ထို့ကြောင့် နတ်တောင်ပံမင်းဆက်ကို ထပ်ပြီးစော်ကားမိလျှင်တောင်မှ မဟာဝေမင်းဆက်အတွက်တော့ ကြီးမားသည့် ကိစ္စရပ်တစ်ခု မဟုတ်တော့ချေ။
အတွေးများစွာ သူမ၏စိတ်ထဲ ဖြတ်ပြေးသွားပြီးနောက် ချန်ချန်ရွှယ်သည် စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။
နောက်တစ်နေ့ နန်းရင်ပြင်သို့ တက်လာသောအခါ ချန်ချန်ရွှယ်သည် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာအရာရှိများအားလုံးရှေ့တွင် မဟာယွီမင်းဆက်နှင့် နတ်တောင်ပံမင်းဆက်တို့ကြားရှိ ပဋိပက္ခအကြောင်းကို အထူးတလည် ထုတ်ဖော်ပြောဆိုခဲ့သည်။
အရာရှိအားလုံး အံ့သြသွားကြ၏။ အိမ်ရှေ့မင်းသမီးက ဤကိစ္စကို ထုတ်ဖော်ပြောဆိုလာချိန်တွင် ပါးစပ်ကပြောလိုက်ရုံသက်သက်လောက် ရိုးရှင်းမည်မဟုတ်ကြောင်းကို သူတို့ ကောင်းကောင်း သိထားကြပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ချန်ချန်ရွှယ်က သူမ၏ အတွေးများကို ထုတ်ဖော်ပြောဆိုလိုက်သောအခါ နန်းတော်အတွင်းရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံး တုန်လှုပ်သွားကြရသည်။
တိုင်းပြည်ကို တာဝန်ယူအုပ်ချုပ်နေသော ဤအိမ်ရှေ့မင်းသမီးသည် ကိစ္စတစ်ခုကို အကြောင်းမဲ့သက်သက် ထုတ်ဖော်ပြောဆိုမည် မဟုတ်ပေ။
အိမ်ရှေ့မင်းသမီးသည် နတ်တောင်ပံမင်းဆက်ကို နောက်တစ်ကြိမ် ထပ်မံဆန့်ကျင်ရန် စဉ်းစားနေခြင်း ဖြစ်သည်။
"အရှင်မင်းသမီး၊ ဒီကိစ္စက နည်းနည်း မသင့်တော်ဘူးမဟုတ်လား။" ဝန်ကြီးတစ်ဦးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြောလာသည်။ "မဟာယွီမင်းဆက်က ဘာပဲဖြစ်ဖြစ် မင်းဆက်ကြီးတစ်ခုပဲလေ။ နတ်တောင်ပံမင်းဆက်ကို တိုက်ခိုက်ဖို့ သူတို့ကို ကူညီရမယ့် တာဝန် မဟာဝေမင်းဆက်မှာ မရှိပါဘူး။"
"ဒါ့အပြင် ကျွန်တော်တို့နဲ့ နတ်တောင်ပံမင်းဆက်ကြားက ပဋိပက္ခက ပြေလည်နိုင်စွမ်း မရှိတော့ပါဘူး... အကယ်၍ ပဋိပက္ခတွေ ဆက်ပြီးကြီးထွားလာမယ်ဆိုရင် နိုင်ငံအချင်းချင်း စစ်ပွဲတွေ ဖြစ်ပွားလာဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်။"
သူ၏စကားကို ကြားပြီးနောက် ချန်ချန်ရွှယ် စကားမပြောနိုင်မီ အခြားအရာရှိတစ်ဦး ထွက်လာခဲ့သည်။
ဒုတိယအရာရှိက ထွက်လာပြီး မှန်ကန်သည့်ဟန်ဖြင့် ပြောဆိုလေသည်။ "အရှင်မင်းသမီး၊ သခင်ကြီးယွီက အရမ်းကို ရှေးရိုးဆန်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်တော် မြင်သလောက်တော့ မဟာယွီမင်းဆက်နဲ့ နတ်တောင်ပံမင်းဆက်တို့ကြားက ပဋိပက္ခမှာ ကျွန်တော်တို့ ဝင်စွက်ဖက်လို့ရသလို မဟာယွီမင်းဆက်ကိုလည်း ကူညီပေးလို့ရပါတယ်။"
