"အခုအချိန်အထိ ငါက သူတို့နဲ့ တစ်ဖက်တည်းဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး... ဘဝဆိုတာ ဒီလိုမျိုးပဲ ဖြစ်လောက်ပါတယ်။ အထူးသဖြင့် မသေမျိုး ကျင့်ကြံခြင်းသရုပ်ဖော်စနစ်ထဲမှာဆိုရင် ဘဝက ဒီလိုပါပဲ။"
"..."
[အသက် ၁၄၇ နှစ်၊ မဟာယွီမင်းဆက်က ဘေးအိမ်က မဟာဝေမင်းဆက်ဆီမှာ အကူအညီတောင်းလိမ့်မည်ဟု နတ်တောင်ပံမင်းဆက်က တစ်ကြိမ်တစ်ခါမျှ တွေးမထားခဲ့ချေ။ နတ်တောင်ပံမင်းဆက်၏ စစ်တပ်က မဟာဝေမင်းဆက်၏ တပ်များကို မြင်လိုက်ရသောအခါ ဆွံ့အသွားကြရသည်။ သူတို့က မှားယွင်းပြီး အခြားမင်းဆက်ကိုများ ကျူးကျော်မိလေသလားဟုပင် တွေးလိုက်မိကြ၏။ သူတို့က ဘေးအိမ်က မဟာဝေမင်းဆက်ဆီ မတော်တဆ ရောက်လာခဲ့တာများလား။]
[နတ်တောင်ပံမင်းဆက်နှင့် မဟာယွီမင်းဆက်တို့ကြားရှိ စစ်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် ချန်ချန်ရွှယ် စေလွှတ်လိုက်သော တပ်များအားလုံးသည် မဟာဝေမင်းဆက်၏ အထက်တန်းလွှာ စစ်သည်များသာ ဖြစ်ကြသည်။ မဟာဝေမင်းဆက်နှင့် မဟာယွီမင်းဆက်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် နတ်တောင်ပံမင်းဆက်သည် လပေါင်းများစွာ သိမ်းပိုက်ထားခဲ့သော မြို့အနည်းငယ်ကို လက်လွှတ်လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။]
[အသက် ၁၄၈ နှစ်၊ မဟာဝေမင်းဆက်၏ အကူအညီဖြင့် နတ်တောင်ပံမင်းဆက်၏ စစ်တပ်သည် စတင်ဆုတ်ခွာလာခဲ့သည်။ အဆုံးတွင် နတ်တောင်ပံမင်းဆက် စစ်တပ်၏အများစုသည် မဟာယွီမင်းဆက်ထဲမှ ဆုတ်ခွာသွားခဲ့ကြသည်။]
[စစ်တပ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ မဟာယွီမင်းဆက်ထဲတွင် ကျန်ရစ်ခဲ့ပြီး အပြင်းအထန် ရုန်းကန်နေကြရ၏။]
[နတ်တောင်ပံမင်းဆက်၏ စစ်သူကြီးများသည် သူတို့ဆုတ်ခွာရသည့် သတင်းကို ဖုံးကွယ်ထားချင်ခဲ့သော်လည်း ဤသတင်းသည် ရှောင်လွှဲ၍မရဘဲ နတ်တောင်ပံဧကရာဇ်၏ နားထဲသို့ ရောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။]
[နတ်တောင်ပံမင်းဆက်၏ ဧကရာဇ်သည် အကြီးအကျယ် ဒေါသထွက်နေလေပြီ။]
"မဟာဝေ၊ မဟာဝေ၊ မဟာဝေ ထပ်ဖြစ်နေပြန်ပြီ။ ငါသွားတဲ့နေရာတိုင်းမှာ ဒီမဟာဝေမင်းဆက်က ဘာလို့ အမြဲရှိနေရတာလဲ။ ခွေးကောင်တွေ၊ သောက်ခွေးကောင်တွေ။ ကလေးတစ်ယောက်ကများ ငါ့ကို ဒီလိုမျိုး ပစ်မှတ်ထားရဲတယ်ပေါ့။"
