို အရှက်ရစေသော ဤကဲ့သို့သော ကိစ္စမျိုးကို မည်သို့ လူသိရှင်ကြား ကြေညာနိုင်မည်နည်း။
နတ်တောင်ပံမင်းဆက်၏ နန်းတွင်းတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့လေသည်။
သို့သော် မဟာဝေမင်းဆက်သည် နတ်တောင်ပံမင်းဆက်နှင့် ဤမျှလောက် ပူးပေါင်းဆောင်ရွက်ပေးမည် မဟုတ်သလို နတ်တောင်ပံမင်းဆက်အတွက် မည်သည့် မျက်နှာကိုမျှ ချန်ထားပေးမည် မဟုတ်ချေ။
ချန်ချန်ရွှယ်၏ အချက်ပြမှုအောက်တွင် ဤကိစ္စမှာ မဟာဝေမင်းဆက် တစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့၏။
မဟာဝေ မင်းဆက်၏ ပြည်သူများ အားလုံး ဤကိစ္စကို သိရှိသွားပြီးနောက် သူတို့ အားလုံးမှာ မယုံကြည်နိုင် ဖြစ်သွားခဲ့ရကြသည်။
ဤမျှ တိုတောင်းသော အချိန်ကာလအတွင်း ဤကဲ့သို့သော ကြီးမားသည့် ဖြစ်ရပ်မျိုး ဖြစ်ပွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
၎င်းက သူတို့ကို အငိုက်မိသွားစေခဲ့လေသည်။
"ရှူး.. နတ်တောင်ပံမင်းဆက်က လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မဟာဝေမင်းဆက်ကို ကျူးကျော်ဖို့ စစ်တပ်တွေကို တကယ် စေလွှတ်ခဲ့ပြီး၊ မီးရှို့၊ သတ်ဖြတ်၊ လုယက်မှုတွေ လုပ်ခဲ့လို့ မဟာဝေပြည်သူတွေ အများကြီး သေဆုံးခဲ့ရတယ်ပေါ့။ အိမ်ရှေ့မင်းသမီးက နတ်တောင်ပံမင်းဆက်ကို ကျူးကျော်ဖို့ စစ်တပ်တွေ စေလွှတ်ခဲ့တာ မဆန်းတော့ပါဘူး"
"လက်ရှိ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်နေတဲ့ ဒီအိမ်ရှေ့မင်းသမီးက ဒီလောက်ပြင်းထန်ပြီး သွေးဆာတဲ့ စရိုက်မျိုး ရှိနေတာပဲ... သူမက မိန်းမတစ်ယောက် ဖြစ်နေတာ အသိသာကြီးပေမယ့် သူမရဲ့သတ္တိက ယောက်ျားတစ်ယောက်ထက်တောင် ပိုမြင့်မားနေသေးတယ်။ ရန်သူ့နိုင်ငံကို စကားတစ်ခွန်းတောင် မပြောဘဲ သူမ တိုက်ခိုက်ပစ်ခဲ့တာ။"
"ကောင်းတယ်... အဲဒီလူယုတ်မာလေးတွေကို ခြောက်လှန့်ဖို့ ငါတို့ ပြင်းထန်တဲ့နည်းလမ်းတွေကို အသုံးပြုသင့်တယ်။ အသေးအဖွဲ နတ်တောင်ပံ မင်းဆက်ကများ ငါတို့ မဟာဝေကို ကျူးကျော်ရဲရင် သူတို့ရဲ့ လက်သည်းတွေကို ငါတို့ ခုတ်ဖြတ်ပစ်ရမယ်"
"နတ်တောင်ပံမင်းဆက်က မဟာဝေမင်းဆက်ကို ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး ၃,၀၀၀၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀၊ အနိမ့်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀၊ အမျိုးမျိုးသော ဝိညာဉ်ဆေးလုံးနဲ့ အံ့ဖွယ်ဆေးလုံး ပုလင်း ၅,၀၀၀၊ ဝိညာဉ်ဆေးပင် အမျိုးမျိုး အပင် ၃၀,၀၀၀ နဲ့ မသေမျိုးကျင့်ကြံခြင်း ကျင့်စဉ် ၂၀၀ ကျော်ကို လျော်ကြေးပေးခဲ့တယ်ပေါ့... ကောင်းကင်ဘုံ.... ဒီလောက် လွန်ကဲတဲ့ လျော်ကြေးငွေတွေပဲ... နတ်တောင်ပံမင်းဆက်ရဲ့ ဧကရာဇ်က အရမ်း ရက်ရောတာပဲနော်"