"ဒါပေမဲ့ ကျွန်တော်တို့က အလကားသက်သက် ကူညီပေးမှာတော့ မဟုတ်ပါဘူး။ မဟာယွီမင်းဆက်ရဲ့ ဧကရာဇ်ဆီ သံတမန်တစ်ယောက် စေလွှတ်ပြီး ကူညီပေးဖို့အတွက် အခြေအနေတစ်ရပ်ကို အဆိုပြုလို့ရပါတယ်။ တစ်ဖက်က သဘောတူတယ်ဆိုရင်တော့ ကျွန်တော်တို့ ကူညီပေးပါ့မယ်။"
"အကယ်၍ တစ်ဖက်ကသာ သဘောမတူဘူးဆိုရင်တော့ ကျွန်တော်တို့က ဘေးကနေ ထိုင်ပြီး ကျားနှစ်ကောင် သတ်ပုတ်နေတာကို ဆက်ကြည့်နေရုံပါပဲ။"
သူစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တတိယမြောက် အရာရှိက ခပ်တိုးတိုး ပြောလိုက်သည်။ "နတ်တောင်ပံမင်းဆက်နဲ့ ပူးပေါင်းပြီး တစ်ခုလုံးဖြစ်နေတဲ့ မဟာယွီမင်းဆက်ကို ခွဲဝေယူလိုက်ရင်ရော မကောင်းဘူးလား။"
ဧကရာဇ်နန်းတော်ရှိ လူတိုင်းတွင် ကိုယ်ပိုင်အမြင်များ အသီးသီး ရှိကြ၏။ အချို့ကမူ ဤကဲ့သို့သော အငြင်းပွားမှုမျိုးတွင် မပါဝင်ဘဲ ရှေးရိုးဆန်ဆန် နေခြင်းက ပိုကောင်းသည်ဟု ခံစားကြသည်။
အချို့ကမူ မဟာဝေမင်းဆက်သည် အိမ်နီးချင်းနိုင်ငံများကြားရှိ အငြင်းပွားမှုကို အခွင့်ကောင်းမယူလျှင် ဤသည်မှာ အခွင့်အရေးကို ဖြုန်းတီးပစ်ရာ ကျလွန်းသည်ဟု တွေးကြသည်။
ပို၍ အစွန်းရောက်သော အချို့လူများကမူ အကျိုးအမြတ်အတွက် တိုက်ခိုက်ချင်ပါက သူတို့ထဲမှ တစ်ဦးကို တစ်ချက်တည်းနှင့် သတ်ပစ်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ယူဆကြလေသည်။
ထိုသို့ဆိုလျှင် သူတို့ရရှိနိုင်မည့် အကျိုးအမြတ်များသည် စိတ်ကူးကြည့်၍ပင် ရနိုင်မည်မဟုတ်ပေ။
သေချာပေါက် နောက်ဆုံးတစ်ချက်မှာမူ လုံးဝ လျစ်လျူရှုခံလိုက်ရသည်။
၎င်းသည် အစွန်းရောက်လွန်းလှ၏။ အရာရာ မှားယွင်းသွားရန် အလွန်လွယ်ကူပေသည်။
အဆုံးတွင် အငြင်းပွားမှုအချို့ ဖြစ်ပေါ်ပြီးနောက် အရာရှိအများစုက မဟာဝေမင်းဆက်အနေဖြင့် ဤအခွင့်အရေးကို လက်လွှတ်မခံသင့်ဟု ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် မဟာယွီမင်းဆက်ကို ကူညီပေးနိုင်သော်လည်း မဟာယွီမင်းဆက်အနေဖြင့် တန်ကြေးတစ်ခု ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။
အဓိက အကြောင်းရင်းမှာ နတ်တောင်ပံမင်းဆက်ထံမှ ရရှိသော လျော်ကြေးများက အရာရှိအားလုံးကို အံ့အားသင့်သွားစေခဲ့သောကြောင့် ဖြစ်သည်။
'ဒါဆို အခြားနိုင်ငံတွေဆီကနေ ကောင်းမွန်တဲ့အရာတွေ အများကြီးကို အကျပ်ကိုင် တောင်းယူလို့ရတာပေါ့'
ဤအချက်က လူများစွာကို ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးဖွင့်ပေးလိုက်ခြင်းပင် ဖြစ်လေသည်။
"ဒီလိုအခြေအနေမျိုး ဖြစ်နေမှတော့..." ချန်ချန်ရွှယ်က ပြောလိုက်သည်။ "မဟာယွီမင်းဆက်ရဲ့ နယ်မြေထဲဝင်ပြီး သူတို့ရဲ့ဧကရာဇ်နဲ့ တွေ့ဆုံဖို့ သံတမန်တစ်ယောက် စေလွှတ်လိုက်ပါ။"
"..."