"ပြီးတော့ ဟိုကောင်တွေ၊ ငါက သူတို့ကို အရမ်းယုံကြည်ခဲ့တာတောင်မှ သူတို့က ဒီသတင်းကို ဖုံးကွယ်ပြီး သူတို့ရဲ့ ကျရှုံးမှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြတယ်။"
"မဟာဝေ ဝင်စွက်ဖက်တဲ့ ကိစ္စကိုတောင်မှ ငါသိဖို့ တစ်နှစ်တောင် စောင့်လိုက်ရတယ်။"
နတ်တောင်ပံဧကရာဇ်သည် သူ၏လက်ထဲရှိ ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ကို ချေမွပစ်လိုက်လေသည်။
သူ၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ နှလုံးသားသည်လည်း ဒေါသများဖြင့် ဆူပွက်နေပေသည်။
သူ၏ရင်ထဲရှိ ဒေါသများ၏ တိုက်ခိုက်မှုအောက်တွင် သူ၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ဆေးလုံးတစ်လုံးကို အလျင်စလို ထုတ်ယူကာ မျိုချလိုက်ပြီး ထို့နောက် သူ၏စိတ်နှလုံးကို ရှင်းလင်းစေရန်နှင့် ဝိညာဉ်ကို စုစည်းရန်အတွက် ကျမ်းစာများကို ရွတ်ဆိုလိုက်၏။
သူ ကိုယ်သူ အနည်းငယ် တည်ငြိမ်သွားစေသည်။
အချိန်ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် သူ မျက်လုံးများကို ဖွင့်လိုက်လေသည်။
"မဟာဝေမင်းဆက်က ကလေးမကြောင့် ငါ စိတ်နှလုံးမိစ္ဆာ ဝင်ပူးတဲ့အထိတောင် ဒေါသထွက်သွားလုနီးပါးပဲ" နတ်တောင်ပံဧကရာဇ်သည် သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုတစ်ခု ကျန်ရစ်နေသည်ကို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် အလွန်အမင်း ဒေါသထွက်ခြင်းကိုလည်း မတားဆီးနိုင်ခဲ့ပေ။ "အဲဒီကလေးမက ရှင်းရှင်းလင်းလင်းကို မိန်းကလေးတစ်ယောက် ဖြစ်နေရက်နဲ့ ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ။"
ယခင်က မဟာဝေမင်းဆက်ရှေ့တွင် သူ နှစ်ကြိမ်တိုင်တိုင် အတားအဆီးများနှင့် ဝင်တိုက်မိခဲ့ဖူးသည်။ ရိုးရိုးသားသားပြောရလျှင် သူသည် တတိယအကြိမ် ထပ်၍ အတားအဆီးများနှင့် မတိုက်မိချင်တော့သောကြောင့် မဟာဝေမင်းဆက်နှင့် ဆက်လက်၍ ပဋိပက္ခမဖြစ်ချင်တော့ပေ။
ထိုအကြောင်းကြောင့်ပင် သူသည် ပို၍အားနည်းသော မဟာယွီမင်းဆက်ဆီသို့ သူ၏ပစ်မှတ်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
အဆုံးတွင် မည်သူက တွေးမိမည်နည်း...