"ဘာလွန်ကဲတဲ့ လျော်ကြေးငွေလဲ။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူးလား။ အိမ်ရှေ့မင်းသမီးက လျော်ကြေးငွေရဲ့ ၁၀ ရာခိုင်နှုန်းကို စစ်သည်တွေကို ဆုချဖို့ အသုံးပြုပြီး ကျန်တာတွေကို ပြည်သူတွေရဲ့ နေထိုင်မှုဘဝ တိုးတက်စေဖို့ အသုံးပြုမယ်လို့ ကြေညာတုန်းက ပြောခဲ့တယ်လေ"
"ဒါက... အိမ်ရှေ့မင်းသမီးက အရမ်းရိုးအလွန်းမနေဘူးလား။ အကယ်၍ သူမကိုယ်တိုင်သာ ဒီရတနာတွေကို သိမ်းဆည်းပြီး မခွဲဝေပေးဘူးဆိုရင် အကျင့်ပျက်အရာရှိတွေက အဲဒါတွေကို အလွဲသုံးစား လုပ်ပစ်ကြမှာ မဟုတ်ဘူးလား။"
"အာ... အဲဒီလိုတော့ မဖြစ်လောက်ပါဘူး၊ ဟုတ်တယ်မလား"
"..."
ဤကိစ္စမှာ မဟာဝေမင်းဆက်အတွင်း၌ ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်မှုကြီးကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းကို နတ်တောင်ပံမင်းဆက်အား လူသိရှင်ကြား ကွပ်မျက်လိုက်ခြင်းဟုပင် သတ်မှတ်နိုင်ပေသည်။
၎င်းက မဟာဝေမင်းဆက်အတွင်းရှိ ပြည်သူများကို အိမ်နီးချင်းနိုင်ငံများ ယူဆောင်လာသော အန္တရာယ်များကိုလည်း သဘောပေါက်သွားစေခဲ့သည်။
[အသက် ၁၄၂ နှစ်၊ ဆေးလုံးအမြောက်အမြား၏ အကူအညီဖြင့် တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ဖူရွှမ်နီသည် ရုတ်တရက် အခွင့်ကောင်းကြုံကာ နောက်ထပ် ဉာဏ်အလင်းပွင့်သွားခဲ့ပြန်သည်။ သူမသည် အခြေတည်အဆင့်၏ အဋ္ဌမအလွှာသို့ အောင်မြင်စွာ အဆင့်ချိုးဖျက် ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်]
[တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက်မှသာ၊ လွန်ခဲ့သော နှစ်နှစ်ခန့်က မဟာဝေမင်းဆက်တွင် ဤမျှ ကြီးမားသော ကိစ္စကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်းကို ဖူရွှမ်နီ သိရှိသွားခဲ့ရသည်။ သူမသည် ကိစ္စကြီးတစ်ခုကို လွတ်သွားခဲ့သည့်ပုံ ပေါ်ပေသည်။]
[အသက် ၁၄၃ နှစ်၊ ချင်းကျောက်သည် ရွှေအမြုတေအဆင့်၏ တတိယအလွှာသို့ ပထမဆုံး အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်။ သူမသည် ချန်ချန်ရွှယ်၏ အရှေ့တွင် နောက်တစ်ကြိမ် ဝင့်ကြွားပြလိုက်ပြန်သည်။]
[နောက်ဆုံးတွင် တစ်လအကြာ၌ ချန်ချန်ရွှယ်သည်လည်း ရွှေအမြုတေအဆင့်၏ တတိယအလွှာသို့ အဆင့်ချိုးဖျက် ဝင်ရောက်သွားခဲ့သည်။ သူမသည် ချင်းကျောက်ထက် တစ်လမျှသာ နောက်ကျခဲ့ခြင်း ဖြစ်ပေသည်။]