[နှစ်ဝက်ကြာပြီးနောက် နတ်တောင်ပံမင်းဆက်၏ တိုက်ခိုက်မှုများက ပိုမိုပြင်းထန်လာခဲ့သည်။ မဟာယွီမင်းဆက်၏ စစ်တပ်သည် အသေအပျောက်များစွာ ကြုံတွေ့ခဲ့ရပြီး ကန့်သတ်ချက်သို့ရောက်ရန် နီးကပ်လာခဲ့သည်။ မဟာယွီမင်းဆက်၏ ဧကရာဇ်သည် အံကြိတ်ကာ မင်းဆက်၏ လျှို့ဝှက်လက်နက်ကို အသုံးပြုရန် သင့်မသင့် စဉ်းစားနေပြီဖြစ်သည်။]
[မင်းဆက်တစ်ခု၏ လျှို့ဝှက်လက်နက်ကို တစ်ကြိမ်အသုံးပြုပြီးပါက နောက်တစ်ကြိမ် မဟာယွီမင်းဆက် ဤကဲ့သို့ အကျပ်အတည်းနှင့် ကြုံတွေ့ရချိန်တွင် ခုခံနိုင်စွမ်းရှိတော့မည် မဟုတ်ပေ။]
[ဤအရေးကြီးသော အချိန်တွင် မဟာဝေမင်းဆက်၏ သံတမန်ဟုဆိုသူတစ်ဦး ရုတ်တရက် ပေါ်လာပြီး မဟာယွီဧကရာဇ်၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။]
"မဟာဝေမင်းဆက်ရဲ့ သံတမန်ဟုတ်လား။" မဟာယွီမင်းဆက်၏ လက်ရှိဧကရာဇ်သည် အလွန်နုပျိုပုံပေါ်ပြီး သူ၏ ကျင့်ကြံမှုမှာလည်း အထူးတလည် သန်မာခြင်း မရှိပေ။
သူ၏ ကျင့်ကြံမှုသည် နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။
သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ရှိနေပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် သတိထားနေမိသည်။ "မဟာဝေမင်းဆက်ရဲ့ သံတမန်က ဘာလို့ ဒီအချိန်မှ ပေါ်လာရတာလဲ။ ငါ့မင်းဆက်ကို နတ်တောင်ပံမင်းဆက်က ကျူးကျော်နေတာကိုမြင်လို့ ငါ့ကို ကိုင်တွယ်ဖို့ ဝင်စွက်ဖက်ချင်တာများလား။"
ဤဖြစ်နိုင်ချေကို တွေးမိပြီးနောက် မဟာယွီဧကရာဇ်၏ မျက်နှာအမူအရာမှာ အကျည်းတန်သွားလေသည်။
သေချာပေါက် ဤသည်မှာ ဖြစ်နိုင်ချေတစ်ခုသာ ဖြစ်၏။
မဟာဝေမင်းဆက် ဘာလုပ်ချင်သည်ကို မဟာဝေမင်းဆက်၏ သံတမန်နှင့် တွေ့ဆုံပြီးမှသာ သူ သိနိုင်မည်ဖြစ်သည်။
မဟာယွီမင်းဆက်၏ ဧကရာဇ်သည် စဉ်းစားတွေးတောပြီးနောက် သံတမန်နှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
သူသည် ညစာစားပွဲတစ်ခုကိုပင် ပြင်ဆင်ပေးခဲ့သည်။ ၎င်းကို အတော်လေး ရင်းနှီးဖော်ရွေသည်ဟု ယူဆနိုင်ပေသည်။
ညစာစားပွဲတွင် မဟာယွီဧကရာဇ်သည် မဟာဝေမင်းဆက် သံတမန်၏ အမှန်တကယ် ရည်ရွယ်ချက်များကို သိရှိသွားခဲ့သည်။
သူသည် ဗီဇအရ ငြင်းဆန်ချင်သွား၏။
'ဘာပဲဖြစ်ဖြစ် ငါက မင်းဆက်တစ်ခုရဲ့ ကျူးကျော်တာကို ခံနေရပေမဲ့ မတားဆီးနိုင်ဘူးလေ။ အကယ်၍ နောက်ထပ် မင်းဆက်တစ်ခုရဲ့ အကူအညီကို ယူမယ်ဆိုရင်တောင် အသုံးဝင်မှာမှ မဟုတ်တာ။'
သို့သော် အမှန်တရားမှာ မဟာယွီမင်းဆက်သည် နတ်တောင်ပံမင်းဆက်ကို ၎င်းကိုယ်တိုင် မတားဆီးနိုင်ခြင်းပင် ဖြစ်သည်။
ဘေးအိမ်မှ မဟာဝေမင်းဆက်သည် ကျယ်ဝန်းသော နယ်မြေရှိရုံသာမက ကျွမ်းကျင်သူများစွာလည်း ရှိနေပေသည်။
သူ တုံ့ဆိုင်းသွားသည်။
သူ ပြောထွက်ချင်နေခဲ့သော ငြင်းပယ်မှုသည် အကြောင်းအမျိုးမျိုးကြောင့် လည်ချောင်းတွင် တစ်ဆို့နေခဲ့လေသည်။
သူ၏ ဂုဏ်သိက္ခာနှင့် မဟာယွီမင်းဆက်အကြား သူ ရွေးချယ်ရမည်ဖြစ်သည်။
ဤမဟာယွီဧကရာဇ်သည်... တုံ့ဆိုင်းနေခဲ့၏။
ထို့အပြင် အကယ်၍ မဟာဝေမင်းဆက်ကို ဝင်စွက်ဖက်ခွင့်ပြုရန် သဘောတူလိုက်ပါက သူ၏ ဂုဏ်သိက္ခာသာမက နောင်တွင် မဟာဝေမင်းဆက်ရှေ့၌ မဟာယွီမင်းဆက်၏ ရပ်တည်ချက်ကိုပါ ဆုံးရှုံးရမည်ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
မဟာဝေမင်းဆက်ထံမှ အကူအညီတောင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏မင်းဆက်သည် မဟာဝေမင်းဆက်ရှေ့တွင် ခေါင်းမော့နိုင်ပါဦးမည်လား။
***