သူက မဟာဝေမင်းဆက်နှင့် ပြဿနာမရှာချင်ခဲ့သော်လည်း မဟာဝေမင်းဆက်က လှည့်လာပြီး သူနှင့် ပြဿနာလာရှာနေခဲ့သည်။
ဘယ်လောက်တောင် မုန်းစရာကောင်းလိုက်သလဲ။ တကယ်ကို အလွန် မုန်းစရာကောင်းလှပေသည်။
"မဟာယွီမင်းဆက်ရဲ့ ဧကရာဇ်ကလည်း အမှိုက်ကောင်ပဲ။ သူက တကယ်ကြီး ခါးညွှတ်ပြီး မဟာဝေဆီမှာ အကူအညီတောင်းဖို့ ခေါင်းငုံ့ခံလိုက်တယ်ပေါ့။ နှစ်ပေါင်းတစ်ထောင်နီးပါး အသက်ရှင်ခဲ့တဲ့ လူတစ်ယောက်၊ နှစ်ပေါင်းရာနဲ့ချီ ဧကရာဇ်ဖြစ်လာခဲ့တဲ့ ကောင်က မဟာဝေရဲ့အိမ်ရှေ့မင်းသမီးဆီမှာ အကူအညီ တောင်းနေတယ်တဲ့လား။"
"သူ့ရဲ့ ကျောရိုးက ဘယ်မှာလဲ။ သူ့ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ။ ကျက်သရေမရှိလိုက်တာ။ ဒီလို ကျောရိုးမရှိတဲ့လူက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်ရတာလဲ။ မဟာယွီမင်းဆက်မှာရှိတဲ့ အဲဒီ သောက်သုံးမကျတဲ့ ဝန်ကြီးတွေထဲက တစ်ယောက်မှ သူ့ကို မတားခဲ့ကြဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော်။"
"မဟာဝေမင်းဆက်က သူ့ကို ကူညီပေးဖို့အတွက် သူက ဘယ်လိုအခြေအနေတွေကို ကတိပေးခဲ့တာလဲ။"
သူ၏စိတ်ထဲရှိ သံသယများအားလုံးသည် အဖြေမရနိုင်ခဲ့ချေ။
နတ်တောင်ပံဧကရာဇ်သည် အသက်ကို ပြင်းပြင်းအကြိမ်အနည်းငယ် ရှူလိုက်သည်။
ထို့နောက် သူ အံကြိတ်ကာ ပြောလိုက်လေသည်။ "မဟာဝေမင်းဆက်က အရှက်မရှိတဲ့ အဲဒီကလေးမက မဟာယွီမင်းဆက်ကို ကူညီဖို့အတွက် အင်အားတွေ အရမ်းသုံးလိမ့်မယ်လို့ ငါမယုံဘူး။ မဟာယွီကို တိုက်ခိုက်ဖို့အတွက် ငါ စစ်တပ်ဆယ်သိန်းကို စေလွှတ်ခဲ့တယ်။ အဲဒီ အရှက်မရှိတဲ့ ကလေးမက မဟာယွီမင်းဆက်အတွက် ငါ့ရဲ့ ဆယ်သိန်းသော စစ်တပ်နဲ့ တိုက်ခိုက်ပါ့မလား။"
နတ်တောင်ပံဧကရာဇ်သည် သူ၏တပ်များကို ချက်ချင်း စတင်စုဆောင်းလေတော့သည်။ ဒီနှစ်တွေအတွင်းမှာ သူ အရမ်းကို ဆုံးရှုံးခဲ့ရသည်။ အကယ်၍ သူသာ ဆက်ပြီး ရှုံးနိမ့်နေဦးမည်ဆိုလျှင် ကမ္ဘာကြီးက သူ့ကို မည်သို့ မြင်မည်နည်း။
သူ၏ဖင်အောက်ရှိ နေရာကို လိုချင်တပ်မက်နေသူများ အများအပြား ရှိနေပေသည်။
သူ့ကို ညီအစ်ကိုများဟု ခေါ်ဆိုသူများ အားလုံးကလည်း သူ့ကို လောဘတကြီး စောင့်ကြည့်နေကြ၏။
သူတို့သည် သူ ရှုံးနိမ့်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ထို့ကြောင့် ဤစစ်ပွဲတွင်... သူ လုံးဝ ထပ်ရှုံး၍ မဖြစ်တော့ချေ။
[အသက် ၁၄၉ နှစ်၊ နတ်တောင်ပံမင်းဆက်သည် စစ်တပ်ဆယ်သိန်းကို စုဆောင်းကာ မဟာယွီမင်းဆက်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ဆယ်သိန်းသော စစ်တပ်သည် ကြီးမားသော သံတူကြီးတစ်ချောင်းအလား မဟာယွီမင်းဆက်၏ နယ်စပ်ကာကွယ်ရေးမျဉ်းကို အလွယ်တကူ ထိုးဖောက်သွားလေသည်။ နောက်ဆုံးတွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို မြင်တွေ့ခဲ့ရသော မဟာယွီမင်းဆက်သည် အဆုံးမဲ့ နက်ရှိုင်းသော တွင်းနက်ကြီးထဲသို့ တစ်ဖန် ပြန်လည်ကျဆင်းသွားခဲ့ရပြန်သည်။]