[ချန်ချန်ရွှယ်၏ အဆင့်ချိုးဖျက်နိုင်မှုအချိန်မှာ သူမနှင့် ပို၍ပို၍ နီးကပ်လာသောကြောင့် ချင်းကျောက်သည် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ ၎င်းက သူမကို မယုံကြည်နိုင်အောင် ဖြစ်သွားစေခဲ့ပေသည်။ သူမသည် ချန်ချန်ရွှယ်ထက် စော၍ မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော်ခဲ့သည်မှာ သိသာထင်ရှားလှပြီး ၎င်းမှာ ချန်ချန်ရွှယ်ထက် ဆယ်နှစ်ကျော်မျှ ပိုမိုကျင့်ကြံခဲ့ရသည်ဟု ဆိုလိုခြင်းပင်ဖြစ်လေသည်။ သို့သော် နောက်ဆုံးတွင် ထိုဆယ်နှစ်ကျော် ကွာဟချက်မှာ ချန်ချန်ရွှယ်၏ အမီလိုက်နိုင်ခြင်းကို ခံရတော့မည် ဖြစ်သည်။]
[အကျပ်အတည်း ခံစားချက်ကို အာရုံခံမိလိုက်သော ချင်းကျောက်သည် သူမ၏ ကိစ္စရပ်များအားလုံးကို အခြားသူများထံ လွှဲပြောင်းပေးလိုက်လေသည်။ သူမသည် ကျင့်ကြံခြင်း အရင်းအမြစ်အမြောက်အမြားကို ပြင်ဆင်ခဲ့ပြီး အချိန်ကာလတစ်ခုအထိ တံခါးပိတ် ကျင့်ကြံရန် စီစဉ်လိုက်ပေသည်။]
[ဤသည်မှာ မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော်ခဲ့ပြီးကတည်းက အချိန်အကြာကြီး တံခါးပိတ်ကျင့်ကြံရန် သူမ ကိုယ်တိုင် အစပြုခဲ့သည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။]
[အသက် ၁၄၅ နှစ်၊ မဟာဝေမင်းဆက်၏ ဧကရာဇ် ချန်ဖုန်းရင်သည် ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ အဆင့်ချိုးဖျက်နိုင်ရန် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်ခဲ့သည်မှာ ဆယ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ချန်ချန်ရွှယ်သည် သူ၏ ကိုယ်စား မဟာဝေမင်းဆက်ကို တာဝန်ယူ အုပ်ချုပ်နေခဲ့လေသည်။]
[အသက် ၁၄၆ နှစ်၊ မဟာဝေမင်းဆက်သို့ သတင်းတစ်ပုဒ် ပြန့်နှံ့ရောက်ရှိလာခဲ့သည် — နတ်တောင်ပံမင်းဆက်နှင့် မဟာယွီမင်းဆက်တို့ကြားတွင် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့လေပြီ]
ထိုသတင်းကို ကြားရသောအခါ ချန်ချန်ရွှယ်အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။
"ဒီနတ်တင်ပံမင်းဆက်ပဲလား"
ချန်ချန်ရွှယ်သည် မျက်မှောင်ကို ဖြည်းညင်းစွာ ကြုတ်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်၏။ "ကြည့်ရတာ နတ်တောင်ပံမင်းဆက်ရဲ့ ဧကရာဇ်က များပြားလှတဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ပေးရတာကို ကျေနပ်ပုံမပေါ်ဘူး။ ဒီကျင့်ကြံခြင်း အရင်းအမြစ်တွေကို ပြန်ရဖို့ နည်းလမ်းတစ်ခုခုကို သူ စဉ်းစားနေတာ ဖြစ်လောက်တယ်။"
"ဒါပေမဲ့ သူက နှစ်ကြိမ်ဆက်တိုက် အထိနာခဲ့ဖူးတော့ မဟာဝေမင်းဆက်ဆီကနေ အဲဒီအရာတွေကို သူ ပြန်မယူရဲတော့ဘူးလေ။ ဒါကြောင့် နောက်ထပ်ပစ်မှတ်တစ်ခုကို ရှာဖို့ သူ ရွေးချယ်ခဲ့တာပဲ။ မဟာယွီမင်းဆက်ကို လုယက်ပြီး သူ့ရဲ့ ရည်မှန်းချက်ကို အောင်မြင်ချင်နေတာ။"
"ဘယ်လောက်တောင် ဗိုလ်ကျစိုးမိုးချင်တဲ့ စိတ်လဲ"
***