[အသက် ၁၅၀ နှစ်၊ မဟာယွီမင်းဆက်၏ ဧကရာဇ်သည် အလွန်အမင်း စိုးရိမ်ပူပန်နေပြီး မဟာဝေမင်းဆက်ထံမှ အကူအညီတောင်းခံရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ မူလက သူသည် စမ်းကြည့်ရုံသက်သက်သာ ဖြစ်သော်လည်း မဟာဝေမင်းဆက်က သူ၏တောင်းဆိုမှုကို နောက်တစ်ကြိမ် တုံ့ပြန်လာခဲ့သည်။]
[အသက် ၁၅၁ နှစ်၊ မဟာဝေမင်းဆက်သည် သိန်းနှင့်ချီသော တပ်များကို မဟာယွီမင်းဆက်ထဲသို့ နောက်တစ်ကြိမ် ထပ်မံစေလွှတ်ခဲ့သည်။ မဟာယွီ၏ ကိုယ်ပိုင်တပ်များအပြင် မဟာယွီမင်းဆက်ထဲသို့ ဝင်ရောက်လာသည့် မဟာဝေတပ်များ၏ ပထမအသုတ်နှင့်အတူ ပူးပေါင်းလိုက်ကြသည်။ သူတို့သည် နတ်တောင်ပံမင်းဆက်၏ ဆယ်သိန်းသော စစ်တပ်ကြီးနှင့်အတူ ကာလကြာရှည်မည့် စစ်ပွဲကြီးတစ်ခုကို စတင်လိုက်ကြလေပြီ]
[အသက် ၁၅၃ နှစ်၊ ဤစစ်ပွဲသည် နှစ်နှစ်တိတိ ကြာမြင့်ခဲ့သည်။ အဆုံးတွင် မဟာဝေနှင့် မဟာယွီတို့ အနိုင်ရရှိသွားခဲ့သည်။]
[နတ်တောင်ပံမင်းဆက်သည် မဟာယွီမင်းဆက်ထဲသို့ ဝင်ရောက်လာချိန်တွင် ဆယ်သိန်းသော စစ်တပ်ကြီး ရှိခဲ့သည်။ သူတို့ နတ်တောင်ပံမင်းဆက်သို့ ပြန်လည်ရောက်ရှိချိန်တွင် သူတို့ထဲမှ တစ်ဝက်သာ ကျန်ရစ်ခဲ့တော့သည်]
[ဤစစ်ပွဲတွင် နတ်တောင်ပံမင်းဆက်သည် မူလဝိညာဉ်အဆင့်ကျင့်ကြံသူ နှစ်ဦး၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ရာနီးပါးနှင့် မရေမတွက်နိုင်သော အခြေခံတည်အဆင့်နှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို ဆုံးရှုံးလိုက်ရသည်။]
[မဟာယွီမင်းဆက်သည် မူလဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ဦး၊ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာနှင့် အခြေတည်အဆင့်၊ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအမြောက်အမြားကို ဆုံးရှုံးလိုက်ရသည်။]
[မဟာဝေ၏ မူလဝိညာဉ်အဆင့် ကျင့်ကြံသူများသည် အသက်ရှင်လျက် ကျန်းမာနေဆဲဖြစ်သည်။ သူတို့သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူခြောက်ဦး၊ အဆခြတည်အဆင့် ကျင့်ကြံသူရာပေါင်းများစွာနှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူအမြောက်အမြားကို ဆုံးရှုံးလိုက်ရသည်။]
[နတ်တောင်ပံမင်းဆက်၏ စစ်တပ်ကို နောက်သို့ဆုတ်ခွာသွားစေရန် လိုက်လံတိုက်ထုတ်ပြီးနောက် မဟာဝေမင်းဆက်နှင့် မဟာယွီမင်းဆက်၏ စစ်တပ်သည် လက်မလျှော့ခဲ့ကြပေ။ ယင်းအစား သူတို့သည် နတ်တောင်ပံမင်းဆက်ကို တန်ပြန်တိုက်ခိုက်မှုတစ်ခု စတင်လိုက်ကြလေသည်။]
***